နောက်တစ်ကြိမ်ပြန်လာတဲ့ဖောက်သည် (၂)
Vol. 7 Ch. 112
အဘွားစုန့်နှင့်အဘွားလီတို့ သူတို့လိုချင်သည်များကို ရွေးကာ ငွေပေးချေပြီးသည့်နောက် ပြန်ထွက်သွားကြလေသည်။
ရှောင်လင်းယွီသည် သူမ၏သုံးဘီးဆိုင်ကယ်ကို မောင်းကာ ဈေးသို့ထွက်လာခဲ့သည်။ သူမ လမ်းကြားထဲမှထွက်ကာ ကုန်းလျောလေးပေါ်သို့တက်ခဲ့ချိန်မှာပဲ ဝမ်းသာအားရအော်ဟစ်သံကို ကြားလိုက်ရလေသည်။ “မမပဲ၊ မေမေရေ မမလာပြီ။”
ရှောင်လင်းယွီ အသံလာရာကိုကြည့်လိုက်ရာ သူမ၏ပထမဆုံးဝယ်သူဖြစ်သော ကောင်ငယ်လေးမှန်း သိလိုက်ရလေသည်။ သူနှင့်သူ့အမေတို့က ကုန်းလျောလေးနှင့် သိပ်မဝေးသည့်နေရာတွင် ရပ်နေကြခြင်းဖြစ်သည်။
“သူငယ်ချင်းလေး၊ မင်းပါလား။” ရှောင်လင်းယွီက ပြုံးကာ နှုတ်ဆက်လိုက်လေသည်။ “ဒီလောက်အစောကြီး ကျောင်းသွားမလို့လား။”
အခုမှ မနက် ၆နာရီထိုးပြီးရုံသာရှိသေးလေသည်။ ဘယ်မူကြိုကများ ဒီလောက်အစောကြီးဖွင့်တာပါလိမ့်။
လီကျွမ်းရွှမ်က သူ့ခေါင်းလေးကို အသာယမ်းပြလာခဲ့သည်။ “မမ၊ သား ကျောင်းမသွားသေးပါဘူး။ သားနဲ့ မေမေက မမကို စောင့်နေတာပါ၊ ဟုတ်တယ်မလား မေမေ။”
လီကျွမ်းရွှမ်နောက်ရှိ ယန်းယန်က ရှက်ပြုံးလေးပြုံးလာခဲ့သည်။ “မိန်းကလေး၊ ငါ့သားလေးက မင်းဆီက အသီးအရွက်တွေ စားပြီးကတည်းက နေ့တိုင်း ဒီအတိုင်းပဲပြောနေတော့တာ။ သူက မင်းဆီက ထပ်ဝယ်ပေးဖို့ အရမ်းပူစာနေပေမယ့် ဒီရက်တွေအတွင်း မင်းကို မတွေ့ရဘူးလေ။ ဒီနေ့ မင်းလာမယ်ဆိုတဲ့ သတင်းကြားလိုက်တာနဲ့ ငါ့သားက အစောကြီးအပြင်ထွက်ပြီး မင်းကိုစောင့်နေတော့တာ။ ငါ့သား ဒီလောက် စိတ်အားထက်သန်တာမျိုး တစ်ခါမှကို မတွေ့ဖူးဘူး။ ဟဟဟ…”
ရှောင်လင်းယွီလည်း အံ့ဩသွားခဲ့သည်။ သူမက ခရမ်းချဉ်သီး၂လုံးကိုယူကာ ကောင်ငယ်လေးအား ပေးလိုက်လေသည်။ “ရော့၊ ဒါက မမကို စောင့်နေပေးတဲ့အတွက်ပေးတာ။”
