ဇာတ်လိုက်နှစ်ယောက်ကြား ပထမဆုံးဆက်သွယ်မှု
Vol. 7 Ch. 118
ရှောင်လင်းယွီအတွက် ရောင်းဖို့ပစ္စည်းများကုန်သွားပြီဖြစ်တာကြောင့် ပြန်ဖို့အချိန်ပင်။ သူမသာ ကြာကြာဆက်နေပါက စည်ပင်အရာရှိများနှင့် တည့်တည့်တိုးနိုင်ပေသည်။
ရှောင်လင်းယွီထွက်သွားပြီးနောက် အသီးအရွက်ဆိုင်တစ်ဆိုင်၏ပိုင်ရှင်သည် သူမ၏နောက်ကျောကို အန္တရာယ်ရှိသည့်အကြည့်များဖြင့် ကြည့်နေခဲ့လေသည်။
….
ကျန်းထောင်တစ်ယောက် စခန်းတွင် အလုပ်လုပ်နေချိန်မှာပဲ ရုတ်တရက် ဖုန်းတစ်ကောဝင်လာခဲ့သည်။ “ဦးလေးချန်း၊ ဘာဖြစ်လို့များလဲ။”
ဦးလေးချန်းက ဖုန်းကိုကိုင်ထားသော်လည်း ဒေါ်လေးချန်းက အတင်းတိုးလာကာ ဝင်မေးလေသည်။ “ထောင်ဇီ၊ လင်းယွီရဲ့အသီးအရွက်တွေ ရောင်းကုန်သွားပြီလားဆိုတာ သိလား။ နောက်ထပ်ရှိသေးလား။”
ကျန်းထောင်က မျက်မှောင်ကြုတ်လိုက်ကာ၊ “အဲ့ဒါတော့ ကျွန်တော်လည်း သေချာမသိဘူး။”
“မသိဘူးလား။” ဦးလေးချန်း၏အသံက စိတ်ပျက်သွားပုံပင်။ ထိုအချိန် ဒေါ်လေးချန်းက ထပ်ပြောလာပြန်သည်။ “ထောင်ဇီ၊ ဒေါ်လေးတို့ကို ကူမေးပေးလို့ရမလား။ မဟုတ်လည်း ဒေါ်လေးတို့ကို လင်းယွီရဲ့ဖုန်းနံပါတ်ပဲပေးလေ။ ဒေါ်လေးတို့ဘာသာ ဖုန်းဆက်မေးကြည့်လိုက်မယ်။”
ကျန်းထောင်သည် ဦးလေးချန်းနှင့် ဒေါ်လေးချန်း၏လေသံထဲမှ စိုးရိမ်ပူပန်မှုကို ခံစားမိလိုက်တာကြောင့် သံသယဝင်လာကာ မေးလိုက်လေသည်။ “ဦးလေးချန်း၊ လင်းယွီရဲ့အသီးအရွက်တွေက တစ်ခုခုမှားနေလို့လား။”
ဦးလေးချန်းက ချက်ချင်းပင် ရှင်းပြလာခဲ့သည်။ “မဖြစ်ပါဘူး။ ဘာမှမမှားဘူး။” ထို့နောက် သူက ခဏရပ်လိုက်ပြီးကာမှ၊ “ပြဿနာရှိတယ်ဆိုရင် အဲ့ဒါက အရသာရှိလွန်းတဲ့ပြဿနာပဲ။”
“ဟမ်။” ကျန်းထောင် စိတ်ရှုပ်သွားလေသည်။ သူ ကုန်းထျန်းဟောက်နှင့်တွေ့ဖို့ သွားခဲ့ရတာကြောင့် ရှောင်လင်းယွီ၏အသီးအရွက်များကို ချက်စားဖို့ အခွင့်အရေးမရလိုက်ပေ။ ရှောင်လင်းယွီပေးထားသည့် အသီးအရွက်အားလုံးကို ရေခဲသေတ္တာထဲတွင်သာ ထည့်သိမ်းထားလေသည်။
