← Chapters

ဘလိုင်းဒိတ်?

Vol. 7 Ch. 119

ဘလိုင်းဒိတ်?

Vol. 7 Ch. 119

ရှောင်လင်းယွီသည် လမ်းထောင့်တစ်နေရာတွင်ပုန်းကာ ကားမောင်းထွက်သွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေခဲ့သည်။ သူမ၏နှလုံးကတော့ အခုထိန် အခုန်မြန်နေတုန်းပင်။

‘ဒီလူ ဘာလို့ ဒီနေရာမှာရှိနေတာလဲ။’ သူမ အရင်ကထိုလူကို မမြင်ဖူးသော်လည်း ထိုလူ၏အသံနဲ့တင် အသေအချာကို မှတ်မိပေသည်။ ထိုလူ၏အထောက်အထားအမှန်ကို သူမမသိလျှင်တောင်မှ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်လုံး၏ ဧည့်ခန်းပါအထူးခန်းတွင် နေနိုင်သည်ဆိုမှတော့ သေချာပေါက် မယုံနိုင်လောက်အောင် အင်အားကြီးသည့်နောက်ခံရှိမှန်း သေချာပေသည်။ ထို့အပြင် သူမလည်း ထိုလူ၏အထောက်အထားကိုသုံးခဲ့ကာ လမ်းများစွာပွင့်သွားခဲ့သည်။ ဥပမာ ဟိုတယ်မှဝန်ထမ်းများက ထိုလူကို မျက်နှာသာပေးကြခြင်းပင်။ ဒါမျိုးက သေချာပေါက် အလွန်ထူးခြားသည့် နောက်ခံအဆင့်အတန်းရှိ၍သာ ဖြစ်ပေသည်။

သူမ ထိုလူကို ချောင်းကြည့်ခဲ့ကာ မျက်နှာအပြည့်ကိုတော့ မမြင်ခဲ့သော်လည်း ချောမောသေသပ်သည့် မျက်နှာကျကိုတော့ မြင်လိုက်ရလေသည်။ ထို့နောက် သူမဗိုက်ကိုထိကြည့်ကာ တွေးလိုက်သည်။ ‘ရှောင်ထုန်က ငါနဲ့မတူဘူး။ သူက သူ့အဖေဘက်လိုက်တာဖြစ်မယ်။’

ရှောင်လင်းယွီသည် ထိုကားနှင့် ကားမောင်းသည့်လူကို တတ်နိုင်သမျှ ရှောင်ရမည်မှန်း သိလိုက်လေသည်။ အရင်ဘဝက ထိုလူ၏ပုံပန်းသွင်ပြင်ကို သူမ,မသိခဲ့သော်လည်း ဒီဘဝမှာတော့ တွေ့ကိုမတွေ့ချင်တော့ပေ။

ရှောင်လင်းယွီ သူမလက်ကိုဆန့်ထုတ်ကာ ရေတွက်ကြည့်ရာ ရှောင်ထုန်က မကြာခင် ပေါ်ထွက်လာတော့မည်ဖြစ်ကြောင်း သိလိုက်သည်။ သူမ၏အရင်ဘဝတွင် ရှောင်ထုန်သည် မမွေးခင်ရော မွေးပြီးနောက်မှာပါ အလွန်ဉာဏ်ကောင်းသူဖြစ်သည်။

သို့သော်လည်း ရှောင်ထုန်သည် သူမ ချန်းယန်ကို သစ္စာဖောက်မိခဲ့သည့် သက်သေတစ်ခုလိုဖြစ်နေတာကြောင့် သူရောက်ရှိလာသည်ကို ရှောင်လင်းယွီ မျှော်လင့်စောင့်စားမနေခဲ့ပေ။ ထို့ကြောင့် ဒီဘဝမှာတော့ သူမ ရှောင်ထုန်ကို ကောင်းကောင်း ဆက်ဆံရပေမည်။ ရှောင်ထုန်ကို နာကျင်အောင်လုပ်မည်အား သူ့အဖေရင်းအပါအဝင် ဘယ်သူ့ကိုမှ ခွင့်ပြုမည်မဟုတ်ပေ။ ဒါ့အပြင် သူ့အဖေအရင်းကတော့ ရှောင်ထုန်၏တည်ရှိမှုကို မသိခဲ့ပေ။ ထိုအတိုင်းပဲ ဆက်ပြီး မသိသွားအောင် ရှောင်လင်းယွီကလည်း လျှို့ဝှက်ထားမည်ဖြစ်သည်။

