ကုန်းထျန်းဟောက် ရွာထဲကို ဝင်လာပြီ
Vol. 7 Ch. 122
လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့သည် ထောင်ယွမ်ရွာသို့ ဦးတည်မောင်းနှင်လာကြသည်။ လမ်းက တဖြည်းဖြည်း ပိုပိုပြီးတော့ ဆိုးလာသည်ကိုကြည့်ရင်း သူတို့ မျက်မှောင်ကြုတ်သွားကြလေသည်။
“ထျန်းဟောက်၊ ဒီလမ်းက ချိုင့်တွေတွင်းတွေနဲ့ပြည့်နေတာပဲ။ ကားသွားဖို့လည်း အရမ်းခက်တယ်။” လီယွမ်ဟန်က ပြောလိုက်သည်။ “ဒီနေရာရဲ့အခြေအနေက အရမ်းဆိုးတယ်။ သခင်ကြီး ဒီကို အသွားအပြန်လုပ်တိုင်း တော်တော်လေး ဒုက္ခရောက်လိမ့်မယ်။”
“ကားရပ်လိုက်။” ကုန်းထျန်းဟောက်က အမိန့်ပေးလိုက်သည်။ လီယွမ်ဟန်က ကားကိုတစ်နေရာတွင်ထိုးလိုက်ကာ နှစ်ယောက်လုံး ကားပေါ်က ဆင်းလိုက်ကြလေသည်။
“အား..” လီယွမ်ဟန်တစ်ယောက် သတိမထားမိလိုက်တာကြောင့် နွားချေးပုံပေါ် တက်နင်းမိသွားသွားတော့သည်။ သူ့လည်သာဖိနပ်က နွားချေးများဖြင့် ပေသွားသည်ကိုကြည့်ပြီး လီယွမ်ဟန် ငိုချင်လာတော့သည်။ သူက ကုန်းထျန်းဟောက်ကို ကြည့်လိုက်ကာ၊ “ထျန်းဟောက်၊ ဒီနေရာက အရမ်းချောင်ကျပြီး ညစ်လည်းညစ်ပတ်တယ်။ သခင်ကြီးကို ဒီကိုပို့ချင်တာ သေချာရဲ့လား။”
ကုန်းထျန်းဟောက်၏နှုတ်ခမ်းများက သူ့သူငယ်ချင်း၏ဖိနပ် ပျက်စီးသွားသည်ကို မြင်ပြီး အေးစက်စက်အနေအထားဖြင့်ပင် တွန့်ကွေးနေလေသည်။ “ဒါပေမယ့် သဘာဝရှုခင်းတွေကလှတယ်လေ။ ယာဉ်အသွားအလာလုပ်ဖို့အတွက်က အခြေအနေအရမ်းကောင်းမနေပေမယ့် ဒီနေရာက အဖိုးပြန်သက်သာလာဖို့ အကောင်းဆုံးနေရာပဲ။”
လီယွမ်ဟန် စိတ်ပျက်လက်ပျက်ဖြင့် ထပ်မေးလိုက်သည်။ “မင်း သေချာရဲ့လား။”
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်သည်။ “အင်း။”
“ကောင်းပြီ၊ မင်းကပြောနေမှတော့…” လီယွမ်ဟန်သည် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ကာ သိပ်မဝေးသည့်နေရာတွင် စမ်းချောင်းတစ်ခုရှိနေသည်ကို တွေ့လိုက်ရလေသည်။ “ထျန်းဟောက်၊ ငါ့ကို ခဏစောင့်ပေးဦး။ ဟိုစမ်းချောင်းမှာ ငါရေသွားဆေးလိုက်ဦးမယ်။ အရမ်းက အရမ်းပြင်းတာပဲ။ ငါသာ မဆေးလိုက်ရင် အနံ့နဲ့တင်သေလိမ့်မယ်။” လီယွမ်ဟန်သည် သန့်ရှင်းမှုနှင့်ပတ်သတ်ပြီး အနည်းငယ် အစွဲအလမ်းရှိသူဖြစ်သည်။
