← Chapters

မကြိုက်တတ်၍မုန်းသည်

Vol. 20 Ch. 295

မကြိုက်တတ်၍မုန်းသည်

Vol. 20 Ch. 295

ခုနစ်ထပ် ခြောက်ထောာင့်မျှော်စင်ဖြစ်သည်။ လူ့ကိုယ်လုံးခန့် သံကြိုးခြောက်ချောင်းရှိသည်။ အစွန်းတစ်ဘက်ကို မျှော်စင်ထိပ်တံစက်မြိတ်တွင် ချိတ်ဆက်ထားသည်။ တစ်ခြားတစ်ဘက်ကို မြေပြင်မှ ကြေးနီတိုင်ကြီးများတွင် သံဖြင့်အခိုင်အမာရိုက်ထားသည်။ သံမျှော်စင်ရောသံကြိုးပါ နတ်ဆိုးနှင်အဆောင်လက်ဖွဲ့များ၏ အလင်းရောင်ဖြင့် တဖျတ်ဖျတ်တောက်ပနေသည်။ ထိန်းချုပ်စွမ်းအားတစ်ခု ရှိသည်။ နတ်ဆိုးများကို အထူးပစ်မှတ်ထားသည်။

“ဒါက နတ်ဆိုးချုပ်မျှော်စင်ပါ”

ရှောင်ယိက အလိုက်တသိပြောပြသည်။

နတ်ဆိုးနိုင်ငံသို့ ပထမဆုံးရောက်လာသူတိုင်း နတ်ဆိုးချုပ်မျှော်စင်ကိုမြင်လျှင် အံ့ဩသွားကြသည်သာဖြစ်သည်။ ရှောင်မိသားစု၏ နှစ်တစ်ထောင်အမွှေအနှစ်ကို ပြသခြင်းလည်းဖြစ်သည်။

"ဟားဟား၊ သခင်ဖုန်၊ ဒါကြီးက ခံ့ညားလိုက်တာဆိုပြီး အထင်မကြီးနဲ့။ ရှောင်မိသားစု နတ်ဆိုးနယ်မြေဖွင့်ပြီးမှ ဒီမျှော်စင်တွေကို တစ်ခုချင်းဆောက်ခဲ့ရတာပါ။ အစပိုင်းမှာ ဒီလောက်မခမ်းနားပါဘူး”

ယွန်လင်က လူသိနည်းသည့် ရှောင်မိသားစုလျှို့ဝှက်ချက်ကို စေတနာအပြည့်ဖြင့် ထုတ်ပြောပြန်သည်။ ရှောင်ယိ စိုက်ကြည့်သည်။ သို့သော် ဘာမှမပြောတော့။

အစွမ်းကို ထုတ်ပြလျှင် ဒုက္ခနည်းသွားသည်။ အဆိုးကြီးတော့မဟုတ်။ ထုတ်ပြသည့်အစွမ်းက ခြိမ်းခြောက်နိုင်သည့်အတိုင်းအတာရှိလျှင် ပြဿနာအတော်များများကို မောင်းထုတ်နိုင်သည်။

လျိုလွန်းလျင် အလွယ်တကူ လွှမ်းမိုးနိုင်သည်ဟု တစ်ဘက်သားက ထင်သွားသည်။ ဒုက္ခကို လက်ယပ်ခေါ်သလို ဖြစ်တတ်သည်။

ကျားကိုစားဖို့ ဝက်ယောင်ဆောင်နေခြင်းသည် ရှက်စရာကိစ္စဖြစ်သည်။ အထူးသဖြင့် အားလုံးက ဝက်ဟု ယူနေချိန်တွင် လုပ်ဆောင်လျှင် ပိုရှက်စရာကောင်းသည်။ ကိုယ့်ကိုယ်ကိုကျားဖြစ်ကြောင်း ထုတ်ပြလျှင်ပင် ဘယ်သူမှ ယုံကြည်မည်မဟုတ်။

“တစ်ခုချင်းဆောက်တယ်ပေါ့...”

