နှစ်တစ်ထောင်မိသားစု
Vol. 20 Ch. 291
“ဒီနေ့ မဖိတ်ခေါ်ရောက်လာပြီး ဒုက္ခပေးမိတာဆောရီးပါ။ အဆင်မပြေတဲ့အပေါ် မူတည်ပြီး ကျုပ်အပြည့်အဝလျော်ကြေးပေးပါ့မယ်”
ဖုန်ချင်အန်းက ပြောသည်။
“ဘာတွေပြောနေတာလဲ သခင်ဖုန်။ ခင်ဗျားကို ဒီခေါ်လာတာ ကျုပ်ပါ။ သခင်ဖုန်ကို လျော်ကြေးပေးခိုင်းလို့ ဘယ်ဖြစ်ပါ့မယ်။ ပေးစရာရှိရင် ကျုပ်ပဲ ပေးရမျာပေါ့။ ပြီးတော့ ဒီလောကရဲ့ ရှားပါးတဲ့ ပျော်စရာတွေကို သခင်လေးခံစားဖို့လည်း မစီစဉ်ရသေးဘူး”
အရာရှိယွန်လင် အတော်ဂဏာမငြိမ်ဖြစ်လာသည်။
“ဒီလောက်ရဲ့ အပျော်တွေတော့ မလိုအပ်ပါဘူး”
ဖုန်ချင်အန်း ရယ်မောလျက် ခေါင်းခါလိုက်သည်။ မြင်ရလျှင်လည်း သူဘာမှလုပ်မရ။ ကြည့်နေရုံသာရှိသည်။
“သခင်ဖုန်၊ နတ်ဆိုးတစ်သောင်းနိုင်ငံကို လက်တွေ့မြင်ပြီးမှပဲ အဲလိုပြောပါ။ ဒီနေရာက နတ်ဆိုးတစ်သောင်းနိုင်ငံ မဟုတ်ပါဘူး။ ဝင်ပေါက်ပဲ ရှိပါသေးတယ်”
ယွန်လင်စကားကြောင့် ဖုန်ချင်အန်း စိတ်ဝင်စားသွားသည်။
“ဒါက ဝင်ပေါက်ပဲလား”
“ဟုတ်ပါတယ် သခင်ဖုန်၊ ဒီကနတ်ဆိုးတွေနဲ့ ဒီကိုဝင်လာတဲ့လူတွေက အနိမ့်စားတွေပါ။ ကျုပ်တို့လိုလူတွေနဲ့ မထိုက်တန်ပါဘူး”
ယွန်လင်က ပုံမှန်လေသံဖြင့်ပြောသည်။ သူ့ဘေးမှ ရှောင်ဝူကလည်း ပြုံးနေသည်။
သို့သော် နောက်ပစ်ထားသည့်လက်နှစ်ဘက်လုံး အရေးအကြောင်းများထပြီး ဖြူဖွေးနေသည်။ ဖြစ်နိုင်လျှင် ယွန်လင်ဆိုသည့်သတ္တဝါကောင်ကို လည်ပင်းညှစ်သတ်ပစ်ချင်သည်။ ဖုန်ချင်အန်းလို လူမျိုးကို ဤနေရာသို့ ခေါ်လာသောကြောင့်ဖြစ်သည်။ သူ့လုပ်ငန်း ပျက်စီးအောင် ကြံနေသည်လားမသိ။
“နတ်ဆိုးတစ်သောင်းနိုင်ငံအစစ်က ဘယ်မှာလဲ”
အတော်စိတ်ဝင်စားစရာ ကောင်းသည်။ ဝင်ပေါက်ဖြစ်နေ၍လည်း အထဲသို့မေရာက်မီက မည်သည့်နတ်ဆိုးချီကိုမှ အာရုံမခံမိခဲ့ခြင်းဖြစ်မည်။
“တစ်ခြားမိုးမြေတစ်ခုမှာ သဘာဝအတိုင်း တည်ရှိနေတာပါ။ ဒါပေမယ့် လူတိုင်းတော့ ဝင်လို့မရဘူး။ အရမ်းချမ်းသာတဲ့ သူဌေးတွေတောင် ဒီအဆောက်အဦးထဲမှာပဲ ပျော်ရွှင်ခွင့်ရတယ်။ နတ်ဆိုးတစ်သောင်းနိုင်ငံအစစ်ကို ဝင်ခွင့်မရကြဘူး”
“ဒါဆို ကျုပ်ကရော ဝင်လို့ရနိုင်ရဲ့လား”
ဖုန်ချင်အန်း ရယ်မောရင်း ပြန်မေးလိုက်သည်။
