ဒီလူတွေဘာဖြစ်နေကြတာလဲ။
Vol. 7 Ch. 117
ရှောင်လင်းယွီသည် သူမမောင်အတွက် ခရမ်းချဉ်သီးနှင့် သခွားသီးများပို့ပြီးနောက် ငှားထားသည့်အိမ်သို့ ပြန်လာခဲ့လေသည်။
သူမက အိပ်ရာပေါ်တွင် ခဏလှဲကာ အနားယူရင်း မတတ်နိုင်စွာဘဲ ကြောက်ရွံ့မှုနှင့် စိတ်မသက်မသာဖြစ်စွာ ခံစားမိလေသည်။
လမ်းကြားထဲကဗီဒီယိုက သူမနာမည်ကို ရှင်းပေးလိုက်နိုင်သည့်အတွက် သူမကျေးဇူးတင်ရမည်။ ဒါ့အပြင် တခြားကင်မရာတွေက ပျက်နေသည့်အတွက်ကို ပိုလို့တောင်မှ ကျေးဇူးတင်ရပေဦးမည်။ မဟုတ်ပါက ရှင်းလို့နိုင်တော့မည်မဟုတ်ပေ။ အခုခေတ်တွင် လူအများစု၌ လက်ကိုင်ဖုန်းများမရှိနေသေးသည်ကို ကျေးဇူးတင်ရမည်၊ မဟုတ်ပါက သူမသတင်းက အင်တာနက်ပေါ်တွင် မြန်မြန်ဆန်ဆန် ပျံ့နှံ့ကာ နာမည်ကြီးသွားလိမ့်မည်။ ထိုသို့ဆိုလျှင် သူမမိသားစုအတွက်လည်း ပြဿနာများစွာ ရှိလာနိုင်ပေသည်။
ရှောင်လင်းယွီ လှဲနေတုန်းမှာပဲ အရင်တစ်ခေါက် ရဲများကို ကူညီကာ လူကုန်ကူးဂိုဏ်းကို နှိမ်နင်းတုန်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စကို သတိရသွားခဲ့လေသည်။ သူမက သာမာန်လူသားများထက် အလွန်မြန်နေခဲ့ခြင်းပင်။ ထိုအချိန်တုန်းက သူမကိုမြင်သွားသည့် ရဲအရာရှိများသည် အံ့ဩထိတ်လန့်ကာ နားမလည်နိုင်စွာ ကြည့်နခဲ့ကြသည်ကို သူမမှတ်မိနေသေးသည်။
ထိုနေ့မနက် ကျန်းထောင်နှင့်အတူရှိတုန်းက သူဘယ်လောက်တောင်မှ ချီတုံချတုံဖြစ်နေသည်ကို သူမမှတ်မိနေသေးသည်။ သေချာပေါက် သူမ၏စူပါအရှိန်နှုန်းနှင့်ပတ်သတ်ပြီး သူ မေးချင်နေခြင်းဖြစ်ပေမည်။
တကယ်တော့ ရှောင်လင်းယွီလည်း သိချင်နေမိသည်။ သူမတွေးကြည့်ရာ တစ်ခုတည်းသော အကြောင်းပြချက်မှာ စမ်းရေသာရှိပေသည်။ အဲ့လိုပဲဖြစ်လိမ့်မည်။
စမ်းရေကိုသောက်ကာ စမ်းရေဖြင့် ရေချိုးပြီးနောက် သူမ၏ခန္ဓာကိုယ်က ပိုလို့သန့်စင်လာခဲ့သည်။ သူမခန္ဓာကိုယ်၏စွမ်းဆောင်ရည်ကိုလည်း ပို၍မြင့်မားလာစေကာ ပေါ့ပါးသွက်လက်လာခဲ့သည်။ ဒီအကြောင်းပြချက်တစ်ခုတည်းကပဲ သူမဘာကြောင့် မြန်မြန်ပြေးနိုင်ကာ လှုပ်ရှားမှုများက မြန်ဆန်နေလဲဆိုသည်ကို ရှင်းပြနိုင်ပေသည်။
နောက်ပိုင်းမှာတော့ သူမသေချာဂရုစိုက်နေသင့်ပေပြီ။ ဒီတစ်ခေါက်တော့ လွတ်မြောက်သွားပေမယ့် အမြဲတမ်းအတွက် ဘေးကင်းနိုင်မည်ဟု မဆိုလိုပေ။
