မကြိုက်တတ်၍မုန်းသည်
Vol. 20 Ch. 296
“ခွေးမသားအရူး၊ ထင်ရာလျှောက်ပြောမနေနဲ့။ သုံးထပ်ပဲရှိတယ်လို့ ငါပြောနေတယ်လေ”
လျှာရှည်သည့်ယွန်လင်ကို ရှောင်ယိ အော်ဆဲသည်။
“မင်းပြောတာ ငါမယုံဘူးကွ”
ယွန်လင်ကလည်း ချက်ချင်းတုံ့ပြန်သည်။
“အထပ်သုံးထပ်လုံး မင်းငါ့ကိုလိုက်မပြသရွေ့ ငါမယုံဘူး”
“ယုံချင်ယုံမယုံချင်နေပေါ့။ အဲဒါငါနဲ့ဘာဆိုင်လဲ”
ရှောင်ယိ စိတ်ညစ်လာသဖြင့် အင်္ကျီလက်ကို ဖျတ်ခနဲခါ၍ လှောင်ပြုံးပြုံးလိုက်သည်။
“သခင်ရှောင်၊ ကျုပ်နားမလည်တာတစ်ခု မေးချင်တယ်”
စကားများနေသည့် လူနှစ်ယောက်ကို ဖုန်ချင်အန်း ဖြတ်မေးသည်။
“မေးပါ ဖုန်သခင်လေး။ ရှောင်မိသားစုတဲ့ အတွင်းရေးကိစ္စမဟုတ်ရင် ကျုပ်အမှန်အတိုင်းဖြေမှာပါ”
ရှောင်ယိက ဖုန်ချင်အန်းအပေါ် အတော်ယဉ်ကျေးသည်။ သူ့အကိုဖုန်ချင်ပင်းကိစ္စနှင့်ပတ်သတ်၍ ရှောင်မိသားစုထဲတွင် အတော်အငြင်းအခုန်ဖြစ်ခဲ့ကြသည်။ သို့သော် အားလုံးသဘောတူသည့် ကိစ္စတစ်ခုတော့ရှိသည်။ ထိုဖုန်ချင်ပင်းသည် ကောင်းကင်မသေမျိုးလူဝင်စားဖြစ်သည်ဟူသည့် အချက်ဖြစ်သည်။
ဖုန်ချင်အန်းလည်း လူဝင်စားဖြစ်နိုင်သည်။ ထို့ကြောင့် ရှောင်ယိက လေးလေးစားစားဆက်ဆံနေခြင်းဖြစ်သည်။ သို့သော် သူဖြေနိုင်သည့်မေးခွန်းမှသာ ဖြေမည်။
“ဒီနေရာက နတ်ဆိုးမျိုးနွယ်ရဲ့ တော်ဝင်မြေပါ။ ဒီပတ်ဝန်းကျင်နဲ့ ဒီကရင်းမြစ်တွေ ဝိညာဉ်ချီတွေဟာ အပြင်လောကနဲ့ အတော်ကွဲပြားနေတယ်။ နတ်ဆိုးမျိုးနွယ်တွေအတွက်ပဲ သင့်တော်တဲ့မြေပါ။ ဒီနေရာကိုဘာလို့ နတ်ဆိုးလှောင်အိမ်အဖြစ် ရွေးချယ်ခဲ့တာလဲ”
ဖုန်ချင်အန်းက သူသိလိုသည်ကိုမေးသည်။ နတ်ဆိုးမြေကို ပြန်ပြုပြင်၍ နတ်ဆိုးများကို ပိတ်လှောင်ထားခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်နေသည်။
ယခုမှ ဤနယ်မြေသို့ရောက်စဖြစ်၍ တစ်ခြားအကြောင်းများကို သူမသိသေး။ ကောင်းကင်ဂူတစ်ခုဖြစ်သည်ကတော့ သေချာသည်။ အင်ပါယာမိုးရေလည်း မကြာခဏကျဆင်းသည်။
