နောက်တစ်ကြိမ်ပြန်လာတဲ့ဖောက်သည်
Vol. 7 Ch. 111
နောက်တစ်နေ့မနက်တွင်တော့၊ အဘွားစုန့်ရော အဘိုးစုန့်ပါ ရှောင်လင်းယွီ၏အိမ်သို့ ရောက်လာခဲ့ကြသည်။ သူတို့သာ နောက်ကျသွားလျှင် ရှောင်လင်းယွီက ဈေးရောင်းဖို့ အလျင်စလိုထွက်သွားပြီး သူတို့အတွက် အသီးအရွက်များ ချန်ထားပေးဖို့ မေ့သွားမည်ကို စိုးရိမ်နေကြလေသည်။
“ကောင်မလေး၊” အဘွားစုန့်က ခြံတခါးကိုခေါက်လိုက်သည်။
ကောင်းကင်မှာ အလင်းရောင်ထွက်လာခါစဖြစ်သည်။ ရှောင်လင်းယွီသည် စာရင်းများတွက်နေခြင်းဖြစ်သည်။ အဘွားစုန့်၏အသံကိုကြားပြီးနောက် နာရီကိုကြည့်လိုက်ရာ မနက် ၆နာရီတောင် မထိုးသေးပေ။ အဘွားစုန့်နှင့်အဘိုးစုန့်တို့ ဒီလောက်အစောကြီး ရောက်လာကြတာကြောင့် သူမပင် အံ့ဩသွားလေသည်။
ရှောင်လင်းယွီက အမြန်ထွက်လာကာ တံခါးဖွင့်ပေးပြီး နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာနံနက်ခင်းပါ၊ အဘွားစုန့်၊ အဘိုးစုန့်။ ဘာလို့ ဒီလောက်အစောကြီး ရောက်လာကြတာလဲ။”
အဘွားစုန့်က ပြန်ပြောလာခဲ့သည်။ “ငါတို့နောက်ကျသွားရင် မင်းကို မမီလိုက်မှာစိုးလို့လေ။”
အဘိုးစုန့်က ပိုလို့ပင် တည့်တိုးဆန်လေသည်။ သူက နေသလိုလို အတည်လိုလိုဖြင့် ပြောလာခဲ့သည်။ “ကောင်မလေး၊ မင်းရဲ့အသီးအရွက်တွေက အရမ်းအရသာရှိတယ်။ ငါ အမြဲတမ်း တွေးမိနေရောပဲ။ ဒါကြောင့် မင်းငါတို့အတွက် နည်းနည်းဖယ်ထားပေးဖို့ မေ့သွားမှာကြောက်လို့ စောစောလာလိုက်တာ။”
ရှောင်လင်းယွီ ပြုံးလိုက်လေသည်။ “အဘိုးစုန့်ရယ်၊ အဘိုးတို့အတွက် ခွဲပေးထားဖို့ ဘယ်တော့မှမမေ့ပါဘူး။ အပြင်မှာအေးတယ်၊ အထဲဝင်ကြပါ။”
အဘွားစုန့်နှင့် အဘိုးစုန့်တို့ ခြံထဲရောက်သည်နှင့် လတ်ဆတ်သည့် အသီးအရွက်များဖြင့် ပြည့်နေသည့် ဂိုဒေါင်ကြီးကို မြင်လိုက်ရလေသည်။ ဤတစ်ခေါက်တွင် ပို၍တောင် အမျိုးအစားစုံနေတာကြောင့် အဘွားစုန့် အံ့ဩသွားတော့သည်။
