ကုမိသားစုဟိုတယ်
Vol. 7 Ch. 121
ကုမိသားစုဟိုတယ်သည် ရှင်းယင်ခရိုင်တွင် နာမည်ကြီးသည့် ဟိုတယ်တစ်ခုဖြစ်ပေသည်။
အရင်တုန်းကတော့ ဟိုတယ်၏စားဖိုမှူးခေါင်းဆောင်မှာ ဦးလေးချန်း-ချန်းယွင်ရှန်းဖြစ်ကာ စီးပွားရေးမှာ အလွန်ကောင်းမွန်ခဲ့သည်။ သို့သော်လည်း သူအနားယူပြီးနောက်မှာတော့ စီးပွားရေးအခြေအနေက အရင်နှင့်မတူတော့ပေ။
…..
ဟိုတယ်စားဖိုချောင်ထဲတွင်၊ စာဖိုမှူးခေါင်းဆောင်အသစ် ကုရူဖုန်းသည် စင်ပေါ်တွင်ထားသည့် အသီးအရွက်များကို စိုးရိမ်ပူပန်နေသည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။
ထိုအချိန် သူ့တပည့်က အကြောင်းကြားလာခဲ့သည်။ “လောင်ရှီး၊ ဧည့်သည်က ဂေါ်ဖီကြော်က အရသာမရှိဘူးလို့ပြောနေတယ်။ သူတို့က ပြန်ပြင်ပေးရင်ပြင်ပေး မဟုတ်ရင် တိုင်စာတင်မယ်လို့ ပြောနေတယ်။ သူတို့က ကောင်းမွန်တဲ့ဝန်ဆောင်မှုမျိုးလိုချင်လို့ ထိုက်သင့်တဲ့ဈေးပေးထားပေမယ့် ပြန်ရတာက မတန်ဘူးလို့ပြောနေတယ်။”
ကုရူဖုန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ “ငါတို့ ပြန်လုပ်ပေးလည်း အတူတူပဲဖြစ်မှာလေ။ ပါဝင်ပစ္စည်းတွေက ရေဓာတ်တွေခြောက်နေပြီ၊ ဒီတော့ ချက်လိုက်တဲ့အရသာကလည်း ဆိုးပြီပေါ့။”
“ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ အရင်က အသီးအရွက်တွေနဲ့ပတ်သတ်ပြီး ဝေ့လောင်ရှီးကပဲ ကိုင်တာလေ။” သူ့တပည့် ဝမ်ယန်က ဒေါသထွက်နေသည့်အမူအရာဖြင့် ထပ်ပြောလာလေသည်။
“အဲ့ဒီဝေ့ရှီလင်ဆိုတာကလေ တကယ့်ဆန်ကုန်မြေလေးပဲ။ သူ့ဘာသာထွက်သွားချင် ထွက်သွားပေါ့၊ ဘယ်လိုလုပ်ပြီးများ ငါတို့ရဲ့ တင်သွင်းသူကိုပါ သူနဲ့အတူ ဆွဲခေါ်သွားရတာလဲ။ အဲ့ဒီလွိယွမ်ကလည်း ရယ်စရာပဲ။ ငါတို့နဲ့ ပူးပေါင်းလာတာ ဆယ်စုနှစ်တွေချီနေပြီကို ဝေ့ရှီလင်ကြောင့်နဲ့ ဘာသတိပေးချက်မှတောင် မပေးဘဲ ငါတို့နဲ့ လက်တွဲဖြုတ်သွားခဲ့တယ်။”
“ဟုတ်တယ်၊ ဒီလူတွေက အရမ်းရက်စက်တာပဲ။” တခြားတပည့်များကလည်း ထောက်ခံကြသည်။
စားဖိုမှူးခေါင်းဆောင်ထွက်သွားကတည်းက ကုရူဖုန်းက စားဖိုချောင်သို့ ပြန်လာကာ လစ်လပ်နေရာကို ဝင်ယူလိုက်ရလေသည်။ တခြားဟင်းပွဲများကို အဆင်ပြေပြေ ကိုင်တယ်နိုင်သော်လည်း ဧည့်သည်များက အသီးအရွက်နှင့်ပတ်သတ်သည့် ဟင်းပွဲတောင်းဆိုလာပါက ပြဿနာတတ်တော့တာပင်။ သူအကောင်းဆုံး ကြိုးစားသော်လည်း ဘယ်လိုမှ အဆင်မပြေခဲ့ပေ။
ဤအချိန်သည် လူများ သူတို့၏ကျန်းမာရေးကို စတင်ဂရုစိုက်လာပြီဖြစ်သည့် အချိန်ကာလဖြစ်သည်။ ဒါပေါ့၊ လောလောဆယ်မှာတော့ လူချမ်းသာတွေပဲ ပါဝင်သေးလေသည်။