နေလသန္ဓေစွမ်းအင်ပါသည့် အင်ပါယာမိုးရေကျလာလျှင် နတ်ဆိုးအများအပြား မွေးဖွားလာသည်။ ခြေထောက်အောက်မှ သာမန်မြက်များ ကျောက်တုံးလေးများပင် စွမ်းအားကြီးသည့် ဝိညာဉ်အဖြစ်ပြောင်းသွားနိုင်သည်။
ရင့်ကျက်ပြီးသည့် သရဲနတ်ဆိုးများလည်း ထိုနည်းတူသာဖြစ်သည်။ အင်ပါယာမိုးရေအဟာရဖြင့် စွမ်းအားများ ခုန်တက်သွားကြမည်။
“ဟဲဟဲ၊ သခင်ဖုန်မသိလို့ပါ။ ဒီနတ်ဆိုးတစ်သောင်းအကျဉ်းထောင်မှာ အပေါ်ထပ်ရော အောက်ထပ်ရော နတ်ဆိုးချုပ်ခန်းမ ၇၂ ခု တည်ဆောက်ထားတယ်။ ဒါကြောင့် ဒီနေ့ရာက နတ်ဆိုးမြေဟောင်းဖြစ်ဖြစ် ကောင်းကင်ဂူဖြစ်ဖြစ် ဒီထဲရောက်တဲ့နတ်ဆိုးတွေဟာ ရှင်နေရတာထက် သေဖို့ကို ပိုလိုလားကြမှာပါ”
ယွန်လင်က ဝင်ဖြေပြန်သည်။ သို့သော် အပိုထပ်ဖြည့်ပြောသည်။
“ကျုပ်အဘိုးပြောတာ ကြားဖူးတယ်။ နတ်ဆိုးတစ်သောင်းအကျဉ်းထောင်မှာ နတ်ဆိုးတွေပုန်ကန်တာကို တားဆီးဖို့ နတ်ဆိုးချုပ်ခန်းမတွေရှိတဲ့ အထပ်တစ်ထပ်ရှိတယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် တစ်ခါမှမရောက်ဖူးတော့ နေရာအတိအကျမသိဘူး”
“မမြင်ဖူးဘဲနဲ့ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့ကွ”
ရှောင်ယိက ဒေါသဖြင့် စိုက်ကြည့်သည်။ အကြည့်ဖြင့်သာသတ်နိုင်လျှင် အကြိမ်ကြိမ်သေပြီးဖြစ်မည်။
“ဘာမဟုတ်တာပြောရမှာလဲ။ ငါ့အဘိုးဆီက ကြားထားတာလေ။ ဘယ်လိုလုပ်မှားနိုင်မှာလဲ။ ငါပြောတာမှားတယ်ထင်ရင် မင်းက အမှန်ကိုထောက်ပြလေ”
ယွန်လင် စကားပြန်အစ်သည်။ သို့သော် ရှောင်ယိက သူ့အကွက်ထဲမဝင်”
“နတ်ဆိုးချုပ်ခန်းမတွေက နတ်ဆိုးပုန်ကန်တာကို တားဆီးဖို့ တည်ဆောက်ထားတာမဟုတ်ဘူး။ သူတို့ကို ထိန်းချုပ်ဖို့ တစ်ခြားနည်းလမ်းတွေရှိတယ်”
“ဘာနည်းလမ်းတွေလဲ”
“မပြောပြနိုင်ဘူး”
ရှောင်ယိ ခပ်တင်းတင်းပြန်ပြောသည်။
“ခင်ဗျားရှောင်မိသားစုက တာ့ကျင်းနန်းတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတာလား”
