အရမ်းအရသာရှိတာပဲ
Vol. 7 Ch. 124
လက်ရှိတွင်တော့ ရှောင်လင်းယွီသည် သူမဘဝတွင် ဘယ်တော့မှ ထပ်မမြင်ချင်တော့သည့် အမျိုးသားသည် သူမအိမ်တွင် ထမင်းစားနေလိမ့်မည်ဟု တွေးပင်တွေးမိမည်မဟုတ်ပေ။
ကုကျီယဲ့နှင့် ပူးပေါင်းမှု သဘောတူညီချက်ရထားပြီဖြစ်တာကြောင့် ရှောင်လင်းယွီသည် စိုက်ပျိုးရေးနေရာလွတ်ထဲသို့ ဝင်ကာ စစ်ဆေးနေလေသည်။ သူမတွင် လက်ရှိ,ရှိထားသလောက် ပစ္စည်းပမာဏဖြင့်ဆိုလျှင် ၃ရက်စာလောက် ရောင်းစရာရှိသေးလေသည်။ သူမ၏နေ့စဉ်ရိတ်သိမ်းသည့်ပမာဏကိုပါ ထည့်ပေါင်းလိုက်မည်ဆိုလျှင်တော့ ကုမိသားစုကို ထောက်ပံ့ရန် အလုံအလောက်ရှိသွားပြီဖြစ်သည်။ ကုမိသားစုကို အသီးအရွက် ကတ်တီ ၃၀၀နေ့စဉ်တင်ပို့ပေးကာ ကျန်တာကိုတော့ သိမ်းထားပေမည်။
ဒါကတော့ သူမ၏အစီအစဉ်ဖြစ်သည်။ သူမ ဆိုင်တစ်ဆိုင်ရှာတွေ့ပြီးလျှင်တော့ သူမကိုယ်တိုင် ပစ္စည်းထားပြီးလည်း ရောင်းချသွားမည်ဖြစ်သည်။ ထို့နောက်မှာတော့ မျိုးစေ့တချို့ထပ်ဝယ်ကာ ထပ်ပြီး စိုက်သွားမည်ဖြစ်သည်။ သူမ၏ယခင်အတွေ့အကြုံအတိုင်း တူညီပါက မျိုးကျဲလိုက်သည်နှင့် ၃ရက်ကြာပြီးနောက် အသီးတန်းသီးလာမည်ဖြစ်သည်။
သို့သော်လည်း… ရှောင်လင်းယွီတစ်ယောက် စိုက်ပျိုးရေးနေရာလွတ်ထဲသို့ ပတ်ကြည့်ရင်း တွေးနေမိသည်။ ‘သစ်သီးပင်တွေဆိုရင် ကြီးထွားဖို့နဲ့ အသီးသီးလာဖို့အထိဆို အချိန်ဘယ်လောက်ယူမလဲပဲ။’ ရှောင်လင်းယွီသည် နေရာလွတ်ထဲတွင် ဟင်းသီးဟင်းရွက်များတင်မကဘဲ သစ်သီးများကိုပါ စိုက်ပျိုးရန် အစီအစဉ်ရှိထားလေသည်။ လောလောဆယ်တွင်တော့ သူမတွင် ဟင်းသီးဟင်းရွက်များသာ ရောင်းဖို့အများဆုံးရှိသည်။ အနာဂါတ်တွင်တော့ သူမသည် မျိုးစုံသော သစ်သီးဝလံများကိုပါ ရောင်းချသွားချင်သည်။ ဒါပေါ့၊ ဒီမေးခွန်းအတွက် မစမ်းကြည့်ဘဲနဲ့တော့ အဖြေထွက်လာလိမ့်မည်မဟုတ်ပေ။
ရှောင်လင်းယွီသည် စိုက်ပျိုးရေးနေရာလွတ်ထဲမှထွက်ကာ မျိုးစေ့များဝယ်ရန် ဈေးသို့သွားခဲ့လေသည်။ ရှင်းယင်ခရိုင်၏ ပထဝီဝင်အနေအထားအရ တရုတ်ပြည်တောင်ပိုင်းတွင် စိုက်ပျိုးကြီးထားနိုင်သည့် သစ်သီးဝလံများသာ စိုက်ပျိုးရန် သင့်လျော်ပေသည်။ ပန်းသီးကဲ့သို့သော တရုတ်ပြည်တောင်ပိုင်းမှထွက်သည့် သစ်သီးများကိုမူ မစိုက်ပျိုးနိုင်ပေ။
ရှောင်လင်းယွီတစ်ယောက် မျိုးစေ့ဈေးသို့ရောက်သည်နှင့် အချိန်ဖုန်းမနေဘဲ သစ်သီးအမျိုးအစား ဒါဇင်လောက်ရှိသော မျိုးစေ့များကို ဝယ်ယူခဲ့လေသည်။ ထိုမျိုးစေ့များသည် ပြည်တွင်းထွက်မျိုးစေ့များဖြစ်သော လိမ္မော်သီး၊ စပျစ်သီး၊ မက်မွန်သီးနှင့် တခြားအမျိုးအစားများဖြစ်ပေသည်။ သူမ ငှားထားသည့်အိမ်သို့ ပြန်ရောက်ပြီးနောက်မှာတော့ စိုက်ပျိုးရေးနေရာလွတ်ထဲသို့ပြန်ဝင်ကာ မျိုးစေ့အားလုံးကို စိုက်ပျိုးလိုက်လေသည်။
…..