“ငါလည်း လိုက်ခဲ့မယ်။” နှစ်ယောက်သား လမ်းမပေါ်ကနေပြီး လယ်ထဲသို့ ခုန်ဆင်းလိုက်ကြသည်။ မျိုးကျဲသည့်ရာသီဖြစ်တာကြောင့် လယ်ကွက်များသည် ထွန်ယက်ထားကာ ရေများဖြည့်ထားကြလေသည်။
တချို့လယ်ကွက်များဆိုလျှင် စပါးများကျဲထားကြပြီဖြစ်ကာ အမြစ်များပင် တွယ်နေကြလေပြီ။ အခုချိန်မှာတော့ အပင်ပေါက်လေးများဖြစ်ကာ ဝါသလိုလိုဖြစ်နေကြသော်လည်း ရက်အနည်းငယ်အတွင်မှာ အပင်များရှည်လာကာ သန်မာလာကြမည်ဖြစ်သည်။
လီယွမ်ဟန်သည် မျိုးကျဲထားသည့် လယ်ကွက်ကိုကြည့်ပြီး မေးလာခဲ့သည်။ “ထျန်းဟောက်၊ ဒါဘာတွေလဲ။” ငယ်ငယ်ကတည်းက မြို့မှာပဲနေခဲ့သည့် မြို့ကြီးသားတစ်ယောက်ဖြစ်တာကြောင့် စပါးပင်ကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“ကြည့်ရတာ စပါးပင်မျိုးတွေနဲ့တူတယ်။” ကုန်းထျန်းဟောက်က မရေမရာပြန်ဖြေလိုက်သည်။ ဒါကတော့ နောက်ထပ်မြို့ကြီးသားတစ်ယောက်ပင်။
“စပါးမျိုးစေ့တွေလား။” လီယွမ်ဟန်က သံသယဖြင့် ပြန်မေးလိုက်သည်။ “မင်းရဲ့ ဒီယုံကြည်ချက်က ဘယ်ကနေများရလာတာလဲ။”
ကုန်းထျန်းဟောက်က ဘာမှမတုံ့ပြန်ခဲ့ပေ။ သူ့ပုံရိပ်သူ ဆက်ထိန်းထားဖို့ လိုအပ်ပေသည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးသည် စပါးမျိုးများကို စပ်စပ်စုစုဖြင့် စူးစမ်းနေကြလေသည်။ ရုတ်တရက်ဆိုသလို လီယွမ်ဟန်က မျှော့တစ်ကောင်ကို ညွှန်ပြလာကာ အံ့ဩတကြီးပြောလာခဲ့သည်။ “ထျန်းဟောက်၊ ဒါမျှော့လား။ ဒါက သွေးစုပ်နိုင်တဲ့အမျိုးအစားလား။”
ကုန်းထျန်းဟောက်တစ်ယောက် လီယွမ်ဟန်၏ အံ့အားသင့်နေသည့် အမူအရာကိုကြည့်ပြီး မျက်လုံးသာ လှန်ပြလိုက်ပြီး အေးစက်စက်ပြောလိုက်လေသည်။ “ဒါပြောစရာလိုသေးလို့လား။ သွေးမစုပ်တဲ့မျှော့ဆိုပြီး ရှိလို့လား။”
