← Chapters

ထိလိုက်ပြီ! ထိလိုက်ပြီ!

Vol. 7 Ch. 125

ထိလိုက်ပြီ! ထိလိုက်ပြီ!

Vol. 7 Ch. 125

ကြည့်ကောင်းလှသည့် အမျိုးသားနှစ်ယောက် ဗိုက်ပြည့်တာ သေချာသွားသည်နှင့် မေမေရှောင်သည် စားပွဲသိမ်းရင်း မေးခွန်းများ စမေးတော့သည်။ “ကလေးတို့၊ မင်းတို့ ထောင်ယွမ်ရွာကို ဘာကိစ္စနဲ့လာကြတာလဲ။” လီယွမ်ဟန်က သူ့ကိုယ်သူ ရှောင်လင်းယွီ၏သူငယ်ချင်းအဖြစ်ပါ လိမ်ခဲ့တာကြောင့် သေချာပေါက် အကြောင်းအရင်းတော့ ရှိရပေမည်။ သို့သော်လည်း ထိုသို့လိမ်ခဲ့ရခြင်းမှာ သူတို့ဗိုက်ဆာနေခြင်းကြောင့်သာဖြစ်တာကြောင့် မေမေရှောင်သည် ထိုအကြောင်းကို ထပ်ပြီး အစမဖော်တော့ပေ။ လီယွမ်ဟန်သည်လည်း လိမ်ခဲ့မိသည့်အတွက် အတော်လေးရှက်နေခဲ့သည်။ ကျေးဇူးတင်စရာကောင်းစွာပင် မေမေရှောင်သည် သဘောထားကြီးကာ ရက်ရောပြီး သူတို့ကိုပင် ထမင်းကျွေးလိုက်သေးသည်။

“ဟုတ်ကဲ့။” လီယွမ်ဟန်က လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီးနောက် ရှင်းပြလာလေသည်။ “ထောင်ယွမ်ရွာက ဘယ်လောက်တောင်လှပတယ်ဆိုတဲ့ သတင်းတွေကြားပြီး ကျွန်တော်တို့ လာကြည့်ကြတာပါ ဒေါ်လေး။”

မေမေရှောင်သည် သူ့ကို စိုက်ကြည့်နေခဲ့လေသည်။ သူမအကြည့်များက သူ့ကို မယုံကြည်နေကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေခဲ့သည်။ ထို့နောက် သူမက တိုက်ရိုက်ပင် ပြောလာခဲ့သည်။ “ကလေးတို့ မင်းတို့က အဝတ်အစားအကောင်းစားတွေဝတ်ပြီး အဆင့်မြင့်ကားကြီးကိုလည်း မောင်းကြတယ်လေ။ သေချာပေါက် မင်းတို့မှာ ငွေပြတ်နေမှာမဟုတ်ဘူး။ မင်းတို့ လည်ပတ်ချင်တယ်ဆိုရင် နိုင်ငံခြားခရီးသွားလာရေး အချက်အချာနေရာမျိုးတွေမှ အများကြီးပဲ။ ဘာလို့ ငါတို့ရဲ့ ချောင်ကျကျရွာလေးကိုမှ လာချင်ရတာလဲ။”

လီယွမ်ဟန် နင်သွားတော့သည်။ မေမေရှောင်က သူ့ကို မယုံကြည်တော့ပေ။ လီယွမ်ဟန်ခင်ဗျာ ငိုချင်လာမိလေသည်။ သူတစ်ကြိမ်လေးပဲ လိမ်မိခဲ့ပေမယ့် တွေ့တာကြာသွားပြီဖြစ်တာတောင် မေမေရှောင်က သူ့စကားများအပေါ် ယုံကြည်မှုပျောက်ဆုံးနေပြီဖြစ်သည်။ သို့သော်လည်း အခုချိန် အငြင်းအခုံလုပ်နေခြင်းက ကိစ္စများကို ပို၍သာ ဆိုးရွားသွားစေမည်မှန်းလည်း သူသိပေသည်။