လီကျွမ်းရွှမ်သည် ခရမ်းချဉ်သီးများကို ယူလိုက်လေသည်။ “ကျေးဇူးတင်ပါတယ်၊ မမ။” ထို့နောက် သူက အပေါ်ခွံကိုပင် မသုတ်ဘဲ ပါးစပ်ထဲသို့တန်းထည့်လိုက်လေသည်။ ဒီတစ်ခေါက်တော့ ယန်းယန်က သူ့ကို မတားခဲ့ပေ။
ယန်းယန်သည် သုံးဘီးပေါ်မှ အသီးအရွက်များကိုကြည့်လိုက်ပြီး၊ “ဒီတစ်ခေါက်တော့ ပိုပြီး အမျိုးစုံတာပဲ။” သူမက အရင်တစ်ခေါက်တုန်းက နည်းနည်းလေးသာ ဝယ်ခဲ့မိတာကြောင့် ဒီရက်များအတွင်း အတော်လေး နောင်တရနေခဲ့သည်။ ထို့ကြောင့် ဒီတစ်ခေါက်တော့ အရင်လိုအမှားမျိုး ထပ်မဖြစ်အောင် များများဝယ်ထားဖို့ ဆုံးဖြတ်ထားလေသည်။ ယန်းယန်က တစ်မျိုးကို နည်းနည်းဆီ ဝယ်ခဲ့သည်။ ယန်းယန်တို့သည် မိသားစု သုံးယောက်သာရှိပြီး မိသားစုဝင်နည်းလေသည်။ သူ့မသားကလွဲပြီး ကျန်လူများက အစားချေးမများကြပေ။
ရှောင်လင်းယွီက ယန်းယန် အများကြီးဝယ်ချင်နေသည်ကို မြင်သည်နှင့်၊ “တကယ်တော့၊ ဒီနောက် သုံးလေးရက်အထိ ကျွန်မ ခရိုင်မြို့ပေါ်မှာရှိဦးမှာပါ။ ရှင်အဆင်ပြေမယ်ဆိုရင် ကျွန်မငှားထားတဲ့အိမ်ကိုလာပြီး ဝယ်ချင်တဲ့အသီးအရွက်တွေ လာဝယ်လို့ရပါတယ်။ ဒီလမ်းကြားကနေ ဘယ်တစ်ချိုး၊ ညာတစ်ချိုး ချိုးလိုက်ရင် ကျွန် မငှားထားတဲ့အိမ်ကိုရောက်ပြီ။ ကျွန်မ ခရိုင်မြို့ပေါ်မှာရှိတဲ့ အဲ့ဒီ သံတံခါးအနီနဲ့အိမ်မှာနေတယ်။”
ယန်းယန်က သဘောပေါက်ကာ ခေါင်းညိတ်လိုက်သည်။ “ဒါဆို မင်း အိမ်မှာ ဘယ်အချိန်တွေရှိလဲ။ ဘယ်အချိန်လောက် ငါလာလို့ အဆင်ပြေလဲ။”
ရှောင်လင်းယွီက ပြန်ဖြေခဲ့သည်။ “နေ့တိုင်း ဒီလိုအချိန်လောက်ပေါ့။”
“ကောင်းပြီ၊ ဒါဆို နောက်ကျရင် မနက်စောစော မင်းအိမ်မှာပဲ လာဝယ်လိုက်မယ်။” ရှောင်လင်းယွီ ဘယ်မှာနေလဲဆိုသည်ကို သိလိုက်ရတာက ယန်းယန်အတွက် ပိုလို့ အဆင်ပြေသွးစေလေသည်။ သူမနှင့် သူမသားသည် ရှောင်လင်းယွီအလာကို စောင့်နေဖို့ မလိုတော့ပေ။
ယန်းယန်က ထပ်ပြီးပြောလာခဲ့သည်။ “မိန်းကလေး၊ မင်းဒီမှာအခြေချဖို့ စီစဉ်နေတာလား.”