လီယွမ်ဟန် ခဏမျှ ဆက်လျှောက်နေပြီးနောက် စပါးမျိုးပင်တစ်ပင်ပေါ်တွင် ပန်းရောင်ပန်းလဲတန်းလေးနှင့်ဆင်သည့် တစ်စုံတစ်ခုကို တွေ့လိုက်ရလေသည်။ ၎င်းက အတော်လေးပင် ချစ်ဖို့ကောင်းနေသည်။ “ဒါဘာလဲ။” သူက မေးလိုက်သည်။
“ဒါ မြစ်ခရုရဲ့ဥတွေပဲ၊ သေချာတယ်။” ကုန်းထျန်းဟောက်သည် မှတ်ဉာဏ်ကောင်းသူဖြစ်ကာ သူ၏ ဇီဝဗေဒအတန်းတွင် ထိုအကြောင်းကို ဖတ်ဖူးကြောင်း အမှတ်ရသွားခဲ့သည်။
“အိုး… ဒါက မြစ်ခရုဥတွေပေါ့။” လီယွမ်ဟန် အံ့ဩသွားခဲ့သည်။ “ငါမြစ်ခရုစားဖူးပေမယ့် သူတို့ဥကိုတော့ မမြင်ဖူးဘူး။ အတော်လေး ချစ်စရာကောင်းတာပဲ။” သူက ခဏရပ်လိုက်ကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အရောင်အသွေးစုံလင်သည့်ပုံရိပ်များ ထင်ဟပ်နေလေသည်။ “ထျန်းဟောက်၊ ဒီနေရာမှာနေတဲ့ဘဝက အရမ်းတော့ မဆိုးဘူးပဲ။” သူတို့၏တာဝန်ဝတ္တရားတွေကို လွှတ်ချကာ ဤနေရာသို့ ပြောင်းမလာနိုင်သည်က နှမြောစရာပင်။
“လေက သဘာဝအတိုင်းလတ်ဆတ်နေတာပဲ။ တောင်တွေကလည်း လှတယ်၊ ရေကလည်း ကြည်တယ်။ ငှက်တွေက တေးဆိုနေပြီး ပန်းတွေက ပွင့်လန်းနေတယ်။ ဒီမြင်ကွင်းက ဘယ်သူ့ကိုမဆို စိတ်အေးချမ်းသွားစေနိုင်တယ်။” လီယွမ်ဟန်သည် နွားချေးပေးနေသည့် သူ့ဖိနပ်ကို ပြန်ကြည့်ကာ နောင်တရစွာဖြင့် ပြောလာခဲ့သည်။ “ဒီနေရာရဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာကတော့ ဆိုးတာပဲ။ နွားချေးတွေက လမ်းတစ်လျှောက်ကို ရှိနေတာ။”
ကုန်းထျန်းဟောက်က ပြောလာလေသည်။ “မြို့ကြီးတွေမှာ လမ်းတွေကောင်းပြီး နွားချေးတွေမရှိဘူးဆိုပေမယ့် ဒီလိုသဘာဝအလှတရားမျိုးကို မင်း ရှာတွေ့နိုင်မယ်ထင်လို့လား။”
“သေချာပေါက် မတွေ့နိုင်ဘူးပေါ့။” လီယွမ်ဟန်က ပြောလိုက်သည်။
“အရာရာတိုင်းမှာ ဘက်နှစ်ခြမ်းရှိတယ်။” ကုန်းထျန်းဟောက်၏ နက်ရှိုင်းက စူးရှသည့် မျက်လုံးများက တောင်တန်းကြီးကို လှမ်းကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်လေသည်။ “တခြားတစ်ဖက်က မြက်ပင်တွေက ပိုစိမ်းနေတတ်တယ်။”
