← Chapters

အလုပ်များတဲ့လူ

Vol. 7 Ch. 114

အလုပ်များတဲ့လူ

Vol. 7 Ch. 114

“ထျန်းဟောက်၊ ငါအားလုံး ဂရုစိုက်ပြီးပြီ။ ဗီဒီယိုဖျက်ပေးဖို့ ပြောထားတယ်။” လီယွမ်ဟန်က ပြောလိုက်သော်လည်း သူ စိတ်ရှုပ်နေတုန်းပင်။ “မင်းက ပုံမှန်ဆိုအလုပ်များတဲ့လူပါ။ ဘယ်လိုလုပ် ဒါမျိုးလုပ်ဖို့ပါ စိတ်ပါသွားတာလဲ။” အထူးသဖြင့် တစ်ခါမှမတွေ့ဖူးတဲ့ မိန်းမတစ်ယောက်အတွက်ပေါ့။

ကုန်းထျန်းဟောက်သည် သီးသန့်ချုပ်လုပ်ထားသော အနက်ရောင်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားကာ သူ့ခန္ဓာကိုယ်နှင့် ကွက်တိကျပြီး အချိုးအစားပေါ်လွန်စေသည်။ မျက်နှာသွင်ပြင်ကလည်း ထင်ရှားကာ တင်းမာလေသည်။ ထိုအခိုက်အတန့်တွင် သူ့အမူအရာသည်လည်း ရှုပ်ထွေးနေဟန်ပေါ်လေသည်။ ကုန်းထျန်းဟောက် မျက်မှောင်ကြုတ်လိုက်ကာ၊ “အဘိုးက မကြာခင် ဒီကိုလာတော့မှာ။ ဒီထူးထူးဆန်းဆန်း ဖြစ်ရပ်တွေကြောင့် ဒီနေရာကို ပရမ်းပတာမဖြစ်နေစေချင်ဘူး။”

‘ဟုတ်တယ်၊ အဲ့ဒါကြောင့်ပဲ။’

“အိုး၊ အဲ့လိုလား။” လီယွမ်ဟန်က သံသယဝင်နေတုန်းပင်။ “ဟုတ်ပါတယ်။ အကြီးအကဲ ဒီနေရာမှာ အေးအေးချမ်းချမ်းနေနိုင်ဖို့ ငါအတို့အကောင်းဆုံး ကူညီပေးသင့်တာပေါ့။”

သို့သော်လည်း လီယွမ်ဟန်၏မျက်လုံးများကတော့ အတင်းအဖျင်းတစ်ခုကို တွေးမိသွားသလိုမျိုး တောက်ပနေလေသည်။ ‘ဒါပေမယ့် အဲ့ဒီအမျိုးသမီးက ဘာလဲပဲ။ ဘယ်လိုပဲ ပြေးရတာကို အရူးအမူးဖြစ်နေတဲ့လူဆိုရင်တောင်၊ ဆိုင်ကယ်ရဲ့အရှိန်ကိုတောင် မှီတယ်တဲ့လား။ အိုလံပစ်မှာသာ ငါတို့နိုင်ငံကိုယ်စားပြုအနေနဲ့ဝင်ပြိုင်ရင် ငါတို့ဆုတွေအများကြီးရမှာပဲ။’

သို့သော်လည်း ကုန်းထျန်းဟောက်က ရုတ်တရက်ကြီး ဘာကြောင့် ထိုအမျိုးသမီးကို ကူညီပေးရလဲဆိုတာကိုတော့ ရှင်းမပြနိုင်ပေ။ လီယွမ်ဟန်သည် ကုန်းထျန်းဟောက်က ထိုမိန်းကလေးကို ကြိုက်သွားတာလားဟု တွေးလိုက်မိသော်လည်း ချက်ချင်းပင် ပယ်ချလိုက်လေသည်။ သခင်လေးကုန်းသည် သူလိုချင်သည့်မိန်းကလေးကို ရွေးယူနိုင်လေသည်။ ဘာလို့ မြို့ငယ်လေးတစ်မြို့က မိန်းကလေးတစ်ယောက်ကို ကြိုက်သွားပါ့မလဲ။