ရှောင်လင်းယွီတစ်ယောက် သူမ၏နေရာလွတ်ထဲတွင် အသီးပင်များစိုက်ပျိုးရင်း စမ်းသပ်နေချိန်တွင် ကုမိသားစုပိုင်ဟိုတယ်တွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့သည်။ ထိုဖြစ်စဉ်မှာ ကုကျီယဲ့၏ သူငယ်ချင်းကောင်းများကို ထမင်းဖိတ်ကျွေးရာမှ စတင်ခဲ့လေသည်။ ဟင်းပွဲများချလာသည်နှင့် မွှေးပျံ့သည့်ဟင်းရနံ့များက ကျန်းဟွေ့ယန်၊ ယွမ်ရွှမ်ဟောက်နှင့် ချန်ယီဖန်းတို့ကိုသာ ဆွဲဆောင်သွားရုံတင်မကဘဲ တခြားဧည့်သည်များပါ မလွတ်မြောက်နိုင်ခဲ့ပေ။
“ဝိတ်တာ၊ ဒီကို ဂေါ်ဖီကြော်တစ်ပွဲလောက်။”
“ဝိတ်တာ၊ ငါ့ကို ခရမ်းသီးနှပ်တစ်ပွဲလောက်ပေးပါဦး။”
“ဝိတ်တာရေ၊ ငါလည်း ခရမ်းချဉ်သီးအစိမ်းသုပ်တစ်ပွဲလိုချင်တယ်။”
“ဝိတ်တာ၊ ဒါကလွဲပြီး မင်းတို့ဆီမှာ တခြားဟင်းတွေကော ရသေးလား။”
“ဟုတ်ကဲ့ ရပါတယ်။” ထို့နောက် စားပွဲထိုးက ဟင်းပွဲတချို့ကို အကြံပြုပေးလေသည်။
ဟင်းပွဲအမှာများလက်ခံပြီးနောက်မှာတော့ စားဖိုချောင်ထဲမှ မွှေးပျံ့လှသည့် ဟင်းနံ့များ ထပ်မံပြီး လှိုင်ထွက်လာပြန်သည်။ ဟင်းပွဲများလာချချိန်မှာတော့ ဧည့်သည်များမှာ ပန်းကန်ထဲ ဒိုင်ဗင်ထိုးတော့မတတ်ကို အားပေးကြတော့သည်။
“အား… ဒီအရသာက အနံ့ရတုန်းကထက်တောင် ပိုကောင်းသေးတယ်။”
“ဟုတ်တယ်၊ ငါ ဒီလောက် အရသာရှိတဲ့ ဂေါ်ဖီသုပ်မျိုး တစ်ခါမှမစားဖူးဘူး။ ဝိတ်တာ၊ ငါ့ကို ဒါမျိုး နောက်ထပ်, ထပ်မှာပေးပါဦး။”
“စိတ်မကောင်းပါဘူး၊ လူကြီးမင်း။ ဒီနေ့အတွက် ကျွန်တော်တို့ဆီမှာ ပါဝင်ပစ္စည်းအကန့်အသတ်ရှိတာကြောင့် တစ်စားပွဲတည်းက ဧည့်သည်တွေအတွက် ဟင်းပွဲတစ်မျိုးကို နှစ်ပွဲစာပဲ မှာယူခွင့်ရှိပါတယ်။”
“အာ… ဘာလို့လဲ။” ဧည့်သည်တချို့က ချက်ချင်းပင် မကျေမနပ်ညည်းတွားကြတော့သည်။
“ကျွန်တော်တို့ဆီမှာ ပါဝင်ပစ္စည်းအကန့်အသတ်ရှိနေလို့ပါ၊ တောင်းပန်ပါတယ်။”
“နောက်ထပ်တစ်ပွဲပဲမှာမယ်လေ။ တစ်ပွဲပါပဲ..နော်..။”