ကုမိသားစုဟိုတယ်မှ တည်ခင်းသည့် အသီးအရွက်ဟင်းလျာများမှာ အလွန်ကိုမှ ဆိုးရွားလှတာကြောင့် ဧည့်သည်များ မကျေနပ်သည်မှာ မထူးဆန်းပေ။ ဒါက သူတို့ဟိုတယ်အပေါ် အမြင်နှင့် စီးပွားရေးအပေါ်ကိုပါ သက်ရောက်မှုများ ရှိလာခဲ့သည်။ သူတို့၏စီးပွားရေးအခြေအနေက ယုတ်လျော့လာကာ အထူးဖြင့် သူတို့ပြိုင်ဘက် ယီမိသားစုဟိုတယ်က ဧည့်သည်များလိုချင်သည့်အရာကို အကောင်းမွန်ဆုံးပေးစွမ်းနိုင်သည့် အချိန်တွင် လျင်မြန်စွာ ထိုးကျလာတော့သည်။
ကုရူဖုန်းက စားဖိုချောင်အကူကို မေးလိုက်လေသည်။ “လျိုတချန်၊ မန်နေဂျာဝမ် တင်သွင်းသူအသစ်ရှာတွေ့ပြီလား။”
လျိုတချန်က ခေါင်းယမ်းကာ ပြောလာခဲ့လေသည်။ “မရသေးဘူး။ သူလည်း အသီးအရွက်စိုက်ခင်းတွေအများကြီးကို လိုက်ကြည့်ပြီးပြီ။ အကုန်လုံး အရည်အသွေးမကောင်းရင် မကောင်း မဟုတ်ရင် လိုအပ်တဲ့ပမာဏကို မဖြည့်တင်းနိုင်ကြဘူး။ ကုလောင်ရှီး၊ ဥက္ကဌကုနဲ့မန်နေဂျာဝမ်က ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာနေကြပါပြီ။ ကျွန်တော့် စိုးရိမ်နေဖို့ မလိုတော့ပါဘူး။”
ကုရူဖုန်းက အော်လိုက်တော့သည်။ “ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေရမှာလဲ။ ငါတို့ဟိုတယ်မှာ ဝင်နေတဲ့ ဧည့်သည်အရေအတွက်ကို မင်းမတွေ့ဘူးလား။ အဖြေရတဲ့အထိဆို ငါတို့ ဘယ်လောက်တောင် စောင့်ရမှာလား။ ငါတို့ဟိုတယ်ပိတ်လိုက်ရတဲ့အထိလား။”
လျိုတချန်နှင့် တခြားတပည့်များမှာ ခေါင်းကိုသာတွင်တွင်ငုံ့ထားကြတော့သည်။ သူတို့ ဘာအသံမှမထွက်ရဲကြတော့ပေ။ သို့သော်လည်း ကုလောင်ရှီး၏ဒေါသကိုလည်း သူတို့နားလည်ပေသည်။ ဧည့်သည်များထံမှ ရရှိလာသည့် မကျေနပ်ချက်များက ဆက်တိုက်လာနေသည်မဟုတ်လား။
“တတိယဦးလေး။” ထိုအချိန်မှာပဲ ကုကျီယဲ့က အော်ဟစ်ကာ ဝင်လာခဲ့သည်။ သူက အလွန်လည်း စိတ်လှုပ်ရှားနေလေသည်။ “တတိယဦးလေး၊ ကျွန်တော့်ရလာပြီ…”
“ဘာရလာတာလဲ။” ကုရူဖုန်းမှာ အစကတည်းက စိတ်အခြေအနေမကောင်းတာကြောင့် ကုကျီယဲ့ကိုတွေ့လိုက်သည်နှင့် ပိုလို့တောင် ဆိုးသွားတော့သည်။ ကုကျီယဲ့သည် ဟိုတယ်၏ဥက္ကဌဖြစ်သော်လည်း တင်သွင်းသူအသစ်ကူရှာပေးရမည့်အစား တနေကုန်ပတ်စား၍သာ အချိန်ကုန်နေလေသည်။
ကုရူဖုန်းက စိတ်အခြေအနေမကောင်းစွာ၊ “ကုကျီယဲ့၊ မင်းဘာရလာတာလဲ။ ကလေးလား။ ငါမင်းကို သတိပေးလိုက်မယ်နော်။ ကုမိသားစုက ဘယ်တရားမဝင်ကလေးကိုမှ လက်ခံမှာမဟုတ်ဘူး။ မင်းပတ်ရှုပ်ထားတာတွေ တွေ့လို့ကတော့ ငါကိုယ်တိုင် မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်။”