ကုန်းထျန်းဟောက်က ဝင်ပြောလာလေသည်။ “ဒေါ်လေး၊ ဒီတစ်ခေါက်တော့ ယွမ်ဟန် ဒေါ်လေးကို လိမ်မပြောတော့ပါဘူး။ တကယ်ကိုပဲ ဒီရွာက လှပပြီး သာယာတယ်လို့ တွေးမိတာပါ။ ဒီနေရာရဲ့ ပတ်ဝန်းကျင်အနေအထားကလည်း အရမ်းကောင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီကို အပန်းဖြေခရီးထွက်တဲ့အနေနဲ့ လာကြတာတော့မဟုတ်ပါဘူး။”

မေမေရှောင်က ထပ်မေးလာခဲ့သည်။ “ဒီတော့ ဘာဖြစ်လို့လာတာလဲ။” သူမ အခုချိန်တွင် ကုန်းထျန်းဟောက်ကိုသာ ပိုပြီး ယုံကြည်လေသည်။ ထိုအဖြစ်က လီယွမ်ဟန်ကို အတော်လေး ခံပြင်းမိစေလေသည်။ ‘ဒေါ်လေးက ဘာလို့ ငါ့ကျမယုံဘဲ ကုန်းထျန်းဟောက်ကျတော့ ယုံရတာလဲ။ ငါ့မျက်နှာပေါ်မှာ လူလိမ်ဆိုတဲ့စာလုံးများ ပေါ်နေလို့လား။ ဒေါ်လေးရေ၊ အဲ့ကောင် ချောတာတစ်ခုတည်း ကြည့်ပြီး အလိမ်မခံနဲ့ဗျို့။ ဒီလူက စီးပွားရေးလောကမှာဆို နှလုံးသားမရှိတဲ့ဓားပြပဲ။’ လီယွမ်ဟန်က အဒေါ်ကြီးတစ်ယောက်ထံမှ မျက်နှာသာရဖို့အရေး စိတ်ထဲကနေပြီး သခင်လေးကုန်းကို ထေ့ငေါ့ပြောဆိုနေသည်အား လူတွေသာ သိသွားပါက သူတို့ခေါင်းတွေ ပြုတ်ထွက်မတတ် ရယ်မောကြပေတော့မည်။

ကုန်းထျန်းဟောက်က ရှင်းပြလာလေသည်။ “ကျွန်တော့်အဖိုးက နာမကျန်းဖြစ်နေတာမလို့ သူပြန်ပြီးနလန်ထူနိုင်ဖို့အတွက် တိတ်ဆိတ်တဲ့နေရာတစ်ခု လိုအပ်နေတာပါ။ ထောင်ယွမ်ရွာက လေလည်းသန့်တယ်၊ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်တယ်၊ ပြီးတော့ ရေတွေကလည်း ကြည်လင်တယ်။ ကျွန်တော့်အဖိုးအတွက်တော့ လုံးဝကွက်တိဖြစ်နေလို့ပါ။”

မေမေရှောင်တစ်ယောက် အထင်ကြီးသွားတော့သည်။ “ဝတ္တရားကျေပွန်တဲ့ကလေးပဲ။”

“ဒေါ်လေး၊ သခင်ကြီးက ဒီမှာ အချိန်အတော်ကြာနေမှာပါ။ ဒီမှာ ငှားလို့ရမယ့်အိမ်များရှိလားဆိုတာ ဒေါ်လေးသိလား။” လီယွမ်ဟန် မေးလိုက်လေသည်။