ရှောင်လင်းယွီတစ်ယောက် တဖြည်းဖြည်း စိတ်ပြန်ငြိမ်လာပြီးနောက် သုံးဘီးဆိုင်ကယ်ကို ဆီဖြည့်ရန် ဆီဆိုင်သို့ တွန်းသွားခဲ့လေသည်။ ရှောင်လင်းယွီ သူမဆိုင်ကယ်ကို စစ်ဆေးကြည့်ရာ နောက်ပိုင်းမှ ဆေးသားလောက်သာ ပွန်းသွားပြီး တခြားပြင်စရာမရှိနေပေ။

ဆီဖြည့်ပြီးနောက်မှာတော့ ရှောင်လင်းယွီလည်း ထိုသုံးဘီးလေးကိုမောင်းကာ သူမ၏အငှားအိမ်သို့ ပြန်ခဲ့လေသည်။ သူမရောက်ပြီး မကြာလိုက်ခင်မှာပဲ ကျန်းထောင်က သူမကို ဖုန်းဆက်လာခဲ့သည်။

“လင်းယွီ၊ မင်းဆီမှာ အသီးအရွက်တွေ ကျန်သေးလား။” ကျန်းထောင်က မေးလာသည်နှင့် ရှောင်လင်းယွီ ပြုံးမိသွားသည်။ ‘ငါသူ့ကိုပေးလိုက်တဲ့ အသီးအရွက်တွေ ချက်စားပြီးပြီပဲဖြစ်ရမယ်။’

“ကျွန်မမှာ နည်းနည်းကျန်သေးတယ်။ စခန်းကိုလာပို့ပေးမယ်လေ။”

ထိုအခါက ကျန်းထောင်က ရှင်းပြလာခဲ့သည်။ “တကယ်တော့ ဦးလေးချန်းက ငါ့ကိုဖုန်းဆက်ပြီး မင်းဆီက အသီးအရွက်တွေ ပိုဝယ်ချင်တယ်လို့ပြောလာတာ။ ငါ့ကို ဖုန်းဆက်ခိုင်းတာလဲ သူပဲ။”

ရှောင်လင်းယွီက၊ “ဒါဆို နောက်မှ ကျွန်မ ဦးလေးချန်းအတွက် သွားပို့ပေးလိုက်မယ်။”

ထိုအခါ ကျန်းထောင်က ကမ်းလှမ်းမှုလုပ်လာလေသည်။ “ငါကိုယ်တိုင်လာယူလိုက်မယ်။”

ရှောင်လင်းယွီတစ်ယောက် ရယ်မိသွားတော့သည်။ “ရဲအရာရှိခေါင်းဆောင်ကြီးက ဘာလို့ဒီလောက်တောင် အားနေရတာလဲ။ ကောင်းပါပြီ။ ရှင့်အချိန်တွေကို ကျွန်မမဖြုန်းတော့ပါဘူး။ ကျွန်မကိုယ်တိုင် ဦးလေးချန်းဆီ သွားလိုက်မယ်။ ကျွန်မလည်း ကျွန်မတို့ပူးပေါင်းလို့ရနိုင်မလားသိရအောင် ဦးလေးချန်းနဲ့ စကားပြောဖို့လိုတယ်။”