ကုကျီယဲ့နှင့် ဝမ်ကျီမင်တို့သည် တစ်ယောက်ကို အိတ်ကြီးနှစ်အိတ်စီသယ်ကာ အလျင်စလို ဝင်လာကြခြင်းဖြစ်သည်။
ကုကျီယဲ့တစ်ယောက် ဝင်ဝင်ချင်း အကြိုဆိုခံလိုက်ရသည့် စကားကြောင့် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ “တတိယဦးလေးကလည်း ဘာတွေလျှောက်ပြောနေတာလဲ။ ကျွန်တော်က ကျွန်တော်တို့အတွက် ပါဝင်ပစ္စည်းအသစ်တွေ ရှာတွေလာပြီလို့ပြောတာ။”
ကုရူဖုန်းမှာ အခုထိ စိတ်မကြည်သေးပေ။ သူက မျက်မှောင်ကြုတ်လိုက်ကာ၊ “မင်း ဒီစကားကို အခေါက်ပေါင်းမနည်းပြောပြီးပြီ။ အဆုံးကျတော့ ငါအမြဲတမ်း စိတ်ပျက်ရတာပဲမဟုတ်လား။” သူ့တတိယဦးလေးက သူ၏ယခင်က ကျရှုံးမှုများအကြောင်း အစဖော်လာတာကြောင့် ကုကျီယဲ့ စိတ်ဓာတ်ပင်ကျသွားရသည်။ သို့သော်လည်း အမြန်ပင် ပြန်ကောင်းလာကာ ပလက်စတစ်အိတ်များကို ဖွင့်ပြီး အထဲရှိလတ်ဆတ်လှသည့် အသီးအရွက်များကို ပြလိုက်လေသည်။ သူက စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့်၊ “တတိယဦးလေး၊ ကြည့်,ကြည့်ပါဦး။ ဒီတစ်ခေါက်တော့ ကျွန်တော် မမှားတော့ဘူး။”
ခရမ်းရောင်ခရမ်းသီးများက ပြောင်လက်တောက်ပနေပြီး၊ ဟင်းနုနွယ်ရွက်များကတော့ စိမ်းစိုနေကာ ခရမ်းချဉ်သီးများကတော့ နီရဲချောမွတ်နေလေသည်။
“ဝိုး၊ တကယ်ကို လတ်ဆတ်တာပဲ။” ကုရူဖုန်း၏တပည့်များက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။ “လောင်ရှီး၊ ဒီအသီးအရွက်တွေနဲ့ဆို ကျွန်တော်တို့ အဆင်ပြေပြီ။”
ကုရူဖုန်း၏အမူအရာက ပျော့ပျောင်းသွားသော်လည်း သူက ဆက်ပြီး၊ “မင်းတို့လည်း အကြိမ်တိုင်း ဒီစကားပဲ ပြောနေကြတာမဟုတ်ဘူးလား။ အရင်တစ်ခေါက် ကျီယဲ့ ဒီလိုအသီးအရွက် အိတ်ကြီးအိတ်ငယ်တွေနဲ့ ပြန်လာတုန်းက ဧည့်သည်က ဘာပြောခဲ့လဲ။ ဧည်သည်တွေက သူတို့ကို အမှိုက်ကောက်သမားတွေလို့တောင် ခေါ်လိုက်ကြတာလေ။”
ကုကျီယဲ့က ခရမ်းချဉ်သီးတစ်လုံးကို ထုတ်ကာ ကုရူဖုန်းကို ကမ်းပေးလိုက်သည်။ “တတိယဦးလေး၊ ဒါစားကြည့်လိုက်။ အရသာက ဦးလေး လုံးဝအံ့ဩသွားစေရမယ်။”
ကုရူဖုန်းလည်း စိတ်ရှုပ်နေသည့် အမူအရာဖြင့် ခရမ်းချဉ်သီးကိုယူကာ တစ်ကိုက်ကိုက်ကြည့်လိုက်လေသည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့မျက်လုံးများက မယုံနိုင်စွာ ပြူးကျယ်သွားပြီး အံ့ဩတကြီးပြောလာခဲ့သည်။ “ယဲ့အာ၊ ဒါ..ဒါက..”