အရင်တစ်ခေါက်တုန်းက ရှောင်လင်းယွီတွင် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်၊ ခရမ်းသီးနှင့် ငရုတ်သီးများသာရှိလေသည်။ အခုတစ်ကြိမ်တွင်တော့ သခွားသီး၊ ဂေါ်ဖီမျိုးရင်းများ၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ပါ,ပါပေသည်။
“ကောင်မလေး၊ ဒီတစ်ခေါက်ပါတဲ့ပစ္စည်းတွေက တော်တော်များတာပဲ။” အဘွားစုန့်က ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်၊ အဘွားစုန့်။”
“ဟုတ်ပါပြီ၊ အဘွားကို တစ်မျိုးနည်းနည်းစီထည့်ပေး။”
“ရှင်မ၊ ငါတို့များများပိုဝယ်သွားရအောင်။” အဘိုးစုန့်က သူမကို သတိပေးလိုက်သည်။ ပြီးခဲ့သည့်အခေါက်တုန်းက ရှောင်လင်းယွီသည် နှစ်ရက်စာအတွက် လုံလောက်မည့် အသီးအရွက်များထည့်ပေးလိုက်သော်လည်း သူတို့မိသားစုကတော့ နှစ်နပ်တည်းဖြင့် အပြီးဖြတ်လိုက်ကြလေသည်။ ထို့နောက်မှာတော့ ရှောင်လင်းယွီ မြန်ပြန်တက်လာအောင် စောင့်နေခဲ့ရသည်။ သူတို့ ဆယ်ရက်တောင် စောင့်နေခဲ့သော်လည်း ရှောင်လင်းယွီကတော့ ပေါ်မလာခဲ့ပေ။ နောက်ဆုံးမှာတော့ သူတို့လည်း ရှောင်လင်းယွီကို ဖုန်းဆက်ကာ ဘယ်တော့ အသီးအရွက်တွေ ပြန်လာရောင်းမလဲဆိုတာ မေးရတော့သည်။ ရှောင်လင်းယွီက ရက်တစ်ရက်ကိုပြောကာ သူမခရိုင်မြို့ပေါ်သို့ ရောက်သည်နှင့် ဖုန်းဆက်ပေးမည့်အကြောင်းပါ ကတိပေးခဲ့သည်။
“ဟုတ်တယ်၊ ဟုတ်တယ်။” အဘွားစုန့်လည်း ချက်ချင်းပင် သတိရသွားလေသည်။ “ဒါဆို၊ အဘွားကို ခရမ်းချဉ်သီး အလုံး ၃၀၊ ဂေါ်ဖီထုပ် ငါးထုပ်၊ ခရမ်းသီး ဆယ်လုံးနဲ့ ကြက်သွန်ဖြူ၂ကတ်တီ….။” အဘွားစုန့်က စာရင်းတစ်ခုရွတ်ပြလိုက်ကာ ပမာဏကများလေသည်။ အနည်းဆုံးတော့ ၅ရက် ၆ရက်လောက်အထိ စားနိုင်လောက်သည်။
ရှောင်လင်းယွီက ရယ်မောလိုက်လေသည်။ “အဘွားစုန့်၊ တစ်ခါတည်း ဒီလောက်အများကြီးဝယ်ဖို့ မလိုပါဘူး။ ဒီတစ်ခေါက်တော့ ကျွန်မမှာ ၃-၄ရက်လောက်ရောင်းစရာတွေပါလာတယ်။ ဈေးရောင်းမထွက်ဖြစ်ရင်တောင် အဘွားတို့အတွက် သီးသန့်ဖယ်ထားပေးပါ့မယ်။”