“မရလို့ပါ၊ လူကြီးမင်း။”
“ဖေဖေ၊ ဒါအရမ်းအရသာရှိတယ်။ သား ထပ်စားချင်သေးတယ်။”
“ကလေး၊ အဖေတို့က စားပွဲတစ်ဝိုင်းကို ဟင်းနှစ်ပွဲမှာမှာလို့ရတာ။ ညကျမှပြန်လာကြမယ်လေ ဟုတ်ပြီလား။”
“မရဘူး၊ မရဘူး။ အခုပဲစားချင်တာ။” အသက် ၅နှစ်အရွက်ကောင်လေးသည် ခရမ်းချဉ်သီးသုပ်စားထားတာတောင်မှ အခုထိ ဗိုက်ဆာနေသေးပုံပေါ်လေသည်။ သူ့အဖေက စားပွဲထိုးကို ကြည့်လိုက်ကာ၊ “နောက်ထပ် ခရမ်းချဉ်သီးသုပ်တစ်ပွဲလောက်ပဲ ထပ်ပေးလို့ရမလား။ ငါ့သားကို ဒီတိုင်းငိုခိုင်းထားလို့မဖြစ်ဘူးလေ။” တကယ်တော့ ထိုဖခင်သည် နောက်ထပ်တစ်ပွဲရအောင် ဟန်ဆောင်နေခြင်းဖြစ်လေသည်။
ထိုအချိန်မှာပဲ ကုကျီယဲ့က မတ်တပ်ထရပ်လိုက်ကာ၊ “လေးစားရပါသော ဧည့်သည်တော်အပေါင်းတို့၊ ကျွန်တော်က ဒီဟိုတယ်ရဲ့ဥက္ကဌ ကုကျီယဲ့ပါ။”
ဧည့်သည်တစ်ယောက်က ချက်ချင်းအော်လာခဲ့လေသည်။ “ဥက္ကဌကု၊ ငါ ဒီလိုမျိုး ဧည့်သည်တွေ မှာယူနိုင်မယ့် ဟင်းပွဲအရေအတွက်ကို ကန့်သတ်ထားတဲ့ စားသောက်ဆိုင်မျိုး တစ်ခါမှမကြုံဖူးဘူး။ ပြီးတော့ မင်းစားပွဲပေါ်မှာကျ ဟင်းပွဲ နှစ်ပွဲမကဘူးမြင်နေတာပဲ။ ဒါ လုံးဝမတရားဘူး။”
“ဟုတ်တယ်။” တခြားဧည့်သည်တစ်ယောက်ကလည်း သံယောင်လိုက်လာပြန်သည်။ “ဥက္ကဌကု၊ အထူးဟင်းပွဲလိုမျိုးကို စောစောဘိုကင်တင်ပြီး မှာရတယ်လို့ ငါလည်း ကြားဖူးပါတယ်။ ဒါပေမယ့် ဒီလို ဂေါ်ဖီနဲ့ ခရမ်းချဉ်သီးလိုမျိုး သာမာန် ဟင်းသီးဟင်းရွက်တွေအတွက်တော့ လုံးဝမဟုတ်ဘူး။ မင်း ထူးထူးဆန်းဆန်းနည်းလမ်းမျိုးနဲ့ ပွဲဖြစ်အောင် လုပ်နေတာလား။”
“ပွဲဟေ့၊ ပွဲဟေ့။” ငါးနှစ်သားလေးက အော်ဟစ်လာသည်။ ဆူဆူညံညံဖြစ်နေသည့် ဆိုင်အခြေအနေကို သူအတော်လေး သဘောကျနေတဲ့ပုံပင်။
လူကြီးများကတော့ ထိုနတ်သုဒ္ဒါတမျှကောင်းလွန်းလှသည့် ဟင်းပွဲများကို ထပ်စားချင်နေကြလေသည်။ ဒါ့အပြင် သူတို့သည် ဧည့်သည်များဖြစ်ကာ ဥက္ကဌကုအနေနှင့် သူတို့လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တာဝန်ရှိပေသည်။
