← Chapters

လူကောင်းတစ်ယောက်က ခွင့်လွှတ်ပေးသင့်တယ်

Vol. 47 Ch. 695

လူကောင်းတစ်ယောက်က ခွင့်လွှတ်ပေးသင့်တယ်

Vol. 47 Ch. 695

တိုက်ရိုက် ထုတ်လွှင့်မှုက ဆက်လက် ပြသလျှက် ရှိသည်။

ဤပွဲစဉ်၌ ဟွမ်ရှင်းသည် စင်မြင့်ပေါ်မှ ပထမဆုံး ထွက်ခွာရသူ ဖြစ်လေသည်။ လူအများ ဝမ်းနည်းချိန်ပင် သိပ်မရလိုက်ဘဲ Masked Singers က နောက်တစ်ပွဲအား စတင်လာသည်။

နောက်တစ်ပွဲ၌ နောက်ထပ် လူတစ်ယောက် ထုတ်ပယ်ခံရပေလိမ့်ဦးမည်။ ယင်းက နောက်ဆုံးပွဲစဉ်သို့ တက်ရောက်နိုင်မည့် ပြိုင်ပွဲဝင် နှစ်ယောက်ကို ဆုံးဖြတ်ပေးမှာ ဖြစ်သည်။ မဲနှိုက်ခြင်း အစီအစဉ် စတင်လာသည်။

ပြိုင်ပွဲဝင် သုံးယောက်၌ မည်သည့် နှစ်ယောက်က ကျန်ရစ်မည်နည်း။ ဘယ်သူက အဆုံးထိ ရှင်သန်နိုင်မလဲ။

ဘယ်သူက King of Masked Singers ဘွဲ့ကို အနိုင်ရရှိလေမလဲ။

ထိုအရာအားလုံးက ယခုပွဲစဉ်၌ မူတည်နေ၏။

ပွဲကြည့် ပရိသတ်များနှင့် တိုက်ရိုက် ထုတ်လွှင့်မှု ကြည့်ရှုသူများက စိတ်အားထက်သန်စွာ ကြည့်ရှုနေကြသည်။

ကျန်းထောင်က တစ်ခု နှိုက်လိုက်သည်။ ပင်းပင်းကလည်း တစ်ခု ယူလိုက်သည်။

ရဲ့လင်းချန်က ကျန်ရှိနေသော ဘောလုံးအား အေးအေးလူလူ ယူလိုက်လေသည်။

ဘောလုံးပေါ်မှ စာရွက်ကို စုတ်ဖြဲလိုက်ပြီးနောက် ဖျော်ဖြေမှု အစဉ်လိုက်က အတည် ဖြစ်သွားလေသည်။

ရဲ့လင်းချန်က ပထမ၊ ပင်းပင်းက ဒုတိယနှင့် ကျန်းထောင်က နောက်ဆုံး ဖြစ်သည်။

ရလဒ်ကို မြင်ပြီးနောက် ကျန်းထောင်နှင့် ပင်းပင်းတို့က အချင်းချင်း ကြည့်မိသွားသည်။ သူတို့၏ မျက်လုံးများတွင် စိတ်အေးသွားသော အရိပ်အယောင်များ ပေါ်နေပြီး သက်ပြင်းချသွားကြသည်။

ပြီးခဲ့သော ပွဲစဉ်က သူတို့အပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ ယင်းက သူတို့၏ ဂုဏ်ယူမာန်တက်နေသော ခံစားချက်အား ကျဆင်းသွားစေခဲ့သည်။ တစ်ဖက်က သူတို့ကို ခြိမ်းခြောက်နိုင်သည့် ပြိုင်ဘက်တစ်ဦး ဖြစ်လေသည်။

ထုတ်ပယ်ခံလိုက်ရသည့်သူက စူပါမန်း မဟုတ်ချေ။ ဤသည်က သူတို့ မျှော်လင့်ထားသည်နှင့် ကွဲပြားနေ၏။ သူတို့၏ ပရိသတ်အင်အားအရ သူတို့သည် အနိုင်မယူနိုင်သည့် အခြေအနေ ရှိနေသင့်သည်။