သို့သော်လည်း တခြားအကြောင်းအရင်းကိုတော့ လီယွမ်ဟန် မတွေးနိုင်ခဲ့ပေ။ ‘ထူးဆန်းလိုက်တာ။’

ကုန်းထျန်းဟောက်နှင့် လီယွမ်ဟန်တို့သည် သခင်ကြီးကုန်း အနားယူဖို့ တကယ်သင့်တော်သည့်နေရာ ဟုတ်မဟုတ် စုံစမ်းရန်အတွက် ရှင်းယင်ခရိုင်သို့ ကိုယ်တိုင်လာခဲ့ခြင်းဖြစ်သည်။ သူတို့ ဒီနေ့ပဲ ရောက်လာခြင်းဖြစ်သည်။ သူတို့ ဟိုတယ်မှ ထွက်လာ,လာချင်းမှာပဲ ဆိုင်ကယ်နောက်လိုက်နေသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရခြင်းပင်။ လီယွမ်ဟန်သည် ထိုမိန်းကလေး၏အပြေးနှုန်းကြောင့် အံ့ဩနေခဲ့သော်လည်း အလုပ်ကိစ္စရှိတာကြောင့် သူမကို လျစ်လျူရှုလိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။

သို့သော်လည်း နောက်များမှာတော့…

“သူတို့နောက်ကိုလိုက်။” အေးစက်စူးရှသည့်အသံတစ်သံက နောက်ထိုင်ခုံမှ ထွက်ပေါ်လာခဲ့သည်။

“ကောင်းပြီ။” လီယွမ်ဟန်ပြန်ဖြေလိုက်သည်။ သူ့ဘော့စ်က ပြောလာမှတော့ သူလည်း နောက်ကလိုက်ရုံသာရှိလေသည်။ ဆိုင်ကယ်က မှောက်သွားကာ လမ်းပေါ်က ကင်မရာများကလည်း ကောင်မလေး၏ စွမ်းအားရှင်တစ်ယောက်လို အမြန်နှုန်းကို မှတ်တမ်းတင်ထားပြီးနောက်မှာတော့ ထိုအမျိုးသားက ကိစ္စများကို ဖြေရှင်းလိုက်ရန် လီယွမ်ဟန်ကို ပြောလာပြန်သည်။ လီယွမ်ဟန် အတော်လေး စိတ်ရှုပ်သွားရသည်။

သူ ထိုမိန်းကလေးကို လေ့လာကြည့်ရာ သူဘယ်လိုပဲကြည့်ကြည့် သာမာန်သာ ထင်မိတုန်းပင်။ ဒါဆို သူ့ဘော့စ်က ပုံမှန်နဲ့မတူ ကွဲပြားစွာ ပြုမူပြီး ထိုမိန်းကလေးကို ကူညီရတဲ့အကြောင်းအရင်းက ဘာများလဲ။

လီယွမ်ဟန် မနေနိုင်ဘဲ မေးလိုက်တော့သည်။ “ထျန်းဟောက်၊ မင်းအဲ့မိန်းကလေးကို သဘောကျလို့လား။”

ကုန်းထျန်းဟောက်၏အကြည့်စူးစူးတို့က ချက်ချင်းပင် သူ့ထံသို့ရောက်ရှိလာကာ အေးစက်စွာ ပြောလိုက်လေသည်။ “အဲ့လိုရုပ်ဆိုးမကို ကြိုက်စရာလား။”