ကျန်းထောင်က ဦးလေးချန်းသည် ကြယ်ငါးပွင့်စားဖိုမှူးဖြစ်ခဲ့ကြောင်း ပြောပြခဲ့ကတည်းက ရှောင်လင်းယွီတွင် ဒီအကြံရှိလာခဲ့ခြင်းဖြစ်သည်။ သူမလုပ်ငန်းသည် လောလောဆယ်တွင် ကောင်းမွန်စွာ လည်ပတ်နေသော်လည်း သာမာန်လူတန်းစားမှ ဝယ်သူများက သူမအသီးအရွက်များကို နေ့တိုင်း ဝယ်ယူလိမ့်မည်ဟု သူမမျှော်လင့်ထား၍မရပေ။ ဘာပဲဖြစ်ဖြစ် ဈေးနှုန်းက မြင့်တာကြောင့် အကောင်းဆုံးဖြေရှင်းနည်းမှာ အဆင့်မြင့်ဟိုတယ်နှင့် စားသောက်ဆိုင်များသို့ ရောင်းချရန်ပင်ဖြစ်သည်။

ဦးလေးချန်း၏အဆက်အသွယ်နှင့်ဆိုလျှင် ရှောင်လင်းယွီကို ဟိုတယ်ကြီးများက လူများနှင့် မိတ်ဆက်ပေးနိုင်ပေသည်။

ကျန်းထောင်က ရှောင်လင်းယွီ၏ရည်ရွယ်ချက်ကို ခန့်မှန်းမိလိုက်လေသည်။ “ကောင်းပြီ။ ဒါဆို မင်းအရင်သွားနှင့်။ ငါ အလုပ်ပြီးမှ လိုက်လာခဲ့မယ်။”

“ကောင်းပါပြီ။” ရှောင်လင်းယွီ ပြန်ဖြေလိုက်သည်။ သူမဖုန်းချပြီးပြီးချင်းမှာပဲ စာတစ်စောင်ဝင်လာခဲ့ကာ ကျန်းထောင်ဆီမှပင်။ ဦးလေးချန်း၏ဖုန်းနံပါတ်ကို ပို့လာပေးခြင်းဖြစ်ပေသည်။

ရှောင်လင်းယွီ ဖုန်းဆက်တော့မည့်အချိန်မှာပဲ အမည်မသိဖုန်းနံပါတ်တစ်လုံးဝင်လာလေသည်။ “ဟယ်လို ဘယ်သူပါလဲ။” ရှောင်လင်းယွီ ယဉ်ယဉ်ကျေးကျေးဖြေလိုက်သည်။

“လင်းယွီ၊ ဦးလေးချန်းပါ။” ဦးလေးချန်းက ရယ်ရယ်မောမောပြောလာခဲ့သည်။ “ဟဟဟ…”

ရှောင်လင်းယွီလည်း ရယ်လိုက်ကာ၊ “ဦးလေးချန်းလား၊ ကျွန်မလည်း အခုပဲ ဦးလေးကို ဖုန်းဆက်တော့မလို့။”

“ဟုတ်လား..” ဦးလေးချန်း အနည်းငယ် အံ့ဩသွားလေသည်။ “ဒါဆို ထောင်ဇီ မင်းကိုပြောပြီးပြီပေါ့။”

“ဟုတ်ကဲ့။ ဦးလေးချန်းကို ခဏနေ အသီးအရွက်တွေ လာပို့ပေးပါမယ်။”

“ကောင်းပြီ၊ ကောင်းပြီ။” ဦးလေးချန်းက အသံခပ်ကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည်။ “လင်းယွီ၊ များများလေးပိုယူလာဖို့ မမေ့နဲ့နော်။”

“ဒါပေါ့။”

ရှောင်လင်းယွီ သူမ၏စိုက်ပျိုးရေးနေရာလွတ်ထဲသို့ ကူးပြောင်းလိုက်လေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူမမျိုးစေ့အသစ်တချို့ကို ကျဲထားကာ အသီးအရွက်အမျိုးအစားအသစ် အနည်းငယ်ကိုပါ ထပ်ထည့်ထားသေးသည်။ ထိုထဲတွင် ပဲ၊ ရွှေဖရုံသီး၊ ကြက်ဟင်းခါးသီး၊ သပွတ်သီးနှင့် အခြားအမျိုးအစားအနည်းငယ်တို့ ပါဝင်လေသည်။

ရှောင်လင်းယွီ တစ်မျိုးကို နည်းနည်းစီခူးကာ နေရာလွတ်ထဲမှ ထုတ်ယူလိုက်သည်။

….