သို့သော် ရဲ့လင်းချန်က ပထမဆုံး ဖျော်ဖြေရမည့်သူ ဖြစ်နေသဖြင့် ယခင်ပွဲစဉ်က သူ ရခဲ့သည့် တစ်ပန်းသာမှုက မရှိတော့ပေ။ သူတို့နှင့် ယှဉ်ပြိုင်နိုင်မည့် သူ့အခွင့်အရေးကို ဆုံးရှုံးသွားကြောင်း သိသာလှသဖြင့် သူတို့ စိတ်အေးသွားခဲ့ရသည်။

*ငါတို့ ဒီစင်ပေါ်ကို တက်လာခဲ့တယ်၊ ပြီးတော့ အနိုင်ရသူကလဲ ငါတို့ထဲကပဲ ရွေးချယ်ခံရသင့်တယ်၊ အဲ့ဒါကမှ ဖြစ်သင့်တာပဲ*

ရဲ့လင်းချန်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ကာ ခံစားချက်ကင်းမဲ့သော အမူအရာ ဖြစ်နေသည်။

ဆရာထန့်၏ မျက်ခုံးများက မသိမသာ ကြုတ်သွားလေသည်။

“သွားပြီ … ဒါ အဆိုးဆုံး ဖျော်ဖြေမှု နံပါတ် အစဉ်လိုက်ပဲ”

“အရင်ဆုံး ဖျော်ဖြေရမယ်၊ ဒါက မကောင်းဘူး၊ နံပါတ် အစဉ်လိုက်က မဲအပေါ် သက်ရောက်မှု အတော်လေး ကြီးတာ”

ဆရာလောက သက်ပြင်းချသည်။

“ကံတရားက ငါတို့ဘက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူ ငပျော့တစ်ကောင်ကို ဖယ်ထုတ်နိုင်တာကိုက တော်တော်လေး ကောင်းနေပါပြီ၊ ငါတို့ ဘာလုပ်နိုင်စွမ်းရှိသလဲ ဆိုတာကို သူတို့ကို ပြဖို့ လုံလောက်နေပါပြီ”

ထိုအခိုက်တွင် ဆုမိုက နှုတ်ခမ်းကိုကိုင်၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရဲ့လင်းချန်အား ကြည့်နေသည်။

“မစ္စတာ စူပါမန်း၊ ရှင် လုပ်နိုင်ပါတယ်”

“အင်း”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမအား နောက်ထပ် ဂီတ စာရွက်တစ်ရွက် ပေးလိုက်သည်။

“ဒါကို ဂီတတွဲဖက်အတွက် တာဝန်ရှိတဲ့သူဆီ ပို့ပေးပါ”

ဆုမို၏ ပါးစပ်က အံ့ဩမှုကြောင့် အနည်းငယ် ပွင့်ဟသွားသည်။

*ဒ…ဒ…ဒါက နောက်ထပ် ကိုယ်ပိုင် ဖန်တီးမှုလား*

ထို့နောက် သူမက ၎င်းကို ခပ်မြန်မြန် သွားပို့ပေးလိုက်သည်။

ဤမြင်ကွင်းကို လူတော်တော်များများက မြင်လေသည်။ အဘယ်ကြောင့်ဆိုသော် ဆုမိုသည် ပြိုင်ပွဲမစခင်တိုင်း ထိုနေရာသို့ ပြေးသွားတတ်ပြီး အကြိမ်တိုင်းတွင် ယင်းက ပြန်လည် မွမ်းမံထားသော ဂီတ ဟုတ်လျင်ဟုတ်၊ မဟုတ်လျင် ကိုယ်ပိုင် သီချင်းတစ်ပုဒ် ဖြစ်နေတတ်သည်။ ယင်းက စိတ်ဝင်စားစရာ ကောင်းလာသည်။ ကင်မရာ တောင်မှ သူမကို လိုက်ရိုက်ပြလေသည်။

“လခွမ်း … အဲ့ဒါက နောက်ထပ် သီချင်းသစ်လား”

“တကယ်ကြီးလား၊ သူက အဲ့လောက် တော်တာလား”

“အနည်းဆုံးတော့ သီချင်းစာရွက်က အသစ်ပဲ၊ ဒီစူပါမန်းက လွန်လွန်းပါတယ်ကွာ”

“ငါတော့ မျှော်လင့်နေတယ်၊ တကယ်ဆိုရင်တော့ ငါ သူ့ကို အားပေးရလဲ ဘာမှမဖြစ်ဘူး”

…

လူအုပ်ကြီးက အနည်းငယ် တက်ကြွလာသည်။ ထိုစဉ် လော့စီစီက စင်ပေါ်သို့ လျှောက်လမ်းလာ၏။

“ကဲ … အခု ဒုတိယပွဲစဉ်ကို စလိုက်ကြရအောင်နော်”

