ကုန်းထျန်းဟောက် ဗိုက်ဆာလို့ပါတဲ့
Vol. 7 Ch. 123
အဆုံးမှာတော့ လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့နှစ်ယောက် ရှောင်လင်းယွီ၏မိသားစုထံမှ စားစရာတောင်းရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ရှောင်ရှောင်းဟွေ့သည် ထိုအမျိုးသားနှစ်ယောက်က သူ့ဝမ်းကွဲအကြီးဆုံး၏သူငယ်ချင်းများဖြစ်ကြောင်း သိလိုက်ရသည်နှင့် ထိုအမျိုးသားနှစ်ယောက်ကို ပြောလိုက်လေသည်။ “ဦးလေးတို့ ခဏစောင့်ဦးနော်။ ကျွန်တော့် အဒေါ်ကို သွားခေါ်လိုက်ဦးမယ်။”
လီယွမ်ဟန်က ခေါင်းညိတ်လိုက်လေသည်။ သူတို့ ဗိုက်ဆာနေကြကာ အခုဟာက တကယ်ကို ဆန်းကြယ်သည့် ကံကြမ္မာပင်။ မနေ့ကပဲ ကျန်းထောင်ဆီကနေ ရှောင်လင်းယွီအကြောင်း ကြားလာခဲ့ကာ ယနေ့မှာတော့ သူမအိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့လေသည်။
သူတို့စကားများအရ ရှောင်လင်းယွီ၏မိသားစုသည် တခြားမိသားစုများနှင့်ယှဉ်လျှင် ဘဝအဆင့်အတန်းမြင့်မားပုံပေါ်လေသည်။ ဤသို့ဖြစ်ရခြင်းမှာ ရှောင်လင်းယွီသည် နှစ်အနည်းငယ်ကြာ မြို့ကြီးပေါ်တွင် အလုပ်လုပ်ခဲ့ခြင်းကြောင့် ဖြစ်ပေမည်။ နာမည်ကြီးတက္ကသိုလ်ကျောင်းသူတစ်ယောက်အနေနှင့် ကုမ္ပဏီကြီးကြီးတစ်ခုတွင် အလုပ်ရနိုင်ပေသည်။ သာမာန်စာရေးတစ်ယောက်၏လစာပင်လျှင် ကျေးလက်နေလယ်သမားတစ်ယောက်ထက်တော့ မြင့်ပေသည်။
လီယွမ်ဟန်သည် ရွာသားများက သူတို့ကို မျောက်တစ်ကောင်လို ဝိုင်းကြည့်နေကြောင်း သတိထားမိတာကြောင့် ရှောင်ရှောင်းဟွေ့ထွက်သွားသည်နှင့် သူက ကားထဲသို့ ပြန်ဝင်သွားခဲ့လေသည်။ လီယွမ်ဟန်က ပြုံးလိုက်ကာ လီယွမ်ဟန်ကို ပြောလိုက်လေသည်။
“ထျန်းဟောက်၊ ဒါဘယ်သူ့အိမ်လဲ မင်းသိလား။”
ကုန်းထျန်းဟောက်က ဘာမှမပြောခဲ့ပေ။ သူ့မျက်နှာက အေးစက်နေလေသည်။ သူသည်လည်း လီယွမ်ဟန်နှင့် ရှောင်ရှောင်းဟွေ့တို့ပြောနေသည့် စကားများကို ကြားပြီးဖြစ်လေသည်။
“ဒါက ရှောင်လင်းယွီရဲ့အိမ်တဲ့၊ သခင်လေးကျန်းသဘောကျနေတဲ့ ကောင်မလေးလေ။” ထို့နာက် လီယွမ်ဟန်က သူ့ဘာသာဆက်ပြီး ရေရွတ်လိုက်သည်။ “ဟီးဟီး.. တိုက်ဆိုင်ချက်ပဲ။”