မေမေရှောင်က မျက်မှောင်ကြုတ်သွားကာ၊ “အိမ်အလွတ်တွေတော့ရှိပေမယ့် တော်တော်လေးဟောင်းပြီး စုတ်ပြတ်နေတာများတယ်။ မင်းအဖိုး ကျန်းမာရေးပြန်ကောင်းဖို့အတွက်ဆို မသင့်တော်ဘူးလို့တော့ ဒေါ်လေးထင်တယ်။” ဤလူငယ်များသည် ချမ်းသာသည့်မိသားစုများမှဖြစ်ကြောင်း သိသာလှတာကြောင့် အိမ်ဟောင်းများတွင် နေနိုင်လိမ့်မည်မဟုတ်ပေ။

ကုန်းထျန်းဟောက်က ခဏမျှစဉ်းစားသွားပြီးနောက်၊ “ဒေါ်လေး၊ ဒါဆို ကျွန်တော်တို့ ရွာထဲမှာ အိမ်တစ်လုံးလောက် ဆောက်လို့ရလား။” ကုန်းထျန်းဟောက်သည် သူ့အဖိုးအတွက် အကောင်းဆုံးများကိုသာ လိုချင်ပေသည်။

“မင်းအိမ်ဆောက်ဖို့ စိတ်ကူးထားရင်တော့ အရင်ဆုံး ရွာသူကြီးဆီက ခွင့်တောင်းရမယ်။ အခုပဲ ဒေါ်လေး တစ်ယောက်ယောက်ကိုလွှတ်ပြီး ရွာသူကြီးကို ခေါ်ခိုင်းလိုက်ရင်ရော။”

“ကျေးဇူးတင်ပါတယ်၊ ဒေါ်လေး။” ကုန်းထျန်းဟောက် လက်ခံလိုက်သည်။

“ရှောင်းဟွေ့၊ လယ်ထဲသွားပြီး ရွာသူကြီးကိုခေါ်ခဲ့ပါဦး။ ဒီမှာ ဧည့်သည်ရောက်နေတယ်လို့။” မေမေရှောင်သည် ကားနားတွင် ဝေ့လည်နေသည့် ရှောင်ရှောင်းဟွေ့ကို ခိုင်းလိုက်လေသည်။ ကလေးများက ကားပေါက်တက်ဖို့ကြံနေသည်အား မြင်လိုက်ပြီးနောက် မေမေရှောင်က ထပ်‌ပြောလိုက်ပြန်သည်။ “ကလေးတွေ ဂရုစိုက်ကြနော်။ ကားကို မဖျက်ဆီးကြနဲ့။ ကိုယ့်ကိုယ်ကိုလည်း မထိခိုက်စေနဲ့ဦး။”

“ဟုတ်ကဲ့။” ကလေးများက ပြနဖြေလိုက်ကြသည်။

ရှောင်ရှောင်းဟွေ့က သူ့တာဝန်ကို ပြီးမြောက်ရန်အတွက် အမြန်ဆုံး‌ ပြေးထွက်သွားလေသည်။ သူ ကားပေါက်တက်ကြည့်ချင်နေသေးတာကြောင့် ၁၀မိနစ်အတွင်း ပြန်ရောက်လာခဲ့သည်။

“ဒုတိယဒေါ်လေး၊ ရွာသူကြီးက ခဏနေရောက်လိမ့်မယ်။” ရှောင်ရှောင်းဟွေ့ အော်လိုက်ပြီးသည်နှင့် သူ့သူငယ်ချင်းလေးများနှင့်အတူ ကားနှင့်ကစားဖို့ ပြန်ပြေးသွားတော့သည်။

လီယွမ်ဟန်သည် ကလေးများက အကန့်အသတ်ထုတ် Maybachကားပေါ်သို့ ကုတ်ကတ်တက်ဖို့ လုပ်နေကြောင်းမြင်ပြီး နှုတ်ခမ်းများ တွန့်သွားရသည်။ ဆယ်သန်းကျော်တန်ဖိုးရှိသောကားမှာ အခုတော့ ကလေးကစားစရာအရုပ်ဖြစ်နေရလေပြီ…