ကုကျီယဲ့က ပြုံးလိုက်ကာ၊ “တတိယဦးလေး၊ ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ ပြာပုံထဲက ရုန်းထွက်နိုင်တော့မယ်။”
ကုရူဖုန်းက ခရမ်းချဉ်သီးကို ပြီးအောင်စားလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။ “ဝမ်ယန်၊ လျိုတချန်၊ အခုချက်ချင်းစပြီး ပြင်ဆင်ကြတော့။”
“ဟုတ်ကဲ့ပါ။” တပည့်များက ချက်ချင်းပင် ဖြေကြားလိုက်ကြသည်။
ဟိုတယ်စားသောက်ဆိုင်တွင် ဧည့်သည်အရေအတွက် အနည်းငယ်သာရှိပြီး စီးပွားရေးမှာ အလွန်ကျနေလေသည်။
ကုကျီယဲ့က စားသောက်ဆိုင်ထဲတွင် ဝင်ထိုင်လိုက်လေသည်။ မကြာခင်မှာပဲ လူငယ်အမျိုးသားသုံးယောက် ရောက်လာခဲ့သည်။
ကျန်းဟိုင်ယန်က သူ့အပေါ်ထပ်ကုတ်ကို ချွတ်ကာ သူ့ထိုင်ခုံနောက်တွင် တင်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်လေသည်။ “ကျီယဲ့၊ ဘာလို့ ငါတို့ကို ထမင်းစားခေါ်တာလဲ။ မင်းမှာ အစားအသောက်ကောင်းတွေ ကျန်သေးတာ သေချာလို့လား။ တကယ်တော့ မင်းသာ ငါ့သူငယ်ချင်းကောင်းမဟုတ်နေရင် ငါလာမှာတောင် မဟုတ်ဘူး။”
ယွမ်ရွှမ်ဟောက်ကလည်း ထောက်ခံသည့်သဘောဖြင့် ခေါင်းညိတ်လာခဲ့သည်။ “ဟုတ်တယ် ကျီယဲ့၊ ငါတို့ မင်းကို မျက်နှာမပေးချင်လို့မဟုတ်ဘူး။ မင်းတို့ဟိုတယ်က အစားအသောက်တွေက တကယ်ကို…” မြိုချဖို့တောင် ခက်တယ်။
နောက်ကျန်နေသေးသည့် ချန်ယီဖန်းကတော့ ဘာမှမပြောသော်လည်း သူ့အမူအရာနဲ့တင် ကျန်နှစ်ယောက်၏စကားကို အပြည့်အဝသဘောတူကြောင်း သိသိသာသာ ပြသနေလေသည်။
ကုကျီယဲ့က ဒေါသထွက်မသွားဘဲ ပြုံးလာခဲ့သည်။ “မင်းတို့ပြောထားတာတွေ မမေ့ကြနဲ့နော်။ ခဏနေကျရင် ငါနဲ့ အစားအသောက်တွေ လာမလုနဲ့။”
လူငယ်သုံးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ကုကျီယဲ့ကို သံသယများဖြင့် ကြည့်လိုက်ကြသည်။
ချန်ယီဖန်းက မေးလာခဲ့လေသည်။ “ကျီယဲ့၊ မင်းပြောတာ ဘာအဓိပ္ပါယ်လဲ။”
ကုကျီယဲ့က သူလက်ကိုသာ ဖြန့်ပြပြီး ပြုံး၍ပြန်ပြောလာလေသည်။ “ဘာမှမဟုတ်ပါဘူး။ ခဏနေကျရင်လည်း မင်းတို့မျက်နှာပေါက်က အထင်သေးနေတဲ့အမူအရာတွေကို ဆက်ထိန်းထားဖို့ သတိရစေချင်ရုံပဲ။”