‘ရုပ်ဆိုးမ?’ ထိုမိန်းကလေးသည် မော်ဒယ်တစ်ယောက်လို မချောမောသော်လည်း ရုပ်ဆိုးမလို့ပြောရလောက်သည်အထိတော့ မဟုတ်ပေ။ သူမကို ကျေးလက်မှ လှပသည့်မိန်းကလေးတစ်ယောက်အဖြစ်တော့ သတ်မှတ်နိုင်ပေသည်။

“တော်ပြီ၊ အချိန်ဖြုန်းမနေနဲ့တော်။ ငါတို့ ထောင်ယွမ်ရွာကို ဆက်သွားရဦးမယ်။”

ကုန်းထျန်းဟောက်တွင် အချိန်အများကြီးမရှိပေ။ ထောင်ယွမ်ရွာသာ သူ့အဖိုးအတွက် သင့်တော်သည်ဆိုလျှင် သခင်ကြီးကုန်းကို ချက်ချင်းပြောင်းရွှေ့ပေးမည်ဖြစ်သည်။ ဒီလိုနဲ့ တခြားလူများ သူ့အဖိုးကို ထပ်ပြီးနှောက်ယှက်မည်အား ကာကွယ်ပေးနိုင်လိမ့်မည်။

“ကောင်းပြီ။”

…..

ရှောင်လင်းယွီကတော့ ထိုနောက်ကွယ်က အကြောင်းများကို တစ်ခုမှ မသိခဲ့ပေ။

သူမစိတ်အခြေအနေက မကောင်းနေခဲ့ပေ။ သူမအိတ်ကို အလုမခံရခင်တုန်းကတော့ အားလုံးအဆင်ပြေနေခဲ့သည်။ ဒါ့အပြင် ထိုသူခိုးနှစ်ယောက်သည် မတော်တဆပါဖြစ်သွားခဲ့ကာ သူတို့သေမလား ရှင်မလား မပြောနိုင်ပေ။

ဖုန်းဆက်ပြီးနောက်မှာတော့ ရှောင်လင်းယွီသည် မြေပေါ်ကလူနှစ်ယောက်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ရင်း ရဲများရောက်လာမည်ကို စောင့်နေလေသည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက်မှာတော့ သက်ဆိုင်ရာအားလုံး ရောက်လာခဲ့သည်။

“လူနာဘယ်မှာလဲ။”

“ဘယ်သူ ရဲခေါ်လိုက်တာလဲ။”

သက်သေယူပြီးနောက် ရှောင်လင်းယွီလည်း အမှန်အတိုင်းသာ ပြောခဲ့လေသည်။

“အဲ့လိုဖြစ်သွားတာပါ။” ရှောင်လင်းယွီက ပြောပြခဲ့သည်။ “သူတို့က မောင်းတာအရမ်းမြန်သွားပြီး လမ်းပေါ်က ကျောက်တုံးကို သတိမထားမိခဲ့ဘူး။ အဲ့ဒါပဲ ဆိုင်ကယ်မှောက်သွားတာ။” ရှောင်လင်းယွီပြောနေတုန်းမှာပဲ အရာရှိတစ်ယောက် လှမ်းအော်လာလေသည်။ “ခေါင်းဆောင်၊ ဒီကနေ ၆စင်တီမီတာအကွာမှာ ကျောက်တုံးတစ်ခုရှိပါတယ်။ အခုတော့ ကြေမွသွားပါပြီ။”

ရဲဘက်မှခေါင်းဆောင်နှင့် ယာဉ်ထိန်းရဲဘက်မှ ခေါင်းဆောင်များက ရောက်လာကာ ရှောင်လင်းယွီပြောတာကို အတည်ပြုကြသည်။

ထိုအချိန်မှာပဲ ယာဉ်ထိန်းရဲခေါင်းဆောင်၊ ကပ္ပတိန်ပိုင်က တစ်ခုခုကိုတွေးနေသလိုမျိုး မျက်မှောင်ကြုတ်ထားခဲ့သည်။ သူက ရှောင်လင်းယွီကိုကြည့်ကာ မေးလာလေသည်။ “မင်း သူတို့ကို ကျို့အန်းအနောက်လမ်းမကနေ ဒီနေရာအထိ လိုက်ခဲ့တာပေါ့။”

