← Chapters

လွှမ်းမိုးသူ

Vol. 20 Ch. 297

လွှမ်းမိုးသူ

Vol. 20 Ch. 297

“မလိုပါဘူး”

ဖုန်ချင်အန်း ချက်ချင်းငြင်းပယ်လိုက်သည်။ ဘာနတ်သမီးမှ သူစိတ်မဝင်စား သူကိုယ်တိုင် မြစ်သခင်ဖြစ်ခဲ့ဖူးသည်။ ထိုစိတ်မျိုးရှိလျှင် ယွန်လင်စီစဉ်‌ပေးစရာပင်မလို။ အစကတည်းက လှုပ်ရှားပြီးဖြစ်မည်။

“ကျုပ်စိတ်မဝင်စားဘူး”

“စိတ်မကောင်းစရာပဲ”

ယွန်လင် မျက်နှာညှိုးသွားသည်။ နတ်စွမ်းအင်နည်းနည်းလောက်ရချင်သည်။ သို့သော် သူအရည်အချင်းမမီ။ သူ့မိသားစုက ယခုလိုအသေးအဖွဲ့ကိစ္စအတွက် ကျောထောက်နောက်ခံမြေဝိညာဉ် ဒေါသထွက်အောင် လုပ်မည်မဟုတ်။ သို့သော် ဖုန်ချင်အန်းလို စွမ်းအားကြီးသူကလည်း ဝိညာဉ်များကို စိတ်မဝင်စား။

“ဘာမှ စိတ်မကောင်းစရာမရှိဘူး။ ဖုန်သခင်လေးက စိတ်မဝင်စားလို့ စိတ်မဝင်စားတာပဲ။ လူအားလုံး မင်းလိုစိတ်မျိုးရှိတယ်ထင်နေလား”

ရှောင်ယီ ကောင်းကောင်းနားလည်သည်။ သခင်ဖုန်သည် နတ်မင်းသားသမီးများ မဆိုထားနှင့်။ အကျင်ပျက်မြေဝိညာဉ်များကိုပင် ချက်ချင်းသတ်ခဲ့သူဖြစ်သည်။ စိတ်မဝင်စား၍သာ ဘာမှမခံစားခြင်းဖြစ်သည်။

“တော်ပါတော့ယွန်လင်၊ မင်းရဲသရဲသတို့သမီးကိုပဲ သွားရှာပါတော့”

နတ်ဆိုးချုပ်မျှော်စင်ကို ဆက်မကြည့်တော့။ တောင်နက်နှင့်ပိုင်ယော်လည်း ထိုမျှော်စင်ကို သဘောမကျ။ သူလည်း စိတ်မဝင်စား။

လက်ရှိအခြေအနေအရ နတ်ဆိုးချုပ်မျှော်စင်သည် လူမဟုတ်သည့် မည့်သည့်ဖြစ်တည်မှုကိုမဆို ထိန်းချုပ်နိုင်သည်။ ဝိညာဉ်သားရဲများကိုပင် နှိပ်ကွပ်နိုင်သည်။

“ခင်ဗျားရဲ့သရဲသတို့သမီးက ဘယ်မှာလဲ”

မျှော်စင်ပတ်လည်မှ အိမ်စုများဆီ ဖုန်ချင်အန်း အကြည့်ရောက်သွားသည်။ အိမ်တိုင်းမှ နတ်ဆိုးချီများ ထွက်ပေါ်နေသည်။ ယောက်ျား မိန်းမတို့၏ ညုတုတုရယ်သံများကို ကြားရသည်။

“ဒီမှာမဟုတ်ဘူး။ သူကအတော်ကြမ်းလို့ ဒီမှာထိန်းထားလို့မရဘူး။ သေချာဂရုမစိုက်ရင် ပြဿနာတွေဖြစ်လာနိုင်တယ်”

ယွန်လင် အလေးနက်လေသံဖြင့်ပြောသည်။

“ပြီးတော့ ကျုပ်အဆင့်အတန်းက ဒီလိုလူတွေနဲ့ ဘယ်လိုယှဉ်လို့ဖြစ်မှာလဲ။ သူတို့က နတ်ဆိုးချုပ်မျှော်စင် ဘေးပတ်လည်မှာပဲ ပျော်ပါးနိုင်တာပါ။ ကျုပ်ကစားတာက သူတို့နဲ့မတူဘူး”

“ဘာကွာလို့လဲ”