လီယွမ်ဟန်ကလည်း သက်ပြင်းချလိုက်လေသည်။ “ဟုတ်တယ်၊ ကျေးလက်ကလူတွေက မြို့ပေါ်ကလူတွေ ငွေရှိတဲ့အတွက် မနာလိုဖြစ်ကြတယ်။ ဒါပေမယ့် မြို့ပေါ်ကလူတွေကလည်း ကျေးလက်ကလူတွေရဲ့ အေးဆေးငြိမ်းချမ်းတဲ့ဘဝတွေကို မနာလိုဖြစ်ကြပြန်တယ်။”
ထို့နောက်မှာတော့ နှစ်ယောက်သားသည် တိတ်တဆိတ်ဖြင့်ပင် မြစ်ငယ်လေးရှိသည့်ဘက်သို့ လျှောက်လာခဲ့ကြလေသည်။
ကြည်လင်နေသည့်မြစ်ငယ်လေးကိုကြည့်ပြီး လီယွမ်ဟန် ချီးကျူးလာခဲ့သည်။ “ငါ ဒီမြစ်ရဲ့အောက်ခြေကိုတောင် မြင်နေရတယ်။”
ကုန်းထျန်းဟောက်က ဘာမှမပြောလာပေ။ သူက ကျောက်တုံးတစ်တုံးအပေါ်ရပ်ကာ ဒူးကွေးထိုင်လိုက်ပြီး သူ့လက်နှင့် မျက်နှာတို့ကို ဆေးကြောလိုက်သည်။
လီယွမ်ဟန် ဒူးကွေးထိုင်လိုက်ကာ သူ့ဖိနပ်ကို စစ်ကြည့်လေသည်။ ထို့နောက် သူပတ်ရှာကြည့်ရာ ကောက်ရိုးတစ်ချောင်းကို တွေ့သွားလေသည်။ သူလည်း ထိုကောက်ရိုးကို ဆွဲယူကာ မြစ်ဆီသို့ သွားလိုက်သည်။ သူက ထိုကောက်ရိုးကိုသုံးပြီး သူ့ဖိနပ်မှ နွားချေးများကို ခွာချလိုက်ခြင်းဖြစ်သော်လည်း မတော်တဆဖြင့် ကောက်ရိုးကပါ သူ့ဖိနပ်တွင် ကပ်သွားလေရာ လီယွမ်ဟန်၏နှလုံးသား နာကျင်လာရတော့သည်။
အချိန်အတော်ကြာပြီးနောက်မှာတော့ လီယွမ်ဟန်တစ်ယောက် သူ့ဖိနပ်ကို သန့်ရှင်းလိုက်နိုင်လေသည်။ သို့သော်လည်း သူ၏ ယွမ်တစ်သောင်းဝန်းကျင်ပေးရသော ဖိနပ်တွင် ခြစ်ရာအသစ်စက်စက်များ ထင်သွားပြီဖြစ်သည်။
ထို့နောက်မှာတော့ နှစ်ယောက်သား ကားဆီသို့ ပြန်ခဲ့ကြသည်။
“ထောင်ယွမ်ရွာကိုရောက်ဖို့ ဘယ်လောက်လိုသေးလဲ။” ကုန်းထျန်းဟောက်က မေးလိုက်သည်။
လီယွမ်ဟန်က လမ်းကြောင်းကို စစ်ဆေးကြည့်လိုက်ပြီးနောက်၊ “နောက်ထပ် နာရီဝက်လောက်လိုသေးတယ်။ ဘာဖြစ်လို့လဲ။”
“ဘာမှမဖြစ်ဘူး။” ကုန်းထျန်းဟောက်က တည်ကြည်သည့်အမူအရာဖြင့် ထိုင်နေခဲ့သည်။ “ဆက်မောင်းကြရအောင်။”
တကယ်တော့ သူအတော်လေး ဗိုက်ဆာနေခဲ့သည်။ သူတမထွက်ခွာခင်တုန်းက အလုပ်အချိန်ဇယားကို တွက်ချက်ကြည့်ရာ နေ့လည်လောက် မြို့ကို ပြန်ရောက်လောက်မည်ဟု ထင်ခဲ့ကြသည်။ ထို့ကြောင့် ရေသန့်နှစ်ဘူးကလွဲပြီး ကားထဲတွင် ဘာစားစရာမှ ပါမလာပေ။