“ဟုတ်ပါတယ်။” ရှောင်လင်းယွီ ပြန်ဖြေခဲ့သည်။

“ကျို့အန်းမြောက်ဘက်လမ်းမနဲ့ ဒီနေရာက ဘယ်လောက်ဝေးလဲ မင်းသိရဲ့လား။ ၈ကီလိုမီတာတောင်ဝေးတာ။”

ဒီတော့မှ ရှောင်လင်းယွီသည် ထူးဆန်းနေသည်ကိ သတိထားမိသွားတော့သည်။ ‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။’

“ဆိုင်ကယ်ရဲ့အရှိန်က တစ်နာရီကို ၈၀ ကီလိုမီတာရှိတယ်။ ပြီးတော့ မင်းက အဲ့ဆိုင်ကယ်နောက်ကို ပြေးလိုက်နိုင်တယ်ပေါ့။ မင်း ဘယ်လောက်တောင် အမြန်ပြေးနိုင်တာလဲ။ တစ်နာရီကို ၈၀ ကီလိုမီတာလား။” ခေါင်းဆောင်ပိုင်၏အမူအရာမှာ တည်တင်းနေခဲ့သည်။ “ငါတို့နိုင်ငံရဲ့ အမြန်ဆုံးအားကစားသမားတောင်မှ တစ်စက္ကန့်ကို ၁၀မီတာ၊ တစ်နာရီကို ၁၈ကီလိုမီတာပဲပြေးနိုင်တယ်။” သူက ရှောင်လင်းယွီ လိမ်နေသည်ဟု သံသယဝင်နေခြင်းပင်။ ဘာပဲဖြစ်ဖြစ် သူမပြောသွားတာတွေက ယုံချင်စရာမှမကောင်းဘဲ။

ရှောင်လင်းယွီလည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမဘယ်လိုရှင်းပြရမလဲ မသိတော့ပေ။ သူမက စိတ်ရှုပ်လာခဲ့သည်။ ‘ငါပြေးတာ အဲ့လာက်မြန်လို့လား။’

ကပ္ပတိန်ပိုင်က ရှောင်လင်းယွီကိုကြည့်နေလေသည်။ သူမ၏ စိတ်ရှုပ်သွားသလိုအမူအရာက ဟန်ဆောင်နေခြင်းဟုတော့ သူမထင်ခဲ့ပေ။ “ငါတို့ ဒီအကြောင်း ပိုပြီးစုံစမ်းရဦးမယ်။ ငါတို့နဲ့ ရဲစခန်းကိုလိုက်ခဲ့ပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်။”

“ကောင်းပါပြီ။” ရှောင်လင်းယွီသည် သူမအမှန်အတိုင်းပြောခြင်းဖြစ်တာကြောင့် မကြောက်ပေ။ သို့သော်လည်း အမှန်တရားနောက်ကွယ်က အကြောင်းအရင်းအတွက်ကိုရော။ ဒါကိုတော့ သူမလည်း မရှင်းပြနိုင်ပေ။

ထိုဖြစ်ရပ်သည် ခါးပိုက်နှိုက်များမှစတင်ခဲ့ခြင်းဖြစ်ကာ နောက်ကွယ်တွင် ပူးပေါင်းကြံစည်မှုများသာမရှိလျှင် ထိုခါးပိုက်နှိုက်နှစ်ယောက်၏ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ်ပြန်ခံသွားရခြင်းသာဖြစ်ပေမည်။ သူတို့က သနားဖို့ မတန်ပေ။