လူငယ်သုံးယောက်မှာ စိတ်ရှုပ်ထွေး်နေကြလေသည်။ ကုကျီယဲ့ ဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာ သူတို့ မတွေးတတ်တော့ပေ။
ထိုသခင်လေးသုံးယောက်သည် ကမ္ဘာပေါ်ရှိ အစားအသောက်ကောင်းမှန်သမျှကို စားဖူးကြသူများဖြစ်သည်။ အစားအသောက်အတွက်ကြောင့်နဲ့ သူတို့သည် ကုကျီယဲ့နှင့် တိုက်ခိုက်စရာအကြောင်းမရှိပေ။ တကယ်ကို ကျိုးကြောင်းမဆီလျော်တာပဲ။
ရုတ်တရက် ကျန်းဟိုင်ယန်က သူ့နှာခေါင်းကို ရှုံ့လိုက်လေသည်။ “ဘာအနံ့မလို့ ဒီလောက်မွှေးနေတာလဲ။” ကျန်နှစ်ယောက်သည်လည်း အနံ့ရသွားကာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ “မင်းပြောတာ ဟုတ်သားပဲ။”
ကုကျီယဲ့က သူ့ပုခုံးကိုတွန့်ကာ မျက်ခုံးပင့်လိုက်ပြီး ထပ်ပြောပြန်သည်။ “မင်းတို့ပြောထားတာ မမေ့နဲ့နော်။ ငါနဲ့ လာလုမစားကြနဲ့။”
ထို့နောက် သူတို့အနားမှ ဧည့်သည်တစ်ယောက်ကလည်း သတိထားမိသွားလေသည်။ “ဒါဘာအနံ့လဲ။ ဘာလို့ ဒီလောက်တောင် မွှေးရတာလဲ။”
“ခရမ်းသီးနံ့ထင်တယ်။”
“ငါ ဂေါ်ဖီနံ့လည်းရတယ်။”
“အစောက ငါအတော်လေးစိတ်ဓာတ်ကျနေခဲ့တာ၊ ဒီအနံ့ကို ရလိုက်တာနဲ့ ငါ့စိတ်က ကြည်လင်သွားတာပဲ။”
“ငါလည်း အတူတူပဲ ခံစားရတယ်။”
“စားဖိုဆောင်က စားဖိုမှူးခေါင်းဆောင်အသစ်ခန့်လိုက်တာများလား။”
ကုကျီယဲ့သည် ထိုစကားသံများကိုကြားသည်နှင့် သူ့မိသားစုပိုင်ဟိုတယ်ကို ကယ်တင်နိုင်တော့မည်ဟု ခံစားလိုက်ရသည်။ တကယ်တော့ စီးပွားရေးက အရင်ကထက်ပင် ပိုကောင်းလာပေလိမ့်မည်။
သို့သော်လည်း အခုအချိန်မှာတော့ ရှောင်လင်းယွီကို လွိယွမ်လိုမျိုး ယီမိသားစုပိုင်ဟိုတယ်က ခိုးယူမသွားနိုင်တာ သေချာအောင် လုပ်ရမည်။ သူ့အနေနှင့် သူမကိုကောင်းကောင်းဆက်ဆံမှသာ သူတို့ပူးပေါင်းမှုက ရည်ရှည်ခံပေလိမ့်မည်။
ကုကျီယဲ့ အလုပ်ကိစ္စများအကြောင်း တွေးတောနေချိန်တွင် ဝိတ်တာက ဟင်းပွဲလာချနေပြီဖြစ်သည်။ အနီးကပ်ချလိုက်သည်နှင့် အနံ့က ပိုလို့တောင်မှ ပေါက်ကွဲထွက်လာတော့သည်။
“အရမ်းအရသာရှိမယ့်ပုံပဲ။”
“ဖေဖေ၊ အဲ့ဒီဘက်မှာ အရသာရှိတဲ့အနံ့လေးရတယ်။ သမီးတို့လည်း စားကြည့်ရအောင်လေ…”
“ဟုတ်ပြီ၊ ဖေဖေ မှာပေးမယ်နော်။”
ကျန်းဟိုင်ယန်၊ ယွမ်ရွှမ်ဟောက်နှင့် ချန်ယီဖန်းတို့သည် မယုံကြည်နိုင်စွာ မျက်လုံးပြူးမျက်စံပြူးများဖြင့် ဟင်းပွဲများကို ကြည့်နေကြလေသည်။
