← Chapters

ပူးပေါင်းမှု

Vol. 7 Ch. 120

ပူးပေါင်းမှု

Vol. 7 Ch. 120

“ဝိုး မွှေးနေတာပဲ။” ကျန်းထောင်သည် အတော်ဝေးဝေးကတည်းက အနံ့မွှေးမွှေးကိုရနေတာကြောင့် ဆိုင်ထဲသို့ရောက်သည်နှင့် မေးလိုက်လေသည်။ “ဦးလေးချန်း၊ ဘာတွေချက်နေတာလဲ။ အဝေးကြီးကတည်းကနေကို ဦးလေးချက်တဲ့ဟင်းနံ့ကို ရနေတာ။”

“ထောင်ဇီ၊ ရောက်လာပြီပေါ့။” ဦးလေးချန်းက ပြုံးကာ ပြောလိုက်လေသည်။ “ငါ ဘာမှထွေထွေထူးထူး မချက်ပါဘူး။ သာမာန်သက်သက်လွတ်ဟင်းပွဲလေးတွေ လုပ်နေတာ။”

“ဒါဆို၊ ဦးလေးချန်းရဲ့လက်ရာက ဘယ်လောက်တောင်ကောင်းလဲ သက်သေပြနေတာပဲပေါ့။” ကျန်းထောင်က ချီးမွမ်းလိုက်သည်။ “ဦးလေးကသာ သက်သက်လွတ်ဟင်းပွဲလေးတွေလို့ ပြောနေပေမယ့် သူ့ရဲ့အနံ့က မိုင်အဝေးကြီးကနေတောင် ရနေတယ်။”

“ဟဟ၊ ထောင်ကျီ၊ မင်းပါးစပ်လေးကတော့ ချိုနေရောပဲ။” ဦးလေးချန်းက ရယ်လိုက်သည်။ “လာ ဝင်ထိုင်ဦး။ လင်းယွီလည်း ရောက်နေပြီ။”

ကျန်းထောင် ဝင်လာသည်နှင့် ရှောင်လင်းယွီကိုမြင်သွားကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။ “လင်းယွီ။”

ခရမ်းချဉ်သီးအစိမ်းများကို စားနေသည့် ကုကျီယဲ့နှင့် ဝမ်ကျီမင်သည်လည်း ကျန်းထောင် ဝင်လာသည်ကို မြင်ကြလေသည်။ သူတို့က ထနှုတ်ဆက်ချင်သော်လည်း ပါးစပ်အဟောင်းသားဖြစ်သွားကြလေသည်။

အေးစက်ကာ ခက်ထန်သည်ဟု နာမည်ကြီးသော ဒါရိုက်တာကျန်းသည် ကောင်မလေးတစ်ယောက်အပေါ် အလွန်ရင်းရင်းနှီးနှီးကို ဆက်ဆံနေတာကြောင့် အလွန်ကိုမှ ထူးဆန်းနေလေသည်။

ရှောင်လင်းယွီကလည်း၊ “ကျန်းကော။”

ကျန်းထောင်က ကုကျီယဲ့ကို ကြည့်လိုက်ကာ၊ “ဥက္ကဌကု။”

ကုကျီယဲ့မှာ ထိတ်လန့်နေကာ ချောင်းပင် ဆိုးသွားတော့သည်။ ‘ကျန်းကော?’

ထို့နောက် သူ့စိတ်ကိုပြန်လျှော့ကာ ကျန်းထောင်ကို နှုတ်ဆက်လိုက်သည်။ “ခေါင်းဆောင်ကျန်း။”

“အားလုံးရောက်ပြီဆိုတော့ စစားကြတာပေါ့။” ဦးလေးချန်းကပြောလိုက်သည်နှင့် ဒေါ်လေးချန်းက ဟင်းပွဲများကို သယ်လာပေးလေသည်။

…..