သူမပတ်ဝန်းကျင်တွင် ထူးဆန်းသည့်ကိစ္စများ ပိုများများဖြစ်လာလေ လူတွေကလည်း ပို၍ သံသယများလာကြပေလိမ့်မည်။ ထို့ကြောင့် သူမအထူးဂရုစိုက်သင့်သည်။ စိုက်ပျိုးရေးနေရာလွတ်အကြောင်းသာ ဖော်ထုတ်ခံလိုက်ရလျှင် အဆိုးဆုံးမှ သူမ၏ကျောက်စိမ်းဆွဲပြားကို လွှဲအပ်လိုက်လို့ရသည်။ သို့သော်လည်း အစိုးရဘက်ကသာ သူမကိုဖမ်းကာ စမ်းသပ်မှုများလုပ်ချင်လာလျှင်တော့ နောက်ပြန်မဆုတ်နိုင်လောက်သော ဆိုးရွားသည့်ကြေကွဲဖွယ်အဆုံးသတ်မျိုးရရှိလာနိုင်သည်။
ရှောင်လင်းယွီ သက်ပြင်းမောကြီးချကာ နောက်ပို ပိုပြီးသတိထားမည်ဟု ကျိန်ဆိုလိုက်သည်။ စိုးရိမ်ပူပန်စိတ်များစွာဖြင့် ရှောင်လင်းယွီတစ်ယောက် တဖြည်းဖြည်း အိပ်မောကျသွားခဲ့လေသည်။
နောက်တစ်နေ့မနက်စောစောမှာတော့ ရှောင်လင်းယွီ ပြန်လည်နိုးထလာကာ နေ့သစ်တစ်နေ့ကို ကြိုဆိုလိုက်သည်။ သူမနာရီကိုလှမ်းကြည့်လိုက်ရာ မနက် ၅နာရီခွဲရှိပေပြီ။ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီးနောက် စိုက်ပျိုးရေးနေရာလွတ်ထဲမှ အသီးအရွက်များကို ထုတ်ယူလိုက်သည်။
သူမခန့်မှန်းထားသလောက် မကြာခင်မှာပဲ အဘွားစုန့်နှင့် အဘွားလီတို့ ရောက်လာနိုင်ပေသည်။
အသေအချာကိုပင် ၆နာရီထိုးပြီး မကြာခင်မှာပဲ အဘွားစုန့်နှင့် အဘွားလီတို့ ရောက်လာခဲ့ကြသည်။
“ယွီအာ၊ ယွီအာ။” အဘွားနှစ်ယောက်က ခြံတံခါးအပြင်ဘက်ကနေပြီး ရှောင်လင်းယွီကို အော်ခေါ်ကြလေသည်။ ရှောင်လင်းယွီလည်း ခြံတံခါးကိုဖွင့်လိုက်ကာ အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လိုက်သည်။
“ကောင်းသောနံနက်ခင်းပါ၊ အဘွားစုန့်၊ အဘွားလီ။”
ရှောင်လင်းယွီက ပြုံးကာမေးလိုက်လေသည်။ “အဘွားတို့၊ ဒီနေ့ဘာယူကြမလဲ။”
အဘွားစုန့်က ချီးကျူးလာလေသည်၊ “မင်းရဲ့ထွက်ကုန်တွေကတော့ အရမ်းအရသာရှိတာပဲ။ ပြုတ်ရုံပြုတ်တာတောင် ငါ့ကလေးတွေရော ငါ့မြေးတွေရော စားဖို့ လုနေကြရော။”