တစ်ဖက်တွင်တော့ ဦးလေးချန်းသည် ရှောင်လင်းယွီနှင့် ဖုန်းပြောပြီးသည်နှင့် ချက်ချင်းပင် နောက်တစ်ယောက်ကို ဖုန်းခေါ်လိုက်ပြန်သည်။ တစ်ဖက်လူက ဖုန်းကိုင်ပြီးသည်နှင့် တလေးတစား နှုတ်ဆက်လာခဲ့သည်။ “ချန်းလောင်ရှီး။”

ဦးလေးချန်းက၊ “ရှောင်ဝမ်၊ ဒီနေ့ည ငါ့ဆီမှာ ညစာလာစားဦး။”

“ကောင်းတာပေါ့၊ ချန်းလောင်ရှီး။” ရှောင်ဝမ်ဆိုသူက ချက်ချင်းပင် သဘောတူလိုက်လေသည်။

ရှောင်ဝမ်ဖုန်းချပြီးသည့်နောက် သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လူငယ်တစ်ယောက်က မေးလာခဲ့သည်။ “မန်နေဂျာဝမ်၊ ချန်းလောင်ရှီးက ခင်ဗျားကို သူ့ဆိုင်မှာ ညစာလာစားဖို့ပြောတာလား။”

မန်နေဂျာဝမ်က ခေါင်းညိတ်လိုက်သည်။ “ဥက္ကဌကု ဘယ်လိုသိ…”

ဥက္ကဌကုက သူ့ကုတ်အင်္ကျီကို ချက်ချင်းဆွဲယူကာ ထွက်သွားဖို့လုပ်လေသည်။ မန်နေဂျာဝမ်က ကြောင်အအရပ်နေသေးသည်ကို မြင်သည်နှင့် သူက လှမ်းဟန့်လိုက်သည်။ “သွားမယ်လေ၊ အဲ့မှာ ဘာရပ်လုပ်နေတာလဲ။”

မန်နေဂျာဝမ်က စိတ်ရှုပ်ထွေးစွာဖြင့် ပြန်မေးလာခဲ့သည်။ “ဥက္ကဌကု ကျွန်တော်တို့ ဘယ်ကိုသွားမှာလဲ…”

“သေချာပေါက် ချန်းလောင်ရှီးရဲ့ဆိုင်ကိုပဲပေါ့။”

….

ကျန်းထောင်တစ်ယောင် အလုပ်ဆင်းခါနီးအချိန်တွင် ကုန်းထျန်းဟောက်ကို ဖုန်းဆက်လိုက်လေသည်။ “ထျန်းဟောက်၊ မင်းဘယ်မှာလဲ။ ဪ… ထောင်ယွမ်ရွာသွားတဲ့လမ်းမှာလား။ ငါကမင်းကို ညစာစားဖို့ ဖိတ်မလို့လေ။ အခုတော့ ထားလိုက်ပါတော့။” ကျန်းထောင်က တစ်ယောက်တည်းပဲ ဦးလေးချန်း၏စားသောက်ဆိုင်သို့ ကားမောင်းထွက်လာခဲ့တော့သည်။

မန်နေဂျာဝမ်နှင့် ဥက္ကဌကုသည်လည်း ဆိုင်တွင် ရောက်နေပြီဖြစ်သည်။

ဦးလေးချန်းက ဥက္ကဌကုကိုမြင်သည်နှင့် သူက ပြုံးလိုက်ကာ၊ “ရှောင်ကုလည်း ရောက်နေတာပဲ။”