“ကောင်မလေး၊ မင်းတကယ်ပြောတာလား။ နောက် ရက်ပိုင်းလောက်အထိ ဒီမှာပဲ ရောင်းဦးမယ်ပေါ့။” အဘွားစုန့်သည် မျက်လုံးများအရောင်တောက်လာသည်အထိ ပျော်ရွှင်သွားလေသည်။ “ဒီလိုဆိုမှတော့ လောလောဆယ် အများကြီးမဝယ်သွားတော့ဘူး။ ခရမ်းချဉ်သီးအလုံး ၃၀၊ ဂေါ်ဖီတစ်ထုပ်၊…” တစ်ရက်စာလိုအပ်သည့်ပါဝင်ပစ္စည်းများကို ရွတ်သွားပေးလေသည်။ ခရမ်းချဉ်သီး အလုံး ၃၀ ဝယ်ရတာကတော့ သူမမိသားစုက လတ်လတ်ဆတ်ဆတ်အသီးများကို စားရသည်ကို ကြိုက်သောကြောင့်ပင်။
ရှောင်လင်းယွီလည်း အသီးအရွက်များကို ထုပ်ပိုးလိုက်ပြီးနောက် လှည့်အသေးလေးပေါ် တင်လိုက်လေသည်။ “အဘွားစုန့်၊ ဒါက တော်တော်လေးတယ်။ ကျွန်မ အဘွားတို့အိမ်အထိ လိုက်ချပေးမယ်လေ။”
အဘွားစုန်က လက်ကိုယမ်းလိုက်ကာ သူမနောက်ရှိ လှည်းအသေးလေးကိုညွှန်ပြပြီးပြောလိုက်သည်။ “ဒီလှည်းအသေးလေးက သိပ်မကြီးဘူးလေ။ ဒါနဲ့ ပစ္စည်းအလေးတွေသယ်တာ အကျင့်ဖြစ်နေပါပြီ။”
အဘွားစုန့်သည် အသီးအရွက်များကိုကြည့်ကာ နက်နက်နဲနဲတွေးနေလေသည်။ ထို့နောက်မှာတော့ သူမဖုန်းကိုထုတ်ကာ တစ်ယောက်ဆီသို့ ဖုန်းခေါ်လိုက်လေသည်။ “အဘွားလီ၊ ရှင် ရှာနေတဲ့ကောင်မလေး ရောက်နေပြီနော်။ ရှင် ဘယ်လောက်လိုချင်လဲ။ သူ့ကို ချန်ခိုင်းထားလိုက်မယ်၊ ပြီးမှ ရှင်လာယူလိုက်ပေါ့။ အိုး.. အခုချက်ချင်းလာမှာလား။ ဟုတ်ပြီလေ။ ကောင်မလေးက ကျွန်မရဲ့အိမ်ဟောင်းမှာ။ ဟုတ်တယ်၊ အခုရှိသေးတယ်။ ကောင်းပြီလေ၊ သူ့ကို ပြောထားလိုက်မယ်။”
ဖုန်းချပြီးနောက် အဘွားစုန့်သည် ရှောင်လင်းယွီကို ပြောလာလေသည်။ “အဲ့ဒါ အဘွားလီလေ။ သူ့အကြီးဆုံးမြေးအတွက် မင်းဆီက အသီးအရွက်တွေ ဝယ်ခဲ့သေးတယ်လို့ပြောတယ်။ သူ့မြေးက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေတော့မှာဆိုတော့ ဖိအားတွေအရမ်းများနေတာလေ။ ကောင်းကောင်းလည်းမစားနိုင်၊ ကောင်းကောင်းလည်း မအိပ်နိုင်ဘူး။ ဒါပေမယ့် မင်းဆီက ဝယ်သွားတဲ့ အသီးအရွက်တွေကို ချက်ပြုတ်ကျွေးပြီးနောက်မှာတော့ ကလေးက အစာစားချင်စိတ်တွေပြန်ပေါ်လာပြီး အားအင်တွေပြည့်လာတယ်တဲ့။ အခုဆို အရမ်းကို တက်ကြွနေရောပဲလို့ပြောတယ်။”