“ဒီဟင်းတွေက အရမ်းအရသာရှိတာပဲ။” ကုကျီယဲ့၏တူများက အလျင်အမြန်လှုပ်ရှားနေလေသည်။ သူက စားရင်းသောက်ရင်းအလုပ်ရှုပ်နေသော်လည်း သူ့မျက်လုံးများကတော့ စောင့်ကြည့်နေခြင်းကို မရပ်သွားပေ။ “ဝမ်ကျီမင်၊ ခင်ဗျား ကျွန်တော့်ရဲ့ ခရမ်းသီးနှပ်ကို ဘာလို့ခိုးသွားတာလဲ။ ပြန်ပေး။” ကုကျီယဲ့က နောက်ဆုံးကျန်သည့် ခရမ်းသီးနှပ်ကို ပြန်ဆွဲလုလေသည်။

ဝမ်ကျီမင်ကလည်း ချက်ချင်းပင် ခရမ်းသီးနှပ်ကို သူ့ပါးစပ်ထဲ ကောက်ထည့်လိုက်ကာ၊ “ကျွန်တော် ဒီလောက်အရသာရှိတဲ့ ခရမ်းသီးမျိုး တစ်ခါမှမစားဖူးဘူး။ နူးညံ့၊ အိစက်ပြီး အနံ့လေးက မွှေးနေတာပဲ။”

ကုကျီယဲ့က ဝမ်ကျီမင်၏ အပြုအမူကြောင့် ဒေါသထွက်သွားကာ အော်ငေါက်လိုက်ချင်သော်လည်း အစားအသောက်တိုက်ပွဲထဲ ဆက်လက်ပါဝင်ဖို့က ပိုအရေးကြီးနေလေသည်။

ဦးလေးချန်းသည် ခရမ်းသီးနှပ်၊ ပဲနီလေးဟင်း၊ ခရမ်းချဉ်သီးကြက်ဥမွှေကြော်၊ မှိုနှင့်ဂေါ်ဖီအစိမ်းသုပ်၊ ဂေါ်ဖီနှင့်တို့ဟူးစတူး၊ ငရုတ်သီးစိမ်းနှင့် ကြက်သွန်မြတ်မွှေကြော်နှင့် သခွားသီးစိတ်များ ချက်ပြုတ်ထားလေသည်။ အားလုံးက သာမာန်အိမ်ချက်ဟင်းလျာများပင်။

သို့သော်လည်း ထိုသာမာန်အိမ်ချက်ဟင်းပွဲများအတွက် ရှိနေသည့် လူခြောက်ယောက်မှာ အပြိုင်အဆိုင် လုယက်စားနေကြလေသည်။ မကြာလိုက်ပါပဲ ဟင်းရှစ်ပွဲမှာ အကုန်အစင်ပြောင်သွားကာ ကုကျီယဲ့ဆိုလျှင် ကျန်သည့်ထမင်းကို ဟင်းအနှစ်များဖြင့်ပင် နယ်စားနေသေးသည်။

“ဗိုက်ကိုပြည့်သွားတာပဲ။” ကုကျီယဲ့က သူ့ဗိုက်ကိုပွတ်ကာ ပြောလိုက်သည်။ “ချန်းလောင်ရှီးရဲ့ ဟင်းချက်လက်ရာကတော့ နောက်တစ်ဆင့်တက်သွားပြန်ပြီ။ သက်သက်လွတ်ဟင်းပွဲလေးတွေကတောင်မှ အရမ်းအရသာရှိတာပဲ။”

ဝမ်ကျီမင်ကလည်း ချီးကျူးလာခဲ့သည်။ “ချန်းလောင်ရှီးသာ Master Chef ရုပ်သံအစီအစဉ်ထဲပါလိုက်ရင် ဆုဖလားကိုသိမ်းနိုင်ဖို့ဆိုတာ အလွယ်လေးပဲ။ ဘာလို့ ဝင်မပြိုင်တာလဲ ချန်းလောင်ရှီး။”