ရှောင်လင်းယွီက ခေါင်းယမ်းလိုက်သည်။ “လတ်တလောတော့ မဖြစ်လောက်သေးဘူး။ ကျွန်မ အသီးအနှံ့တွေ ရိတ်သိမ်းပြီးတာနဲ့တော့ လာမှာပါ။ အပတ်တိုင်း တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက်ပေါ့။”
“အဲ့လိုလား။” ယန်းယန်က ခေါင်းညိတ်လိုက်သည်။ “မိန်းကလေး၊ ဒါနဲ့ မင်းဖုန်းနံပါတ်ပေးလို့ရလား။ ဒါမှမဟုတ် ငါ့ဖုန်းနံပါတ်ကို ချန်ခဲ့ပေးမယ်လေ။ မင်း မြို့ပေါ်တက်ပြီး အသီးအရွက်တွေလာရောင်းမယ့်အချိန်ကျရင် ဖုန်းဆက်ပေးလို့ရမလား။”
ယန်းယန်၏ခင်ပွန်းသည် ကုမ္ပဏီကြီးတစ်ခုရှိ အမှုဆောင်တစ်ဦးဖြစ်ကာ နှစ်စဉ်လစာငွေ ယွမ်၃သိန်းမှ ၄သိန်းအထိရလေသည်။ ယန်းယန်သည်လည်း အလုပ်လုပ်နေသူဖြစ်ကာ သူမကတော့ တစ်လကို ယွမ် ၈ထောင်ဝန်းကျင်ရပေသည်။ သူမမိသားစုသည် ရှောင်လင်းယွီ၏ အသီးအရွက်များကို ဝယ်ဖို့ တတ်နိုင်ကြလေသည်။
ထို့အပြင် ယန်းယန်၏သားလေးသည် ရှောင်လင်းယွီထံမှ အသီးအရွက်များကို စားဖူးပြီးကတည်းက တခြားကုန်စိမ်းသည်များထံမှ အသီးအရွက်များကို မစားတော့ပေ။ သူသည် အလွန်အစေားရွေးသည့်ကောင်လေး ဖြစ်လာတော့သည်။ သူမသားအတွက် ယန်းယန်သည် ရှောင်လင်းယွီထံမှ အသီးအရွက်များကို နေ့တိုင်းဝယ်ယူဖို့ ဆန္ဒရှိလေသည်။
ဤသည်မှာ ရှောင်လင်းယွီအတွက်လည်း ပြဿနာမရှိတာကြောင့် ခေါင်းညိတ်လိုက်လေသည်။ “ရတယ်လေ၊ ကျွန်မဖုန်းနံပါတ်က 13….” ခဏကြာပြီးနောက် သူမဖုန်းက မြည်လာကာ ရှောင်လင်းယွီလည်း ထုတ်ကြည့်လိုက်သည်။
ယန်းယန်က ပြုံးလိုက်လေသည်။ “အဲ့ဒါ ကျွန်မနံပါတ်ပဲ။ မင်း မြို့ပေါ်လာဖြစ်ရင် ဖုန်းဆက်ပေးဖို့ မမေ့နဲ့နော်။ ကျွန်မနာမည်က ယန်းယန်ပါ။”
“ကိစ္စမရှိဘူး။” ရှောင်လင်းယွီက ယန်းယန်၏ဖုန်းနံပါတ်ကို မှတ်ထားလိုက်သည်။ ရှောင်လင်းယွီသည် နောက်ရက်တွေလည်း ရောင်းဖို့ရှိနေဦးမည်ဖြစ်တာကြောင့် ယန်းယန်သည် တစ်နေ့စာအတွက်သာ ဝယ်ခဲ့ပြီး နောက်နေ့မနက်စောစောတွေမှ ထိုနေ့များအတွက် ဝယ်ရန် စီစဉ်လိုက်လေသည်။