မကြာခင်မှာပဲ ရှောင်ထိုက်ယန်ရောက်လာခဲ့သည်။ သူက ကောက်ရိုးဦးထုပ်တစ်လုံးဆောင်းထားကာ ဘောင်းဘီများကို လိပ်တင်ထားလေသည်။ သူက ခြံထဲသို့ဝင်ပြီးသည်နှင့် လှမ်းအော်လိုက်သည်။ “ချိုးယင်း၊ တစ်ယောက်ယောက် ငါ့ကိုရှာလို့ဆို။ ဘယ်သူလဲ။”

မေမေရှောင်က၊ “ရွာသူကြီး၊ အရင်ဆုံး ဝင်ထိုင်ပြီး ရေလေးဘာလေးသောက်ပါဦး။” ပြောရင်း ရှောင်ထိုက်ယန်အတွက် လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးလိုက်သည်။

ရှောင်ထိုင်ယန်သည် ဦးထုပ်ကိုချွတ်ကာ အိမ်ရှေ့နားရှိ ထင်းစင်ပေါ်သို့ တင်လိုက်ပြီးနောက် အိမ်ထဲသို့ ဝင်လာကာ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်သည်။ သူက အသံမြည်အောင် တဂွတ်ဂွတ်သောက်နေတာကြောင့် လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့ မျက်မှောင်ကြုတ်သွားကြလေသည်။

“ချိုးယင်း၊ မင်းရဲ့လက်ဖက်ရည်က ဘာလို့ ဒီလောက်တောင် မွှေးရတာလဲ။ ငါအိမ်ပြန်ရောက်တိုင်း ဒီလက်ဖက်ရည်ကိုပဲ သတိရနေရော။ ဝိုင်ထက်တောင်မှ ကောင်းသေးတယ်။”

ဒါပေါ့၊ ဒါက စမ်းရေနဲ့တည်ထားတဲ့ လက်ဖက်ရည်ကြမ်းပဲလေ။

“ရွာသူကြီးသာ လက်ဖက်ရည်သောက်ချင်ရင် အချိန်မရွေးလာလို့ရပါတယ်။” ထို့နောက် သူမက မိတ်ဆက်ပေးလာခဲ့သည်။ “ရွာသူကြီး၊ ဒီနှစ်ယောက်က မြို့ကြီးပေါ်က ဧည့်သည်တွေလေ။ သူတို့က ကျွန်မတို့ ယွီအာရဲ့သူငယ်ချင်းတွေပဲ။ ဒီနေ့ သူတို့အဖိုးအတွက် တိတ်တိတ်ဆိတ်ဆိတ် အနားယူလို့ရမယ့်နေရာမျိုး ရှာချင်လို့ ရောက်လာကြတာ။”

ရှောင်ထိုက်ယန်က ချက်ချင်းပင် ပြုံးလိုက်ကာ လီယွမ်ဟန်၏လက်ကို လှမ်းဆွဲလိုက်လေသည်။ “ဒီတော့ မင်းတို့က လင်းယွီရဲ့သူငယ်ချင်းတွေကိုး။ တွေ့ရတာဝမ်းသာတယ်ကွာ။”

လီယွမ်ဟန်တစ်ယောက် ရှောင်ထိုက်ယန်၏ ရွှံ့ပေနေသည့်လက်များနှင့် မည်းသည်းနေသည့် လက်သည်းများကိုကြည့်ပြီး အလွန်ရွံသွားသော်လည်း ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်လေသည်။ “ရွာသူကြီး၊ မင်္ဂလာပါ။ ကျွန်တော်က လီယွမ်ဟန်လို့ခေါ်ပါတယ်။”