“ရှောင်လင်းယွီက ဒီခရိုင်က ထိပ်တန်းကျောင်းသူတဲ့ ပြီးတော့ မြို့ကြီးပေါ်မှာလည်း အလုပ်လုပ်ခဲ့တယ်လို့ ကြားတယ်။” လီယွမ်ဟန်က ပြောလိုက်သည်။ “သူက ဘယ်လိုပုံစံမျိုးလဲတောင် သိချင်လာပြီ။ ဘယ်လောက်လှတဲ့မိန်းကလေးမလို့ သခင်လေးကျန်းကိုတောင် စိတ်လှုပ်ရှားအောင် လုပ်လိုက်နိုင်တာလဲပဲ။ သူအိမ်မှာရှိရင် ငါတို့တွေ့တောင် တွေ့သွားနိုင်မယ်ထင်တယ်။” ကျန်းထောင်သည် အခုထိ ရှောင်လင်းယွီ ခရိုင်မြို့ပေါ်တွင်သာရှိသေးကြောင်းကို မပြောပြခဲ့ပေ။
ကုန်းထျန်းဟောက်က ဘာမှမတုံ့ပြန်သေးပေ။
လီယွမ်ဟန်က အပြင်ဘက်ရှိ ရှုခင်းကို ကြည့်လိုက်ရင်း၊ “ဒီရွာက တော်တော်ကောင်းတာပဲ။ လေက သန့်စင်တယ်၊ လူတွေနေဖို့အတွက် အတော်ကောင်းတဲ့နေရာပဲ။ သခင်ကြီး ပြန်နလန်ထူဖို့အတွက်လည်း နေရာကောင်းတစ်ခုပဲ။ လမ်းပန်းဆက်သွယ်ရေးက ဆိုးရွားနေတာလေးပဲရှိတာ။”
ကုန်းထျန်းဟောက်က ထိုစကားအရောက်တွင်တော့ ပြန်ဖြေလာလေသည်။ “အဲ့ဒါက ပြင်လိုက်လို့ရတယ်။”
လီယွမ်ဟန် အံ့ဩသွားလေသည်။ “ထျန်းဟောက်၊ မင်းဘာကိုဆိုလိုတာလဲ။”
ကုန်းထျန်းဟောက်က တိတ်နေပြန်သော်လည်း သူဘာကိုဆိုလိုချင်တယ်ဆိုတာ သိသာလှသည်။
လီယွမ်ဟန်က ကားစတီယာရင်ကို လက်ချောင်းများဖြင့် ခေါက်နေလေသည်။ “ထျန်းဟောက်၊ ဒီနေရာက ဆိုးတော့မဆိုးဘူး။ ခရီးသွားအချက်အချာနေရာတစ်ခုအဖြစ်တောင် ဖွံ့ဖြိုးလာနိုင်တယ်။ မင်းရော ဘယ်လိုထင်လဲ။” သူတို့သည် စီးပွားရေးသမားများဖြစ်တာကြောင့် ထက်ရှသည့်စီးပွားရေးအမြင်ရှိကြလေသည်။
“မရဘူး။” ကုန်းထျန်းဟောက်က ပြောလိုက်သည်။ “ဒီနေရာက ဒီပုံစံအတိုင်းနဲ့ကို ပြည့်စုံနေပြီ။” ဤနေရာသည် ပုန်းကွယ်နေသည့် ရှန်ဂရီလာတစ်ခုလိုပင်။ ဒါကြောင့် အပြင်ဘက်ကမ္ဘာ၏စွန်းထင်းမှုကို မခံရသင့်ပေ။
လီယွမ်ဟန် ခဏမျှတွေးကြည့်လိုက်ပြီးနောက်၊ “ဟုတ်တယ်၊ ဒီနေရာသာ ခရီးသွားအချက်အချာနေရာတစ်ခုဖြစ်လာရင် ဒီလိုသာယာတဲ့နိဗ္ဗာန်ဘုံလေး ဖြစ်နိုင်တော့မှာမဟုတ်ဘူး။”
သူတို့နှစ်ယောက် စကားပြောနေချိန်မှာပဲ ရှောင်ရှောင်းဟွေ့သည် သူ့ဒုတိယအဒေါ်ကို ရှာတွေ့သွားပြီဖြစ်သည်။ ရှောင်ရှောင်းဟွေ့သည် သိပ်မဝေးသည့်နေရာမှ လယ်ကွင်းတစ်ခုဆီသို့ ပြေးသွားရင်း အော်ဟစ်လိုက်လေသည်။ “ဒုတိယဒေါ်လေး၊ ဒေါ်လေးအိမ်ကို ဧည့်သည်လာတယ်။”