ယန်းယန်တို့သားအမိထွက်သွားသည်နှင့် ရှောင်လင်းယွီလည်း သုံးဘီးဆိုင်ကယ်ကို ဆက်မောင်းလာခဲ့သည်။
သူမနှင့် သူမအမေတို့ အရင်တစ်ခေါက်ကရပ်ခဲ့ကြသည့် သစ်ပင်ကြီးနားရောက်ချိန်တွင် ရှောင်လင်းယွီသည် ချက်ချင်း သတိထားမိသွားခဲ့သည်။ “မိန်းကလေး။” ဒေါ်လေးလင်းက အပြေးရောက်လာခဲ့သည်။ “မိန်းကလေး၊ မင်းကို နောက်ဆုံးတွေ့ခဲ့တာကနေဆို ၁၀ရက်တောင်ရှိသွားပြီ။ မင်းကို အမြဲပတ်ရှာနေတာ။ မင်းရဲ့သုံးဘီးကို တခြားဘက်တွေရွှေ့သွားတာလား။”
ရှောင်လင်းယွီက ဒေါ်လေးလင်းကို နှုတ်ဆက်လိုက်လေသည်။ “အိုး ဒေါ်လေးပါလား။” သူမက ပြုံးလိုက်လေသည်။ “ကျွန်မ အသီးအရွက်တွေက အော်ဂဲနစ်တွေဖြစ်ပြီး အရသာရှိတယ်လို့ ဒေါ်လေးကိုပြောသားပဲ။ အခုတော့ ယုံသွားပြီလား။”
ဒေါ်လေးလင်းက ရယ်မောလိုက်လေသည်။ “ယုံပါပြီ၊ ယုံပါပြီ။ ငါရော ငါ့သမီးရော မင်းရဲ့အသီးအရွက်တွေအရဲ့ အရသာကို မေ့လို့ကိုမရတော့ဘူး။ အစားရွေးတဲ့ ငါ့သမီးတောင်မှ အရမ်းကို ချီးကျူးနေတာ။”
ရှောင်လင်းယွီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ဒါဆို ဒေါ်လေး၊ ဒီနေ့ရော ဘာတွေယူမလဲ။”
ဒေါ်လေးလင်းက လှပသည်စိမ်းစိုနေသည့် အသီးအရွက်များကိုကြည့်လိုက်ကာ၊ “မင်းရဲ့ခရမ်းချဉ်သီးတွေက ဟင်းချက်လို့ရော၊ အစိမ်းစားလို့ပါ ကောင်းတယ်။ ငါ့သမီးလည်း အရမ်းကြိုက်တာ။ ဒီတော့ ငါ့ကို ခရမ်းချဉ်သီး အလုံး ၂၀ပေး၊ ပြီးတော့…”
ရှောင်လင်းယွီက မှာယူသည်များကို ချိန်ပေးထည့်ပေးရင်း ပြောလာခဲ့သည်။ “ဒေါ်လေး၊ ကျွန်မမှာ နောက်သုံးလေးရက်အထိ ဈေးရောင်းထွက်ဦးမှာနော်။” တစ်နည်းပြောရရင်တော့ ဒေါ်လေးလင်းအနေနှင့် တခါတည်း အများကြီးဝယ်ဖို့ မလိုဘဲ နောက်ရက်တွေ ထပ်လာဝယ်၍ရပေသည်။
ဒေါ်လေးလင်းက ရယ်လိုက်လေသည်။ “အိုး ဒီလိုလား၊ ဒါဆို ငါ နောက်ရက် ထပ်လာခဲ့မယ်။ မိန်းကလေး၊ နောက်ရက်ရော ဒီနေရာမှာပဲရှိမှာလား။ ဒါမှမဟုတ် တခြားနေရာ ရွှေ့မှာလား။”
