ပျောက်ဆုံးခြင်း
Vol. 20 Ch. 300
“မင်းဘာလို့ ဒီအကြောင်း ငါ့ကိုကြိုမပြောခဲ့တာလဲ။ ငါဘယ်လိုလုပ်သိမှာလဲကွာ။ နတ်ဆိုးနိုင်ငံက အသွင်ပြောင်းနတ်ဆိုးတွေအားလုံး ဝန်ဆောင်မှုပေးတာမဟုတ်ဘူးလား။ ဝန်ဆောင်မှုမပေးဘူးဆိုတာ ပေးတဲ့ဈေးမလုံလောက်လို့ မဟုတ်ဘူးလား။ နောက်ပြီး အဲဒီတုန်းက ငါသူ့ကိုချဉ်းကပ်တော့ သိမ်းငှက်မကလည်း မငြင်းဘူးလေ”
ယွန်လင် နားမလည်ဟန်ဖြင့်ပြောသည်။ သူ့ဘက်ကမှားသည်ဟု မယူဆ။ သူငွေပေးခဲ့သည်။ အခမဲ့ ချဉ်းကပ်ခဲ့ခြင်းမဟုတ်။ ထို့ပြင် သူဒဏ်ရာရခဲ့သည့်တိုင် ပြဿနာမရှာခဲ့။ သူ့စိတ်သဘောထား ကြီးမြတ်ကြောင်း သက်သေပင်ဖြစ်သည်။
“သောက်ရူးကောင်”
ရှောင်ယိ ဒေါသထွက်လွန်းသဖြင့် စကားမပြောနိုင်တော့။ နတ်ဆိုးမျိုးနွယ်များ လူသားများကြား လက်ပွန်းတတီးနေလွန်းလျှင် လူသားတို့၏ အကျင့်စရိုက်များ ထိုသို့ပင်ဖြစ်သည်။ မာနကြီးသည့် သိမ်းငှက်မပင် ငွေကြေးရလိုမှုကြောင့် သူရင်ဘတ်ကို ရှက်ရှက်ဖြင့် ဖွင့်ပေးခဲ့သည်။
ထိုကိစ္စဖြစ်ပြီးနောက် နတ်ဆိုးများအတွက် စည်းမျဉ်းအသစ်တစ်ခု ထုတ်ပြန်ခဲ့သည်။ တစ်ချို့လူများ ဒုက္ခမရောက်စေရန် သိမ်းငှက်နက်တပ်ဖွဲ့အပါအဝင် သားရဲတပ်ဖွဲ့များအားလုံး လူသားအသွင်ပြောင်းခြင်းကို တားမြစ်ခဲ့သည်။
“သွားစို့၊ အချိန်ဖြုန်းမနေနဲ့တော။ ကျုပ်ရဲ့သရဲသတို့သမီးနဲ့ တွေ့ဖို့အချိန်ကျပြီ။ ဒီလောက်အကြာကြီး သူ့ကိုတစ်ယောက်တည်းထားခဲ့ရတာ လက်မခံနိုင်စရာပဲ”
ယွန်လင် သိမ်းငှက်နက်တစ်ကောင်ဆီ လျှောက်သွားသည်။ ငှက်ထိန်းတစ်ချို့ အကူအညီဖြင့် သိမ်းငှက်ကျောကုန်းပေါ်မှ ပုခက်ထဲသို့ တက်လိုက်သည်။ ပထမဆုံးစီးဖူးခြင်းမဟုတ်သည်မှာ ထင်ရှားနေသည်။
“ဖုန်သခင်လေး၊ သိမ်းငှက်နက်ပေါ် တက်လိုက်ပါ”
“ဟိုကို လေထဲကနေပျံပြီးသွားမယ်ပေါ့။ ခရီး အတော်ဝေးတယ်မဟုတ်လား။ မလိုပါဘူး။ ခင်ဗျားဘေးကနေ ကျုပ်အတူလိုက်ခဲ့ပါ့မယ်”
သူ့စကားဆုံးသည်နှင့် တောင်နက်ခန္ဓာကိုယ်မှ အပြာရောင်သရဲမီးတောက်များ ထွက်ပေါ်လာသည်။ အိမ်ခွေးအရွယ်မှ သရဲဝံပုလွေပုံစံအစစ်သို့ ပြောင်းလိုက်သည်။