လယ်ကွင်းတွင် ပေါင်းနှုတ်နေသည့် မေမေရှောင်သည် ထရပ်လာကာ မေးလိုက်လေသည်။ “ဘယ်သူတွေလာတာလဲ၊ ရှောင်းဟွေ့။”
“မြို့ပေါ်ကလာတဲ့ ယောက်ျားကြီးနှစ်ယောက်ပဲ။ ကားအကောင်းစားကြီးနဲ့ လာကြတာ။ အကြီးဆုံးဝမ်းကွဲရဲ့သူငယ်ချင်းတွေလို့ ပြောတာပဲ။”
မေမေရှောင်သည် ချက်ချင်းပင် သူမလက်နှင့်ခြေထောက်များကို ဆေးကြောလိုက်ပြီး ပါးစပ်ကလည်း ဆက်မေးနေခဲ့သည်။ “မင်းရဲ့အကြီးဆုံးဝမ်းကွဲက ခရိုင်မြို့ကနေ ပြန်လာပြီမလို့လား။”
“မလာသေးဘူး။” ရှောင်ရှောင်းဟွေ့ ခေါင်းယမ်းလိုက်လေသည်။
မေမေရှောင်မျက်မှောင်ကြုတ်သွားတော့သည်။ “သူတို့က မင်းအစ်မရဲ့သူငယ်ချင်းတွေဆိုရင် ဘာလို့ ယွီအာရှိတဲ့အချိန်မှ မလာရတာလဲ။ သူတို့မလာခင် ယွီအာကို မဆက်သွယ်ထားကြဘူးလား။”
“ဒုတိယဒေါ်လေး၊ အဲ့ဒါတော့ သားလည်း မသိဘူးလေ။” ရှောင်ရှောင်းဟွေ့ ပြန်ဖြေလိုက်သည်။
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဒေါ်လေးပဲ သွားမေးလိုက်မယ်။”
ကားထဲတွင်တော့…
လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့သည် အစာအိမ်ထဲကနေ အသံများထွက်လာသည်အထိ ဗိုက်အလွန်ဆာနေကြပြီဖြစ်သည်။ သူတို့အရင်က ဒီလိုမျိုး တစ်ခါမှ မဆာလောင်ဖူးကြပေ။
လီယွမ်ဟန်က အဝေးကိုလှမ်းမျှော်ကြည့်နေသော်လည်း အစောကကောင်လေးကတော့ သူ့မျက်စိရှေ့ ပြန်ပေါ်မလာသေးပေ။ “ထျန်းဟောက်၊ ငါတို့ တခြားနေရာရှာကြမလား။”
ကုန်းထျန်းဟောက် ပြန်မဖြေလာခဲ့ပေ။
လီယွမ်ဟန်တစ်ယောက် သူ့ဗိုက်ကိုပွတ်ရင်း ဆက်စောင့်ရုံသာရှိတော့သည်။
ကံကောင်းစွာဖြင့် သူတို့ကြာကြာမစောင့်လိုက်ရပေ။ ထိုကလေးက ပြန်ရောက်လာကာ သူ့နောက်တွင် အသက်လေးဆယ်ဝန်းကျင် အမျိုးသမီးတစ်ယောက်ပါ, ပါလာလေသည်။ လီယွမ်ဟန်တစ်ယောက် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ ထိုအမျိုးသမီးကိုကြည့်ရတာ တစ်နည်းတစ်ဖုံဖြင့် ရင်းနှီးနေသလို ခံစားရသော်လည်း ဒါက သူတို့ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်တာကတော့ သေချာလေသည်။
လီယွမ်ဟန် စဉ်းစားနေတုန်းမှာပဲ ရှောင်ရှောင်းဟွေ့နှင့် မေမေရှောင်တို့က သူတို့ကားနားရောက်လာကြပြီ ဖြစ်တာကြောင့် သူလည်း ကားထဲမှ ထွက်လိုက်လေသည်။