“ကျုပ်နဲ့ ဒီဘက်ကိုလိုက်ခဲ့ပါ သခင်ဖုန်”

မြင့်မားသည့်အဆောက်အဦးများကို ဖြတ်ကျော်လာသည်။ ဖယောင်းမီးရောင်ကြောင့် တံခါးပေါက်နှင့် ပြတင်းပေါက်တို့တွင် ထူးဆန်းသည့်အရိပ်သဏ္ဌာန်များထင်ဟပ်နေသည်။ ထက်မြက်သည့်သူ့အာရုံတွင် ပြင်းထန်သည့်အသက်ရှူသံနှင့် ညည်းညူသံများ ကြားနေရသည်။

ဝင်ပေါက်ဘေးပတ်လည်တွင် ဆောက်ထားသည့်အိမ်များ ဘာအတွက်သုံးသည်မှာ သိသာသည်။ ထိုအိမ်သို့လာလည်သူများ၏ ရည်ရွယ်ချက်ကလည်း ရှင်းလင်းနေပါသည်။

သိပ်မကြာမီ ရွာတစ်ခုနှင့်တူသည့် အိမ်စုအစွန်သို့ ရောက်လာသည်။ ထိုနေရာတွင် စင်မြင်တစ်ခုရှိသည်။ ညစ်ညမ်းသည့်နတ်ဆိုးချီများ ထူထပ်သိပ်သည်းနေသည်။

“ဂါး...ဂါး...”

စင်မြင့်ပတ်လည်တွင် အနက်ရောင်သိမ်းငှက်ကြီးများ ဝဲပျံနေသည်။ တစ်ချို့က သူတို့အတွက် လုပ်ထားသည့် ခြေနင်းတန်းများပေါ် လွတ်လပ်စွာ နားနေကြသည်။

မျိုးနွယ် -အနက်ရောင်သိမ်းငှက်

ဗီဇ - နတ်ဆိုး၊ ငှက်၊ သတ္တု

စွမ်းရည် - စစ်သူကြီး၊ အလတ်တန်း

တိုက်ခိုက်စွမ်းအား - စစ်သူကြီး၊ အလတ်တန်း

ဖုန်ချင်အန်း စိတ်ဝင်စားလာသည်။ ထိုငှက်သားရဲများသည် စွမ်းအားသိပ်မမြင့်။ သို့သော် အရေအတွက် များသည်။ သူတို့ဘေးတွင်လည်း လူတစ်ယောက်စီရှိနေသည်။

စင်မြင့်သည် အဆောက်အဦးများကြားတွင် သိပ်မထင်ရှားလှ။ သိမ်းငှက်ဆယ့်သုံးကောင်ရှိနေသည်။ သူတို့ဘေးမှလူများက သူတို့ကိုအစာကျွေးလျက် အမွှေးအတောင်များကို သပ်ရပ်အောင် ပြုပြင်ပေးနေသည်။

ယဉ်ပါးအောင်လေ့ကျင့်ထားသည့် ငှက်အုပ်ဖြစ်သည်။ ကြမ်းတမ်းသည့်ဗီဇ ရှိနေသေးသော်လည်း သူတို့ဘေးမှလူများကို ငြင်းဆန်ခုခံခြင်းမရှိ။ ကျင့်သားရနေဟန်ရှိသည်။

“သေချာကြည့်ပါ သခင်ဖုန်။ ဒါ နတ်ဆိုးငှက်တွေပါ။ ရှောင်မိသားစုက နတ်ဆိုးနယ်မြေအကူအညီနဲ့ နှစ်ရာချီအချိန်ယူပြီး လေ့ကျင့်မွေးမြူခဲ့တဲ့ သိမ်းငှက်နက်တွေပေါ့။ ဒီငှက်တွေ အပြင်လောကကို ထွက်လာပြီဆိုရင် ရှောင်မိသားစုက ထင်ရှားတဲ့လူတစ်ယောက် စင်ပေါ်တက်(**)တော့မယ့် လက္ခဏာပဲ”

(**နိုင်ငံထူထောင်ခြင်းကို ရည်ရွယ်ဟန်ရှိပါသည်)

ယွန်လင် ရှောင်မိသားစု၏ လျှို့ဝှက်ချက်ကို ထုတ်ပြောခြင်းဖြစ်သလို ဖုန်ချင်အန်းကို သတိပေးခြင်းလည်းဖြစ်သည်။