သို့သော်လည်း လမ်းတစ်လျှောက်တွင် မတော်တဆများစွာရှိခဲ့လေသည်။ လမ်းကလည်း ဆိုးတာကြောင့် ကားက လှုပ်ခါနေလေသည်။ အရည်အသွေးမြင့်ကားဖြစ်နေလို့သာမဟုတ်လျှင် မူးဝေနေအောင်ကို လှုပ်ယမ်းနေလောက်ပေပြီ။
လမ်းကြောင်းပြစက်ကတော့ ထောင်ယွမ်ရွာကိုရောက်အောင် နာရီဝက်ခန့်မောင်းရမည်ဟု ပြောထားသော်လည်း ကြမ်းတမ်းလှသည့် လမ်းအခြေအနေကြောင့် သူတို့ရောက်သွားချိန်တွင် တစ်နာရီကျော်တောင် ကြာသွားခဲ့ပြီဖြစ်သည်။
အခုဆို နေ့လည် ၁နာရီခွဲနေပြီဖြစ်သည်။ ထိုအမျိုးသားနှစ်ယောက်လုံး ခန္ဓာကိုယ်က အားနည်းလာသည်ဟု ခံစားရလာသည်အထိ ဆာလောင်နေကြလေသည်။
လီယွမ်ဟန်က သူ့ဗိုက်ကိုထိကာ၊ “ထျန်းဟောက်၊ ငါတို့ အရင်ဆုံး ငါတို့ဗိုက်ကိုဖြည့်ဖို့ နေရာတစ်နေရာလောက် ရှာသင့်တယ်ထင်တယ်။ မဟုတ်ရင် ငါ့မှာ လမ်းလျှောက်ဖို့တောင် အားမရှိတော့ဘူး။”
ဒါပေါ့၊ ကုန်းထျန်းဟောက်ကလည်း မငြင်းခဲ့ပေ။ သူတို့ ပတ်ဝန်းကျင်ကို လေ့လာကြည့်ပြီးနောက် မျက်မှောင်သာ ကြုတ်သွားကြတော့သည်။ ဘယ်မှာ စားစရာသွားရှာရမယ်မှန်း သူတို့မသိပေ။ ရွှံ့အိမ်များကို မြင်လိုက်ချိန်တွင် သူတို့ စိတ်မသက်မသာဖြစ်သွားကြသည်။ ကျေးလက်နေပြည်သူများသည် ရိုးသားကြသော်လည်း တော်တော်များများသည် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုမစိုက်ကြပေ။
ဤမြို့သားနှစ်ယောက်လို သန့်ရှင်းမှုအပေါ် အစွမ်းအလမ်းရှိသူများအတွက်တော့ စားစရာရှာရခြင်းက အလွန်ခက်ခဲသည့် ပြဿနာတစ်ရပ်ဖြစ်နေလေသည်။ သူတို့ဗိုက်ဆာနေသော်လည်း ဘာမှမတတ်နိုင်ပေ။ အညစ်အကြေးများဖုံးနေသည့် အစားကိုလည်း သူတို့ မစားနိုင်ဘူးလေ။
“ထျန်းဟောက်၊ ဘယ်လိုလုပ်ကြမလဲ။” လီယွမ်ဟန်က အနည်းငယ် ရွံရှာနေလေသည်။ သူ့အမြင်တွင်တော့ ကျေးလက်ကလူတွေက တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုမစိုက်ကြပေ။ “အထဲကို နည်းနည်းဆက်မောင်းကြရအောင်။” ကုန်းထျန်းဟောက်ကပြောလိုက်သည်။ “ငါတို့ နည်းနည်းလောက် ပတ်ရှာကြည့်တာပေါ့။”
“ကောင်းပြီ။”