မျက်လုံးများက စင်ပေါ်သို့ ရောက်နေသည်။ လူတိုင်း အသက်ကို အောင့်ထားမိကြသည်။

မီးရောင်များက တောက်ပနေပြီး စင်မြင့်၏ တံခါးပေါက်သို့ ဦးတည်ကျရောက်နေသည်။ တံခါးပွင့်လာပြီးနောက် လူတစ်ယောက်က ဖြည်းဖြည်းချင်း ထွက်လာ၏။

“ဖြောင်း ဖြောင်း ဖြောင်း”

သူ့အတွက် လက်ခုပ်သံက ငပျော့ကောင်များထက် နည်းပါးသော်လည်း ယခင်တစ်ခေါက်ကထက် ပိုသာပေသည်။ တစ်ချို့ဆိုလျင် သူ့အား ရှုပ်ထွေးသော အကြည့်နှင့် ကြည့်နေကြသည်။

မျှော်လင့်ခြင်း၊ အားပေးခြင်း၊ အထင်သေးခြင်းနှင့် အခြားသော ခံစားချက်များလည်း ရောထွေးနေသည်။

နောက်ခံသီချင်းက ဖြည်းဖြည်းချင်း ကျယ်လောင်လာသည်။

နူးညံ့သော တေးဂီတ၌ ဗလာဖြစ်နေသော အရိပ်အယောင် ပါဝင်နေသည်။ ၎င်းက နောက်ထပ် သီချင်းသစ် တစ်ပုဒ်ပင်။

သူတို့ မျှော်လင့်ထားသော်လည်း လူအုပ်ကြီးသည် စင်မြင့်ပေါ်မှ ရဲ့လင်းချန်အား အံ့ဩမှုဖြင့် ကြည့်နေ ကြသေးသည်။ မျက်နှာဖုံးအောက်မှ ရဲ့လင်းချန်၏ မျက်လုံးများက တောက်ပနေသည်ကို သူတို့ ရုတ်တရက် သတိထားမိသွားပြီး စိတ်ဝင်စားသွားကြသည်။ တစ်ချိန်တည်းမှာပင် သူက လွတ်လပ်သော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။

သူ မိုက်ခ်ကို ပါးစပ်နား ကပ်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် သူ့အသံက ကောင်းကင်ဘုံမှ ဆင်းသက် လာသည်ဟု ထင်မှတ်သွားရသည်။

“ငါ တစ်ချိန်က ဓားတစ်လက်နဲ့အတူ ကမ္ဘာကြီးကို လျှောက်လမ်းမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်”

“ကမ္ဘာကြီးရဲ့ ပိုင်ဆိုင်မှုတွေကို ကြည့်ချင်ခဲ့တယ်”

“လူငယ်တွေရဲ့ နှလုံးသားက အမြဲတမ်း ရူးသွပ်မှု အနည်းငယ် ရှိနေခဲ့တယ်”

“အခု မင်းက ကမ္ဘာကြီးမှာ လှည့်ပတ် သွားလာနေခဲ့တယ်”

သူ၏ ကျယ်လောင်၍ နက်ရှိုင်းသော အသံက အလွန် ဆွဲဆောင်မှု ရှိလှပြီး လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။

လူတိုင်း မှင်တက်သွားသည်။

*ဒ…ဒ…ဒီသီချင်းက*

ရဲ့လင်းချန်က သူတို့ကို ကြည့်ကာ သီချင်းကို ဆက်ဆိုလေသည်။

“မင်းကို ဝမ်းနည်းအောင် လုပ်ခဲ့တယ် မိန်းကလေးက … အခု အစအနတောင် ရှာမရဘဲ ထွက်သွားခဲ့ပြီ”

“အချစ်က မင်းကို အမြဲတမ်း လွမ်းဆွတ်ပူဆွေးမှုနဲ့ စိုးရိမ်မှုတွေ ချန်ထားခဲ့တယ်”

“အဲ့ဒါက တစ်ချိန်က မင်းကို ဒဏ်ရာဗလပွနဲ့ ထားခဲ့ဖူးတယ် …”

ရုတ်တရက် သီချင်းက အမြင့်သံသို့ တက်သွားလေသည်။

“Di li li li, di li li li den da…”