တရုတ်မုန်ညှင်းကြော်၊ ခရမ်းသီးနှပ်၊ ခရမ်းချဉ်သီးသုပ်၊ တရုတ်ဂေါ်ဖီဆားစိမ်နှင့် ပဲနှပ်တို့ဖြစ်ကာ သာမာန် သတ်သတ်လွတ်ဟင်းများဖြစ်သော်လည်း သတ်သတ်လွတ်ဟင်းလျာများကပင် သူတို့ကို သွားရည်ကျအောင် လုပ်နေလေသည်။
သူတို့သုံးယောက် တံတွေးများကို ပြန်မြိုချကာ မေးလိုက်ကြသည်။ “ကျီယဲ့၊ ဒါတွေအားလုံး အသီးအရွက်ဟင်းတွေချည်းပဲလား။”
“ဟုတ်တယ်လေ။” ကုကျီယဲ့၏ မျက်နှာပေါ်တွင် မဖော်ပြသော်လည်း ရင်ထဲမှာတော့ အလွန်ဂုဏ်ယူနေလေသည်။ ‘နောက်ဆုံးတော့၊ ငါ မင်းတို့ကို ရယ်ရမယ့် အလှည့်ရောက်ပြီကွ၊’ သူက နှာခေါင်းရှုံ့လိုက်ကာ၊ “မင်းတို့ ငါနဲ့ ဟင်းတွေလုမစားဘူးလို့ ကတိပေးထားကြတယ်နော်။”
ထိုစကားက သူတို့သုံးယောက်ကို အမြန်စလှုပ်ရှားရန် သတိပေးလိုက်သလိုပင်။ သခင်လေးသုံးယောက်သည် သူတို့ကြိုက်သည့် ဟင်းလျာများကို အမြန်ဆွဲယူကာ ပါးစပ်ထဲသို့ တန်းထိုးထည့်လိုက်သည်မှာ မေးရိုးကြီးပင် ပြုတ်ထွက်တော့မလိုပေ။
“ကျီယဲ့၊ ဒီ..ဒီဟင်းက..” ကျန်းဟိုင်ယန်သည် ပါဝင်ပစ္စည်းတွေကို ဘယ်ကရလဲဟု ကုကျီယဲ့ကို မေးချင်နေခြင်းဖြစ်သည်။ သို့သော်လည်း သူ့သူငယ်ချင်းများက မဖြေအားဘဲ စားပွဲတစ်ခုလုံးကို အပြောင်းရှင်းရန်အတွက် အလုပ်များနေသည်ကို မြင်လိုက်ရလေသည်။ ထို့ကြောင့် သူလည်း ရွေးချယ်စရာမရှိဘဲ အစားအသောက်လုပွဲတွင် ပါဝင်လိုက်ရတော့သည်။
ဦးလေးချန်း၏ဆိုင်တွင် ဗိုက်ပြည့်အောင် စားလာပြီးသည့် ကုကျီယဲ့ကတော့ ပြုံးပြုံးလေးကြည့်နေကာ၊ “ဟေး၊ မင်းတို့ ကိုယ့်စကားကိုယ် မတည်ကြဘူးနော်။”
“ယွမ်ရွှမ်ဟောက်၊ ဒါငါ့အကြိုက်ဆုံးဟင်းမှန်း မင်းသိရဲ့သားနဲ့။ ဘာလို့ လုသွားတာလဲ။”
“ချန်ယီဖန်း၊ မင်းဘာသဘောလဲ။ မင်းက အသားပဲစားတယ်လို့ ကြွေးကြော်နေတဲ့ကောင်လေ။ ဘာလို့ ငါတို့နဲ့အတူ သတ်သတ်လွတ်ဟင်းတွေကို လာလုနေရတာလဲ။”
“ဟေ့၊ အစောက မင်းတို့ပြောခဲ့တဲ့စကားတွေကို သတိရသေးရဲ့လား။ ငါ့ဟိုတယ်စားသောက်ဆိုင်မှာ.. ဘာစားကောင်းတာမှမရှိ…”
“ရှူး!” သခင်လေးသုံးယောက်က ကုကျီယဲ့ကို တိတ်တိတ်နေရန် တပြိုင်တည်း ဟန့်တားလိုက်ကြလေသည်။
***