အဘွားစုန့်က ခဏနားပြီးနောက် ဆက်ပြောလာလေသည်။ “အဘွားလီက မင်းကို ပတ်ရှာနေတာ။ မင်းကိုရှာမတွေ့လိုဆိုပြီး အရမ်းကိုပူပန်နေရောပဲ။ အဲ့ဒါနဲ့ အဘွားဆီရောက်လာပြီး စကားပြောဖြစ်ကြတာ။ဒီတော့မှ မင်းက အဘွားရဲ့အိမ်ငှားမှန်း သိသွားတယ်လေ။ မင်း မြို့ပေါ်တက်လာရင် သူ့ကိုဆက်သွယ်ပေးဖို့ ပြောထားလို့ အခုခေါ်လိုက်တာ၊ အခုချက်ချင်း လာခဲ့မယ်တဲ့။ သူ့အိမ်က ဒီနဲ့သိပ်မဝေးတော့ ရောက်ဖို့ မကြာလောက်ဘူး။ မင်းကို အကြာကြီးမနှောင့်နှေးစေပါဘူး။”
ရှောင်လင်းယွီက ပြုံးလိုက်လေသည်။ “ရပါတယ်၊ အဘွားစုန့်ရဲ့၊ မနှောင့်နှေးပါဘူး။ အားလုံးက ကျွန်မရဲ့ တန်ဖိုးရှိတဲ့ဖောက်သည်တွေပဲကို။ အခုလိုလာဝယ်ပေးတာကိုက ကျွန်မဘက်က ကျေးဇူးတင်ဖို့လိုတာပါ။”
ရှောင်လင်းယွီသည် ထိုအဘွားလီနှင့်ပတ်သတ်ပြီး ထင်မြင်ချက်တစ်ခု ရှိလေသည်။ ပထမဆုံးနေ့တွင် သူမဆီက ဝယ်သွားသည့် တစ်ဦးတည်းသော အဘွားဖြစ်လေသည်။ သူမ၏တခြားဝယ်သူများမှာ မိသားစုအခြေအနေကောင်းမွန်ကြသည့် ငယ်ရွယ်သူများနှင့် သက်လတ်ပိုင်းများဖြစ်ကြသည်။ အသက်ကြီးသူများသည် ပုံမှန်အားဖြင့် ပိုပြီးချွေတာတတ်ကြလေသည်။ အဘွားလီလိုမျိုး အထူးအခြေအနေတစ်ခုရှိတာကြောင့်သာမဟုတ်လျှင် ဈေးကြီးသည့်ပစ္စည်းများအတွက် ငွေသုံးမည်မဟုတ်ပေ။
အဘွားစုန့်က ကြမ်းပေါ်မှ အသီးအနှံများထည့်ထားသည့် ကဒ်ပုံးများကိုကြည့်ပြီး မေးလာခဲ့သည်။ “ကောင်မလေး၊ အကူအညီလိုသေးလား။ ငါရော အဘိုးကြီးရောရှိနေတာဆိုတော့ ကူညီပေးမယ်လေ။ ဒီပုံးတွေကြည့်ပါဘူး။ သေချာပေါက် တော်တော်လေးမှာပဲ။ သုံးဘီးပေါ်တင်ဖို့ အဘွားတို့ရဲ့လှည်းကို သုံးလို့ရတယ်။”
ရှောင်လင်းယွီက ခေါင်းယမ်းလိုက်လေသည်။ “ရပါတယ် အဘွား၊ ကျွန်မဘာသာလုပ်နိုင်ပါတယ်။ အဘွားနဲ့အဘိုးစုန့်တို့က ခဏထိုင်နားကြဦးလေ။”