စင်မြင့်တစ်ခုလုံးနှင့် တိုက်ရိုက် ထုတ်လွှင့်မှုတွင် ရဲ့လင်းချန်၏ အသံက ပြည့်နှက်သွားပြီး နားထောင်နေသူများ၏ နားထဲ၌ ပဲ့တင်ထပ်လာသည်။ ယင်းက စာသားမဟုတ်သော်လညး် သူတို့အား ကြက်သီး ထလာစေပြီး နှလုံးခုန်နှုန်း မြန်လာစေသည်။

လူငယ် တစ်ယောက်သည် မနေနိုင်သဖြင့် မတ်တပ်ထရပ်မိသည်။ ထိုအခါ နောက်ထပ် လူငယ်တစ်ယောက် ကလည်း မတ်တပ်ရပ်လာ၏။

တဖြည်းဖြည်းနှင့် သူတို့နှင့် ပူးပေါင်းလာသည့် လူက ပိုများလာပြီး ရဲ့လင်းချန်အား စိတ်အားထက်သန်မှုတို့နှင့် တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်လာကြသည်။

ရဲ့လင်းချန်၏အသံက ညင်သာသော အသံဖြင့် ပြန်လည် ပြောင်းလဲသွားသည်။

“ငါ ဝမ်းနည်းတဲ့အခါတိုင်း ပင်လယ်ကြီးကို တစ်ယောက်တည်း ငေးကြည့်နေမိတယ်”

“ငါ့ဘေးနားမှာ ရှိနေတဲ့ သူငယ်ချင်းတွေကို ငါ တွေးနေမိတယ်”

“သူတို့ထဲက ဘယ်လောက်များများက သူတို့ရဲ့ ဒဏ်ရာကို ကုသနေရသလဲ …”

တော်တော်များများသည် သီချင်းက တိုက်ဆိုင်မှု ရှိသည်ဟု ခံစားရသည်။ လူငယ်များက ရှေ့သီချင်းကို နားမလည်နိုင်လျင်တောင်မှ ဤသီချင်းက သူတို့၏ စိတ်ဝိညာဉ်နှင့် ချိတ်ဆက်နေသည်။

ဘယ်သူကများ ဓားတစ်လက်နှင့်အတူ ကမ္ဘာပတ်မည်ဟု အိပ်မက် မမက်ခဲ့ဖူးလို့လဲ။ ဘယ်သူကများ သူတို့၏ အိပ်မက်ထဲက မိန်းကလေးကြောင့် မနာကျင်ခဲ့ရဖူးသလို သူတို့ရဲ့ ဒဏ်ရာတွေကို တစ်ယောက်တည်း ကုသနေခဲ့ ရသလဲ။

သူတို့ နားမလည်လိုက်သည့် သီချင်း၏ အပိုင်းကမူ မသိလိုက်မသိဘာသာ ရုန်းကန်နေမှုနှင့် တူနေကာ နားထောင်သူများ၏ စိတ်အားထက်သန်မှုကို မြှင့်တင်ပေးနေသည်။

“ငါတို့ ဒီအတွက် ဂုဏ်ပြုလိုက်ရအောင်”

“လူကောင်းတစ်ယောက်က ခွင့်လွှတ်ပေးသင့်တယ်”

“ဘဝရဲ့ အကြောင်းအရာတွေကို ကြုံတွေ့ခဲ့ပြီးတော့ လောကကြီးရဲ့ အနိမ့်အမြင့် အတက်အကျတွေမှာ ကူးခတ်ခဲ့တယ်”

“ဒီအပြုံးက နွေးထွေးပြီး ဖြူစင်တယ်”

အဆုံးသတ်တွင် သီချင်းသံက တည်ငြိမ်ပြီး နာကျင်ရသည်။

သို့သော် ယင်းက လူတိုင်း၏ နှလုံးသားထဲမှ မီးတောက်ကို ညှိပေးလိုက်သည့် မီးစတစ်ခုနှင့် တူလေသည်။ သူတို့၏ လက်များက လက်သီးအဖြစ် ပြောင်းလဲသွားပြီး မျက်လုံးတွင် မျက်ရည်များနှင့် ပြည့်နှက်လာသည်။