“ဒါပေမယ့်အခု ရှောင်မိသားစုဝင်ဖြစ်ရတဲ့အရသာကို ကျုပ်တို့လည်း မြည်းစမ်းကြည့်လို့ရပါတဘ်။ ကျုပ်ရဲ့သရဲသတို့သမီးရှိတဲ့နေရာကို သိမ်းငှက်နက်စီးပြီး သွားကြမယ်လေ”

“အများကြီးမွေးထားတာပဲ။ ခင်ဗျားတို့ရှောင်မိသားစုက နတ်ဆိုးငှက်တွေကို စီးစရာအဖြစ်သုံးတဲ့ ငှက်တပ်ဖွဲ့တစ်ခု ရှိနေတာလား”

ဖုန်ချင်အန်းက ရှောင်ယိကို ပြုံး၍မေးလိုက်သည်။

“သခင်ဖုန်က တကယ်အံ့ဩစရာပါပဲ။ ခန့်မှန်းချက်တွေ တိကျတယ်။ ရှောင်မိသားစုမှာ ငှက်တပ်ဖွဲ့တစ်ခုရှိတာ မှန်ပါတယ်။ ဒါပေမယ့် အရေအတွက်အတိအကျ မသိရဘူး။ သူတို့က မရိုးသားဘူး။ အကောင်ရေသုံးရာရှိတယ်လို့ ပြောကြတယ်။ ဒါမေမယ့် အနည်းဆုံး ငါးရာလောက်ရှိမယ်လို့ ကျုပ်တို့ ခန့်မှန်းထားပါတယ်”

ရှောင်ယိ ပြန်ဖြေခွင့်မရလိုက်။ ယွန်လင်က လူတတ်ကြီးလုပ်ပြီး ဦးအောင်ဖြေသည်။

“မင်းဘာတွေလျှောက်ပြောနေတာလဲကွ။ သိမ်းငှက်နက်တစ်ကောင်ကိုကျွေးမွေးဖို့ တစ်နေ့ကို ငွေတုံးဘယ်လောက်ကုန်တယ်ထင်လဲ။ နေလသန္ဓေစုပ်ယူရုံလောက်နဲ့ သူတို့အသက်ရှင်မယ်ထင်နေလား”

ရှောင်ယိ မကျေမနပ် ပြောသည်။

“ငါ့တို့ရှောင်မိသားက အကောင်ရေသုံးရာလောက်ပဲ ထိန်းထားနိုင်တယ်။ ဒါတောင် ငါတို့အကြီးအကဲအတော်များများက သိပ်မကျေနပ်ကြတော့ဘူး။ အဲလိုသာမဟုတ်ရင် မင်းလိုအသုံးမကျတဲ့ကောင်က ဒီနယ်မြေမှာ သိမ်းငှက်နက်ကို စီးခွင့်ရမယ်ထင်နေလား။

“နတ်ဆိုးသားရဲသုံးရာလောက်ကို နတ်ဆိုးတစ်သောင်းနိုင်ငံကရတဲ့ အရင်းအနှီးနဲ့တောင် မွေးနိုင်ပါတယ်။ ငါတို့ခန့်မှန်းတဲ့ ငါးရာဆိုတာ လျှော့လျှော့ပေါ့‌ပေါ့ ပြောတာပါ။ အကောင်ရေတစ်ထောင်လောက်ရှိရင်တောင် အံ့ဩစရာမရှိပါဘူး။ ဒါကလည်း ဖြစ်သင့်ပါတယ်လေ။ ငါတို့အားလုံးမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိကြတာပဲ”

ယွန်လင် သွားဖြဲ၍ပြောသည်။ ဖုန်ချင်အန်းက တွေးတောသုံးသပ်နေသည်။ တာ့ကျင်းမိသားစု၏ ဓနအင်အား။ သူမြင်ရသည်က အပေါ်ယံလေးမျှသာ ဖြစ်ပုံရသည်။

အားကောင်းသည့်တပ်ဖွဲ့များ အသုံးပြုနိုင်သည့် နှစ်ထောင်ရှည်တည်တံ့ခဲ့သည့် မိသားစုများ၏နောက်ခံအင်အားသည် ခိုင်မာတောင့်တင်းရမည်သာဖြစ်သည်။ လက်သီးမပြင်းလျှင် အားလုံးက အချည်းအနှီးဖြစ်သည်။

All Chapters