ရှောင်းရှောင်းဟွေ့က မိတ်ဆက်ပေးလာခဲ့သည်။ “ဦးလေး၊ ဒါ ကျွန်တော့် ဒုတိယဒေါ်လေး၊ အကြီးဆုံးဝမ်းကွဲရဲ့အမေလေ။”
“မင်္ဂလာပါ၊ ဒေါ်လေး။” လီယွမ်ဟန်က ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။ “ကျွန်တော်က ရှောင်လင်းယွီရဲ့သူငယ်ချင်း လီယွမ်ဟန်လို့ ခေါ်ပါတယ်။”
မေမေရှောင်သည် လီယွမ်ဟန်က သံသယဝင်နေကာ ခပ်တင်းတင်းမေးလိုက်သည်။ “မင်း… ရှောင်လင်းယွီရဲ့သူငယ်ချင်း တကယ်ရော ဟုတ်ရဲ့လား။”
“ဟုတ်တာပေါ့။” လီယွမ်ဟန်က မေမေရှောင်၏ သံသယအကြည့်များဖြင့် ထိပ်တိုက်တွေ့လိုက်ရလေသည်။ သူက သူ့ဘာသာပြန်ပင်တွေးလိုက်မိသည်။ ‘ထမင်းတစ်နပ်စားရဖို့တကယ်မလွယ်တာပဲ။ စစ်ကြောရေးနဲ့တောင် တိုးနေပြီ။’
“မင်းက ယွီအာရဲ့သူငယ်ချင်းဆိုရင် ဘာလို့ မလာခင် သူ့ကို မဆက်သွယ်ထားတာလဲ။” မေမေရှောင်က မေးလိုက်သည်။
ထိုအမျိုးသား၏ဝတ်စားဆင်ယင်ပုံနှင့် ကားကတင် သူတို့အလွန်ချမ်းသာကြောင်း သိသာနေသည်။ ဒါကပဲ သူမကို ရှောင်လင်းယွီပြောခဲ့သည့် စကားအား မေမေရှောင် ပြန်သတိရသွားစေခဲ့သည်။
ချန်းယန်ကို လက်စားချေရန်အတွက် ထိုကောင်မလေးသည် လမ်းပေါ်က တွေ့ရာယောက်ျားတစ်ယောက်ကို ဆွဲကာ သူမချစ်သူအဖြစ် ဟန်ဆောင်စေခဲ့သည်။ တကယ်တမ်း ထိုယောက်ျားသည် Zမြို့၏အာဏာအရှိဆုံးလူဖြစ်နေကာ ယွီအာကိုလည်း စိတ်ဝင်စားသွားခဲ့သည်။ ယွီအာအနေနှင့် ထိုလူကိုရှောင်ရန် အိမ်သို့ ပြန်လာဖို့ ဆုံးဖြတ်ချက်ချရုံအပြင် မရှိခဲ့ပေ။
မေမေရှောင်သည် တန်ဖိုးကြီးကားနှင့် ကောင်းမွန်စွာဝတ်ဆင်ထားသည့် အမျိုးသားကိုကြည့်လိုက်ကာ ထိုလူများသည် ရှောင်လင်းယွီ ပုံဖော်ပြောပြခဲ့သည့် သူမကို ကူညီခဲ့သည့် အမျိုးသားနှင့် ဆင်တူနေသည်ဟု တွေးမိသွားလေသည်။
ဒါကြောင့်ပဲ မေမေရှောင်သည် အရမ်းသတိထားနေခြင်းဖြစ်သည်။
လီယွမ်ဟန်သည်တော့ မေမေရှောင်က ဘာကြောင့် အရမ်းသတိထားနေမှန်း စဉ်းစားမရခဲ့ပေ။ သို့သော်လည်း သူတစ်ကြိမ်လိမ်လိုက်ပြီဖြစ်တာကြောင့် ဆက်ပြီး လိမ်နေဖို့ လိုလာပေပြီ။ သူက ချောင်းတစ်ချက်ဟန့်လိုက်ကာ၊ “ဒေါ်လေး၊ ကျွန်တော်တို့ ရှောင်လင်းယွီရဲ့ဖုန်းနံပါတ် ပျောက်သွားလို့ပါ။”
“တကယ်ဟုတ်လို့လား။” မေမေရှောင်က ပိုလို့တောင်မှ သံသယဝင်လာတော့သည်။ “ဒီလိုဆို မင်းတို့ သူ့အိမ်ကို ဘယ်လိုလုပ်ရှာတွေ့ကြတာလဲ။”