“ဟုတ်တယ်။ ငါ့အကြီးဆုံးမြေးဆိုရင် မင်းဆီက အသီးအရွက်တွေစားပြီးကတည်းက အရမ်းကို ဖြတ်လတ်တက်ကြွနေလာတာ။” အဘွားလီကပါ ဝင်ထောက်ခံလေသည်။ အဘွားနှစ်ယောက် သူတို့လိုသည့် အသီးအရွက်များကို ရွေးယူကာ ငွေပေးချေပြီးနောက် ပြန်သွားကြလေသည်။ ရှောင်လင်းယွီ ဈေးရောင်းထွက်မည့်အချိန်ကို မနှောင့်နှေးစေလိုကြခြင်းကြောင့်ဖြစ်သည်။ အဘွားနှစ်ယောက် ထွက်လာသည်နှင့် ခြံတံခါးတွင် အမျိုးသမီးငယ်တစ်ယောက်နှင့် တည့်တည့်တိုးကြလေသည်။
ယန်ယန်းက သူမ အရမ်းအစောကြီးလာမိပြီဟု တွေးနေတုန်းရှိသေး သူမထက် ပိုစောပြီးလာကြသည့်လူများကို တွေ့လိုက်ရလေသည်။
“အဘွားတို့ အစောကြီးပါလား။ အဘွားတို့လည်း ဒီမှာ အသီးအရွက်တွေ လာဝယ်ကြတာလား။” ယန်ယန်းက အစပြုကာ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်လေသည်။
အဘွားစုန့်က ပြုံးလိုက်ကာ၊ “မိန်းကလေးရော မိန်းကလေးရှောင်ဆီက အသီးအရွက်ဝယ်ဖို့လာတာလား။”
“ဟုတ်ပါတယ်၊ အဘွား။” ယန်ယန်းက ပြုံးကာ ပြန်ဖြေလိုက်လေသည်။ “ကျွန်မမိသားစုက သူ့ဆီက သီးနှံထွက်ကုန်တွေကို အရမ်းကြိုက်ကြလို့လေ။”
“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒါဆိုလည်း ဝင်သွားလိုက်တော့။ အဘွားတို့တော့ ပြန်လိုက်ဦးမယ်။” အဘွားစုန့်က ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။
ယန်ယန်းလည်း ပြန်ခေါင်းညိတ်ပြပြီးနောက် ခြံထဲသို့ ဝင်သွားလိုက်လေသည်။ “မစ္စရှောင်၊ ဒီနေရာက တော်တော်လေးကောင်းပေမယ့် နည်းနည်းလူပြတ်တယ်နော်။”
ရှောင်လင်းယွီက ပြန်ဖြေလာခဲ့သည်။ “ဘာလို့ဆို ဒီနေရာရဲ့ငှားခက ဈေးသက်သာလို့လေ။”
ယန်ယန်းမယုံသော်လည်း အတင်းဖိအားပေးပြီး မမေးခဲ့ပေ။ သူမက သုံးဘီးဆိုင်ကယ်ပေါ်ရှိ ချစ်စရာကောင်းစွာ တောက်ပလတ်ဆတ်နေသည့် အသီးအရွက်များကိုသာ ကြည့်လိုက်လေသည်။ “အရမ်းကောင်းတာပဲ။ အားလုံးတောင် ဝယ်ပစ်ချင်တယ်။ ရွေးရခက်လိုက်တာ…။ ဘာဝယ်ရင်ကောင်းမလဲ။ ဘာဝယ်ရင်ကောင်းမလဲ။” ထိုသို့ဖြင့် ယန်ယန်းသည်လည်း သူမလိုချင်သည့် အသီးအရွက်များကိုရွေးယူကာ ငွေချေပြီးနောက် ပြန်သွားလေသည်။
ထို့နောက်မှာတော့ ရှောင်လင်းယွီသည်လည်း သုံးဘီးကိုမောင်းကာ ဈေးသို့ ထွက်လာခဲ့လေသည်။ မနေ့ကနေရာမှာပဲ သူမကိုစောင့်နေကြသည့် လူတစ်အုပ်ရောက်နေပြီဖြစ်သည်။ သူတို့ ရှောင်လင်းယွီကို မြင်သွားသည်နှင့် ချက်ချင်းပင် အပြေးရောက်လာကြတော့သည်။