“ညီလေးလီ၊ တွေ့ရတာဝမ်းသာပါတယ်။” ထို့နောက် ရှောင်ထိုက်ယန်က ကုန်းထျန်းဟောက်၏လက်ကိုပါ ဆွဲဖို့ပြင်နေတာကြောင့် လီယွမ်ဟန်က ချက်ချင်းပင် ရှောင်ထိုက်ယန်၏လက်ကို ပြန်ဆွဲထားလိုက်လေသည်။ “ရွာသူကြီး၊ ကျွန်တော့်အစ်ကိုက အရမ်းအသန့်အကြိုက်လွန်တဲ့ရောဂါရှိတယ်။ သူက တခြားလူတွေနဲ့ထိတွေ့ရတာမျိုးကို မကြိုက်ဘူး။ စိတ်မရှိပါနဲ့နော်။”

လီယွမ်ဟန်သည် ရှောင်ထိုက်ယန်၏လက်နောက်ဘက်ရှိ ခြောက်သွေ့နေသော ရွှံ့များကိုစိုက်ကြည့်ရင်းပြောလိုက်လေသည်။ တကယ်တော့ လီယွမ်ဟန်သည် သန့်ရှင်းမှုနှင့်ပတ်သတ်ပြီး စွဲလမ်းလွန်းသော်လည်း သူ့အခြေအနေက ကုန်းထျန်းဟောက်လောက်တော့ မဆိုးပေ။

ကုန်းထျန်းဟောက်သာ ထိုလက်ဖြင့် အကိုင်ခံလိုက်ရပါက တခါတည်း ရွာသူကြီးကို ကန်ထုတ်ပစ်လိုက်ပေလိမ့်မည်။ ဒီလိုဆို အတော်လေး ကကျိုးကကြောင်နိုင်မှာပဲ။ ပြီးတော့ သခင်ကြီးကျန်း နောက်ပိုင်းပြောင်းလာရင်လည်း ရွာသားများနှင့် ဆက်ဆံဖို့ ခက်ခဲသွားပေလိမ့်မည်။ ထို့ကြောင့် လီယွမ်ဟန်က သူ့ကိုယ်သူပဲ စတေးခံလိုက်တော့သည်။

လီယွမ်ဟန်၏စကားကိုကြားပြီးနောက် ရှောင်ထိုက်ယန်သည် ထိုစကားနောက်ကွယ်က သဘောတရားကို ချက်ချင်း သတိပြုမိသွားလေသည်။ သူ့လက်ကရွှံ့များကို ပြန်ကြည့်မိသွားတာကြောင့် ဘာမှပြန်မပြောတော့ပေ။

မေမေရှောင်က ထိုလူနှစ်ယောက်၏အမူအရာကိုမြင်ပြီး အမြန်ဖြတ်ပြောလိုက်လေသည်။ “ရွာသူကြီး၊ သူ့လက်ကို ဆက်ကိုင်ထားမနေနဲ့တော့လေ။ လာ၊ စကားမပြောခင် လက်ဖက်ရည်လေးထပ်သောက်ပါဦး။” သူမက မြန်မြန်ဆန်ဆန်ပင် လက်ဖက်ရည်ကြမ်းနောက်တစ်ခွက် ငှဲ့ပေးလိုက်ပြန်သည်။

လီယွမ်ဟန်လည်း ထိုတော့မှ သက်ပြင်းချနိုင်သွားသည်။ ရွာသူကြီးသာ သူ့လက်ကို ဆက်ကိုင်ထားပါက သူလည်း ဒေါသထွက်လာမိတော့မည်။

မေမေရှောင်ကပဲ ဆက်ပြီးတော့၊ “ရွာသူကြီး၊ ဒီကလေးနှစ်ယောက်က သူတို့အဖိုးကို ဒီမှာ အချိန်တစ်ခုအထိ ထားချင်ကြတာဆိုတော့ အိမ်တစ်လုံးလောက် ဆောက်ချင်နေကြတယ်။ ဒါကြောင့်ပဲ ရွာသူကြီးကို ခေါ်လိုက်ရတာ။”