ဦးလေးချန်းက ပြုံးလိုက်ကာ၊ “မင်းအခုထိ သူ့ရဲ့အသီးအရွက်တွေကို မမြည်းစမ်းရသေးဘူးမဟုတ်လား။ ဒီလိုဆိုရင်ရော၊ ဦးလေးတို့ဆီလာခဲ့၊ ဦးလေးချက်ကျွေးမယ်။ အရမ်းအရသာရှိတာနော်။ ဦးလေးရဲ့ဟင်းချက်လက်ရာကြောင့်မဟုတ်ဘဲနဲ့ကို အရသာရှိတာ။”
“ကောင်းပြီလေ။” ကျန်းထောင်လည်း သိချင်သွားမိသည်။ ဦးလေးချန်းသည် ကြယ်ငါးပွင့်အဆင့် စားဖိုမှူးဖြစ်တာကြောင့် သူချက်သည့်ပစ္စည်းများနှင့်ပတ်သတ်ပြီး အလွန်ချေးများလေသည်။ ဦးလေးချန်းဆီမှ ချီးကျူးခံရသည့် ပါဝင်ပစ္စည်းဟူ၍ မများလှပေ။ ထို့ကြောင့် ရှောင်လင်းယွီ၏အသီးအရွက်များက သေချာပေါက် မတူခြားနားပေလိမ့်မည်။
…..
လီယွင်ဟန်သည် သိုသိုသိပ်သိပ်ရှိသော အနက်ရောင်ကားတစ်စီးကို မောင်းနှင်နေခဲ့သည်။ ကားထဲတွင်တော့ အနက်ရောင်အနောက်တိုင်းဝတ်စုံ၊ အဖြူရောင်ရှပ်အင်္ကျီနှင့် မီးခိုးရောင်နက်ကတိုင်ဝတ်ထားသည့် နောက်ထပ် အမျိုးသားတစ်ယောက် ထိုင်နေလေသည်။ ထိုကားလေးသည် ရှင်းယင်ခရိုင်မြို့ကနေပြီး ထောင်ယွမ်ရွာသို့ ဦးတည်နေခြင်းပင်။
ရုတ်တရက် လီယွမ်ဟန်က ဘရိတ်အုပ်လိုက်သည်။
“ဘာဖြစ်တာလဲ။” ကုန်းထျန်းဟောက်က မေးလိုက်လေသည်။
“ငါတို့ သုံးဘီးတစ်စီးရဲ့ဖင်ကို တိုက်မိသွားလို့။” လီယွမ်ဟန်က ပြောလိုက်သည်။ “ထျန်းဟောက်၊ ငါဆင်းကြည့်လိုက်ဦးမယ်။”
ရှောင်လင်းယွီသည် မြို့ထဲတွင် မနက်စာစားပြီးနောက် သုံးဘီးလေးကိုမောင်းကာ သူမငှားထားသည့် အိမ်သို့ ပြန်ခဲ့လေသည်။ သို့သော်လည်း ဆီတိုင်ကီကိုစစ်ဖို့ မေ့နေခဲ့တာကြောင့် သူမသုံးဘီး၏အင်ဂျင်က တဖြည်းဖြည်းအရှိန်လျော့သွားလေသည်။ ဒါကြောင့် သူမလည်း လမ်းဘေးသို့ဆင်းဖို့လုပ်လိုက်ချိန်မှာပဲ သူမသုံးဘီးနောက်ကို ဝင်တိုက်ခံလိုက်ရသည်။ ရှောင်လင်းယွီတစ်ယောက် ရှေ့သို့ ယိုင်ထိုးသွားကာ သူမနဖူးက လက်ကိုင်နှင့်ဆောင့်မိသွားပြီး ပွန်းသွားတော့သည်။
ရှောင်လင်းယွီ ဆဲပင်ဆဲချင်သွားတော့သည်။ မနေ့ကတော့ အိတ်လုခံရတယ်။ ဒီနေ့တော့ ကားနဲ့တိုက်ပြန်ပြီ။ အခုထိ သူတို့အသက်ရှင်သေးလား သေပြီလားဆိုတာ သူမ,မသိပေ။ ဘာပဲဖြစ်ဖြစ် သူမကိစ္စလည်းမဟုတ်တာကြောင့် မေးမနေခဲ့ပေ။ ဒီနေ့တော့ သူမသုံးဘီးနောက်ပိုင်းကို အတိုက်ခံလိုက်ရကာ သူမလည်း ဒဏ်ရာရသွားလေသည်။