ရှောင်လင်းယွီက ပြန်ဖြေလေသည်။ “ကျွန်မ ဈေးထဲမှာရောင်းဖို့ စီစဉ်ထားတယ်။ ဒီနေရာက ဖြတ်သွားရုံပဲ။” ရှောင်လင်းယွီသည် ဒေါ်လေးလင်းကိုတော့ သူမငှားထားသည့် အိမ်လိပ်စာကို မပေးခဲ့ပေ။ ဤနေရာတွင် ဖြတ်သွားဖြတ်လူ မသိသည့်လူများစွာရှိနေတာကြောင့် သူမကိုသာ ပစ်မှတ်ထားမိသွားလျှင် ပြဿနာတွေရှိလာနိုင်သည်။
“ဟုတ်ပြီ၊ ငါသဘောပေါက်ပြီ။ ငါ့ကို ဒီအသီးအရွက်တွေ ထုပ်ပေးဦး။ ငါ့သူငယ်ချင်းတွေအတွက်ပါ ပိုဝယ်သွားဦးမယ်။”
ရှောင်လင်းယွီက ခေါင်းညိတ်လိုက်ကာ ထုပ်ပိုးပြီးနောက် ဒေါ်လေးလင်းကို ပေးလိုက်လေသည်။ “ဒေါ်လေး အားလုံးပေါင်း ၁၀၃ယွမ်ကျပါတယ်။ ဒေါ်လေးက ဒုတိယအကြိမ်ပြန်လာဝယ်တဲ့ ဖောက်သည်ဖြစ်သွားပြီဆိုတော့ ၃ယွမ် လျှော့ပေးလိုက်ပါ့မယ်။”
ဒေါ်လေးလင်းက ငွေပေးချေလာခဲ့သည်။ “မနက်ဖြန်မနက်ကျရင် ပြန်လာခဲ့မယ်နော်။” ဒေါ်လေးလင်းသည် မနက်ဖြန် မနက်စောစောလာရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လို့ အားလုံးရောင်းကုန်သွားမှ ဟုတ်ပေ့ဖြစ်နေမည်။
ရှောင်လင်းယွီတွင် နောက်တစ်ကြိမ် ပြန်ရောက်လာသည့် ဖောက်သည်အနည်းငယ်ရှိလာခဲ့သည်။ သူတို့က ဈေးကို စိတ်ထဲမထားတော့ပဲ ဝယ်ယူခဲ့ကြသည်။ “မိန်းကလေး၊ ငါ့ကို ခရမ်းချဉ်သီး ၁၀လုံး၊ ပြီးတော့ ဒါလေး ကတ်တီဝက်လောက်…”
“ငါလည်း ခရမ်းချဉ်သီးလိုချင်တယ်။ အရင်တစ်ခေါက်တုန်းက အမြည်းပဲစားလိုက်ရတယ်။ ဒီတစ်ခေါက်တော့ များများဝယ်သွားရမည်။ ဂေါ်ဖီတစ်ထုပ်လည်း ပေးပါဦး၊ ပြီးတော့…”
ထိုဖောက်သည်များသည် ရှောင်လင်းယွီ၏အသီးအရွက်များက ပေးရသည့်ဈေးနှင့်တန်ကြောင်း သိပြီးဖြစ်ကြလေသည်။
အချိန်ခဏလေးအတွင်းမှာပဲ ရှောင်လင်းယွီ၏သုံးဘီးပေါ်မှ အသီးအရွက် သုံးပုံတစ်ပုံက ကုန်သွားခဲ့လေသည်။ အရင်တစ်ခေါက်ကလိုပင် ခရမ်းချဉ်သီးက လူကြိုက်အများဆုံးဖြစ်သည်။ ခရမ်းချဉ်သီးများသည် အစိမ်းလည်းစားနိုင်သလို၊ ကြော်ချက်ပြီးလည်း စားနိုင်သည့်အပြင် အစိမ်းသုပ်ပြီးလည်း စားနိုင်သေးသည်။