ရှောင်ထိုက်ယန်၏အမူအရာက ချက်ချင်းပင် လေးနက်သွားလေသည်။ “သူတို့က အိမ်ဆောက်ချင်တာလား။ လူကြီးတစ်ယောက် ခဏတဖြုတ်နေဖို့အတွက်လေးနဲ့ဆို ဒါ ဖြုန်းတီးရာမကျဘူးလား။ အိမ်ငှားတာ ဒါမှမဟုတ် ရွာကမိသားစုတစ်ခုခုနဲ့ အတူနေတာမျိုး လုပ်လို့ရနေတာပဲ။”

လီယွမ်ဟန်က ဝင်ရှင်းပြလာခဲ့သည်။ “ရွာသူကြီး၊ အဘိုးက ဒီမှာ ဘယ်လောက်ကြာကြာအထိနေဖြစ်မလဲဆိုတာ ကျွန်တော်တို့လည်း မသေချာသေးလို့ပါ။ တစ်လ ဒါမှမဟုတ် တစ်နှစ်လည်း ဖြစ်သွားနိုင်တယ်။ ပြီးတော့ အဘိုးက တစ်ယောက်တည်းနေရတာကို ကြိုက်တယ်။ သူက ကျန်းမာရေးမကောင်းတာကြောင့် ကျွန်တော်တို့လည်း သူ့ကို တခြားလူတွေနဲ့ မထိတွေ့စေချင်လို့ပါ။” တစ်နည်းပြောရရင်တော့ သခင်ကြီးကို တခြားရွာသားများနှင့် နီးနီးကပ်ကပ်မထားလိုခြင်းပင်။ “ဒါကြောင့် တွေးကြည့်လိုက်ပြီးတော့ အဖိုးအတွက် အိမ်တစ်လုံးဝယ်လိုက်တာက ပိုပြီးအဆင်ပြေစေမယ်လို့ ဆုံးဖြတ်လိုက်တာ။ ဒီအတွက် ဘယ်လိုလုပ်ထုံးလုပ်နည်းတွေ လုပ်ဖို့လိုအပ်လဲ။”

“ဒီလိုဆိုမှတော့ အိမ်ဆောက်ဖို့အတွက် အရင်ဆုံးမြေနေရာလွတ်ရှာဖို့လိုမယ်။ နောက်ပြီး အစိုးရရဲ့ခွင့်ပြုချက်လိုမယ်။ ပြီးရင်တော့ မင်းတို့ စဆောက်လို့ရပြီ။” ရွာသူကြီးက ပြောလိုက်သည်။

လီယွမ်ဟန် ခေါင်းညိတ်လိုက်ကာ၊ “နားလည်ပါပြီ။ ရွာသူကြီး။ ဒီလိုဆို ရွာထဲက ဘယ်နေရာဖြစ်ဖြစ် ကျွန်တော်တို့ ဆောက်လို့ရတယ်ဆိုတဲ့ သဘောလား။”

“အဲ့လိုဘယ်ဟုတ်မလဲ။ မင်းတို့ လယ်မြေတွေမှာတော့ အိမ်သွားဆောက်လို့မရဘူး။”

“ဟုတ်ပါပြီ။” လီယွမ်ဟန် ခေါင်းထပ်ညိတ်လိုက်သည်။ “ဒါဆို ဘယ်မြေကိုသုံးလို့ရလဲဆိုတာ သိရအောင် ကျွန်တော်တို့ကို ရွာပတ်ဝန်းကျင်ကို လိုက်ပြပေးဖို့ ရွာသူကြီးကိုပဲ ဒုက္ခပေးရဦးမယ်။”

“ဒါ ဒုက္ခမဖြစ်ပါဘူး။” ရှောင်ထိုက်ယန်က လက်ကို အသာယမ်းလိုက်သည်။ ‘ဒီနှစ်ယောက်က ချမ်းသာတဲ့ပုံလည်းပေါ်တယ်၊ ယွီအာရဲ့ သူငယ်ချင်းတွေလည်းဟုတ်တယ်။ ဒီတော့ ရွာအတွက် အကျိုးအမြတ်တွေအများကြီး ရလာနိုင်တာပဲ။’ ထို့နောက် ရှောင်ထိုက်ယန်သည် သူတို့နှစ်ဦးကိုခေါ်ကာ ရွာတစ်ခွင်လိုက်လံပြသပေးလေသည်။

….