ကုကျီယဲ့ ကူကယ်ရာမဲ့စွာ သက်ပြင်းသာချနိုင်တော့သည်။ “လေးစားရပါသော ဧည့်သည်တော်တို့၊ ဒီဟင်းသီးဟင်းရွက်တွေက သာမာန်ဟင်းသီးဟင်းရွက်တွေမဟုတ်ပါဘူး။ ဒီတင်သွင်းသူနဲ့ ကုမိသားစုဟိုတယ်ပူးပေါင်းနိုင်ဖို့အရေး ကျွန်တော် ငွေတွေအများကြီးသုံးခဲ့ရတာပါ။ ပြီးတော့ ဒီနေ့က ကျွန်တော်တို့ ပူးပေါင်းတဲ့ ပထမဆုံးနေ့လည်းဖြစ်တယ်။ ဒါကြောင့် တင်သွင်းသူဘက်က ကတ်တီ၁၀၀ စာ ဟင်းသီးဟင်းရွက်တွေပဲ ပို့ပေးနိုင်ခဲ့ပါတယ်။ ဧည့်သည်တော်တိုင်း မသုံးဆောင်ရမဖြစ်ရလေအောင် ကျွန်တော်တို့အနေနဲ့ ဟင်းပွဲအရေအတွက်ကို ကန့်သတ်ထားလိုက်ရတာပါ။” ထိုအချက်အထိပြောပြီးသည့်နောက် သူက၊ “ဒါပေမယ့်… မနက်ဖြန်ကစပြီး ဧည့်သည်တော်တို့ အလိုရှိသလောက် စိတ်ကြိုက်မှာယူစားသုံးနိုင်ပါပြီ။”
“ဥက္ကဌကု၊ ဒါ ခင်ဗျားကိုယ်တိုင် ကတိပေးတာနော်။” တချို့ဧည့်သည်များက ရယ်မောလာကြသည်။
“ဒါပေါ့၊ ဧည့်သည်တော်အားလုံး သက်သေပါပဲ။ ဒါပေမယ့် ဒီနေ့ကတော့ ချွင်းချက်အနေနဲ့ ဒီဧည့်သည်တော်ငယ်လေးအတွက် ခရမ်းချဉ်သီးသုပ်တစ်ပွဲ ထပ်ပြီးတည်ခင်းပေးပါ့မယ်။”
“ဥက္ကဌကုကိုယ်တိုင် ကတိပေးထားမှတော့ ငါတို့လည်း မနက်ဖြန်မှ ပြန်လာပြီး ငါတို့စိတ်ကျေနပ်တဲ့အထိ စားကြတာပေါ့။” ဧည့်သည်တစ်ယောက်က ပြောလိုက်လေသည်။
“ဟုတ်တာပေါ့၊ ကုမိသားစုဟိုတယ်ကို အားပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။” ကလေးရှိနေသည့်ဝိုင်းကလွဲ၍ တခြားဧည့်သည်များမှာ တဖြည်းဖြည်း ထွက်ခွာသွားကြသည်။ သူတို့က ဒီနေ့ညနှင့် နောက်နေ့မနက်ပိုင်းများတွင် ပြန်လာရန်အတွက် ဆုံးဖြတ်ထားကြလေသည်။
ကုကျီယဲ့ နေရာတွင် ပြန်ထိုင်လိုက်ချိန်တွင် သူ့သူငယ်ချင်းသုံးယောက်မှာ ပန်းကန်များကိုပင် ယက်နေကြပြီဖြစ်သည်။ ကုကျီယဲ့ မျက်လုံးကိုလှန်ကာ ထေ့ငေါ့လိုက်တော့သည်။ “မင်းတို့ကောင်တွေ မရှက်ကြဘူးလား။”