“အမ်…” လီယွမ်ဟန် ဘယ်လိုဖြေရမှန်းမသိတော့ပေ။ ဒါက ဉာဏ်ထက်သည့်အဒေါ်ကြီးတစ်ယောက်နှင့် သူပထမဆုံးအကြိမ် ဆုံဖူးခြင်းဖြစ်လေသည်။
သူက ကျန်းထောင်အတွက် အနည်းငယ်ပင် သနားမိသွားတော့သည်။ ‘သခင်လေးကျန်း၊ မင်းရဲ့အနာဂါတ် ယောက္ခမက အရမ်းထိုးထွင်းသိလွန်းနေတာကို မင်းသိရဲ့လား။’
မေမေရှောင်သည် သူ့ကို နောက်ထပ်မေးခွန်းများစွာဖြင့် ထပ်ကြပ်တော့မည့်အချိန်မှာပဲ ကားတံခါးက ပွင့်သွားကာ အရပ်ရှည်ရှည် ခန့်ညားသည့် အမျိုးသားတစ်ယောက် ထွက်လာလေသည်။ သူ့မျက်နှာသွင်ပြင်မှာ အလွန်ကိုမှ ပြတ်သားထင်ရှားကာ လွှမ်းမိုးနိုင်သည့် အရှိန်အဝါမျိုးရှိပေသည်။
သူထွက်လာသည်နှင့် ဘေးနားကလူတွေအားလုံး၏အာရုံက သူ့ဆီရောက်သွားတော့သည်။
“ဝိုး၊ ဒီလူရဲ့အရပ်က အရှည်ကြီးပဲ။” ဒါကတော့ ကလေးအများစုဆီမှ ထွက်လာသည့် စကားသံဖြစ်သည်။
“ဒီလူက တကယ်ကိုခန့်ညားတာပဲ။” ဤသည်မှာတော့ အမျိုးသမီးများ၏အသံဖြစ်လေသည်။
“ဒီလူမှာ လွယ်လွယ်ချဉ်းကပ်လို့မရနိုင်တဲ့ အရှိန်အဝါရှိတယ်။” ဒါကတော့ အမျိုးသားများ၏အသံပင်။
ကုန်းထျန်းဟောက်သည် တခြားလူများကို လျစ်လျူရှုထားကာ မေမေရှောင်ဆီသို့သာ တန်းလျှောက်သွားလေသည်။ “ဒေါ်လေး၊ ကျွန်တော်တို့က အလုပ်ကိစ္စတစ်ခုအတွက်နဲ့ ထောင်ယွမ်ရွာကို လာကြတာပါ။ ရှောင်လင်းယွီအကြောင်းကိုလည်း သူငယ်ချင်းတစ်ယောက်ဆီကနေကြားထားတာပါ။ ကျွန်တော်တို့လည်း သူ့သူငယ်ချင်းတွေလို ဟန်မဆောင်ချင်ပေမယ့် အရမ်းဗိုက်ဆာနေတာကြောင့် အခုလို ပြောလိုက်ရတာပါ။ ခရီးအရှည်ကြီးဆက်လာရပေမယ့် အခုထိ ဘာမှမစားကြရသေးဘူး။ ကျွန်တော်တို့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။ ဒီအတိုင်း တစ်ခုခုစားဖို့လိုနေလို့ပါ။ ဒေါ်လေး စိတ်မပူပါနဲ့၊ ကျွန်တော်တို့ တန်ကြေးကိုပေးပြီးတော့ စားမှာပါ။”
သူ့ပါးစပ်က တောင်းပန်နေလျှင်တောင်မှ ဂုဏ်သိက္ခာရှိသည့် သခင်လေးတစ်ယောက်ပီသစွာ ချက်ကျလက်ကျပြောဆိုနေလေသည်။