ဦးလေးချန်းက အကျယ်ကြီးရယ်မောတော့သည်။ “ဟဟ, မင်းတို့ ဒီလိုပြောမယ်မှန်း သိသားပဲ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ မင်းတို့အထင်မှားသွားပြီ။ ငါ့ဟင်းချက်လက်ရာက မပြောင်းသွားဘူး။ ဒီတစ်ခေါက်ရဲ့ အဓိကပံ့ပိုးပေးတဲ့သူက ပါဝင်ပစ္စည်းတွေပဲ။ ငါအစောက ဟင်းချက်နေတုန်းက မင်းတို့ အနံ့မရကြဘူးလား။ အိုးထဲထည့်လိုက်ရုံနဲ့ကို မွှေးပျံ့တဲ့အနံ့က ချက်ချင်းထွက်လာတာ။”

ကုကျီယဲ့နှင့် ဝမ်ကျီမင်တို့ ဦးလေးချန်း၏ရည်ရွယ်ချက်ကို ချက်ချင်းပင် သိသွားတော့သည်။ သူတို့ အလွန်စိတ်လှုပ်ရှားသွားကြကာ၊ “ဦးလေးချန်း၊ ဒီပါဝင်ပစ္စည်းတွေကို ဘယ်ကရတာလဲ။”

ဦးလေးချန်းက ရှောင်လင်းယွီကို ညွှန်ပြကာ ပြောလိုက်လေသည်။ “လင်းယွီက ဒီပါဝင်ပစ္စည်းတွေ ယူခဲ့ပေးတာလေ။ သူဘယ်ကရလာလဲ မင်းတို့ကိုယ်တိုင် မေးကြည့်ကြပေါ့။”

ကုကျီယဲ့က လေးနက်သည့်အမူအရာဖြင့် ရှောင်လင်းယွီကိုကြည့်ကာ မေးလိုက်လေသည်။ “မစ္စရှောင်၊ မင်းဒီအသီးအရွက်တွေကို ဘယ်ကနေရတာလဲ။”

ရှောင်လင်းယွီက ပြုံးကာ ခေါင်းယမ်းလိုက်လေသည်။ “ဒါတော့ ကျွန်မ,မပြောပြနိုင်ပါဘူး၊ ဥက္ကဌကု။”

ကုကျီယဲ့နှင့် ဝမ်ကျီမင်တို့ ခေါင်းငိုက်စိုက်ကျကာ စိတ်ပျက်လက်ပျက်ဖြစ်သွားတော့သည်။

ထို့နောက် ရှောင်လင်းယွီက ထပ်ပြောလာခဲ့သည်။ “ဒါပေမယ့် ဒီပစ္စည်းတွေကို ကျွန်မရောင်းတာပါ။ ရှင်တို့လိုချင်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ကုမိသားစုဟိုတယ်အတွက် ကျွန်မ ထောက်ပံ့ပေးနိုင်ပါတယ်။”

ကုကျီယဲ့ အလွန်စိတ်လှုပ်ရှားသွားကာ ထတောင် ခုန်မိတော့မလိုဖြစ်သွားလေသည်။ “တကယ်လား။ ကောင်းလိုက်တာ။”

ရှောင်လင်းယွီက ဆက်ပြောလာခဲ့သည်။ “ဒါပေမယ့် တချို့ကိစ္စတွေကိုတော့ အရင်ဆုံး ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောထားဖို့လိုတယ်။ ဒီပစ္စည်းတွေကို ကျွန်မသူငယ်ချင်းတစ်ယောက်ဆီက ရတာပါ။ ကျွန်မအတွက်လည်း အများကြီး မရှိသေးဘူး။ ဒါကြောင့် လောလောဆယ်တော့ ရှင်တို့ကို ပမာဏနည်းနည်းပဲ ခွဲရောင်းပေးနိုင်တယ်။”

ကုကျီယဲ့ မျက်မှောင်ကြုတ်မိသွားသည်။ “ဒါဆို မစ္စရှောင်၊ ကျွန်တော်တို့အတွက် ဘယ်လောက်ခွဲပေးနိုင်လဲ။”