ရဲစခန်းတွင် ရှောင်လင်းယွီကို နားနေခန်းတွင် နေခိုင်းလိုက်ပြီး ရဲနှင့် ယာဉ်ထိန်းရဲများကတော့ လုံခြုံရေးကင်မရာမှ ဗီဒီယိုများကို စစ်ဆေးဖို့ ထွက်သွားကြလေသည်။

ရှောင်လင်းယွီသည် သူမအိတ်ကို ဆွဲလုသွားသည်နှင့် ပြေးလိုက်သွားကာ ပါးစပ်မှလည်း အော်နေခဲ့သည်။ “ကူညီကြပါဦး။ အလစ်သုတ်သမားတွေပါ။” သူမ၏အရှိန်က မြန်လွန်းတာကြောင့် ဘေးမှလူများမှာ အံ့ဩမှင်သက်နေခဲ့ကြလေသည်။

သို့သော်လည်း ကျို့အန်းမြောက်ဘက်လမ်းမနှင့် ကွမ်းတောင်ဘက်လမ်းမရှိ ကင်မများဘက်သို့ ခြေရာဆက်ခံရာတွင်တော့ အားလုံးရပ်တန့်နေကာ ဗီဒီယိုများမှာ ဖျက်ဆီးခံထားရပြီး ဘာကိုမှ ကြည့်လို့မရတော့ပေ။

“အခုချက်ချင်း ပြန်ပြင်ကြ။” ကပ္ပတိန်ပိုင်က အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့” အရာရှိငယ်လေးက ပြန်ဖြေလိုက်သည်။ ထိုအရာရှိငယ်လေး တံခါးသို့ရောက်ချိန်မှာပဲ ကျန်းထောင်နှင့်တွေ့ရလေသည်။

“ခေါင်းဆောင်ကျန်း၊” ကျန်းထောင်က အခန်းထဲသို့ဝင်လာကာ မေးလေသည်။ “ကပ္ပတိန်ပိုင်၊ ဘာဖြစ်လို့လဲ။”

ကပ္ပတိန်ပိုင်က၊ “ခေါင်းဆောင်၊ ဆိုင်ကယ်နဲ့သူခိုးနှစ်ယောက်က မိန်းကလေးတစ်ယောက်ရဲ့ အိတ်ကို လုသွားလို့ပါ။ သူတို့က နောက်က အလိုက်ခံရပြီး ကံမကောင်းစွာနဲ့ဘဲ ယာဉ်တိုက်မှုဖြစ်သွားခဲ့တယ်။ သူခိုးနှစ်ယောက်ရဲ့ဒဏ်ရာက တော်တော်လေးပြင်းထန်ပါတယ်။ တစ်ယောက်က ခေါင်းကိုထိသွားလို့ အခု အရေးပေါ်ကယ်ဆယ်နေရပါတယ်။”

ကျန်းထောင်က မေးလာခဲ့သည်။ “တကယ်ကို ကံမကောင်းတာပဲ။ ဒါနဲ့ ဒီကိစ္စမှာ ဘာသံသယဖြစ်စရာပါလို့လဲ။”

ကပ္ပတိန်ပိုင်က ရှင်းပြလာလေသည်။ “ခေါင်းဆောင်၊ ပြဿနာကတော့ သူခိုးတွေက တစ်နာရီ ၈၀ ကီလိုမီတာနှုန်းနဲ့မောင်းပြီး ၈ကီလိုမီတာအထိ ရောက်လာပါတယ်။ ဒါပေမယ့် မိန်းကလေးက ပြေးလိုက်ရုံနဲ့ သူတို့ကို ဖမ်းမိလိုနီးပါးပဲ။ ခေါင်းဆောင်၊ လူတစ်ယောက်ရဲ့ပြေးနှုန်းက ဆိုင်ကယ်ရဲ့အရှိန်ကိုတောင် လိုက်မီနိုင်မယ်လို့ ထင်လား။”