ချက်ချင်းဆိုသလိုပဲ သူမရင်ထဲမှာ ဒေါသတို့က ပေါက်ကွဲထွက်လာတော့သည်။
သူမက သုံးဘီးပေါ်မှဆင်းလိုက်ကာ လီယွမ်ဟန်ကလည်း သူမဆီလာနေသည်ကို မြင်လိုက်တာကြောင့် စီးဟောက်လိုက်တော့သည်။ “လူကြီးမင်း၊ ဒါဘာသဘောလဲ။ ရှင် ကားဘယ်လိုမောင်းရမလဲ မသိဘူးလား။”
လီယွမ်ဟန်သည်လည်း ရှောင်လင်းယွီ လှည့်လာသည်ကိုမြင်သည်နှင့် အံ့ဩသွားလေသည်။ “မင်းပဲ။”
“ဟမ်။” ရှောင်လင်းယွီ မျက်မှောင်ကြုတ်သွားလေသည်။ “ကျွန်မကို သိတာလား။ ရှင်က ဘယ်သူလဲ။ဂ ထိုအမျိုးသားကို သူမအရင်ကမမြင်ဖူးပေ။ ထို့နောက် သူမတစ်စုံတစ်ခုကို သဘောပေါက်သွားကာ၊ “ကျွန်မကို သိသလိုဟန်ဆောင်လိုက်ရုံနဲ့ ခွင့်လွှတ်ပေးမယ်လို့မထင်လိုက်နဲ့။ ရှင်ကမှ ကျွန်မသုံးဘီးကိုဝင်တိုက်တာလေ။ ဒါ ရှင့်အမှားပဲ။”
သူမက အနက်ရောင်ကားကိုတစ်ချက်ကြည့်လိုက်ကာ အထဲတွင် ဝတ်စုံပြည့်နှင့်အမျိုးသားတစ်ယောက် ထိုင်နေကြောင်း တွေ့လိုက်သော်လည်း စိတ်ထဲ သိပ်ထည့်မနေပေ။ “ရှင်က အကန့်အသတ်ထုတ် Maybach မောင်းနေရုံနဲ့ ဥပဒေအထက်ကိုရောက်နိုင်ပြီလို့များထင်နေတာလား။”
“နေပါဦး။ ဒါ အကန့်အသတ်ထုတ် Maybachမှန်း မင်းသိတယ်ပေါ့။” လီယွမ်ဟန်၏မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ သူက ထိုအမျိုးသမီးကိုတစ်ချက် ဝေ့ကြည့်ကာ သူမနောက်မှ သုံးဘီးကိုပါ ကြည့်လိုက်လေသည်။ သူဘယ်လိုပဲကြည့်ကြည့် သူမသည် ကျေးလက်က ရွာသူမလးတစ်ယောက်သာဖြစ်ပေသည်။ ဒါဆို ရွာသူမလေးတစ်ယောက် ဘယ်လိုလုပ်ပြီး အကန့်အသတ်ထုတ် Maybach လိုမျိုးကို သိနေရတာလဲ။ စိတ်ဝင်စားစရာပဲ။
“အဲ့ဒါအရေးမကြီးဘူး။ အဓိကက ရှင် ကျွန်မသုံးဘီးနောက်မြီးကို တိုက်ခဲ့တဲ့အတွက် တာဝန်ယူရမယ်။” ရှောင်လင်းယွီက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“ယွမ်ဟန်၊ သူကို ယွမ်၂ထောင်ပေးလိုက်။ ငါတို့သွားစရာရှိသေးတယ်။ အချိန်မရှိဘူး။” ကုန်းထျန်းဟောက်က ကားထဲကနေပြီး လှမ်းပြောလိုက်လေသည်။ “ဒီမိန်းမ ငွေလိုချင်နေတာ အသိသာကြီးကို။”