မီးတောက်များနှင့်အတူ ချက်ချင်းကြီးထွားလာသည့်တောင်နက်ကိုကြည့်၍ စင်မြင့်ပေါ်မှ မောက်မာပါသည်ဟူသည့် သိမ်းငှက်နက် ကြောက်လန့်တုန်လှုပ်လျက် မငြိမ်သက်ဖြစ်လာသည်။ အသံမျိုးစုံ အော်ဟစ်နေကြသည်။ တစ်ကိုယ်လုံးတုန်ရင်နေသည်။ တစ်ခြားသိမ်းငှက်များလည်း မဟာနတ်ဆိုးရှေ့တွင် ဣန္ဒြေမဆည်နိုင် ဖြစ်နေကြသည်။
“နည်းနည်းထိန်းပါဦး”
တုန်ရင်နေသည့် သိမ်းငှက်များကို ဖုန်ချင်အန်း တစ်ချက်လှမ်းကြည့်သည်။ တစ်ချို့က ကြောက်လွန်း၍ မြေပြင်သို့ ပြုတ်ကျသည်။ တစ်ချို့က နေရာတင် သေးထွက်ကျနေသည်။တောင်နက်၏ ရှေ့ခြေထောက်ကို သူတစ်ချက်ပုတ်လိုက်သည်။
“ဂါး”
တောင်နက် ပုံမှန်အသံဖြင့် ခပ်တိုးတိုးတစ်ချက် အော်လိုက်သည်။ ထို့နောက် ခြေလက်လေးဘက်ကို မြေပေါ်ချ၍ ဖုန်ချင်အန်းဘေးသို့ ဦးခေါင်းညွှတ်ပေးလိုက်သည်။ သူ့ဦးခေါင်းက အိမ်တစ်လုံးစာခန့်ရှိသည်။
“ဒီ...ဒီကောင်က...”
ဖုန်ချင်အန်း တစ်ချက်ပြုံး၍ တောင်နက်၏ရှေ့ခြေထောက်မှတစ်ဆင့် ကျောကုန်းပေါ် တစ်လှမ်းချင်းတက်သွားသည်။ ပိုင်ယော်လည်း အသွင်းပြောင်းလိုက်သည်။ သို့သော် မဟာနတ်ဆိုးဖြစ်ပြီးစ တောင်နက်နှင့်ယှဉ်လျှင် အရွယ်အစားသေးငယ်နေသည်။
ဝိညာဉ်စားမီးတောက်များလွှမ်းခြုံနေသည့် မဟာနတ်ဆိုးကျောကုန်းပေါ်တွင် ဖုန်ချင်အန်း ရပ်နေသည်။ မီးတောက်များက သူ့ကိုအန္တရာယ်မပေး။ အောက်ဘက်မှ သခင်လေးနှစ်ယောက်ကို ငုံ့ကြည့်၍ အားတုံ့အားနာဟန်ဖြင့် ပြုံးပြသည်။
“တောင်နက်က အဆင့်တက်ပြီးစဆိုတော့ သူ့စွမ်းအားကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးဘူး။ ခင်ဗျားသိမ်းငှက် ထိတ်လန့်အောင်လုပ်မိတာ ဆောရီးပါ”
“တကယ်မဟာနတ်ဆိုးပါလား”
ယွန်လင် ဖုန်ချင်အန်းကို မော့ကြည့်သည်။ ထို့နောက် သူစီးနေသည့်သိမ်းငှက်ကို ကြည့်သည်။ သိမ်းငှက်က အကြောက်ကြီးကြောက်နေပြီး အမြီးအောက်မှ အရည်တစ်ချို့ ကျဆင်းလာသည်။ ယွန်လင် ဖုန်ချင်အန်းကို အားကျသည့်မျက်လုံးဖြင့်ကြည့်သည်။ သူစီးနေသည့်သိမ်းငှက်ကို အလွန်စိတ်ပျက်မိသည်။
နတ်ဆိုးနိုင်ငံတွင် သိမ်းငှက်နက်စီး၍ ပျံသန်းသွားသည်။ရသည်ကို သူအမြဲတမ်းဂုဏ်ယူပျော်ရွှင်ခဲ့သည်။ စိတ်ဖြေစရာတစ်ခုဟု ယူဆခဲ့သည်။ သို့သော် ဖုန်ချင်အန်းနှင့်ယှဉ်လျှင် သူသည်ဘာမှမဟုတ်တော့။
“ဂါး”