“အားလုံးကို ကြုံတွေ့ပြီးတာတောင်မှ၊ ကယ်ရာမဲ့တဲ့ အခြေအနေတွေမှာတောင်မှ၊ ငါတို့က ဆက်ပြီး ခွင့်လွှတ်နေပြီးတော့ ငါတို့ရဲ့ မူလ ရည်မှန်းချက်ကို မဆုံးရှုံးအောင် နေဦးမှာပဲ၊ ဒီလောကကြီးကို ငါတို့ရဲ့ အကောင်းဆုံးတွေနဲ့ ဆက်ပြီး ပံ့ပိုးပေးနေဦးမှာပဲ”

သီချင်း အဆုံးသတ်သွားသော်လည်း ခန်းမတစ်ခုလုံး ဆူညံသွားလေသည်။ တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူ များသည်လည်း အရူးအမူး ဖြစ်နေကြသည်။

“ဝူးဟူး …”

လူတိုင်းက ဂုဏ်ပြုချီးမြှင့်သကဲ့သို့ ညာလက်ကို မြှောက်လာကြသည်။

ဒိုင်လူကြီးများနှင့် အထူးဧည့်သည်တော်များတောင်မှ မတ်တပ်ရပ်လာကြသည်။

ချန်ရှောင်ယန်၏ မျက်လုံးတွင် မျက်ရည်များနှင့် ပြည့်နှက်နေသည်။

လူတော်တော်များများသည်လည်း သူတို့၏ ပါးပေါ်သို့ မျက်ရည်များ စီးကျနေ၏။

သီချင်းနှင့် နောက်ခံ တေးဂီတတို့ ရပ်တန့်သွားသည်။

တစ်စက္ကန့်၊ နှစ်စက္ကန့် …

ရဲ့လင်းချန်က လူအုပ်ကြီးကို ကြည့်လိုက်ပြီးနောက် သူတို့နည်းတူ ညာလက်ကို မြှောက်၍ ပြောလိုက်သည်။

“ဒီအတွက် ဂုဏ်ပြုလိုက်ရအောင်”

“ချီးယားစ်”

လူတိုင်း ပြိုင်တူ ဟစ်ကြွေးလာသည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတွင်လည်း မှတ်ချက်များနှင့် ပြည့်နှက်နေသည်။

[ချီးယားစ်]

[စူပါမန်း … ချီးယားစ်]

[ဟားဟားဟား … ဒီသီချင်းက တကယ်ကို ငါ့ခံစားချက်တွေကို ဆိုသွားတာပဲ၊ ဒါ အမှန်ပဲ၊ ရုတ်တရက် ငါ့ဘဝက အိပ်မက် သက်သက်ပဲလို့ ခံစားလာရတယ်]

[ဟင့်ဟင့်ဟင့် … ဒါက သိပ်ကောင်းတာပဲ၊ နောက်ဆုံး သီချင်းက ငါ့မျက်ရည်တွေ ကျအောင် လုပ်ခဲ့တယ်၊ ဒါပေမဲ့ ဒီသီချင်းက ငါတို့ကို ငိုရလွန်းလို့ မျက်လုံးတွေ ရောင်ကိုင်းအောင် လုပ်နေတယ်]

[ဒီသီချင်းက ငါ့အိပ်မက်တွေကို စကားလုံးအဖြစ် ဖန်တီးလိုက်တာပဲ၊ ငါ အဖွင့်စာသားကို ကြားလိုက်တဲ့ အချိန်မှာပဲ မျက်ရည်တွေက ရပ်မရတော့ဘူး]

စင်နောက်၌ ထုတ်ပယ်ခံရသည့် အဆိုတော်များ လက်ခုပ်တီးနေကြသည်။ ကျန်းထောင်နှင့် ပင်းပင်းတောင်မှ အတူတူ လက်ခုပ်တီးနေကြသည်။

“အံ့ဩစရာပဲ”

“သီချင်းကောင်းပဲ”

ဤသည်က သူတို့ ကင်မရာရှေ့၌ ပြောခဲ့သော စကားပင်။

ထိုအခိုက်တွင် မုန်တိုင်းကြီး တစ်ခုက သူတို့ရင်ထဲ၌ မွှေနှောက်နေ၏။

*ဒါက တကယ့် အရည်အချင်းဆိုတာမျိုးလား၊ လွှမ်းမိုးနိုင်လွန်းတယ်*

မည်သည့် လှည့်ကွက်၊ ပရိယာယ်ကိုမှ မလိုအပ်ချေ။ ၎င်းက လွှမ်းမိုးနိုင်သော အရည်အချင်း စစ်စစ်ပင်တည်း။

All Chapters