ကားက ရွာထဲသို့ ဝင်လိုက်သည်နှင့် ရွာသားများစွာ၏အာရုံကို ဆွဲဆောင်သွားတော့သည်။ ပြောရရင်တော့ ရွာထဲတွင် ကိုယ်ပိုင်ကားရှိသူ တစ်ဦးမှမရှိပေ။ ထို့ကြောင့် စပ်စုသည့်ကလေးတစ်အုပ်ကလည်း ကားနောက်ကနေ လိုက်လာကြလေသည်။
“ရှောင်နီချိုး၊ လာခဲ့။ ကားတစ်စီးရွာထဲဝင်လာတယ်။ ငါတို့သွားကြည့်ရအောင်။” ရှောင်ရှောင်းဟွေ့တစ်ယောက် ငါးဖမ်းဖို့ မြစ်ကိုသွားနေချိန်တွင် ကောင်လေးတစ်အုပ်က သူ့ကို တားလိုက်ကြလေသည်။
ချက်ချင်းပင် ရှောင်ရှောင်းဟွေ့ စိတ်ဝင်စားသွားတော့သည်။ “တကယ်လား။”
“တကယ်ပေါ့။” ရှောင်မုထန့်က ပြောလိုက်သည်။ “အဲ့ဒီကားက အနက်ရောင်ကိုမှ တောက်ပြောင်နေတာပဲ။ အရမ်းလှတယ်။”
“ဒါဆိုလည်း သွားကြရအောင်လေ။” ရှောင်ရှောင်းဟွေ့က ချက်ချင်းပင် သဘောတူလိုက်သည်။ ကောင်လေးများသည် ကားဆိုလျှင် အလွန်စိတ်ဝင်စားတတ်ကြလေသည်။
ကားနက်လေးသည် လူကြီးရော ကလေးများရော၏ အာရုံစိုက်ခံလိုက်ရလေသည်။ တချို့လူကြီးများသည်လည်း ကလေးများနှင့်အတူ ကားကိုစူးစမ်းရန် နောက်မှ လိုက်လာကြလေသည်။
ကားထဲကနှစ်ယောက်ကတော့ လူအုပ်ကြီးကိုမြင်ပြီး မျက်မှောင်ကြုတ်သွားကြသည်။ ‘ဒီလူတွေ ဘာလို့ ငါတို့ကားကို ဝိုင်းအုံနေကြတာလဲ။’
ဘယ်လောက်ကြာပြီမှန်းမသိရကာ တဖြည်းဖြည်း မောင်းလာခဲ့ပြီးနောက်မှာတော့ ကုန်းထျန်းဟောက်က ရုတ်တရက် ပြောလာလေသည်။ “ကားရပ်လိုက်။” သူ့မျက်လုံးထဲသို့ ပန်းနံရံဖြင့်အိမ်တစ်လုံးက ဝင်လာခဲ့သည်။
လီယွမ်ဟန်က စိတ်ရှုပ်ထွေးသွားကာ လှည့်ပြီးမေးလိုက်သည်။ “ဘာဖြစ်လို့လဲ။” ထို့နောက် သူ့သူငယ်ချင်း၏အကြည့်အတိုင်း လိုက်ကြည့်လိုက်လေသည်။ အိမ်၏အပြင်ပန်းသွင်ပြင်အရတော့ ရွာထဲရှိ ဂုဏ်သရေရှိသည့် မိသားစုတစ်စုဖြစ်လောက်ပေသည်။
ကုန်းထျန်းဟောက်က၊ “ငါတို့ ဆင်းမေးကြည့်ရအောင်။”
“ကောင်းပြီလေ။” လီယွမ်ဟန်က ကားပေါ်ကဆင်းလိုက်သည်။ သူက ဘေးပတ်လည်ကိုကြည့်ပြီးနောက် ခြံတံခါးက သော့ခတ်ထားသည်ကိုမြင်ပြီး တုံ့ဆိုင်းသွားရသည်။
ထိုအချိန်မှာပဲ ရှောင်ရှောင်းဟွေ့က ရောက်လာကာ မေးလိုက်လေသည်။ “ဦးလေးတို့၊ ကျွန်တော့်ဒုတိယဒေါ်လေးအိမ်ကို ရှာနေတာလား။”