“ရှူး…” သုံးယောက်သား ထိုတစ်လုံးကိုသာ တညီတည်းပြောလိုက်လေသည်။ စားလို့သောက်လို့ပြီးသွားသည့်နောက် နှုတ်ခမ်းများသပ်ကာ ကျေနပ်မှုအပြည့်ဖြင့် ဗိုက်ကိုပင် ပွတ်နေလိုက်ကြသေးသည်။ ထို့နောက်မှာတော့ ကျန်းဟိုင်ယန်ကစကာ စကားပြောလာခဲ့သည်။ “ကုကျီယဲ့၊ ငါတို့ကို အမှန်အတိုင်းပြောစမ်း။ ဒါ တကယ်ရော သတ်သတ်လွတ်ဟင်းဟုတ်ရဲ့လား။ မင်းဒီထဲ အသားခိုးထည့်ထားတာမလား။”
“ဟုတ်တယ်။ သတ်သတ်လွတ်ဟင်းတွေက ဘယ်လိုလုပ် ဒီလောက်အရသာရှိနိုင်မှာလဲ။”
“ဒါက ငါစားဖူးသမျှ သတ်သတ်လွတ်ဟင်းတွေထဲမှာ အရသာအရှိဆုံးပဲ။ အသားထက်တောင်မှ ပိုကောင်းသေးတယ်။”
“ငါ ဆုံးဖြတ်လိုက်ပြီ။ ဒီည ငါ့မိဘတွေကိုခေါ်ပြီး ထပ်လာစားဦးမယ်။”
“ငါလည်း အဲ့လိုပဲတွေးနေတာ။”
“ငါကတော့ ငါ့အဘိုးအဘွားတွေကို ခေါ်ခဲ့မယ်။ သူတို့သာ ကြိုက်ရင် နေ့တိုင်းကိုလာစားမယ်။”
ထိုအခိုက် ကုကျီယဲ့က ဝင်ပြောလာခဲ့သည်။ “ငါ့ကောင်တို့၊ ငါမင်းတို့ကို တစ်ခုတော့ သတိပေးရဦးမယ်။ ဒီဟင်းပွဲတွေက တကယ်ကို သတ်သတ်လွတ်ဟင်းတွေပဲ၊ ဒါပေမယ့် ဒါတွေက အသားထက်တောင်မှ ပိုပြီးဈေးကြီးသေးတယ်။ ငါမင်းတို့ကို ၂၀ရာခိုင်နှုန်းဈေးလျှော့ပေးထားရင်တောင်မှ ငါ မင်းတို့ကို အများကြီးပိုယူတယ်လို့ မင်းတို့ တွေးမိလောက်တယ်။”
“အသီးအရွက်တွေက အဲ့လောက်ဈေးကြီးလို့လား။” ချန်ယီဖန်းက သံသယဝင်စွာမေးလိုက်သည်။
ကုကျီယဲ့ ခေါင်းညိတ်ပြလိုက်လေသည်။ “ဒါပေါ့၊ ခရမ်းချဉ်သီးအပြင် တခြားအသီးအရွက်တွေကလည်း အရမ်းဈေးကြီးတယ်။”
သူ့သူငယ်ချင်းများမှာ မယုံကြည်နိုင်ဖြစ်သွားကြလေသည်။ သို့သော်လည်း ဟင်းပွဲများ၏အရသာအကြောင်း ပြန်တွေးမိသွားချိန်မှာတော့ ဈေးကြီးသည့်အချက်မှာ လက်ခံနိုင်ဖွယ်ဖြစ်ကြောင်း သတိထားမိသွားသည်။
ကျန်းဟိုင်ယန်က တစ်ခုခုမေးချင်သေးသော်လည်း ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် သူ့မေးခွန်းများကို ပြန်မြိုသိပ်လိုက်ရသည်။