ကုကျီယဲ့က ဦးလေးချန်းကို တလေးတစား ပြန်ပြောလာလေသည်။ “ဦးလေးချန်းက မန်နေဂျာဝမ်ကို ညစာလာစားဖို့ခေါ်နေတယ် ကြားတာနဲ့ ကျွန်တော်လည်း မျက်နှာပြောင်ပြောင်နဲ့ ကပ်လိုက်လာတာ။ ဦးလေးချန်း စိတ်မရှိပါဘူးနော်။”

“ဟဟဟ၊ ဒီကလေးကတော့။ ငါစိတ်ရှိရင်တောင် မင်းက တွယ်ကပ်နေမှာပဲမဟုတ်လား။” ဦးလေးချန်းက ရယ်လိုက်လေသည်။ “မင်းအကြောင်း ငါသိသားပဲ။ အစားအသောက်ကောင်းရှိတယ်ဆိုတာနဲ့ မင်းမရောက်ဖူးဆိုတာ မရှိဘူး။”

ကုကျီယဲ့သည် အစခံလိုက်ရသော်လည်း စိတ်မဆိုးသွားဘဲ ပြုံးတောင် ပြုံးလိုက်သေးသည်။ “ချန်းလောင်ရှီးက သာမာန်ညစာလေးတစ်နပ်အတွက်တော့ မန်နေဂျာချန်းကို ခေါ်မှာမဟုတ်ဘူးလေ။ ကျွန်တော် ပြောတာ မှန်တယ်မဟုတ်လား။”

“မင်းကတော့ ဉာဏ်ကိုကောင်းနေရောပဲ။ ဒါပေမယ့် သည်းခံခြင်းအကြောင်းကိုတော့ မင်းသင်ထားသင့်တယ်။ တဖြည်းဖြည်း သိလာမှာပါ။”

ကုကျီယဲ့က အတင်းဖိအားမပေးဘဲ မန်နေဂျာဝမ်နှင့်အတူ စားပွဲလွတ်တစ်လုံးရှာကာ ဝင်ထိုင်နေလိုက်သည်။

မကြာခင်မှာပဲ ဦးလေးချန်းနှင့် ဒေါ်လေးချန်းတို့က အဖိုးတန်သည့်တစ်စုံတစ်ခုကို မြင်လိုက်ရသလိုမျိုး ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ကြသည်ကို သူတို့မြင်လိုက်ရသည်။ သူတို့လည်း ဦးလေးချန်းတို့အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ အသီးအရွက်အိတ်ကြီးနှစ်အိတ်ကို ဆွဲထားသည့် မိန်းကလေးတစ်ယောက် တက္ကစီပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရလေသည်။

ကုကျီယဲ့ အံ့ဩသွားတော့သည်။ ‘ဦးလေးချန်းက ငါ့ကိုတစ်ယောက်ယောက်နဲ့ ချိန်းတွေ့ပေးဖို့ ကြိုးစားနေတာလား။’ ထိုလူသည် ဦးလေးချန်း အစက ဖိတ်ထားသူမှာ လက်ထပ်ပြီးသားဖြစ်သည့် မန်နေဂျာဝမ်ကို ဖြစ်ကြောင်းကို လုံးဝမေ့သွားခဲ့လေသည်။

ဦးလေးချန်းနှင့်ဒေါ်လေးချန်းက အမြန်သွားကာ ရှောင်လင်းယွီလက်ထဲမှ အိတ်ကြီးနှစ်အိတ်ကို လှမ်းယူလိုက်ကြပြီး ဂရုစိုက်သည့်အမူအရာဖြင့် ဆူပူလိုက်ကြလေသည်။ “လင်းယွီ၊ အိတ်တွေက အရမ်းလေးတာကို သယ်ဖို့အတွက် ဦးလေးတို့ကို ခေါ်လိုက်တာမဟုတ်ဘူး။”

ရှောင်လင်းယွီက ပြုံးလိုက်သည်။ “ဦးလေးချန်းကလည်း၊ ကျွန်မ တက္ကစီနဲ့လာတာပဲကို မလေးပါဘူး။”