“ကောင်မလေး နောက်ဆုံးတော့ ရောက်လာပြီပေါ့။ မင်းကိုစောင့်ဖို့ ငါဘယ်လောက်တောင် အစောကြီးထခဲ့ရလဲ သိရဲ့လား။ ငါရောက်တဲ့အချိန်ကျ မင်းဆီမှာ ပစ္စည်းပြတ်သွားတာမျိုး ဖြစ်နေမှာစိုးလို့လေ။ မင်းဆီက အသီးအရွက်တွေသာ ပါမလာရင် ငါ့သားက ပြဿနာရှာမှာ။”
“ငါလည်းအတူတူပါပဲ။ ငါ့ချွေးမက ကိုယ်ဝန်ရှိကာစလေ။ ဘာကိုမှမစားနိုင်ဘူး။ ဒါပေမယ့် မနေ့တုန်းက မင်းဆီက အသီးအရွက်တွေဝယ်သွားပြီး ချက်ကျွေးလိုက်တဲ့နောက် သူ့စားချင်စိတ်က ပြန်ကောင်းလာတယ်။ မနေ့ညကဆို မင်းဆီက ထပ်ဝယ်ပေးဖို့ ပြောနေတာလေ။ အဲ့ဒါကြောင့် စောစောစီးစီးရောက်နေရတာ။ ဟဟဟ။”
“ကျွန်မခင်ပွန်းလည်း အတူတူပါပဲ။”
ရှောင်လင်းယွီ၏သုံးဘီးအနားတွင် ဝယ်သူများဝိုင်းအုံနေကာ သူတို့၏အတွေ့အကြုံများကို ရယ်ရယ်မောမော ပြောဆိုနေကြလေသည်။
“မိန်းကလေး၊ မင်းရဲ့အသီးအရွက်တွေက ဘာလို့ ဒီလောက်တောင် အရသာရှိနေရတာလဲ။” ကိုယ်ဝန်ရှိနေသည့်ချွေးမရှိကြောင်း ပြောလာသည့် ဒေါ်လေးက မေးလာခဲ့သည်။ သူ့ချွေးမကသည် ကိုယ်ဝန်ရှိစဖြစ်တာကြောင့် သူမ၏အစားအသောက်မှန်သမျှကို သတိထားနေရလေသည်။ သူမချွေးမက ရှောင်လင်းယွီ၏အသီးအနှံများကလွဲပြီး တခြားဘာမှမစားနိုင်တော့တာ ထူးဆန်းလှသည်။ ဘာတွေများ ထူးခြားနေလို့လဲ။ ပြီးတော့ ကိုယ်ဝန်ဆောင်သည်ကို အန္တရာယ်ဖြစ်စေလောက်မလား။
ရှောင်လင်းယွီက ပြုံးလိုက်လေသည်။ “ဒေါ်လေး၊ ဒီအသီးအရွက်တွေက စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီက ကျွန်မသူငယ်ချင်းက စိုက်ထားတာတွေပါ။ သူက အရည်အသွေးအမြင့်ဆုံးကောက်ပဲသီးနှံတွေရဲ့ အဆီအနှစ်တွေကို ထုတ်ယူပြီး သိပ္ပံနည်းကျ နည်းလမ်းတွေကိုသုံးထားတာ။ ဒါတွေကို ပိုးသတ်ဆေးရော လေထုညစ်ညမ်းမှုရော မပါဝင်ဘဲ စိုက်ပျိုးထားတာဖြစ်လို့ အရသာက အရမ်းကောင်းနေရတာလေ။”
“အာ…” အားလုံးက နားလည်သွားကာ ခေါင်းတညိတ်ညိတ်ဖြစ်သွားကြသည်။
“သူတို့က အဆင့်အမြင့်ဆုံးသိပ္ပံနည်းလမ်းတွေကို အသုံးပြုပြီး စိုက်ပျိုးထားတာကိုး။ အရသာက အရမ်းသန့်စင်ပြီးလတ်ဆတ်နေတာ မထူးဆန်းတော့ပါဘူး။”
“အဲ့ဒါတင်မကဘူး၊ ဒီသီးနှံတွေက ခန္ဓာကိုယ်အတွက်အကျိုးရှိပြီး စိတ်ဝိညာဉ်ကိုလည်း မြှင့်တင်ပေးနိုင်သေးတယ်။” ရှောင်လင်းယွီက ထပ်ပေါင်းပြောလိုက်သည်။