စားသောက်ပြီးသည့်နောက်မှာတော့ လေးယောက်သား ကုကျီယဲ့၏အခန်းသို့ သွားခဲ့ကြသည်။ ထို့နောက်မှာတော့ ချက်ချင်းဆိုသလိုပဲ ကုကျီယဲ့၏သူငယ်ချင်းများက သူ့ကို ဂုဏ်ပြုလာကြလေသည်။ “ကျီယဲ့၊ ဒီအတိုင်းသာဆို မင်းရဲ့ဟိုတယ်စီးပွားရေးကို သေချာပေါက် ပြန်လည်ပတ်နိုင်တော့မှာပဲ။” ကုကျီယဲ့သည်လည်း အစောပိုင်းကအခြေအနေကို ပြန်လည်တွေးမိကာ ယုံကြည်ချက်များ ပြည့်လျှံလာခဲ့သည်။
ချန်ယီဖန်းကတော့ သူ့ကို သတိပေးလာလေသည်။ “ကျီယဲ့၊ ငါတို့ မင်းတို့တင်သွင်းသူအသစ်ရဲ့ အထောက်အထားကို မမေးဘူးဆိုပေမယ့် ယီမိသားစုဟိုတယ်ကိုတော့ သတိထားမှဖြစ်မယ်။ အရင်တစ်ခေါက်လို အဖြစ်မျိုး ထပ်မဖြစ်စေနဲ့။”
“ဟုတ်တယ်၊” ကျန်နှစ်ယောက်ကလည်း ပြောလိုက်သည်။ “ယီမိသားစုဟိုတယ်က ကျိုးဟွမ်းမင်ဆိုတဲ့တစ်ယောက်က အရှက်မရှိတဲ့ စက်ဆုပ်ဖို့ကောင်းတဲ့လူပဲ။ သူတို့ ဒီအကြောင်းကိုသာ သိသွားရင် မင်းရဲ့တင်သွင်းသူအသစ်ကို ချဉ်းကပ်ဖို့ နည်းလမ်းပေါင်းစုံသုံးလိမ့်မယ်။”
ကုကျီယဲ့ ခေါင်းညိတ်လိုက်သည်။ “ဒီတစ်ခေါက်တော့ ကျိုးဟွမ်းမင် ငါ့လမ်းကို ထပ်ပြီး ပိတ်မရပ်စေရဘူး။”
သို့သော်လည်း သူ့စိတ်ထဲတွင်တော့ မရေမရာဖြစ်နေခဲ့သည်။ ရှောင်လင်းယွီသည် ကုမိသားစုဟိုတယ်နှင့် တရားဝင်စာချုပ်မချုပ်ထားသေးဘဲ တစ်လကြာမှ စာချုပ်ချုပ်ကြမည်ဖြစ်သည်။ ဤအစမ်းကာလအတွင်း သူမက နေ့စဉ် ပါဝင်ပစ္စည်း ကတ်တီ ၃၀၀မှ ၅၀၀အထိ ပို့ပေးမည်ဟု ကတိပေးထားလေသည်။
ယီမိသားစုဟိုတယ်သာ ထိုသတင်းကိုရသွားလျှင် ရှောင်လင်းယွီကို သူ့ဆီကနေ ခိုးယူရန် နည်းလမ်းပေါင်းစုံသုံးလာမည်ကို သူစိုးရိမ်မိသည်။
‘မဖြစ်သေးဘူး။ ငါ ရှောင်လင်းယွီနဲ့ မြန်နိုင်သမျှ မြန်မြန် စာချုပ်ချုပ်နိုင်ဖို့ နည်းလမ်းစဉ်းစားမှဖြစ်မယ်။ ဒီလိုဆို ငါလည်း ပိုပြီး စိတ်အေးနိုင်မယ်။ ကြည့်ရတာ ဦးလေးချန်းရဲ့အကူအညီကိုပဲ ယူရဦးမယ်ထင်တယ်။’
….
လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့သည် ငတ်ပြတ်နေသည့်သရဲများပမာ ရှိသမျှဟင်းမှန်သမျှကို သူတို့ပါးစပ်ထဲ လောင်းထည့်နေတော့သည်။ ကုန်းထျန်းဟောက်လို ငယ်ရွယ်စဉ်ကတည်းက ထမင်းဝိုင်းအမူအကျင့်ကို လေ့ကျင့်ပေးခံထားရသည့်လူပင်လျှင် ပုံမှန်ထက် မြန်ဆန်စွာ စားသောက်နေလေသည်။
“ဒေါ်လေးရဲ့ဟင်းတွေက တကယ်အရသာရှိတာပဲ။” လီယွမ်ဟန်က မေမေရှောင်ကို ဆက်တိုက် ချီးမွမ်းနေလေသည်။ “ကျွန်တော် စားဖူးသမျှထဲမှာ အကောင်းဆုံးဟင်းချက်လက်ရာပဲ။ ဒေါ်လေး ဘယ်လိုလု်ပပြီး ဒီလောက်တောင် ဟင်းချက်ကောင်းရတာလဲ။”
မေမေရှောင်ကတော့ လူငယ်လေးနှစ်ယောက်ကိုကြည့်ကာ ပြုံးလိုက်မိသည်။ “တကယ်တော့ မင်းတို့ အရမ်းဗိုက်ဆာနေကြလို့ပါ။ ဗိုက်ဆာနေသ၍ ဘာစားစား အရသာရှိနေမှာပဲလေ။ ပြီးတော့ ငါက သာမာန်ချက်တတ်ပြုတ်တတ်တဲ့သူပါပဲ။”
ထိုအခါ လီယွမ်ဟန်က၊ “ဒေါ်လေးက အရမ်းနှိမ့်ချနေပြန်ပါပြီ။ အစောက ကောင်လေးကလည်း ဒေါ်လေးက ရွာထဲမှာ လက်ရာအကောင်းဆုံးလို့ ပြောသွားတယ်လေ။” သူက ပလုတ်ပလောင်းဖြစ်နေသည်ကို မြိုချလိုက်ပြီးနောက် ဆက်ပြောလာပြန်သည်။ “ဒါပေမယ့်.. သူ ပြောတာ မှားတယ်လို့တော့ မထင်ပါဘူး။ ဒေါ်လေးက ပုံမှန်ချက်တတ်ပြုတ်တတ်သူဆိုရင်တောင် တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးပဲ။ ဒေါ်လေးရဲ့လက်ရာက တချို့ကြယ်ငါးပွင့်စားဖိုမှူးတွေထက်တောင်မှ သာသေးတယ်။ ဟုတ်တယ်မလား ထျန်းဟောက်။”
“ဟုတ်တယ်။” ကုန်းထျန်းဟောက်က စားနေရင်းခေါင်းညိတ်ထောက်ခံလိုက်သည်။
မေမေရှောင်တစ်ယောက် ရယ်မောမိတော့သည်။ “ဒီကလေးတွေကတော့ မြှောက်နေပြန်ပါပြီ။ မင်းတို့ဆိုတာ သေချာပေါက် ဇိမ်ခံအစားအသောက်ကောင်းတွေ စားနေကျလူတွေဖြစ်မှာပါ။ ဒီတော့ သာမာန်လက်ရာလေးကို စားလိုက်ရတော့ ဆန်းကြယ်ပြီး အရမ်းအရသာရှိနေတယ်ထင်သွားတာ။ ဗိုက်ပြည့်အောင် စားကြနော်။ မီးဖိုချောင်ထဲမှာ အများကြီးရှိသေးတယ်။”
လီယွမ်ဟန်၏ မြှောက်ပင့်ပြောဆိုသည့်စကားများမှာ အမှန်ကို စိတ်ရင်းဖြင့် အမှန်အတိုင်းပြောခြင်းဖြစ်လေသည်။ ဤမျှမွှေးသည့်ထမင်းကို သူတို့စားဖူးသည်မှာ ဒါ ပထမဆုံးအကြိမ်ပင်။ ဟင်းများက အဓိကအားဖြင့် သတ်သတ်လွတ်ဟင်းအများဆုံးဖြစ်သော်လည်း အရသာကတော့ သူမတူအောင်ထူးကဲပေသည်။ ပင်လယ်ခရုလိုမျိုး ဇိမ်ခံပါဝင်ပစ္စည်းမျိုးတောင်မှ မယှဉ်နိုင်လောက်အောင်ပင်။
လီယွမ်ဟန်နှင့် ကုန်းထျန်းဟောက်တို့ သူတို့ဗိုက်ကို ပွတ်လိုက်မိကြသည်။ အစောပိုင်းက သူတို့ ဗိုက်အရမ်းဆာနေခဲ့သော်လည်း အခုချိန်မှာတော့ ဗိုက်ပြည့်သွားကာ အလွန်ကိုမှ ကျေနပ်နေကြပြီဖြစ်သည်… အရင်ကသာဆိုလျှင် အခုလိုမျိုး သူတို့ကိုယ်သူတို့ အလွန်အကျွံစားခြင်းမျိုး အဖြစ်ခံကြမည်မဟုတ်ပေ။
***