“ရှင်တို့ ဘယ်လောက်လိုအပ်တာလဲ။” ရှောင်လင်းယွီက ပြန်မေးလိုက်သည်။

ဝမ်ကျီမင်က၊ “ကျွန်တော်တို့အတွက် နေ့စဉ် အနည်းဆုံး အသီးအရွက် ၅၀၀ ကတ်တီလိုအပ်တယ်။” ဟိုတယ်ကြီးတစ်ခုအတွက် ဤသည်မှာ ပမာဏအရမ်းများသည်ဟု ပြော၍မရပေ။

ရှောင်လင်းယွီက ခေါင်းငုံ့ကာ ခဏစဉ်းစားနေလိုက်သည်။ ထို့နောက်မှာတော့၊ “ဥက္ကဌကု၊ ကျွန်မ ဒီပမာဏအတိုင်း အပြည့်တော့ မပေးနိုင်သေးဘူး။ တစ်ဝက်ကျော်လောက်တော့ ရမယ်။ ဒါပေမယ့် ရှင့်ကို သတိပေးရဦးမယ်။ ဈေးကတော့ အရမ်းကြီးတယ်နော်။ တကယ်တော့ တချို့အတွက်ဆိုရင် ဒီဈေးနှုန်းက မိုးလောက်အောင် မြင့်တယ်ဆိုပြီးတောင် ပြောလို့ရတယ်။ ဥပမာ၊ ခရမ်းချဉ်သီးတွေပေါ့။ ဈေးထဲမှာဆို တစ်ကတ်တီကို ၂ယွမ်နဲ့ရောင်းပေမယ့် ကျွန်မရဲ့ခရမ်းချဉ်သီးတွေကတော့ တစ်လုံးကို ၂ယွမ်ရောင်းတယ်။ ဒါပေမယ့် ကျွန်မရဲ့ ခရမ်းချဉ်သီးတွေက ကြီးတဲ့အတွက် တစ်လုံးကို 4 taels လောက်ရှိတယ်။ ပြောရရင်တော့ ကျွန်မရဲ့ခရမ်းချဉ်သီးတွေက ဈေးထဲကထက် နှစ်ဆနီးပါးလောက် ပိုဈေးကြီးတယ်။ နောက်ထပ်ဥပမာအနေနဲ့ကတော့ ဂေါ်ဖီပေါ့။ ဈေးထဲမှာဆို ၈၀စင့်လောက်နဲ့ ရောင်းပေမယ့် ကျွန်မရဲ့ဂေါ်ဖီကိုတော့ ၁၀ယွမ်နဲ့ရောင်းတယ်။”

“ဘာလို့ဒီလောက်တောင် ဈေးကြီးရတာလဲ။” ဝမ်ကျီမင်က မယုံနိုင်စွာ ပြောလိုက်လေသည်။

ရှောင်လင်းယွီ၏အမူအရာကလည်း အလွန်ကိုမှ တည်ငြိမ်လေးနက်နေခဲ့သည်။ “ဒါကတော့ ပေးရတဲ့ဈေးနဲ့တန်တဲ့ အရသာမျိုးရှိလို့ပေါ့။”

ကုကျီယဲ့က ခဏတွေးလိုက်ပြီးနောက် မေးလာခဲ့သည်။ “ငါတို့အတွက် အများဈေးအနေနှင့် မလျှော့ပေးတော့ဘူးလား။”

ရှောင်လင်းယွီက ခေါင်းညိတ်လိုက်လေသည်။ “လျှော့ပေးလို့ရတာပေါ့။ ခရမ်းချဉ်သီးကို တစ်လုံး ၁.၅ယွမ်၊ တခြားအသီးအရွက်တွေကိုတော့ တစ်ကတ်တီကို ၆.၅ယွမ်နဲ့ရမယ်။ ဥက္ကဌကု၊ ကျွန်မဒီလောက်လျှော့ပေးတာက ဦးလေးချန်းကြောင့်မလို့နော်။”