“ဒါပေါ့၊ ဘယ်ဖြစ်နိုင်ပါ့မလဲ။” ကျန်းထောင်က ပြောလိုက်လေသည်။ “ဒါဆို မိန်းကလေးက လိမ်နေတာလို့ မင်းသံသယဝင်နေတာလား။”

ကပ္ပတိန်ပိုင်က ခေါင်းညိတ်လာသည်။ “ဟုတ်ပါတယ်၊ ဒါကြောင့်ပဲ စောင့်ကြည့်ကင်မရာတွေကနေတဆင့် ခြေရာခံမလို့ပါ။”

“ဒီတော့ ဘာရှာတွေ့ထားလဲ။” ကျန်းထောင်၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ အလေးအနက်မေးလာခဲ့သည်။

“ခြေရာခံလိုက်တော့ သူခိုးနှစ်ယောက်က မိန်းကလေးရဲ့အိတ်ကိုလုသွားပြီး သူကလည်း ပြေးလိုက်သွားတယ်။” ကပ္ပတိန်ပိုင်က ကျန်းထောင်အတွက် ဗီဒီယိုကို ပြန်ရစ်ပြလိုက်သည်။ “သူပြေးတာ အရမ်းမြန်ပေမယ့် ကျို့အန်းမြောက်ဘက်လမ်းနဲ့ ကွမ်းတောင်ဘက်လမ်းကို ဖြတ်သွားတဲ့အချိန်မှာ စောင့်ကြည့်ကင်မရာတွေက အလုပ်မလုပ်တော့ဘူး။ ဒါကြောင့် ရှောင်ဝမ်ကို သွားစစ်ခိုင်းလိုက်တာ။ ခေါင်းဆောင်၊ ကျွန်တော့်…” ကပ္ပတိန်ပိုင်က သူ့သံသယကိုပြောတော့မည့်အချိန်မှာပဲ ကျန်းထောင်က အံ့ဩတကြီးရေရွတ်လာလေသည်။ “အဲ့ဒါ ရှောင်လင်းယွီမဟုတ်လား။” ကျန်းထောင်သည် ခြေရာကောက်ဗီဒီယိုထဲမှ မိန်းကလေးကိုမြင်ပြီး အံ့ဩသွားခဲ့သည်။

“ဟုတ်တယ်၊ သူ့နာမည်က ရှောင်လင်းယွီပါ။ ခေါင်းဆောင် သူ့ကိုသိလို့လား။” ကပ္ပတိန်ပိုင်လည်း အံ့ဩသွားလေသည်။

ကျန်းထောင်က ခေါင်းညိတ်လိုက်သည်။ “သူက အစ်မကြီးဟုန်ရဲ့ လူကုန်ကူးဂိုဏ်းကို ဖြတ်ချဖို့ ကူညီပေးခဲ့တဲ့ လူစွမ်းကောင်းမလေးပဲ။”

ကပ္ပတိန်ပိုင် အံ့ဩသွားခဲ့သည်။ “သူက အဲ့တစ်ယောက်လား။ သူ့ပုံစံကြည့်ရတာ နူးနူးညံ့ညံ့လေးဆိုပေမယ့် ဉာဏ်ကောင်းပြီး ပါးနပ်တာပဲ။”

“ဟုတ်တယ်၊ သူပဲ။ သူက ရိုးသားတဲ့လူပါ။ ဒီမတော်တဆမှုနောက်ကွယ်ကလူ မဖြစ်နိုင်ဘူး။ ဟုတ်တယ်၊ မဖြစ်နိုင်ဘူး။” ထို့နောက် ကျန်းထောင်က တစ်ခုခုကို သတိရသွားလေသည်။ “ဒီမိန်းကလေးရဲ့ ကိုယ်ခံစွမ်းအားက အတော်လေးကို ကောင်းတယ်။ အရင်တစ်ခေါက် အမှုတုန်းက သူက လူကုန်ကူးသမားခြောက်ယောက်ရဲ့ လက်ထဲက ကောင်လေးကိုကယ်ခဲ့တယ်လေ။ သူက ငါတို့ကိုကူညီပြီး တခြားကလေးတွေကို ကယ်တင်ပေးပြီး၊ ရာဇဝတ်ကောင်တွေကို ငါတို့ဖမ်းလို့ရအောင် လမ်းဖောက်ပေးခဲ့တာ။ ရှောင်လင်းယွီ အခုဘယ်မှာလဲ။”