“လာလာ၊ ထိုင်ရင်း နားလိုက်ဦး။” ဒေါ်လေးချန်းက ရှောင်လင်းယွီကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်သည်။ သူမက ခပ်လှမ်းလှမ်းတွင် ကုကျီယဲ့ထိုင်နေသည်ကိုမြင်သည်နှင့်၊ “ရှောင်ကု၊ လင်းယွီနဲ့ ထိုင်ပေးလိုက်ပါဦး။ လင်းယွီ၊ ဒီမှာထိုင်နေနော်။ ခဏလေးပဲစောင့်။ ထောင်ဇီလည်း အလုပ်ဆင်းတော့မယ်။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

ဦးလေးချန်းက အထုပ်များကို မီးဖိုခန်းထဲသို့ ယူသွားပြီးနောက် သူကပြန်လာကာ မိတ်ဆက်ပေးလေသည်။ “လင်းယွီ, ဒါက ကုမိသားစုဟိုတယ်ရဲ့ ဥက္ကဌ ကုကျီယဲ့တဲ့။ သူကတော့ ဟိုတယ်ရဲ့ အဝယ်တော်မန်နေဂျာ ဝမ်ကျီမင်။ ရှောင်ကု၊ ရှောင်ဝမ်၊ ဒါကတော့ ရှောင်လင်းယွီလို့ ခေါ်တယ်။”

ရှောင်လင်းယွီက သူတို့ကို တယဉ်တကျေးနှုတ်ဆက်လိုက်သည်။ “ဥက္ကဌကု၊ မန်နေဂျာဝမ်။” ဦးလေးချန်းက သူမကိုကူညီဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်း နားလည်တာကြောင့် သူ့ကို စိတ်ပျက်စေ၍မဖြစ်ပေ။

ကုကျီယဲ့နှင့် ဝမ်ကျီမင်တို့ အံ့အားသင့်နေလေသည်။

ကုကျီယဲ့က ရှောင်လင်းယွီကိုကြည့်ရင်း တွေးလိုက်မိသည်။ ‘ဦးလေးချန်းက တကယ်ပဲ ငါ့ကို မိန်းကလေးတစ်ယောက်နဲ့ ချိတ်ပေးချင်နေတာလား။ ဒါဘလိုင်းဒိတ်လား။’

ဝမ်ကျီမင်ကတော့ ထိုလောက်အများကြီးမတွေးပေ။ ဦးလေးချန်းတို့ပြောသည့် စကားများအရ ဒီမိန်းကလေးသည် ခေါင်းဆောင်ကျန်းထောင်၏အသိမိတ်ဆွေ ဖြစ်ရပေမည်။ သူက ရှောင်လင်းယွီကို ခေါင်းညိတ်ပြကာ၊ “မစ္စရှောင်။”

ကုကျီယဲ့သည်လည်း ရှောင်လင်းယွီကို ပြန်နှုတ်ဆက်လိုက်သည်။ “မစ္စရှောင်။”

ထို့နောက် ဦးလေးချန်းက မေးလာခဲ့သည်။ “ရှောင်ကု၊ ငါ ရှောင်ဝမ်ဆီက ကြားတာတော့ မင်းတို့ဟိုတယ်မှာ စားသောက်ကုန်ပါဝင်ပစ္စည်း တင်သွင်းတာနဲ့ ပတ်သတ်ပြီး ပြဿနာလေးတွေရှိနေတယ်ဆို။”