တခြားလူများကလည်း ထိုသို့တွေးမိသွားကြသည်။ ထောင်ယွမ်ရွာတွင် မြို့ပေါ်ကလူတစ်ယောက်ယောက်ကို သိနိုင်သည့်လူမှာ ရှောင်လင်းယွီကလွဲ၍ မရှိပေ။ ပြီးတော့ ဒီလူနှစ်ယောက်ကလည်း မြို့ပေါ်ကဖြစ်ကြောင်း သိသာလှသည်။
လီယွမ်ဟန်သည် ရှောင်ရှောင်းဟွေ့၏ မျက်နှာညိုညို၊ မျက်လုံးနက်နက်နှင့် ညစ်ပတ်သည့်ခန္ဓာကိုယ်ကို မြင်လိုက်ရလေသည်။
“မင်းရဲ့ ဒုတိယဒေါ်လေးက ဘယ်သူလဲ။” လီယွမ်ဟန်က စိတ်ရှုပ်ထွေးသွားခဲ့သည်။
ရှောင်ရှောင်းဟွေ့က သူ့ရှေ့ရှိအိမ်ကို ညွှန်ပြလိုက်ပြီး၊ “ဒါ ကျွန်တော့် ဒုတိယဒေါ်လေးရဲ့အိမ်လေ။ ကျွန်တော် ခင်ဗျားတို့ ဒီအိမ်ကို အကြာကြီး ကြည့်နေကြတာ သတိထားမိတယ်။” ထိုအချက်ကိုပြောပြီးနောက် ရှောင်ရှောင်းဟွေ့က ထပ်မေးလာခဲ့ပြန်သည်။ “ခင်ဗျားတို့က မြို့ပေါ်ကလူတွေလား။ ကျွန်တော့် အကြီးဆုံးဝမ်းကွဲရဲ့သူငယ်ချင်းတွေလား။” လီယွမ်ဟန်ပြန်ဖြေသည်ကိုပင်မစောင့်ဘဲ သူက ဆက်ပြောခဲ့ပြန်သည်။ “အဲ့လိုပဲဖြစ်ရမယ်။ ဘာလို့ဆို ထောင်ယွမ်ရွာတစ်ရွာလုံးမှာ ကျွန်တော့် အကြီးဆုံးဝမ်းကွဲတစ်ယောက်ပဲ မြို့ကြီးပြကြီးမှာ သူငယ်ချင်းတွေရှိလာနိုင်တာလေ။”
ထိုစကားကိုကြားလိုက်ရပြီးနောက် လီယွမ်ဟန် အနည်းငယ်စိတ်ဝင်စားသွားတော့သည်။ “ဟုတ်လား၊ မင်းရဲ့အကြီးဆုံးဝမ်းကွဲက မြို့ကြီးမှာ သူငယ်ချင်းတွေရှိတယ်ပေါ့။”
“ဒါပေါ့။” ရှောင်ရှောင်းဟွေ့က အလွန်ဂုဏ်ယူနေသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။ “ကျွန်တော့် အကြီးဆုံးတမ်းကွဲက နာမည်ကြီးတက္ကသိုလ်ကျောင်းသူလေ၊ ပြီးတော့ မြို့ကြီးပေါ်မှာ နှစ်အနည်းငယ်လောက်လည်း အလုပ်လုပ်ခဲ့သေးတယ်။ သူက ထောင်ယွမ်ရွာရဲ့တစ်ဦးတည်းသော တက္ကသိုလ်ကျောင်းသူပဲ။”
လီယွမ်ဟန်က ချက်ချင်းပင် ကျန်းထောင်ပြောခဲ့သည့် မိန်းကလေးအကြောင်း သတိရသွားလေသည်။ “မင်းအကြီးဆုံးဝမ်းကွဲက နာမည်ဘယ်လိုခေါ်တာလဲ။” ထို့နောက် သူကပဲ ဆက်ပြီး ခန့်မှန်းလိုက်သည်။ “ရှောင်လင်းယွီလား။”
“ဟုတ်တာပေါ့။”
***