အစကတော့ ရှောင်လင်းယွီသည် ကားထဲကလူကို ဂရုမစိုက်သော်လည်း ထိုအသံကိုကြားပြီးနောက်မှာတော့ သူမအမူအရာက ပြောင်းလဲသွားလေသည်။ သူမ မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။ ဒီအသံက သူမဘယ်တော့မှ မေ့မှာမဟုတ်တဲ့အသံပဲ။
‘အဲ့ဒီလူပဲ။ ရှောင်ထုန်ရဲ့အဖေ။ ဘာလို့… သူက ဒီကိုရောက်နေတာလဲ။ ရှောင်ထုန်ကြောင့်လား။ မဟုတ်သေးဘူး။ ရှောင်ထုန်မှ မမွေးသေးတာ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။’
‘ဒါဆို ဘာလို့ဒီနေရာကို ရောက်လာရတာလဲ။ နေပါဦး… အဲ့ဒါ ငါနဲ့ဘာဆိုင်လို့လဲ။’
‘သူ့မျက်လုံးထဲမှာ ငါတို့က တစ်ညတာဆက်ဆံရေးရှိခဲ့ရုံလောက်ပဲလေ။ ငါ့ကို မှတ်မိမှာတောင် မဟုတ်လောက်ဘူး။’
ရှောင်လင်းယွီ၏ထိတ်လန့်နေသည့် နှလုံးသားလေးမှာ တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားလေသည်။ လီယွမ်ဟန်က သူမကို ယွမ်၂ထောင် လက်ထဲထိုးပေးလာတော့မှပဲ ရှောင်လင်းယွီ၏အသိစိတ်က ပြန်ကပ်လာကာ ရှက်ရွံ့သွားတော့သည်။
သူက ဒေါသထွက်သွားပြီး၊ “ဒါဘာသဘောလဲ။ ကျွန်မ ရှင့်ငွေကို လိုချင်တယ်များထင်နေလား။”
လီယွမ်ဟန် မျက်မှောင်ကြုတ်သွားလေသည်။ “ဒါ မင်းလိုချင်တာပဲမဟုတ်ဘူးလား။ ဒါမှမဟုတ် ယွမ်၂ထောင်က မလောက်ဘူးလို့ တွေးနေတာလား။” ထို့နောက် သူက ထပ်ပြီးထေ့ငေါ့ပြောလိုက်လေသည်။ “ယွမ်၂ထောင်က ဒါကို ပြင်ဖို့မပြောနဲ့ သုံးဘီးဆိုင်ကယ်အသစ်တစ်စီး ဝယ်ဖို့တောင်မှ လောက်သေးတာ။” တစ်နည်းပြောရလျှင်တော့ လောဘအရမ်းကြီးမနေနဲ့ဟုပင်။ “ငွေလည်းယူပြီးပြီဆိုတော့ လမ်းကဖယ်လိုက်တော့။” လီယွမ်ဟန်က ပြောပြီးသည်နှင့် ကားဆီသို့ ချက်ချင်းပြန်သွားတော့သည်။
ရှောင်လင်းယွီ အရှက်ခွဲခံလိုက်ရတာကြောင့် အလွန်ဒေါသထွက်သွားကာ ကားရှေ့ ပိတ်ရပ်လိုက်လေသည်။ ကားနက်လေးမှာ စက်နှိုးကာစထွက်ရုံရှိသေး ရပ်လိုက်ရပြန်သည်။
လီယွမ်ဟန်က ခဏမျှ ကြောင်သွားခဲ့လေသည်။ ထို့နောက် သူက ရှောင်လင်းယွီက ဒေါသထွက်သွားကာ ခပ်တင်းတင်းမေးလိုက်တော့သည်။ “ငါတို့ မင်းကိုငွေလည်းပေးပြီးပြီ။ တောင်းလည်း တောင်းပန်ပြီးပြီ။ မင်း ဘာထပ်လိုချင်သေးတာလဲ။”