ကုကျီယဲ့က ထိုအကြောင်းကို သတိပြန်ရသွားသည်နှင့် အတော်လေးဒေါသထွက်သွားတော့သည်။ “ယီမိသားစုဟိုတယ်က ကျိုးဟွာမင် ဘယ်လောက်တောင် အရှက်မရှိလဲဆိုတာ ချန်းလောင်ရှီး မသိလို့။ သူက ကျွန်တော်တို့ စားဖိုမှူးကို ချဉ်းကပ်ပြီး အခုတော့ ကျွန်တော်တို့ရဲ့ တင်သွင်းသူကို ခိုးသွားတယ်လေ။ လွိယွမ်ရဲ့တင်သွင်းသူကလည်း တကယ်ကိုလူယုတ်မာ။ သူက ဘာအသိပေးချက်မှမပေးဘဲ ကျွန်တော်တို့နဲ့ ပူးပေါင်းမှုကို ဖြတ်ပစ်တယ်လေ။ ကျွန်တော် မနက်အိပ်ရာထထချင်းမှာပဲ ကျွန်တော်တို့ဟိုတယ်ရဲ့ စားသောက်ကုန် တင်သွင်းသူက ကျွန်တော်တို့နဲ့ အလုပ်ဆက်မလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုပြီး လာပြောတာ ကြားလိုက်ရတာပဲ။ ဖြစ်နိုင်ရင် သူတို့ကို သတ်တောင်သတ်ပစ်ချင်တာ။ အရမ်းဒေါသထွက်တယ်။”

ကုကျီယဲ့၏မျက်လုံးများသည် ဒေါသကြောင့် နီရဲလာခဲ့သည်။ သူက ဒေါသတကြီးဖြင့်ပင် ဆက်ပြောလာသေးသည်။ “ဝေ့ရှီလင်က သူ့တပည့်နှစ်ယောက်ကိုခေါ်ပြီး ထွက်သွားပြီး လွိယွမ်ကလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းမှု ရပ်လိုက်ကတည်းက ကုမိသားစုဟိုတယ်ရဲ့ စီးပွားရေးက တစ်နေ့တခြားဆိုးလာတော့တာပဲ။”

ထို့နောက် သူက ဦးလေးချန်းကို သနားစရာကောင်းသည့်အကြည့်များဖြင့် ကြည့်လိုက်ကာ၊ “ချန်းလောင်ရှီး၊ ကျွန်တော်တို့ကို မကူညီနိုင်ဘူးလား။ လောင်ရှီးရဲ့ ဟင်းချက်စကေးနဲ့သာဆိုရင် ကုမိသားစုဟိုတယ်ရဲ့လုပ်ငန်းက ပြန်လည်ပတ်လာနိုင်မှာ။ ချန်းလောင်ရှီး၊ ကျွန်တော်တို့ကို ကူညီပါလားဟင်။ ကျွန်တော်တို့ လောင်ရှီးကို မမျှမတမဆက်ဆံပါဘူး။”

ဝမ်ကျီမင်သည်လည်း ဦးလေးချန်းကို ကြည့်လာခဲ့သည်။ “အခုချိန်မှာ ချန်းလောင်ရှီးတစ်ယောက်ပဲ ကျွန်တော်တို့ကို ကူညီနိုင်မှာ။ ဒီဆိုင်လေးက သေးပါတယ်။ ဒါက လောင်ရှီးရဲ့အရည်အချင်းတွေကို ဖြုန်းတီးနေတာပဲ။”

ဦးလေးချန်းက ခေါင်းယမ်းလိုက်လေသည်။ “ငါကတော့ ငါ့ရဲ့ကိုယ်ပိုင်နေရာလေးလို့ ပြောနိုင်တဲ့ ဒီဆိုင်သေးသေးလေးမှာပဲ ချက်ချင်တော့တယ်။”

“ချန်းလောင်ရှီး။” ကုကျီယဲ့နှင့် ဝမ်ကျီမင်တို့ အလွန်ကြေကွဲကာ အသနားခံနေကြသည့် အကြည့်များဖြင့် ဦးလေးချန်းကို ကြည့်နေကြလေသည်။

ဦးလေးချန်းက ပြုံးလိုက်ကာ၊ “စိတ်မစောကြပါနဲ့။ ရှောင်ဝမ်၊ ရှောင်ကု၊ ငါတို့ ညစာစားပြီးမှ ဆက်ပြောကြရအောင်။”

ကုကျီယဲ့နှင့် ဝမ်ကျီမင်၏မျက်လုံးများမှာ မျှော်လင့်ချက်အရိပ်အယောင်ရှိတာကြောင့် တောက်ပလာတော့သည်။ သူတို့က ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြသည်။ “ကောင်းပါပြီ။”

***

All Chapters