ထိုမျိုးရိုးမြင့် ထိပ်တန်းမိသားစုသည် နတ်ဆိုးချုပ်နှောင်သည့်အလုပ်ကို အလကားသက်သက်လုပ်နေမည်မဟုတ်။ အကျိုးအမြတ် သို့မဟုတ် အပေးအယူ တစ်ခုခုတော့ ရှိရမည်ဟု ဖုန်ချင်အန်း ယူဆသည်။
“ဟုတ်ပါတယ်”
အထက်တန်းလွှာများ သိနေသည့်အကြောင်းအရာဖြစ်၍ ရှောင်ယိ ဖုံးကွယ်မထား။
“ကျုပ်တို့ရှောင်မိသားစုက လော်မိသားစုနဲ့ သဘောတူညီချက်တစ်ခုရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်းသတ်လို့မဖြစ်တဲ့ သရဲတွေ နတ်ဆိုးတွေကို ထိန်းသိမ်းချုပ်နှောင်ဖို့ တာဝန်ယူရတယ်”
“သတ်လို့မဖြစ်တဲ့အကြောင်းတွေဆိုတာ ဘာလဲ”
ထိုအဖြေကို ဖုန်ချင်အန်း သဘောမတွေ့။
“လူတိုင်းက ဖုန်သခင်လေးလို လုပ်လို့မရပါဘူး။ ဆင်ခြင်ရပါတယ်။ လွန်ခဲ့တဲ့နှစ်တစ်သန်းအတွင်း သခင်လေးလို ရဲရဲတင်းတင်းလုပ်ခဲ့တဲ့လူ တစ်ယောက်ပဲရှိပါတယ်။ သခင်လေးရဲ့အကိုပါ”
ရှောင်ယိ သက်ပြင်းချ၍ ဖြေသည်။ ငယ်စဉ်ကသူလည်း ထိုမေးခွန်းကို စဉ်းစားဖူးသည်။သို့သော် အသက်ကြီးလာပြီး အတွေ့အကြုံများလာသည်နှင့် သူသဘောပေါက်လာသည်။
သာမန်ရေသရဲများ ငါးနတ်ဆိုးများ ရွာသားများကိုအန္တရာယ်ပေးလာလျှင် ဘာမှတွေးစရာမလို။ ချက်ချင်းသတ်ပစ်နိုင်သည်။ သို့သော် ဒုက္ခပေးသည့် ဝိညာဉ်တွင် ထူးခြားသည့်နောက်ခံမျိုး ရှိနေလျှင် အခက်တွေ့လာသည်။
တောင်တန်းနတ်ဘုရား၏သား သို့မဟုတ် ရေနတ်ဘုရား၏ သမီး။ ထိုဒုတိယမျိုးဆက်များ ရွာတစ်ရွာကို အလွယ်တကူဖျက်ဆီးပစ်နိုင်သည့် မျိုးဆက်အမွေစွမ်းအားမျိုး ပိုင်ဆိုင်ထားကြသည်။ ထိုမျိုးဆက်သစ်များ ဒုက္ခပေးလာလျှင် ခေါင်းခဲရသည်။ ဖမ်းမိပြီး ပြန်လွှတ်လိုက်လျှင်လည်း တာ့ကျင်းဂုဏ်သိက္ခာ ထိခိုက်မည်။ နေရာတွင် သတ်ပစ်လျှင်လည်း သူ့နောက်မှ မြေဝိညာဉ်များ ဒေါသထွက်မည်။ ထိုမြေဝိညာဉ်များနှင့် စစ်တိုက်မည်လား။
တစ်ယောက်နှစ်ယောက်ဆိုလျှင် ကိစ္စမရှိ။ တောင်တန်းနှင့်မြစ်သခင်အားလုံး ပါဝင်လာလျှင် စစ်ချီသည့်လမ်းတစ်ဝက်မရောက်မီ အရှုံးနှင့်ရင်ဆိုင်ရမည်။ ထို့ကြောင့် သဘောတူညီချက်ယူရသည်။ သတ်လည်းမသတ်၊ လွှတ်လည်းမပေး။ နတ်ဆိုးတစ်သောင်းအကျဉ်းထောင်ထဲသို့ ပစ်ထည့်သည်။