ဖုန်ချင်အန်း နည်းနည်းအံ့အားသင့်သွားသည်။ ပေသုံးဆယ်မြင့်သည့်မျှော်စင်ကို လှမ်းကြည့်သည်။ ဆောက်ထားသည့်ပစ္စည်းများက သာမန်သတ္တုမဟုတ်။

ဝိညာဉ်သန္ဓေစွမ်းအင်များကလည်း ခြောက်ခြားစရာကောင်းလွန်းသဖြင့် တောင်နက်ပင် အံ့အားသင့်နေသည်။ နတ်ဆိုးချုပ်မျှော်စင်အစစ်ဖြစ်သည်။ စွမ်းအင်မြင့်နတ်ဆိုးပင် ထိုအထဲပိတ်လှောင်ခံထားရလျှင် ဘာမှတတ်နိုင်မည်မဟုတ်။

“ဒီလိုမျှော်စင်ဘယ်နှစ်ခုရှိလဲ”

“နတ်ဆိုးတွေထွက်မပြေးနိုင်အောင် လူသားနယ်မြေကို ဖြတ်တဲ့လမ်းတိုင်းမှာ မှော်အဆောင်လက်ဖွဲ့ အစီအရင်တွေအများကြီးပေါင်းစပ်ပြီး မျှော်စင်တစ်ခုစီ တည်ဆောက်ထားပါတယ်”

ဤတစ်ကြိမ် ရှောင်ယိကိုယ်တိုင် လျှို့ဝှက်ချက်ကို ထုတ်ပြောသည်။ မျှော်စင် သုံးဆယ့်ခြောက်ခုရှိသည်။ အပြင်လောကသို့ ဆက်သွယ်သည့် ဖြတ်လမ်းဝင်ပေါက်တိုင်းတွင် တည်ဆောက်ထားသည်။

“နတ်ဆိုးချုပ်မျှော်စင်...နတ်ဆိုးတွေထွက်မပြေးနိုင်အောင် တားဆီးထားတာပေါ့”

တစ်ခုခုမူမမှန်သည်ကို ဖုန်ချင်အန်း သတိထားမိသည်။

နတ်ဆိုးနိုင်ငံတွင် တည်ဆောက်ထားသည့် ဝင်ပေါက်ထွက်ပေါ်များက များလွန်းသည်။ ဧည့်သည်များများတိုးအောင် နတ်ဆိုးများနှင့် စိတ်ကြိုက်ပျော်ပါးခွင့်ရအောင် ဖန်တီးထားသလို ဖြစ်နေသည်။

အတော်ရယ်စရာကောင်းသည်။

“နတ်ဆိုးနိုင်ငံဟာ ဧည့်သည်တွေပျော်ပါးဖို့သက်သက် တည်ဆောက်ထားတာ မဟုတ်ဘူးမို့လား”

ဖုန်ချင်အန်း ရှောင်ယိကို လှည့်မေးလိုက်သည်။

“သခင်လေးက တကယ်ဉာဏ်ထက်တာပဲ။ ဒီနှစ်နန်းတွင်းစာမေးပွဲအတွက် ပထမနေရာဟာ သခင်လေးကလွဲလို့ ဘယ်သူမှမဖြစ်နိုင်ပါဘူး”

“စာမေးပွဲက မစသေးပါဘူး။ ပြောဖို့စောလွန်းပါသေးတယ်။ စာပေပညာရှင်ဘွဲ့လောက်ရရင်‌တောင် ကျုပ်ကျေနပ်ပါတယ်”

“သခင်လေးသာဆန္ဒရှိရင် သခင်လေးအကိုလို ခြောက်ထပ်ကွမ်းစာပေပညာရှင်ဘွဲ့ မရနိုင်စရာမရှိပါဘူး”

“ကျုပ်အရည်အချင်းကျုပ်သိပါတယ်။ စာပေပါရမီမှာ ကျုပ်အကိုရဲ့ဆယ်ပုံတစ်ပုံတောင် မမီပါဘူး။ ဘယ်လိုလို့ ခြောက်ထပ်ကွမ်းဖြစ်နိုင်မှာလဲ။ အခု ခင်ဗျားတို့ နတ်ဆိုးနိုင်ငံအကြောင်းပဲ ဆက်ပြောကြတာပေါ့”

စကားက နည်းနည်းဘေးရောက်သွားသဖြင့် ဖုန်ချင်အန်း မျက်မှောင်ကျုံ့လျက် စကားလမ်းကြောင်း အမြန်ပြောင်းလိုက်သည်။ နတ်ဆိုးနိုင်ငံကို နန်းတွင်းစာမေးပွဲထက် သူပိုစိတ်ဝင်စားသည်။