“မင်းပြောမှပဲ၊ ငါ့ယောက္ခထီးက အခုတလော ခြေထောက်နာလို့ဆိုပြီး အမြဲညည်းညူနေတာ။ တကယ်ကိုသည်းမခံနိုင်လောက်အောင်ပဲ။ ဒါပေမယ့် မနေ့က မင်းရဲ့အသီးအရွက်တွေလည်း စားပြီးရော နေလို့တော်တော်ကောင်းသွားတယ်လေ။ အရမ်းလည်း မနာတော့ဘူးတဲ့။ ဒီမနက်တုန်းက ငါ့ယောက္ခမနဲ့အတူ အိမ်ကို ပတ်လျှောက်နေတာတောင် မြင်လိုက်သေးတယ်။ ငါတို့တောင် အရမ်းဆန်းကြယ်တာပဲဆိုပြီး တွေးနေတာ။ ဒီတော့ မင်းရဲ့အသီးအရွက်တွေကြောင့် ဖြစ်နေတာကိုး။”
ရှောင်လင်းယွီ ပြုံးသာပြုံးလိုက်ပြီး ပြန်မဖြေတော့ပေ။ နှိမ့်ချနေခြင်းက အရေးကြီးကြောင်း သူမကောင်းကောင်း နားလည်ပေသည်။
“ဟုတ်တယ်၊ ကျွန်မဆိုလည်း အစာအိမ်နာတာ နှစ်ချီနေပြီ။ နည်းနည်းလေး ရာသီဥတုအေးလိုက်တာနဲ့ ဗိုက်ကအောင့်လာရော။ ဒါပေမယ့် မင်းရဲ့ခရမ်းချဉ်သီးတွေလည်းစားပြီးရော ငါ့ဗိုက်ပေါ် အနွေးအိတ်တစ်လုံးတင်ထားသလိုပဲ။ တစ်ခါမှ ဒီလောက် နေသာထိုင်သာ မရှိဖူးဘူး။”
ဖောက်သည်များက ရှောင်လင်းယွီ၏အသီးအနှံများကို စားသုံးပြီးနောက် သူတို့၏ကာလရှည်ကြာသည့် ရောဂါလက္ခဏာများက တိုးတက်ကောင်းမွန်လာကြောင်း သဘောပေါက်သွားကာ အတွေ့အကြုံများကို ဝေမျှနေကြလေသည်။ လူတိုင်းက အံ့ဩတကြီးဖြစ်နေကာ သုံးဘီးတစ်စီးစာလုံးကိုဝယ်ပြီး အိမ်သို့ ပြန်သယ်သွားချင်သည်အထိပင်။
ထို့ကြောင့် ဖောက်သည်များသည် အရင်နေ့ကထက်ပင် ပမာဏပိုများစွာ ဝယ်ယူခဲ့ကြလေသည်။ တခြား ဖြတ်သွားဖြတ်လာအချို့ကလည်း လူအုံနေသည်ကိုမြင်ပြီး ရပ်ကြည့်မိကြလေသည်။ လူတစ်အုပ်က အသီးအရွက်လေးများကြောင့်ဖြင့် လုယက်ဝယ်ယူနေကြသည်ကိုမြင်ပြီး သူတို့ နားမလည်နိုင်ဖြစ်သွားကြလေသည်။ ထိုအသီးအရွက်တွေက အရမ်းအရသာရှိပြီး ခန္ဓာကိုယ်အတွက်လည်း အကျိုးအာနိသင်များရှိကြောင်း ကြားလိုက်ရချိန်မှာတော့ သူတို့ သံသယဖြစ်မိသွားကြလေသည်။ ဒီကုန်စိမ်းသည်က သူ့အသီးအရွက်တွေရောင်းကောင်းဖို့အတွက် သရုပ်ဆောင်ပေးမည့်လူတွေငှားကာ ချီးကျူးစကားများပြောခိုင်းထားတာလား။ အဓိပ္ပါယ်မရှိလိုက်တာ။
ထို့ကြောင့် လူတချို့ကတော့ ကောင်းမကောင်းသိရရန် အသီးအရွက်လုဝယ်နေသည့် လူအုပ်ထဲသို့ ဝင်ရောက်ပူးပေါင်းသွားကြလေသည်။