“သခင်ဖုန်၊ ခင်ဗျားအကိုဟာ နတ်ဘုရားတမန်လို့ပါပဲ။ ကျုပ်တို့ညီအကိုတွေ သူ့ကိုအရမ်းလေးစားပါတယ်။ ခင်ဗျားအကိုလွန်ခဲ့တဲ့သုံးနှစ်က အများကြီးသတ်ခဲ့တဲ့အတွက် နတ်ဆိုးတစ်သောင်းအကျဉ်းထောင်ထဲက အလှပိုင်ရှင်တွေအတော်များများ အင်အားကြီးကျောထောက်နောက်ခံ ဆုံးရှုံးသွားကြတယ်။ ဒီတော့ သူတို့ကို အပေါ်ထပ်ကို ရွှေ့လိုက်တယ်။ ကျုပ်တို့ညီအကိုတွေ အများကြီး ပျော်လို့ရတာပေါ့”
ထိုအကြောင်းစကားစသည်နှင့် ယွန်လင် ချက်ချင်းတက်ကြွလာသည်။ ဖုန်ချင်အန်း သူ့ဆီအကြည့်ရောက်သွားသည်။ ဆက်ပြောမည့်စကားကို စောင့်နေသည်။
“တစ်ယောက်ကို ကျုပ်ကောင်းကောင်းမှတ်မိတယ်။ သူက ကျားဝပ်တောင်တန်းနတ်ဘုရားရဲ့ သမီးပါ။ သူက လူယောက်ျားတွေရဲ့သွေးကိုစားတယ်။ တောင်ခြေက ရွာဆယ်ခုကျော် ဒုက္ခရောက်သွားတယ်။ ဒါကြောင့် ဒီမှာထိန်းသိမ်းထားတာ။ လူအတော်များများ အချိန်ကုန်ခံ အားစိုက်ပြီးမှ သူ့ကိုဖမ်းမိတာ။ ဒါပေမယ့် သူ့အဖေအရှိန်ရှိနေတော့ သူ့ကို ဒုက္ခမပေးရဲကြဘူး။ ဒါကြောင့် နတ်ဆိုးတစ်သောင်းအကျဉ်းထောင်ထဲ ထည့်ကြတယ်။ ဒါပေမယ့် သူကြာကြာ မမောက်မာနိုင်ခဲ့ဘူး။ သူ့အဖေက သခင်လေးရဲ့အကိုနဲ့တွေ့ပြီး ဓားနဲ့ခုတ်သတ်ခံရတယ်။ အလောင်းတွေ့တဲ့အချိန်မှာ အတော်ပုပ်ပွပြီး အရိုးပဲကျန်တော့တယ်တဲ့”
ယွန်လင်မျက်နှာက အတော်ကျေနပ်နေဟန်ရှိသည်။
“အဲဒီ့အချိန်ကစလို ကျားမလေးက ကျောထောက်နောက်ခံမရှိတော့ဘူး။ သူ့ကို ပြင်းပြင်းထန်ထန်အပြစ်ပေးသင့်ပေမယ့် ဒီအတိုင်းသတ်လိုက်ရင် သူ့အတွက်လွယ်လွန်းသွားမယ်လေ။ဒါကြောင့် ရှောင်မိသားစုက အပေါ်ထပ်ကို ပို့ပြီး ဝန်ဆောင်မှုပေးခိုင်းတယ်။ ကျုပ်နဲ့ ကျုပ်အကိုတွေက သူ့ရဲ့ လက်ဦးဖောက်သည်တွေပါ။ ပထမတော့ ကျားမလေးက ကြမ်းနေသေးတယ်။ ဒါပေမယ့်အခုဆို လူသားတစ်ယောက်မြင်တာနဲ့ ကြောင်ပေါက်လေးလိုငိုနေပြီလေ။ အတော်ငြီးငွေ့စရာကောင်းသွားပြီ”
“ခင်ဗျားအတော်ကျေနပ်ခဲ့တဲ့ပုံပဲ”