“သိပ်ရတာပေါ့။ သခင်ဖုန်သာ ဝင်လို့မရရင် ဘယ်လိုလူမျိုးက ဝင်နိုင်တော့မှာလဲ။ မဟုတ်ဘူးလား ရှောင်ဝူ”
ယွန်လင် သွားဖြဲပြုံးနေသည်။
“ဟုတ်တာပေါ့”
ရှောင်ဝူမျက်နှာ ပြုံးရွှင်နေသည်။ သို့သော်သူ့စိတ်ထဲတွင် သူ့မိတ်ဆွေအရူးကို အကြီးအကျယ်ကျိန်ဆဲနေသည်။
မိသားစုအကြီးအကဲများက ထိုဖုန်ချင်အန်းနှင့် ဝေးဝေးနေရန် သွားမစော်ကားရန် အထပ်ထပ်သတိပေးခဲ့သည်။ သို့သော် ဤယွန်လင်က ပြဿနာလူသားကို ဤနေရာသို့ခေါ်လာပြီး သူရူးမတတ်ဖြစ်အောင် လုပ်နေသည်။
“ဒါဆိုလည်း မြန်မြန်လမ်းပြပေးပါ”
“ဒီဘက်ကိုကြွပါ သခင်လေး”
ဖုန်ချင်အန်း နောက်မှလိုက်သွားသည်။ ခမ်းနားသည့်ခန်းမကြီးတစ်ခုထဲသိ့ ရောက်လာသည်။ တိုင်လုံးကြီးခြောက်ဆယ့်လေးခုဖြင့် အလွန်တရာကျယ်ဝန်းခံ့ညားသည်။ ခန်းမအလယ်တွင် စားပွဲဆယ်လုံးကျော် နေရာချထားသည်။
“ဒီမှာ လောင်းကစရားရုံလည်း ရှိနေတာလား”
ထိုစားပွဲမှလူများကိုကြည့်၍ ဖုန်ချင်အန်း ချက်ချင်းသဘောပေါက်လိုက်သည်။ အစောပိုင်းက ရုတ်ရုတ်သဲသဲအခြေအနေကြောင့် ထိုလူစု သိပ်အနှောက်အယှက်မဖြစ်ကြ။ ချက်ချင်း ပြန်လည်အသက်ဝင်လာသည်။
“ဒါက အရံစီးပွားရေးလုပ်ငန်းတွေပါ”
ရှောင်ဝူက ခပ်ညှင်းညှင်းရယ်၍ ပြန်ဖြေသည်။
“ဒါနဲ့စကားမစပ်၊ ခင်ဗျားနာမည်အပြည့်အစုံကို မမေးရသေးဘူး။ ခင်ဗျားက ယွန်မျိုးရိုး၊ ခင်ဗျားက ရှောင်မျိုးရိုးလို့ပဲ ကျုပ်သိတာ”
တစ်ဘက်လူက သူ့အကြောင်း အားလုံးစုံစမ်းထားသည်။ သူက ထိုလူများအကြောင်း ဘာမှမသိသလောက်ဖြစ်သည်။
"ဟားဟားဟား၊ စိတ်ထဲမထားပါနဲ့။ ကျုပ်က ဖုန်ထန်ရဲ့ ယွန်မိသားစုက အသုံးမကျဆုံး သခင်လေးပါ။ ပျော်ဖို့ပါးဖို့ပဲ စိတ်စားတယ်။ နာမည်ရင်းက ယွန်လင်ပါ”
ယွန်လင်က ခပ်အေးအေးလေသံဖြင့် သူ့ကိုယ်သူမိတ်ဆက်ပြီး ရှောင်ဝူကို လက်ဖြင့်ပုတ်ပြသည်။
“ဒီကောင်က ဖုန်ထန်ရဲ့ ထိပ်တန်းဖြစ်တဲ့ ရှောင်မိသားစုက ရှောင်ယိပါ။ မိသားစုရဲ့ ငါးယောက်မြောက်သခင်လေးပေါ့။ သူ့အထက်မှာ လေးယောက်ပဲရှိတယ်။ ကျန်တဲ့လူတွေထဲမှာ သူက စွမ်းအားအကြီးဆုံးပါ”
“ဟုတ်ပါပြီ”
ဖုန်ချင်အန်း ခေါင်းငြိမ့်၍ မှတ်ထားလိုက်သည်။