တောင်နက် ခေါင်းမော့၍ အော်ဟစ်လိုက်သည်။ ပိုင်ယော်လည်း လိုက်အော်သည်။ ဝိညာဉ်စွမ်းအင်ဖိအားနှင့် ရောနှောနေသည့် နတ်ဆိုးစွမ်းအင်ရောင်က စင်မြင့်အောက်ဘက်မှ ပျံ့နှံ့သွားသည်။ နတ်ဆိုးချုပ်မျှော်စင်ကို ဆွဲဆောင်သလိုဖြစ်သွားသည်။ အရောင်တလက်လက်တောက်ပလာသည်။ ဘေးပတ်လည်မှ အဆောက်အဦးများ ဝရုန်းသုန်းကားဖြစ်ကုန်သည်။
"ဟားဟားဟား"
ဖုန်ချင်အန်း၏ ရယ်သံနှင့်အတူ တောင်နက် ကောင်းကင်သို့တက်သွားသည်။ သရဲမီတောက်အကူအညီဖြင့် လေထဲတွင် သူပြေးလွှားနိုင်ပြီဖြစ်သည်။
တောင်နက်သည် မြေပေါ်တွင်နေသည့်သားရဲဖြစ်သည်။ ပျံသန်းနိုင်သည်ဆိုသော်လည်း အဆင့်တူပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်တိုက်ခိုက်လျှင် မြေပေါ်တွင် တိုက်ခိုက်မှသာ ပိုထိရောက်ပေလိမ့်မည်။
ဖုန်ချင်အန်းကိုကြည့်၍ ရှောင်သခင်နှင့် ယွန်သခင်တို့ လေးစားအားကျနေသည်။ မဟာနတ်ဆိုးတစ်ကောင် စီးနင်းရသည့်အဖြစ်ကို ဘယ်သူအားမကျဘဲနေမည်နည်း။ သို့သော် အဝေးမှကြည့်၍ အားကျနေရုံသာ တတ်နိုင်ကြသည်။
“ဟင်”
ဖုန်ချင်အန်းန် ကောင်းကင်သို့တက်ပြီး အောက်သို့ငုံ့ကြည့်ချိန်တွင် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ ဇဝေဇဝါဖြစ်နေသည့် အမူအရာမျိုး မျက်နှာတွင်ပေါ်လာသည်။
သူနှင့်စကားပြောခဲ့သည့်ငှက်ထိန်း၏ ခန္ဓာကိုယ်တွင် ခုနကသူမြင်ခဲ့ရသည့် စွမ်းအင်ရောင်ကို မမြင်ရတော့။
“အကဲဖြတ်မယ်”
တုံ့ပြန်မှုမရှိ။ တစ်နည်းဆိုရသော် ယခုသူကြည့်နေသည့် ငှက်ထိန်းသည် လူသားစစ်တစ်ယောက်ဖြစ်သည်။ လူသားကို စနစ်က အကဲဖြတ်မည်မဟုတ်။ လူသားမဟုတ်လျှင် လမ်းဘေးမှမြက်တစ်ပင်ဖြစ်စေ အကဲဖြတ်ပေးလိမ့်မည်။
“သူမရှိတော့ဘူးလား”
ဖုန်ချင်အန်း တကယ်အံ့အားသင့်နေသည်။ ထိုငှက်ထိန်းသည် လူအသွင်ဟန်ဆောင်ထားသည့် ကောင်းကင်ဂူဝိညာဉ်ဟု သူထင်ခဲ့သည်။ ယခုကြည့်ရသလောက် ယခု ကောင်းကင်ဂူဝိညာဉ်က ထိုလူကိုပူးကပ်ခဲ့သည်မှာ ထင်ရှားနေသည်။
ထိုသို့ဆိုလျှင် ကောင်းကင်ဂူဝိညာဉ်သည် မည့်သည့်ဖြစ်တည်မှုမျိုးမှန်းမသိ။ ကိုယ်ပိုင်ဖြစ်တည်မှုရှိမရှိမသိ။ အသွင်မဲ့ ဝိညာဉ်ခန္ဓာလား။ ကောင်းကင်ဂူသည်ပင် သူ့ရုပ်ခန္ဓာအစစ်ဖြစ်၍ သရဲနိုင်ငံ၏နေရာတိုင်းတွင် ရှိနေခြင်းလား။
အဘယ်ကြောင့် ခုနက သူ့အာရုံကိုဆွဲဆောင်၍ သူ့ရှေ့တွင်ပေါ်လာသနည်း။ အကြောင်းရင်းကို စဉ်းစားမရ။
****************************************