ကျန်းထောင်က ဂရုတစိုက်နားထောင်နေပြီး ဘာမှဝင်မပြောခဲ့ပေ။ သို့သော်လည်း သူ့စိတ်ထဲမှာတော့ အတော်လေး အံ့ဩနေလေသည်။ ‘လင်းယွီရဲ့ အသီးအရွက်တွေက ဘာလို့ ဒီလောက်တောင် ဈေးကြီးရတာလဲ။’

ကုကျီယဲ့က လက်တစ်ဖက်နှင့် စားပွဲကိုခေါက်ကာ မျက်မှောင်ကြုတ်၍ စဉ်းစားခန်းဝင်နေလေသည်။

ထိုအချိန် ရှောင်လင်းယွီက ထပ်ပြောလိုက်ပြန်သည်။ “ဥက္ကဌကု၊ မန်နေဂျာဝမ်။ ရှင်တို့လည်း အသီးအရွက်တွေရဲ့အရသာကို မြည်းစမ်းကြည့်ပြီးပြီပဲ။ ဦးလေးချန်းရဲ့ဟင်းချက်လက်ရာက အရမ်းကောင်းတယ်ဆိုပေမယ့် ပါဝင်ပစ္စည်းတွေကလည်း လတ်ဆတ်တယ်။ ဒီပါဝင်ပစ္စည်းတွေနဲ့တင် ဝယ်သူတွေကို ဆွဲဆောင်နိုင်မယ်လို့ မထင်ကြဘူးလား။”

ဟိုတယ်ကြီးများကိုလာစားသည့် စားသုံးသူတွေဆိုသည်မှာ ငွေရှားပါးနေသူများမဟုတ်ပေ။ အဆင့်မြင့်ဟိုတယ်ကြီးများတွင် အစားအသောက်ဈေးနှုန်းနှင့်ပတ်သတ်၍ စောဒကတက်မည့် ဧည့်သည်ဆိုသည်မှာ ရှားပါးလှသည်။ အစားအသောက်များက အရသာရှိနေသ၍ ဖောက်သည်များက ကျေကျေနပ်နပ်‌ ငွေပေးချေသွားကြမည်ဖြစ်သည်။ ဒါက သာမာန်စားသောက်ဆိုင်နှင့် အဆင့်မြင့်ဟိုတယ်တစ်ခုတို့၏ ခြားနားချက်ပင်ဖြစ်သည်။ သာမာန်စားသောက်ဆိုင်များမှ စားသုံးသူများသည် ဈေးနှုန်းသက်သာသော အစားအသောက်များကို လိုချင်ကြကာ အဆင့်မြင့်ဟိုတယ်ကြီးများမှ စားသုံးသူများကတော့ ကောင်းမွန်သည့်ဝန်ဆောင်မှုနှင့် ထူးခြားသည့်အတွေ့အကြုံမျိုးကို လိုချင်ကြသည်။ သူတို့က ပုံမှန်နှင့်မတူသည် ထူးခြားသည့်အရာများကို ရှာဖွေလိုကြခြင်းပင်။

ကုကျီယဲ့ လေးလေးနက်နက် တွေးနေချိန်တွင် ဝမ်ကျီမင်က တွန့်ဆုတ်နေသည့် အတွေးများဖြင့် ဝင်ပြောလာခဲ့သည်။ “ဒါပေမယ့် ဈေးက အရမ်းကြီးနေတုန်းပဲလေ။ ဟိုတယ်ဘက်က အမြတ်ပြန်ရပါ့မလား။”