တခြားကုန်စိမ်းသည်များကတော့ မနာလိုစိတ်များဖြင့် ရှောင်လင်းယွီကို စိုက်ကြည့်နေကြလေသည်။ သူတို့၏ကုန်များသည် ထိုနည်းအတိုင်းရောင်းထွက်လျှင် နေပူကြီးထဲမှာ အချိန်ကြာမြင့်စွာနေဖို့ မလိုတော့ပေ။
နာနတ်သီးများရောင်းသည့်လူ၊ လိမ္မော်သီးရောင်းသည့်လူနှင့် သစ်သီးစုံရောင်းသည့်လူတို့က စုဝေးက တီးတိုးပြောနေကြလေသည်။ “ဒီကောင်မလေးရဲ့အသီးတွေက အဲ့လောက်ပဲ အရသာရှိတာလား။ ကြည့်ပါဦး ဈေးကဒီလောက်ကြီးတာတောင် ရောင်းထွက်တာကတော့ မြန်သလားမမေးနဲ့။”
“ဟုတ်ပါ့၊ ခရမ်းချဉ်သီး၊ သခွားသီးနဲ့ ခရမ်းသီးအပြင် တခြားအသီးအရွက်တွေကိုလည်း တစ်ကတ်တီ ၁၀ယွမ်ကျော်နဲ့ကို ရောင်းနေတာ။”
“ပုံမှန်ဈေးကွက်ထဲမှာဆို အဲ့ဒီ ခရမ်းချဉ်သီး၊ သခွားသီးနဲ့ ခရမ်းသီးတွေက ဈေးကြီးတယ်လို့ သတ်မှတ်လို့ရပါတယ်။”
“သူ့ရဲ့သုံးဘီးတစ်စီးလုံးသာ ရောင်းကုန်သွားရင် ငွေတွေ ဘယ်လောက်တောင်မှရသွားလောက်မလဲပဲ။”
“သူ့ဈေးအတိုင်းသာဆို အနည်းဆုံး ယွမ် ၁ထောင်ကနေ ၂ထောင်ပဲ။”
“ပြီးတော့ တစ်နေ့တည်းအတွက်နော်။ တစ်လအတွက်သာဆို ယွမ်သောင်းကျော်ရမှာ။ အိမ်တစ်လုံးအတွက် စရံချလို့တောင်ရတယ်။”
ဒီခေတ်တွင် အိမ်ဈေးများမှာ နိမ့်နေသေးသည်။ စတုရန်းမီတာ ၁၂၀ ခန့်ရှိသည့် အိမ်တစ်လုံးကိုပင် ယွမ် ၂သိန်းမှ ၃သိန်းသာ ပေးရပေသည်။
“အဲ့ဒီရောင်းကုန်တွေ ဘယ်ကနေများယူလဲသိချင်သား။” သူတို့သာသိလျှင် သူမ၏တင်ပို့သူဆီကနေ သူတို့လည်း ဝယ်နိုင်ပေမည်။
“ဘယ်သိမှာလဲ။ ဒီကောင်မလေး ဒီနားကိုလာတာမြင်တာ အခုမှ ဒုတိယအကြိမ်ပဲရှိသေးတယ်။”
“ဒီအသီးအရွက်တွေအကုန်လုံးက အော်ဂဲနစ်တွေတဲ့။ အားလုံး သူ့ဘာသာစိုက်တာများဖြစ်နေမလား။”
“ဖြစ်နိုင်တာပဲ။”
ကုန်စိမ်းသည်သုံးဦး ဆွေးနွေးနေချိန်မှာပဲ ရှောင်လင်းယွီသည်လည်း သုံးဘီးကိုမောင်းကာ ထွက်သွားခဲ့လေသည်။ သူမ ဈေးဝင်ပေါက်သို့ ရောက်သည်နှင့် သူမဆီက အရင်တစ်ကြိမ် ဝယ်သွားဖူးသည့် ဖောက်သည်များကို တွေ့လိုက်ရပြန်သည်။