ဖုန်ချင်အန်း နှုတ်ခမ်းတစ်ချက်တွန့်သွားသည်။ ထိုကိစ္စမျိုးတွင် သူဘာမှမှတ်ချက်မပေးလို။
တောင်တန်းနတ်ဘုရား၏သမီးကို သူမသနား။ အပျော်အပါးမက်သည့် အထက်တန်းလွှာသခင်လေးများ နှိပ်စက်ခြင်းခံရသည်မှာ ဖြစ်သင့်သည်ဟု သူတွေးသည်။
“ဒါပေမယ့် ဝမ်းနည်းစရာပဲ နတ်သမီးနှစ်ယောက်သုံးယောက်ပဲ ရှိတယ်။ ဖမ်းထားတဲ့မြေဝိညာဉ်အများစုက အထီးတွေပါ။ အထီးတွေကို ကျုပ်မကြိုက်ဘူး။ တစ်ချို့လူတွေကတော့ အထီးအမမရွေးသုံးကြတယ်”
ယွန်လင်မျက်နှာတွင် ဝမ်းနည်းရိပ်သန်းနေသည်။ အထီးမကြိုက်သည့်အတွက် သူ့ကိုယ်သူ မုန်းနေသည်။ အထီးအမမရွေးလျှင် တစ်ဒါဇင်ကျော်လောက်နှင့် သူပျော်ပါးနိုင်သည်။ သို့သော် ဦးချိုပါသည့် ကြေးခွံပါသည့် သတ္တဝါများကိုတော့ သူစိတ်မဝင်စား။
ရမ္မက်ကြီးလွန်းသည့် တာ့ကျင်းအရာရှိငယ်များအကြောင်း ဖုန်ချင်အန်း ပိုနားလည်လာသည်။ ဤနေရာမှ ထွက်ပြီးလျှင် ထိုလူများနှင့် ခပ်ခွာခွာနေမှဖြစ်သည်။ သူတို့လမ်းစဉ် လိုက်၍မဖြစ်။
“ဒါနဲ့ သခင်ဖုန်၊ နတ်ဆိုးအကျဉ်းထောင်မှာ နောက်ခံတောင့်တင်းတဲ့ စွမ်းအားမြင့်ဝိညာဉ်တစ်ချို့ ပိတ်လှောင်ထားတာရှိပါတယ်။ တာ့ကျင်းနန်းတော်ရော ရှောင်မိသားစုကရော သူတို့ကိုမထိရဲဘူး။ သခင်ဖုန်စိတ်ဝင်စားရင် စမ်းကြည့်လို့ရပါတယ်”
ယွန်လင် ထိုအကြောင်း ရုတ်တရက် တွေးမိလာဟန်ဖြင့် မျက်လုံးများ အရောင်တောက်လာပြီး ဖုန်ချင်အန်းကို လှည့်ကြည့်သည်။ ထိုလူ၏နောက်ခံနှင့်ယှဉ်လျှင်သူတို့သည် ဘာမှ မပြောပလောက်။
ဖုန်ချင်အန်းဟာ နတ်သမီးတစ်ယောက်နှင့် ပျော်ပါးလိုလျှင် ယွန်လင်က ဘေးမှ ထိုင်ကြည့်ခွင့်ရသည်။ နောက်ထပ် နှစ်ဝက်လောက် ထိုအကြောင်း သူကြွားလုံးထုတ်ခွင့်ရမည်။
အပျော်အပါးမက်သည့် ဖုန်ထန်မြို့မှ သခင်ယွန်စိတ်အဝင်စားဆုံးမှာ လူသားမျိုးနွယ်ရှေ့တွင် မောက်မာခဲ့သူများကို နှိပ်ကွပ်ခြင်းဖြစ်သည်။ ထိုဖြစ်တည်မှုများ စိတ်ပျက်အသနားခံနေသည်ကို သူကြည့်လိုသည်။ ထိုထက် သူစိတ်လှုပ်ရှားရသည့်အရာမျိုးမရှိတော့။