ရှောင်လင်းယွီ မျက်လုံးသာ လှန်လိုက်ချင်တော့သည်။ ‘ရှင်တို့ အစားအသောက်ရဲ့ဈေးနှုန်းကို မြှင့်လိုက်လို့မရဘူးလား။’ သို့သော်လည်း ရှောင်လင်းယွီက ဘာမှမပြောတော့ဘဲ ကုကျီယဲ့၏ဆုံးဖြတ်ချက်ကို စောင့်နေလိုက်သည်။ ကုကျီယဲ့သည် ဥက္ကဌဖြစ်သလို အစားအသောက်ခုံမင်သူလည်းဖြစ်တာကြောင့် သူမအသီးအရွက်များက သူတို့ဟိုတယ်အတွက် ယူလာပေးနိုင်သည့် တန်ဖိုးကို သိသင့်ပေသည်။

ခဏကြာပြီးနောက် ကုကျီယဲ့က မေးလာခဲ့သည်။ “မစ္စရှောင်။ မင်း အခု ငါတို့ကို ဘယ်လောက် တင်ပို့ပေးနိုင်လဲ။”

ရှောင်လင်းယွီက ပြန်ဖြေလိုက်သည်။ “တစ်ရက်ကို ၃၀၀ကတ်တီပါ။”

“ကောင်းပြီ။ မင်းရဲ့ကမ်းလှမ်းချက်ကို သဘောတူတယ်။ မန်နေဂျာဝမ်က အသီးအရွက်အမျိုးအစားနဲ့ အရေအတွက်အတိအကျကို မင်းနဲ့ဆွေးနွေးပေးလိမ့်မယ်။” ထို့နောက် ကုကျီယဲ့က မေးလိုက်လေသည်။ “ကျွန်တော်တို့ ဘယ်တော့ လက်မှတ်ထိုးကြမလဲ။ ပြီးတော့ မင်း ဘယ်အချိန် ပစ္စည်းစပို့နိုင်မလဲ။”

ရှောင်လင်းယွီက ခေါင်းယမ်းလိုက်သည်။ “ကျွန်မတို့ အချိန်တစ်ခုအထိ လက်မှတ်မထိုးသေးဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ ရှင်တို့အတွက် နေ့စဉ် ကတ်တီ ၃၀၀ ပို့ပေးမှာပါ။ စာချုပ်ကတော့ တစ်လနေမှ လက်မှတ်ထိုးကြတာပေါ့။”

ကုကျီယဲ့က အနည်းငယ် စိတ်ရှုပ်သွားလေသည်။ “ဘာလို့ တစ်လစောင့်မှာလဲ။”

ရှောင်လင်းယွီက ဟာသတစ်ဝက်နှောကာ ပြန်ဖြေလာခဲ့သည်။ “ဒါပေ့၊ ရှင်တို့ ကျွန်မပစ္စည်းတွေရဲ့ အရည်အသွေးကို စမ်းစစ်ချိန်ရအောင်လို့လေ။ ဒီအသီးအရွက်တွေက ရှင်တို့ဟိုတယ်ရဲ့စီးပွားရေးကို အမှန်တကယ် အကူအညီဖြစ်စေမယ်ဆိုတာ သေချာသွားချင်လို့ပဲ။” အဓိကရည်ရွယ်ချက်ကတော့ ရှောင်လင်းယွီသည် အထက်တန်းလွှာဈေးကွက်ထဲတွင် သူမနာမည်ကို ပြန့်သွားစေလိုခြင်းဖြစ်သည်။ ထိုအဆက်အသွယ်က အနာဂါတ်တွင် သူမအတွက် အကူအညီကြီးကြီးမားမား ဖြစ်လာနိုင်ပေသည်။

ကုကျီယဲ့က ခေါင်းညိတ်လိုက်လေသည်။ “ဒါဆို အရမ်းကော်ငးတာပေါ့။”

ဝမ်ကျီမင်ကတော့ မျက်လုံးများက မှေးကျဉ်းကာ ကြည့်နေပြီး ဘာမှဝင်မပြောခဲ့ပေ။ ရှောင်လင်းယွီ၏ အသီးအရွက်များသာ တကယ်ပဲ ဟိုတယ်၏စီးပွားရေးကို တိုးတက်လာစေမည်ဆိုလည်း အရမ်းကောင်းတာပေါ့။ ဒါပေမယ့် ဖြစ်မလာရင်ရော။