ကုန်းထျန်းဟောက် ရှင်းပြသည်ကို နားထောင်ပြီးနောက်မှာတော့ မေမေရှောင် စိတ်အေးသွားလေသည်။ ထို့အပြင် ထိုအရပ်ရှည်ရှည်ခပ်ချောချောလူငယ်လေးသည် သူဗိုက်ဆာနေသောကြောင့် ညာပြောမိတာဖြစ်ကြောင်း ဝန်ခံလာသည်ကို ကြားရချိန် ထိုလူငယ်လေးသည် ရိုးသားကာ ဆွဲဆောင်မှုအတော်အတန်ရှိသည်ဟု မေမေရှောင် ခံစားလိုက်ရလေသည်။
“ဦးလေးတို့က ဗိုက်ဆာလို့လား။” ရှောင်ရှောင်းဟွေ့က ဖြတ်ပြောလာခဲ့သည်။ “ဒါဆိုရင်တော့ လူမှန်ကိုတွေ့သွားတာပဲ။ ကျွန်တော့် ဒုတိယဒေါ်လေးက ဟင်းချက်လက်ရာက ရွာမှာအကောင်းဆုံးလေ။”
မေမေရှောင်က ပြုံးလိုက်ကာ၊ “ဟုတ်ပါပြီ၊ ဒါဆိုလည်း အိမ်ထဲဝင်ကြဦး။ ဒေါ်လေး မင်းတို့အတွက် ချက်ပြုတ်ပေးမယ်။ ပိုက်ဆံပေးစရာတော့မလိုပါဘူး၊ ထမင်းလေးတစ်နပ်ပဲဟာကို။”
မေမေရှောင်သည် သော့ကိုထုတ်ကာ ခြံတံခါးကိုဖွင့်လိုက်ပြီးနောက် ကားအနက်ကို လှည့်ကြည့်လိုက်ကာ၊ “မင်းတို့ ကားကို အထဲမောင်းထည့်လိုက်လို့ရတယ်။” မေမေရှောင်သည် ထိုတန်ဖိုးကြီးကားကို ရွာကကလေးတွေ မတော်တဆ ဖျက်ဆီးမိမည်ကို စိုးရိမ်၍ပင်။
“ဟုတ်ကဲ့ပါ။” ကုန်းထျန်းဟောက်၏ ဝန်ခံချက်ကြောင့် ထိတ်လန့်နေဆဲဖြစ်သည့် လီယွမ်ဟန်က ပြောလိုက်လေသည်။ သခင်လေးကုန်းက ရွာသူအမျိုးသမီးကြီးကို သူဗိုက်ဆာနေခြင်းဖြစ်ကြောင်း အမှန်အတိုင်းဖွင့်ပြောလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။ ဒါက သွေးမိုးရွာတာထက်တောင်မှ ပိုပြီးထိတ်လန့်ဖို့ကောင်းသည့် အဖြစ်အပျက်ပင်။
ရှန်းယင်ခရိုင်သို့ရောက်ကတည်းက သခင်လေးကုန်း အတော်လေးပြောင်းလဲနေမှန်း လီယွမ်ဟန်က သတိထားမိလေသည်။ လီယွမ်ဟန်လည်း ကားကို ခြံထဲသို့ မောင်းဝင်သွားကာ ကုန်းထျန်းဟောက်ကတော့ ကားနောက်မှ လမ်းလျှောက်လိုက်လာခဲ့သည်။ ကုန်းထျန်းဟောက်သည် ပုံမှန်ရွာအိမ်အများစုလိုမျိုး ရှုပ်ပွနေမည့် ခြံဝန်းတစ်ခုဖြစ်မည်ဟု စိတ်ကိုပြင်ဆင်ထားခဲ့သော်လည်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့အားသင့်သွားတော့သည်။
ခြံတံတိုင်းကို ပန်းနွယ်များဖြင့် ဖုံးအုပ်ထားကာ ခြံဝန်းတစ်ဝိုက်တွင် ပန်းများစွာလည်း ဖူးပွင့်နေကြသည်။ ခြံဝန်းထဲတွင်တော့ ကျောက်တုံးစားပွဲနှင့်ထိုင်ခုံအနည်းငယ်ရှိပြီး အလွန်ကိုမှ သန့်ရှင်းကာ သပ်သပ်ရပ်ရပ်ရှိလေသည်။