ကဒ်ပုံးများမှာ သေးငယ်ကာ 10kgအောက်သာရှိလေသည်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက်တော့ လေးသည်ဟု ပြော၍မရပေ။ ထို့အပြင် ရှောင်လင်းယွီသည် ပစ္စည်းအလေးများကို မရန်အတွက် သူမ၏ စိုက်ပျိုးရေးနေရာလွတ်ကို သုံးနိုင်သေးသည်။ သူမတွင် ဧည့်သည်များရှိနေခြင်းကြောင့်သာ ကိုယ်တိုင် သယ်မနေရခြင်းဖြစ်ပေသည်။ ရှောင်လင်းယွီက ခရမ်းသီးတစ်ပုံး၊ ဂေါ်ဖီမျိုးစုံတစ်ပုံးနှင့် ကြက်သွန်မြိတ်တစ်ပုံးတို့ကို သုံးဘီးပေါ်သို့ တင်လိုက်လေသည်။
“ပြီးပြီ။” ရှောင်လင်းယွီ လက်နှစ်ဖက်ကို ခါလိုက်သည်။
အဘွားစုန့်က ပြုံးမိသွားသည်။ “ကောင်မလေး၊ မင်းကြည့်ရတာ ဖြူဖြူနုနုလေးနဲ့ လူချမ်းသာသခင်မလေးပုံ ပေါက်ပေမယ့် အလုပ်ကြမ်းလည်း လုပ်နိုင်သားပဲ။”
ရှောင်လင်းယွီ ခပ်ဟဟရယ်မောလိုက်လေသည်။ “အဘွားကလည်း ကျွန်မကို စမနေပါနဲ့။ ကျွန်မက ကျေးလက်မှာကြီးပြင်းလာတဲ့လူပါ။ အလုပ်ကြမ်းလုပ်နိုင်ပါတယ်။ ပြီးတော့ အသားအရေကလည်းကြမ်းပြီး လက်ကလည်း အသားမာတက်ပြီးသားပါ။” စမ်းရေကြောင့် ပျောက်ကင်းကာ ချောမွေ့သွားခြင်းသာ ဖြစ်ပေသည်။
အဘွားစုန့်က ဆက်ပြီး စနောက်နေတုန်းပင်။ “အဘွားကတော့ မင်းရဲ့အသားအရေက ဝံပုလွေဆိုးကြီးတောင်မှ ကိုက်လာချင်လောက်အောင် အရမ်းနူးညံ့အိစက်နေတယ်လို့ပဲ မြင်တယ်။”
“အစ်မစုန့်။” တံခါးအပြင်ဘက်မှ ခေါ်သံတစ်ခုထွက်လာခဲ့သည်။
အဘွားစုန့်က၊ “အိုး၊ အဘွားလီရောက်လာတာ မြန်သားပဲ။”
အဘိုးစုန့်ကတော့ တံခါးဆီသို့ လျှောက်သွားပြီဖြစ်သည်။
အဘွားလီက အဘိုးစုန့်ကိုမြင်သည်နှင့် ချက်ချင်းပြုံးလိုက်လေသည်။ “စုန့်ကောလည်း ရှိနေတာပဲ။” အဘွားလီ၏အကြည့်များက သုံးဘီးဆိုင်ကယ်ပေါ်မှ အသီးအရွက်များထံ ချက်ချင်းရောက်ရှိသွားပြီး မျက်လုံးအရောင်များ လက်လာတော့သည်။ သူမက သုံးဘီးဘေးတွင်ရပ်နေသည့် ရှောင်လင်းယွီကိုမြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ “မိန်းကလေး၊ တကယ်ကိုမင်းပဲ။”
ရှောင်လင်းယွီသည် အနည်းငယ်အသက်ကြီးနေပြီဖြစ်သည့် အဘွားကိုတွေ့သည်နှင့် ခေါင်းညိတ်နှုတ်ဆက်လိုက်လေသည်။ “အဘွားလီ၊ မင်္ဂလာနံနက်ခင်းပါ”