သူစိုးရိမ်နေသော်လည်း ဥက္ကဌကိုယ်တိုင်က ဆုံးဖြတ်လိုက်ပြီဖြစ်တာကြောင့် ဘာမှမပြောနေတော့ပေ။

“မင်းမှာ ဒီနေ့အတွက် ကုန်တွေထပ်ရှိသေးလား။ ၁၀၀-၂၀၀ ကတ်တီလောက် ပေးနိုင်လား။” ကုကျီယဲ့သည် သူ့ဖောက်သည်များအကြား တုံ့ပြန်ချက်ကို အရမ်းမြင်ချင်လိုနေပြီဖြစ်သည်။

“ကျွန်မ ဒီမနက်ကပဲ ကတ်တီ ၃၀၀ ရောင်းထားတာမလို့။ ၁၃၀ကတ်တီလောက်ပဲ ကျန်တော့မယ်။ ခဏနေ ရှင်တို့ဟိုတယ်ကို ပို့ပေးမယ်လေ၊ အဆင်ပြေလား။”

“ပြေတာပေါ့။ ငါတို့အခုပဲ သွားယူလိုက်ကြရအောင်” ထို့နောက် ကုကျီယဲ့က မေးလာခဲ့သည်။ “ဒါနဲ့ မစ္စရှောင်၊ ငွေပေးချေမယ့်ကိစ္စကရော။”

“ရှင် ကျွန်မကို လစဉ်ပေးလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ရှင် ကျွန်မကို လှည့်စားသွားမှာ မစိုးရိမ်ဘူးလေ။ ကျွန်မှာ ဒါရိုက်တာကျန်းရှိနေတာပဲ။ မဟုတ်ဘူးလား။” ဒါပေါ့၊ ရှောင်လင်းယွီ စနောက်လိုက်ရုံသာဖြစ်လေသည်။ သို့သော်လည်း ဒါကပဲ သူမကို အလွယ်တကူ အနိုင်ကျင့်၍မရကြောင်း သတိပေးလိုက်ခြင်း ဖြစ်ပေသည်။

ကျန်းထောင်ကတော့ အလွန်အလေးအနက်ထားသည့်ပုံစံဖြင့် ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။ “အဟုတ်ပဲ။”

ကုကျီယဲ့၊ “….” ငါ့ပုံစံက အသီးအရွက်လေးတွေလောက်နဲ့ လိမ်ပြေးမယ့်ပုံပေါ်ကနေလို့လား။

ဦးလေးချန်း၊ “….” ထောင်ဇီက ဘယ်တုန်းကများ စနောက်တတ်အောင် သင်လိုက်တာလဲ။

ကုကျီယဲ့နှင့် ဝမ်ကျီမင်က ရှောင်လင်းယွီနောက်မှ လိုက်သွားခဲ့သည်။ ရှောင်လင်းယွီ၏ အငှားအိမ်သို့ရောက်သည်နှင့် သူတို့အံ့ဩသွားကြလေသည်။

“မန်နေဂျာဝမ်၊ နောက်ဆို ရှင်ဒီမှာ ပစ္စည်းလာယူဖို့ လူလွှတ်လိုက်လို့ရတယ်။ ဒါပေမယ့် ဒီကလမ်းကြားတွေက သုံးဘီးလောက်ပဲ ဝင်လို့ရတယ်နော်။”

“ကောင်းပြီ။” ဝမ်ကျီမင်က ခေါင်းညိတ်လိုက်သည်။

ကုကျီယဲ့နှင့် ဝမ်ကျီမင်တို့ အသီးအရွက်များကို ရလိုက်သည်နှင့် ဟိုတယ်သို့ အမြန်ပြန်ရဖို့ မစောင့်နိုင်တော့ပေ… ရလဒ်ကို အမြန်ဆုံး မြင်ချင်လှပေပြီ။

***

All Chapters