“မိန်းကလေး၊ ဒီရက်တွေအတွင်း ဘယ်ရောက်နေတာလဲ။ ငါ မင်းကို ခက်ခက်ခဲခဲကို လိုက်ရှာနေရတာ။”
“ဟုတ်တယ်၊ ငါရောပဲ၊ ငါ့ကလေးတွေက မင်းရဲ့အသီးအရွက်တွေကိုစားပြီးကတည်းက တခြားသူတွေဆီက အသီးအရွက်တွေကို ကျွေးလို့ကိုမရတော့ဘူး။ တကယ်ပဲ ဆံပင်ဖြူတွေ ထွက်လာတဲ့အထိကို ခေါင်းခဲရတယ်။”
“မိန်းကလေး၊ ငါ့ရဲ့ကိုယ်ဝန်ဆောင်နေတဲ့ဇနီးဆိုရင် မင်းရဲ့အသီးအရွက်တွေ ရအောင် ငါ ထပ်ပြီး မဝယ်လာနိုင်လို့ဆိုပြီး သောင်းကျန်းနေတော့တာ။ ငါ့အမေနဲ့ ငါ့ဇနီးကြားထဲ ပုံမှန်မဟုတ်တဲ့တင်းမာမှုတွေပါ ဖြစ်လာစေရောပဲ။ အသီးအရွက်တွေက ဘယ်လောက်ဈေးကြီးမှန်းလည်း သူ့အတွက်ဆို ငါဒီလောက် မသုံးဖူးပါဘူးဆိုပြီး အပြစ်တင်နေရော။ နောက်ဆုံးတော့ မင်းရောက်လာသေးတယ်။ အခုတစ်ခေါက်တော့ ငါနှစ်အိမ်စာဝယ်သွားမှဖြစ်တော့မယ်။ ငါ့ဇနီးအတွက်ရယ် ငါ့အမေအတွက်ရယ်လေ၊ မဟုတ်ရင် ငါ့ကို ဆက်တိုက် ပေါက်ပေါက်ဖောက်နေတော့မှာ။”
“ငါ့ရဲ့အဘေးကလည်း မင်းရဲ့အသီးအရွက်တွေစားပြီးတော့ ကလေးတစ်ယောက်လို နေ့တိုင်း ထပ်ဝယ်ခိုင်းနေတော့တာပဲ။ မင်းက ဈေးကိုမလာဘူးလို့ပြောရင်လည်း သူကိုယ်တိုင် အတင်းလာဖို့ လုပ်ရောလေ။ သူက အသက်အရမ်းကြီးနေပြီဆိုတော့ တစ်ခုခုဖြစ်သွားမှာစိုးပြီး ငါ့မှာ တစ်မိသားစုလုံးရဲ့ အဆူခံနေရရောပဲ။”
“ဟားဟား၊ အသက်ကြီးလာလေလေ၊ ကလေးတွေလို ဖြစ်လာလေပဲလေ။ ငါ့အဘိုးလည်း အတူတူပဲ။”
“ဟုတ်တယ်။ အခုဆို ငါ့တစ်မိသားစုလုံးက ငါ့အဘေးကို ချော့ဖို့ပဲ ကြိုးစားနေရတယ်။ ငါ့ရဲ့ ၄နှစ်ပဲရှိသေးတဲ့ အငယ်ဆုံးသားလေးတောင်မှ သူ့အဘေးကို သူ့သကြားလုံးလေးပေးဖို့ ကြိုးစားတဲ့အထိပဲ။ သူက သူ့အဘေးအိမ်မှာပဲ အန္တရာယ်ကင်းကင်းနေအောင်လို့ လာဘ်ထိုးဖို့ ကြိုးစားနေတာတဲ့လေ။ အရမ်းရယ်စရာကောင်းတယ်။”
“ဟားဟား…”
ရှောင်လင်းယွီ၏သုံးဘီးဆိုင်ကယ်တစ်ဝိုက်တွင် ရယ်သံများဖြင့် လွှမ်းခြုံသွားတော့သည်…
***