မေမေရှောင်က ပြုံးလိုက်ကာ၊ “ဒေါ်လေးတို့ ရွာသူရွာသားတွေရဲ့ နေထိုင်ပုံက ရိုးရှင်းပြီး အရိုင်းတော့ဆန်တယ်။ အဆင်မပြေတာရှိရင် စိတ်မရှိပါနဲ့နော်။ ထိုင်ကြပါဦး။ မင်းတို့အဆာပြေစားဖို့ တစ်ခုခုယူပေးမယ်။ ပြီးတော့မှ ထမင်းချက်ပေးမယ်နော်။”
“ကျေးဇူးတင်ပါတယ်၊ ဒေါ်လေး။” လီယွမ်ဟန်က ဤတစ်ကြိမ်တွင်တော့ အလွန်ရိုးသားသည့်ဟန်ဖြင့် ပြောလာခဲ့သည်။
ကုန်းထျန်းဟောက်လည်း ခေါင်းညိတ်ကာ ပြောလာလေသည်။ “ကျေးဇူးတင်ပါတယ်။”
မေမေရှောင်က လက်အသာယမ်းပြကာ၊ “ရတယ်၊ ရတယ်၊ ကိစ္စမရှိဘူး။”
ရှောင်ရှောင်းဟွေ့တို့ သူငယ်ချင်းတစ်စုသည်လည်း ခြံထဲသို့ ဝင်လာကြကာ လီယွမ်ဟန်ကို မေးလိုက်သည်။ “ဦးလေး၊ ဦးလေးရဲ့ကားကို ကျွန်တော်တို့ ထိကြည့်လို့ရလား။” သူတို့အနေနှင့် ဤမျှလှပသည့်ကားမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်တာကြောင့် အလွန်စိတ်ဝင်စားနေကြလေသည်။
လီယွမ်ဟန်က ထိုချစ်စရာကောင်းသည့် မျက်လုံး လေးစုံကိုကြည့်ကာ မငြင်းပယ်နိုင်တော့ပေ။
“ရတယ်။” ကုန်းထျန်းဟောက်က သူ့အစားဖြေပေးလိုက်လေသည်။
“ယေး… ကျေးဇူးပါ ဦးဦး။” ရှောင်ရှောင်းဟွေ့တစ်ယောက် ဝမ်းသာပျော်ရွှင်စွာ ခုန်ပေါက်နေတော့သည်။
ထိုအချိန်မှာပဲ မေမေရှောင်က အိမ်ထဲကနေပြီး လှမ်းအော်လိုက်လေသည်။ “ရှောင်းဟွေ့၊ ကားက အရမ်းဈေးကြီးတယ်နော်။ မင်းတို့ထိကြည့်ရင်လည်း သေချာဂရုစိုက်ကြ၊ တစ်ခုခု ပျက်ဆီးသွားဦးမယ်။ ပျက်စီးသွားရင် မင်းပြန်မလျော်နိုင်ဘူးနော်။”
ရှောင်ရှောင်းဟွေ့က သံသယဖြင့် ပြန်မေးလာခဲ့သည်။ “ဒုတိယဒေါ်လေး၊ ဒီကားက ထိလိုက်ရုံနဲ့ ပျက်ဆီးနိုင်တာလား။”
“ပျက်နိုင်တာပေါ့။” မေမေရှောင်က ကလေးတွေ ကားကို ညစ်ပတ်အောင် လုပ်မိမည်စိုးတာကြောင့် ခြောက်လိုက်လေသည်။
သို့သော်လည်း…
“ကားက ထိရုံနဲ့ မပျက်ဆီးဘူး။” ကုန်းထျန်းဟောက်က အမှန်ပြင်ပေးလိုက်သည်။
လီယွမ်ဟန်၊ “…” သခင်လေးကုန်း ဘယ်ရောက်သွားတာလဲ၊ မင်းက ဘယ်သူကြီးလဲ။
မေမေရှောင်၊ “…” ဒီလူငယ်လေးက အံ့ဩစရာကောင်းလောက်အောင် ရိုးသားတာပဲ။
ရှောင်ရှောင်းဟွေ့နှင့် သူ့သူငယ်ချင်းများ၊ “….” ထို့နောက်မှာတော့ သူတို့အုပ်စု ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြတော့သည်။ “ယေး၊ ငါတို့ ကားကို သွားထိကြည့်ကြမယ်ဟေ့…”
***