မနက် ၇နာရီဝန်းကျင်မှာတော့ လူတော်တော်များများ ဈေးသွားရန်အတွက် နိုးလာကြပြီဖြစ်သည်။ ရှောင်လင်းယွီက ဈေးသွားသည့်လမ်းကြောင်းပေါ်တွင် ရပ်ထားခြင်းဖြစ်သည်။ လူအုံနေသည်ကိုမြင်သည်နှင့် ဈေးသို့လာသည့် လူတော်တော်များများကလည်း အခြေအနေကိုစူးစမ်းကြလေသည်။ ရလဒ်ကတော့ လူအုပ်ကြီးက ပိုပိုများလာခြင်းပင်။
တစ်နာရီတောင် မပြည့်သေးခင်မှာပဲ အသီးအရွက် သုံးပုံနှစ်ပုံလောက်ရောင်းထွက်သွားခဲ့လေသည်။ ခရမ်းချဉ်သီးများကတော့ အစိမ်းပါစားလို့ကောင်းတာကြောင့် ရောင်းအားအကောင်းဆုံး ဖြစ်နေဆဲပင်ဖြစ်သည်။ ထိုခရမ်းချဉ်သီးများကို ကလေးများက ကျောင်းသို့ယူသွားနိုင်သလို၊ လူကြီးများက အလုပ်သို့ ထုပ်သွားနိုင်ပြီး အဘိုးအဘွားများကတော့ သရေစာအဖြစ် စားသုံးနိုင်လေသည်။ ထို့အပြင် ခရမ်းချဉ်သီးသည် အခြားထွက်ကုန်များနှင့်ယှဉ်လျှင် ပို၍လည်း ဈေးသက်သာသေးသည်။
ရှောင်လင်းယွီ ဈေးသို့ရောက်သွားချိန်မှာတော့ သူမဆိုင်ကယ်ပေါ်တွင် ခရမ်းချဉ်သီးမကျန်တော့ပေ။ ဈေးတွင်လည်း သူမကိုစောင့်နေသည့် လူတစ်စုရှိနေပြီးဖြစ်သည်။ ရှောင်လင်းယွီ၏သုံးဘီးဆိုင်ကယ်ကိုမြင်လိုက်သည်နှင့် သူတို့က၊ “မိန်းကလေး၊ ဒီနေ့ ခရမ်းချဉ်သီးမပါဘူးလား။”
ခရမ်းချဉ်သီးကတော့ လူတိုင်းအကြိုက်အသီးအနှံတစ်မျိုးဖြစ်လို့နေလေသည်။
“ရောင်းကုန်သွားတာပါ။” ရှောင်လင်းယွီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ရောင်းကုန်တာလား။” တစ်ယောက် အံ့ဩသွားခဲ့သည်။ “မိန်းကလေး၊ မင်း ဒီကိုမလာခင် တစ်နေရာရာမှာ ရပ်သေးတာလား။”
ရှောင်လင်းယွီက အောက်ဘက်ကလမ်းကို လက်ညှိုးထိုးပြကာ၊ “ကျွန်မ ဒီအောက်ကလမ်းရဲ့ သစ်ပင်တွေအောက်မှာ ရပ်သေးတယ်လေ။”
“အဲ့ဒီမှာရပ်သေးတာကိုး။ ဒါနဲ့ မင်း မနက်ဖြန်ရော လာဦးမှာလား။”
“လာမှာပါ။”
“ကောင်းလိုက်တာ။”
မကြာခင်မှာပဲ သုံးဘီးတစ်စီးစာလုံး ရောင်းကုန်သွားတော့သည်။
“မိန်းကလေး၊ အားလုံးရောင်းကုန်သွားပြီလား။” တချို့ နောက်တစ်ကြိမ်ပြန်လာသည့် ဖောက်သည်များက သူတို့ရောက်ရောက်ချင်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်မိကြလေသည်။ “ဘယ်လိုကြောင့်များ ဒီလောက်မြန်မြန်ရောင်းကုန်သွားရတာလဲ။ ငါ မနေ့တုန်းကထက်တောင် စောလာခဲ့သေးတာ။”