“ဒီတစ်ကြိမ်တော့၊ ငါမင်းဆီက အများကြီးဝယ်သွားမယ်။” အဘွားလီက ဝမ်းသာအားရဖြစ်နေသည်။ “ငါ့အကြီးဆုံးမြေးလေးက မင်းရဲ့အသီးအရွက်တွေကို ဘယ်လောက်တောင်မှ ကြိုက်နေလဲ မင်းမသိလို့။ မင်းရဲ့ဟင်းသီးဟင်းရွက်တွေနဲ့ချက်တဲ့ဟင်းကို စားပြီးကတည်းက စာလေ့လာတဲ့အပေါ်မှာလည်း ပိုပြီး အာရုံစိုက်နိုင်လာတယ်။”
“အဘွားလီ၊ ကျွန်မက နောက်ရက်ပိုင်းလောက်အထိ မြို့ပေါ်မှာရှိနေဦးမှာပါ။ အဘွား ထပ်ပြီးလိုရင် အဘွားစုန့်လိုပဲ အဘွားအတွက်လည်း သီးသန့်ဖယ်ထားပေးနိုင်ပါတယ်။”
“အို၊ ဒီမှာ နောက်ရက်တွေလည်း ရှိဦးမှာပေါ့။” အဘွားလီသည် ရှောင်လင်းယွီကို အရင်တစ်ခေါက်ကလိုပဲ တစ်ရက်တည်းနှင့် ပြန်ပျောက်သွားမည်ဟု တွေးနေခြင်းဖြစ်သည်။ ရှောင်လင်းယွီက ဒီမှာ အချိန်ကြာကြာ ဆက်နေဦးမည်ဆိုမှတော့ သူမလည်း တစ်ခါတည်း အများကြီး ဝယ်ဖို့မလိုတော့ပေ။ “ကောင်းပြီ၊ ဒါဆိုလည်း ငါ့အတွက် နည်းနည်းလောက် ဖယ်ထားပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်။” ထို့နောက် သူမက တွေးလိုက်ကာ၊ “မိန်းကလေး၊ မင်းကုန်တွေပြင်ဆင်ဖို့ ပုံမှန်ဆို ဘယ်နှနာရီလောက် အိပ်ရာက ထလဲ။ နောက်ရက်တွေကျရင် ငါအစောလာခဲ့လို့ရအောင်လို့လေ။ ငါ့အိမ်က နီးနီးလေးရယ်၊ ဒီတော့ လမ်းလျှောက်လာရုံပဲ။”
“ရတာပေါ့၊ အဘွားလီသာ ဒုက္ခမများဘူးဆိုရင် မနက်တိုင်းလာလို့ရပါတယ်။” ရှောင်လင်းယွီက ပြန်ဖြေရင်း အဘွားလီအတွက် အသီးအရွက်များ ကူထည့်ပေးလေသည်။
အဘွားလီက သုံးဘီးပေါ်မှ အသီးအရွက်များကိုကြည့်လိုက်ကာ၊ “ကောင်မလေး၊ ငါ့အတွက် ဂေါ်ဖီတစ်ထုပ်၊ ငရုတ်သီး ကတ်တီဝက်၊ နောက်…. ကတ်တီဝက်….”
ထိုအချိန်မှာပဲ အဘွားစုန့်က ပြောလာခဲ့သည်။ “အဘွားလီ၊ ခရမ်းချဉ်သီးတွေက အရမ်းအရသာရှိတယ်။ နည်းနည်းလောက်ဝယ်သွားပါလား။” ပြီးခဲ့သည့်တစ်ခေါက်တုန်းက ရှောင်လင်းယွီနှင့် အဘွားလီတို့ တွေ့ချိန်တွင် ခရမ်းချဉ်သီးအားလုံး ရောင်းကုန်သွားပြီဖြစ်သည်။ ထို့ကြောင့် အဘွားလီသည် ခရမ်းချဉ်သီးအရသာကို မသိလိုက်ပေ။
“ကောင်းပြီလေ၊ ဒါဆို ငါ့ကို ခရမ်းချဉ်သီး ၁၀လုံးပါ ထည့်ပေး။” အဘွားလီက အဘွားစုန့်၏အကြံအတိုင်း လက်ခံလိုက်သည်။ “ပြီးတော့ နောက်ထပ် ကြက်သွန်ဖြူ ကတ်တီဝက်၊ ကြက်သွန်မြိတ် တစ်ကတ်တီနဲ့ ခရမ်းသီးနှစ်လုံးပါထည့်ပေးဦး။”