“သူ နားနေခန်းမှာပါ။” ကပ္ပတိန်ပိုင်က ပြောလိုက်သည်။

“ကပ္ပတိန်၊ ခေါင်းဆောင်။” ရှောင်ဝမ်က ပြန်ရောက်လာခဲ့သည်။ “ကျွန်တော် စစ်ကြည့်ပြီးသွားပြီ။ ကျို့အန်းမြောက်ဘက်လမ်းနဲ့ ကွမ်းတောင်ဘက်လမ်းက စောင့်ကြည့်ကင်မရာတွေ ပျက်နေပါတယ်။ ပြန်ပြင်ပြီးသွားရင်တောင်မှ အရင်ဗီဒီယိုတွေကို ပြန်ရတော့မှာမဟုတ်ဘူး။”

ကပ္ပတိန်ပိုင်က ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီ။”

“ဒါပေမယ့် မတော်တဆမှုဖြစ်တဲ့ ချန်းတုံ့လမ်းကြားမှာရှိတဲ့ ကင်မရာကတော့ ကောင်းပါတယ်။”

ကပ္ပတိန်ပိုင်နှင့် ကျန်းထောင်တို့ ဗီဒီယိုကို ကြည့်ရှုလိုက်ကြသည်။

ထိုဗီဒီယိုထဲတွင်တော့ မတော်တဆမှုဘယ်လိုဖြစ်သွားလည်းကို ပြနေလေသည်။ ယာဉ်မောင်းဆံဝါက နောက်ကြည့်မှန်ကိုကြည့်နေပြီး လမ်းပေါ်က ကျောက်တုံးကို သတိမထားလိုက်မိပေ။ ဆိုင်ကယ် မှောက်သွားချိန်တွင် ရှောင်လင်းယွီသည် သူတို့နှင့် မီတာ ၁၀၀ မက ဝေးသည့်နေရာတွင် ရှီနေလေသည်။ ဒါကြောင့် ရှောင်လင်းယွီသည် ဆိုင်ကယ်မှောက်အောင် လုပ်သူမဖြစ်နိုင်ပေ။

ကပ္ပတိန်ပိုင်ကတော့ ရှောင်လင်းယွီသည် ကိုယ်တိုင်ပြေးပြီးလိုက်လာနိုင်ခြင်းဖြစ်သည်ကို မယုံကြည်နိုင်သေးပေ။ သို့သော်လည်း ထိုအတွက် သက်သေလည်း မရှိပေ။

ဒါပေါ့၊ ချန်းတုံ့လမ်းကြားက ဗီဒီယိုကတော့ ဆိုင်ကယ်သည် ယာဉ်မောင်း၏ သတိမဲ့မှုကြောင့် မှောက်ခြင်းဖြစ်ကြောင်း သက်သေပြသွားပြီဖြစ်သည်။ ကပ္ပတိန်ပိုင်အနေနှင့် ရှောင်လင်းယွီကို ထပ်စောင့်ကြည့်ရန် မလိုတော့ပေ။ မဟုတ်လည်း သူမက စွမ်းအားရှင်ဟူသည့်အဖြေသာ ရလာပေတော့မည်။

ကပ္ပတိပိုင်လည်း စဉ်းစားကြည့်လိုက်ပြီးနောက် သူ့တင်ပြချက်ကို ပြောရန်အတွက် ယာဉ်ထိန်းဌာနသို့ ဖုန်းဆက်လိုက်လေသည်…

***

All Chapters