ဖုန်ချင်အန်းဝင်ခဲ့သည့် ဟွမ်အန်းတူးမြောင်းဘေးတွင် ဝင်ပေါက်တစ်ခုရှိသည်။ နတ်ဆိုးများနှင့် ပျော်ပါးခွင့်ပြုသည်က ဝင်ငွေအတွက်သာဖြစ်သည်။ နတ်ဆိုးနိုင်ငံသည် တာ့ကျင်းအတွက် နောက်ထပ် ထူးခြားသည့်တာဝန်မျိုး ထမ်းဆောင်နေပုံရသည်။

“ဒီမှာရှိနေတဲ့နတ်ဆိုးတွေအတွက်တော့ ဒီနေရာကို နတ်ဆိုးတစ်သောင်းအကျဉ်းထောင်လို့ခေါ်တာ ပိုသင့်တော်ပါလိမ့်မယ်”

ယွန်လင်က ဝင်ဖြေသည်။ သို့သော် ပြောပြီးနောက် တဟားဟားရယ်နေသည်။

“ဒါပေမယ့် ကျုပ်တို့အတွက် နိုင်ငံလို့ခေါ်ခေါ် အကျဉ်းထောင်လို့ခေါ်ခေါ် အရေးမကြီးပါဘူး။ ကျုပ်တို့က ပျော်ဖို့လာတာပဲ။ နတ်ဆိုးအကျဉ်းထောင်ကို ကြည့်ဖို့မဟုတ်ဘူး။ အပေါ်ထပ်မှာပဲ လျှောက်လည်ကြမှာ”

“အပေါ်ထပ်....”

“နတ်ဆိုးနိုင်ငံက တစ်ထပ်တစ်ခုတည်းမဟုတ်ဘူး။ ဘယ်နှစ်ထပ်ရှိသလဲတော့ ကျုပ်မသိဘူး။ ဒီက ရှောင်လူကြီးမင်းကို မေးမှရမယ်။ သူပဲ ပိုသိမှာ”

ယွန်လင် ရှောင်ယိကို လှည့်ကြည့်သည်။ ရှောင်ယိ မျက်နှာမည်းသွားပြန်သည်။

“မသိဘူး။ ကျုပ်ကိုမမေးပါနဲ့”

ဤတစ်ချက်တွင် ရှောင်ယိသဘောထားက ရှင်းလင်းသည်။ ရှောင်မိသားစု အများရှေ့တွင် ချပြထားသည့်အကြောင်းအရာဖြစ်လျှင် သူဖြေနိုင်သည်။ အတွင်းရေးကိစ္စများကို သူမသိဟုသာ ဖြေရမည်။

“နတ်ဆိုးနိုင်ငံအတွက် တစ်ထပ်၊ နတ်ဆိုးအကျဉ်းထောင်အတွက်တစ်ထပ်ဆိုတော့ အနည်းဆုံး နှစ်ထပ်တော့ရှိမှာပေါ့”

“သခင်ဖုန် နည်းနည်းမှားနေပြီ။ အနည်းဆုံးသုံးထပ်ရှိရမယ်လေ။ ရှောင်မိသားစုတွေနေဖို့လည်း တစ်ထပ်ရှိမှာပေါ့။ ငါးထပ်ရှိတယ်ဆိုတဲ့ ကောလဟာလလည်း ကြားရတယ်။ ခုနစ်ထပ်လို့လည်း ပြောကြတယ်။ ကိုးထပ်လို့တောင် ပြောသံကြားဖူးတယ်။ တကယ့်အမှန်ကိုတော့ ရှောင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေပဲ သိမှာပါ”

ယွန်လင်သည် ရှောင်မိသားစုလျှို့ဝှက်ချက်များကို ထုတ်ဖော်ရန်ကြိုးစားနေသူဖြစ်သည်။ သို့သော် အတွင်းကျသည့်ကိစ္စများကို သူပင်စုံစမ်းမရ။

ရှောင်မိသားစုက သူတို့ကောင်းချီးမြေတစ်ခုလုံးကို ပွင့်ပွင့်လင်းလင်းလုံးဝ ထုတ်မပြခဲ့ဖူးပေ။ အပြင်လူများ ခန့်မှန်းကြည့်ရုံသာတတ်နိုင်သည်။ ရှောင်မိသားစုကလည်း ဘာကိုမှ ဟုတ်သည်မှန်သည်ဟု အတည်မပြု၊ သူတို့အင်အားကို ပြထားပြီးဖြစ်၍ ဘာကိုမှသက်သေပြဖို့လိုသည်ဟု သူတို့မယူဆ။

All Chapters