“ကောင်းပါပြီ။” ရှောင်လင်းယွီက ချက်ချင်းပင် အဘွားလီမှာသည့် ပစ္စည်းများကို ထည့်ပေးလေသည်။ ထို့နောက်မှာတော့ သူမက အသီးအနှံသဖွယ် စားသုံးနိုင်သော အဘွားလီအတွက် ခရမ်းချဉ်သီးများနှင့် သခွားသီးကိုပါ ထည့်ပေးလိုက်သေးသည်။
အဘွားလီက မေးလိုက်သည်။ “ကောင်မလေး၊ အားလုံးပေါင်း ဘယ်လောက်ကျသွားလဲ။”
“အဘွားလီ၊ ခရမ်းချဉ်သီးက တစ်လုံးကို ၂ယွမ်၊ ဂေါ်ဖီထုပ်က တစ်ထုပ်ကို ၁၅ယွမ်၊ သခွားသီးက တစ်လုံးက ၂ယွမ်၊ ငရုတ်သီးတစ်ကတ်တီကို ယွမ် ၂၀၊ ကြက်သွန်ဖြူက တစ်ကတ်တီကို ၁၀ယွမ်၊ ကြက်သွန်မြတ်ကတော့ တစ်ကတ်တီကို ၁၀ယွမ်ပါ။”
“အဘွားလီက ခရမ်းချဉ်သီး၁၀လုံး၊ ခရမ်းသီး ၂လုံး၊ ငရုတ်သီး ကတ်တီဝက်၊ ကြက်သွန်ဖြူ ကတ်တီဝက်နဲ့ ကြက်သွန်မြိတ် တစ်ကတ်တီယူထားတယ်နော်။ ဒီတော့ အားလုံးပေါင်း ၅၄ယွမ် ကျပါတယ်၊ ၅၀ယွမ်ပဲပေးပါ။ ပြီးတော့ ခရမ်းချဉ်သီး၅လုံးနဲ့ သခွားသီး ၅လုံးကိုလည်း အဘွားစမ်းစားကြည့်လို့ရအောင် ထည့်ပေးလိုက်ပါတယ်။”
“ကောင်မလေး၊ အဲ့လိုမလုပ်နဲ့လေ။” အဘွားလီက ငြင်းဆန်လိုက်သည်။ “ငါ့ကို ဈေးလျှော့ပေးထားပြီပဲ။ နောက်ထပ် အလကားပါ ထပ်ယူလို့ဖြစ်မလား။”
“အဘွားလီက အရမ်းကြင်နာတတ်တယ်လေ။ အဘွားစုန့်ဆီကနေ ကျွန်မကြားထားတာတော့ အဘွားရဲ့ အကြီးဆုံးမြေးက ဒီနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ လုပ်နေတာဆို။ ဒီခရမ်းချဉ်သီးနဲ့ သခွားသီးတွေယူသွားလိုက်ပါ။ စာလုပ်ရင်း အသီးအနှံတစ်မျိုးလို စားလို့ရတာပေါ့။”
ရှောင်လင်းယွီက ထပ်ပြောလိုက်သေးသည်။ “အဘွားလီရဲ့ မြေးက ဘယ်အထက်တန်းကျောင်းမှာ တက်နေတာလဲ။”
“အမှတ်တစ်အထက်တန်းကျောင်းလေ။”
“အိုး၊ တိုက်ဆိုင်လိုက်တာ။ ကျွန်မရဲ့မောင်လေးကလည်း အဲ့ဒီမှာပဲ တက်နေတာလေ။ သူက ၁၂တန်း၊ အခန်း ၁ကပါ။”
“မဖြစ်နိုင်လိုက်တာ၊ ငါ့မြေးကလည်း ၁၂တန်း အခန်း ၁ကပဲ။”
“အိုး၊ ဒါဆို သူတို့က အတန်းဖော်တွေပေါ့၊ ဟဟဟ….”
***