ရှောင်လင်းယွီက ပိုက်ဆံကိုကိုင်ထားကာ သူမအိတ်ကိုထုတ်လိုက်သည်။ ပြင်ခက ယွမ်၂၀လောက်သာ ကျမည်ဖြစ်တာကြောင့် သူမက ယွမ် ၁၉၈၀ကိုထုတ်ကာ ကားပြတင်းပေါက်နားသို့ သွားလိုက်လေသည်။ ထို့နောက် ပိုက်ဆံများကို ကားထဲသို့ ပစ်ထည့်လိုက်ပြီး ပြောလိုက်သည်။ “ရှင့်ငွေတွေ မလိုချင်ဘူး။”
ရှောင်လင်းယွီသည် နောက်ခုံဘက်ကို မြင်ရအောင် ကြိုးစားကြည့်သော်လည်း သေသပ်လှသည့် မေးရိုးထင်းထင်းကိုသာ မြင်လိုက်ရတာကြောင့် အတော်လေး စိတ်ပျက်သွားလေသည်။
သူမက ရှောင်ထုန်၏အဖေ ဘယ်လိုပုံစံရှိလဲဆိုတာနှင့် ရှောင်ထုန်က သူ့အဖေနှင့်တူလားဆိုတာကို သိချင်မိခြင်းပင်။
ရှောင်လင်းယွီ ပြန်လှည့်ထွက်လာကာ သူမ၏သုံးဘီးဆီသို့ ပြန်သွားခဲ့လေသည်။
ရှောင်လင်းယွီထွက်သွားပြီးနောက် လီယွမ်ဟန်မှာ စိတ်ရှုပ်ထွေးကာ ကျန်ရစ်ခဲ့သည်။ အစောတုန်းက နောက်ခုံဘက်ကို ရှောင်လင်းယွီ ချောင်းကြည့်သည်အား သူ မြင်လိုက်လေသည်။ ဒါ့အပြင် စိတ်ပျက်သွားသည့် အမူအရာကိုလည်း သတိထားမိလိုက်သည်။ ‘ဒီကောင်မလေး ကုန်းထျန်းဟောက်ကို သိနေတာလား။ ဒါပေမယ့်.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ့လို ကျေးလက်ကမိန်းကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး သခင်လေးကုန်းကို သိနိုင်မှာလဲ။’
လီယွမ်ဟန်က ကုန်းထျန်းဟောက်ဘက်သို့လှည့်ကာ မေးလိုက်လေသည်။ “ထျန်းဟောက်၊ မင်း သူ့ကိုသိလား။”
“မသိဘူး။” ကုန်းထျန်းဟောက် အေးစက်စွာ ပြောလိုက်သည်။
“ဒါနဲ့၊ အချိန်ခဏလေးအတွင်း ငါတို့ သူနဲ့ဆုံတာ နှစ်ကြိမ်ရှိပြီနော်။ ဒါကံကြမ္မာပဲမဟုတ်ဘူးလား။” လီယွမ်ဟန်က စလိုက်လေသည်။ “ထျန်းဟောက်၊ သူ မင်းကို ခိုးကြည့်လိုက်တာ မင်းသတိထားမိလား။ အစက မျှော်လင့်တကြီးဖြစ်နေရာကနေ သူ စိတ်ပျက်သွားတာ။”
“မောင်းတော့။” ကုန်းထျန်းဟောက်က အေးစက်စွာ အမိန့်ပေးလိုက်သည်… သူက လီယွမ်ဟန်ပြောတာကို မကြားချင်ယောင်ဆောင်လိုက်လေသည်။
***