မြို့တော်၏ ထိပ်တန်းမိသားစုသည် ဩဇာကြီးမားပေသည်။
“ဒီနတ်ဆိုးတစ်သောင်းနိုင်ငံကို ခင်ဗျားတို့ ရှောင်မိသားစုက အုပ်ချုပ်နေတာလား”
“ဟုတ်ကဲ့၊ ဒီနိုင်ငံက ရှောင်မိသားစုရဲ့ ပိုင်ဆိုင်မှုဖြစ်ရုံသာမဟုတ်ဘူး။ အရေးကြီးဆုံး အခြေခံအုတ်မြစ်ဆိုလည်း ဟုတ်ပါတယ်။ နတ်ဆိုးတစ်သောင်းနိုင်ငံသာ ပျက်စီးသွားရင် ရှောင်မိသားစုရဲ့ ကျောရိုးကို ချိုးပစ်သလိုဖြစ်သွားမှာပါ”
ယွန်လင်စကားက ရှောင်ယိကို ထိပါးလာသဖြင့် ရှောင်ယိမျက်မှောင်ကျုံ့၍ မကျေမနပ် စိုက်ကြည့်သည်။
“မင်းဘာတွေ လျှောက်ပြောနေတာလဲ”
“ဘာတွေအဲလောက်စိုးရိမ်နေတာလဲ။ မင်းတို့ရှောင်မိသားစုမျိုးဆက်ဟာ နှစ်တစ်ထောင်ကြာခဲ့ပြီ။ ကောင်းကင်မသေမျိုးဆင်းလာရင်တောင် မင်းတို့ကို အန္တရာယ်မပေးနိုင်ပါဘူး။ မင်းတို့ နတ်ဆိုးတစ်သောင်းနိုင်ငံကို ဖုန်သခင်လေးဖျက်ဆီးပစ်မှာ ကြောက်နေတာလား”
ယွန်လင်က တဟက်ဟက်ရယ်နေသည်။ အဆင့်မြင့်မိသားစုမှ သခင်လေးများဖြစ်၍ တစ်ယောက်၏ အားသာချက်အားနည်းချက်ကို ကျန်တစ်ယောက်က ကောင်းစွာသိထားသည်။
ရှောင်မိသားစု၏ အတိမ်အနက်ကို သူသိသည်။ သူတို့မိသားစုမှ အကြီးဆုံးသခင်လေးသည်ပင် ရှောင်မိသားစုကို ကိုင်လှုပ်နိုင်စွမ်းရှိမည်မထင်။ နှစ်တစ်ထောင်သက်တမ်းရှိသည့်မိသားစုကို လွယ်လွယ်သွားရှုပ်၍မရ။
“ကျုပ်ကိုခင်ဗျားတို့ နားလည်မှုလွဲနေကြပြီထင်တယ်။ ကျုပ်က ခပ်အေးအေးနေတာပါ။ မလိုအပ်ဘဲ လက်လွတ်စပယ်မလုပ်ပါဘူး။ ကဲ ကျုပ်ကို ပြောပါဦး။ နတ်ဆိုးတစ်သောင်းနိုင်ငံကို ခင်ဗျားတို့ ဦးစီးအုပ်ချုပ်နေတာလား ရှောင်ဝူ”
သူတို့ ဒုတိယထပ်သို့ ရောက်လာပြီဖြစ်သည်။ ခန်းမထဲတွင် ထိတ်လန့်နေသည့်နတ်ဆိုးမများကို တွေ့ရသည်။ ကိုယ်ဟန်လှ၍ ဆွဲဆောင်မှုရှိသည်။ သို့သော် တတိယထပ်သို့ မရပ်မနား အပြေးတက်သွားသည်။
“သူတကယ်လို့ ရှောင်မိသားစုခေါင်းဆောင်ဖြစ်လာရင်တောင် နတ်ဆိုးတစ်သောင်းနိုင်ငံကို တိုက်ရိုက်စီမံအုပ်ချုပ်ခွင့်မရှိပါဘူး။ သူ အငယ်တန်းဦးစီးတစ်ယောက်ပါပဲ။ သူ့ပုံစံသိပ်ခံ့ညားနေလို့ အထင်မမှားလိုက်ပါနဲ့။ ဒါက ဟန်ပြသက်သက်ပါ။ သူက သခင်ဖုန်နောက်က ဝံပုလွေရဲ့ အမွှေးတစ်ချောင်းနဲ့တောင် ယှဉ်လို့မရပါဘူး”