“ငါလည်း အစောကြီးလာတာပဲ။ အခုတော့ အားလုံးရောင်းကုန်နေပြီလေ။”
“ဘယ်လိုလုပ်ကြမလဲ။ ငါ့သားက ဒီမိန်းကလေးဆီက အသီးအရွက်မှမပါရင် စားကိုမစားတာ။” အမျိုးသမီးငယ်တစ်ယောက် သက်ပြင်းချလိုက်လေသည်။ ထို့နောက် သူမက အသက်ကြီးသည့် အဘိုးတစ်ယောက် အသီးအရွက်အပြည့်တစ်အိတ်ကြီးသယ်ကာ ထွက်သွားသည်ကိုမြင်လိုက်သည်နှင့် ချက်ချင်းပင် သူ့အနားသို့သွားကာ မေးလိုက်လေသည်။ “လူကြီးမင်း၊ ကျွန်မကို လူကြီးမင်းရဲ့အသီးအရွက်နည်းနည်းလောက် ခွဲရောင်းပေးလို့ရမလား။ ကျွန်မသားက ဒီအသီးအရွက်တွေမှမဟုတ်ရင် မစားလို့ပါ။”
အဘိုးကြီးက တစ်ယောက်ယောက် လုပြေးမှာကိုကြောက်သလိုမျိုး အိတ်ကို တင်းတင်းပိုက်ထားလိုက်ကာ၊ “စိတ်မကောင်းပါဘူး။ ငါ့မိသားစုအတွက်လည်း လောက်တာမဟုတ်တော့ မင်းကို မရောင်းပေးနိုင်ဘူး။” ထို့နောက် အဘိုးကြီးသည် အမြန်ထွက်သွားတော့သည်။
အမျိုးသမီးငယ်သည် နောက်ထပ်အမျိုးသားတစ်ယောက်ထံလှည့်သွားပြန်သည်။ “အစ်ကိုကြီး၊ ကျွန်မ ရှင့်ရဲ့အသီးအရွက်တွေအတွက် ဈေးပိုပေးဝယ်ပါ့မယ်။ ကျွန်မ ရမှဖြစ်မှာမို့လို့ပါ။ မဟုတ်ရင် ကျွန်မသားက အစာစားမှာမဟုတ်ဘူး။”
ထိုအမျိုးသားက ခေါင်းယမ်းလိုက်လေသည်။ “ကျွန်တော်လည်း အားနာပေမယ့် ကျွန်တော့်ဇနီးက ကိုယ်ဝန်ဆောင်ထားလို့ပါ။ ဒီအသီးအရွက်တွေကလွဲရင် သူလည်း ဘာမှမစားဘူး။”
အမျိုးသမီးငယ်မှာ စိတ်ပျက်သွားရလေသည်။ ဒီနေ့ခေတ်လူတွေ ဘာဖြစ်ကုန်ကြတာလဲ။ သူမက ငွေပိုပေးပြီးတော့တောင် ကမ်းလှမ်းနေပေမယ့် သူတို့က မလိုချင်ကြဘူးတဲ့လေ။
သူမမှာ ရွေးချယ်စရာမရှိတော့ဘဲ ရှောင်လင်းယွီထံသို့သာ ပြန်သွားခဲ့ရလေသည်။ “မိန်းကလေး၊ မင်းမှာ အသီးအရွက်အကျန်လေးဘာလေးမရှိဘူးလား။ တစ်ခုမှကို မကျန်တော့တာလား။”
ရှောင်လင်းယွီက ခေါင်းယမ်းပြလိုက်သည်။ “စိတ်မကောင်းပါဘူး။ မနက်ဖြန်ကျမှ စောစောလေးလာခဲ့ပါနော်။” ရှောင်လင်းယွီသည် နေရာလွတ်ထဲကနေပြီး အသီးအရွက်များကို ထုတ်ယူနိုင်သော်လည်း လူကြားထဲတော့ လုပ်လို့မဖြစ်ပေ။
ထိုသို့ဖြင့် အမျိုးသမီးငယ်လည်း လက်လျှော့ကာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခဲ့တော့သည်။
***