ထိုညမှာပဲ ပုံမှန်ဆို ခြောက်သွေ့ရှင်းလင်းနေတတ်သည့် ကုမိသားစုဟိုတယ်၏စားသောက်ဆိုင်တွင် အလွန်ကိုမှ သက်ဝင်လှုပ်ရှားနေခဲ့သည်။

ကျန်းဟိုင်ယန်၊ ချန်ယီဖန်းနှင့် ယွမ်ရွှမ်ဟောက်တို့သည်လည်း ညစာစားရန်အတွက် သူတို့မိသားစုဝင်အားလုံးကို ခေါ်လာကြသည်။

“ဟိုင်ယန်၊ မင်းပဲ ငါတို့ကို ညစာလိုက်ကျွေးမလို့ဆို။” မေမေကျန်းက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်တိုးတိုးပြောလာခဲ့သည်။ “ဘာလို့ ကုမိသားစုဟိုတယ်ကိုခေါ်လာတာလဲ။ မင်းနဲ့ ကုကျီယဲ့ သူငယ်ချင်းကောင်းတွေဆိုတာ သိပေမယ့်၊ ငါကြားတာတော့ ဒီက အစားအသောက်တွေက…” သူမ အဆုံးထိဆက်မပြောသော်လည်း လူတိုင်း နားလည်ကြလေသည်။

“ဟုတ်သားပဲ ဟိုင်ယန်။ မင်းသူငယ်ချင်း စီးပွားရေးကောင်းဖို့အတွက်နဲ့ မင်းမိဘတွေကိုပါ စတေးချင်နေတာလား။” ဖေဖေကျန်းသည်လည်း ထိုအတိုင်းပင် တွေးလေသည်။

ကျန်းဟိုင်ယန်တစ်ယောက် အတော်လေး ဆွံ့အသွားရလေသည်။ “အမေ၊ အဖေ၊ ဘာတွေလျှောက်ပြောနေကြတာလဲ။ အမေတို့ကို အရသာရှိတာလိုက်ကျွေးမယ်လို့ ပြောထားတယ်လေ။ ခဏလောက် စိတ်ရှည်ရှည်စောင့်ကြပါဦး။”

ထိုအချိန်မှာပဲ ကျန်းဟိုင်ယန်သည် ချန်ယီဖန်း၏မိသားစုဝင်လာသည်ကို မြင်သွားလေသည်။

“ယီဖန်း၊ ဦးလေး၊ အန်တီ၊ အဘိုးနဲ့အဘွားရော ရောက်လာကြတာပဲ။” ကျန်းဟိုင်ယန်က နှုတ်ဆက်လိုက်သည်။

အဘွားချန်က ပြုံးလိုက်ကာ၊ “ဟိုယန်ပါလား။ ယီဖန်းက အဘွားတို့ကို အရသာရှိတာ လိုက်ကျွေးချင်တယ်ဆိုလို့ တစ်မိသားစုလုံး ထွက်လာကြတာလေ။”

“ဟိုင်ယန်၊ ယီဖန်း၊ မင်းတို့က ငါ့ထက်တောင် စောရောက်နေကြပါလား။” ယွမ်ရွှမ်ဟောက်ကလည်း သူ့မိသားစုနှင့်အတူ ရောက်လာခဲ့သည်။

မိသားစုသုံးစုမှာ တစ်ဦးကိုတစ်ဦး ပြန်ကြည့်နေမိကြကာ… သူ့တို့စိတ်ထဲတွင်တော့ သူ့တို့သားတွေ ကတိပေးထားသည့် စကားနှင့်ပတ်သတ်၍ သံသယများအပြည့်ပင်။

***

All Chapters