← Chapters

တိုက်ဆိုင်မှု

Vol. 7 Ch. 126

တိုက်ဆိုင်မှု

Vol. 7 Ch. 126

ရှောင်လင်းယွီတစ်ယောက် နေရာလွတ်ထဲတွင် အသီးပင်များစိုက်ပျိုးရင်း အခြေအနေကို လေ့လာကြည့်နေလေသည်။ မျိုးစေ့ချပြီးမကြာလိုက်ခင်မှာပဲ အပင်ကပေါက်လာကာ အကိုင်းအခက်များ ဝေဆာလာလေသည်။ မကြာခင်မှာပဲ မျိုးစေ့လေးကနေပြီး အပင်ပေါက်ကိုကျော်လွန်ကာ သစ်ပင်ငယ်လေးတစ်ပင်အဆင့်သို့ ရောက်ရှိသွားလေသည်။ သို့သော်လည်း ကြီးထွားမှုက ထိုနေရာတွင်ပင် ရပ်သွားခဲ့သည်။ ခဏကြာတဲ့အထိစောင့်ကြည့်ပြီးနောက်မှာတော့ အချိန်လည်းနောက်ကျနေပြီဖြစ်၍ ရှောင်လင်းယွီလည်း နေရာလွတ်ထဲမှ ထွက်ကာ အိပ်ရာဝင်တော့သည်။

နောက်တစ်နေ့မနက်တွင်တော့ သူမ မနက် ၅နာရီခွဲတွင် နိုးလာခဲ့သည်။ ခြံအပြင်ဘက်မှ လှုပ်လှုပ်ရှားရှားအသံများကိုပါ တခါတည်း ကြားလိုက်ရလေသည်။ အမျိုးသားနှစ်ယောက် စကားပြောနေသည့်အသံမျိုးဖြစ်တာကြောင့် သူမလန့်သွားရသည်။ ဒါကြောင့် သူမလည်း ခြံထဲသို့ဆင်းကာ သံတံခါးကိုမဖွင့်ဘဲ အထဲကနေ လှမ်းအော်လိုက်လေသည်။ “ဘယ်သူတွေလဲ။ အပြင်ဘက်က ဘယ်သူလဲ။”

“မစ္စရှောင်၊ ငါတို့ပါ၊ ကုကျီယဲ့နဲ့ ဝမ်ကျီမင်လေ။” အသံပိုင်ရှင်များက ပြန်ဖြေလာခဲ့သည်။

ထိုတော့မှ ရှောင်လင်းယွီ စိတ်အေးသွားတော့သည်။ “အိုး၊ ဥက္ကဌကုနဲ့ မန်နေဂျာဝမ်ပဲ။ ခဏလေးစောင့်ပေးကြပါနော်။”

“ဟုတ်ပြီ၊ ဟုတ်ပြီ။” ကုကျီယဲ့ ပြန်ဖြေလိုက်သည်။ ရှောင်လင်းယွီက ချက်ချင်းပင် ဂိုဒေါင်သို့ပြေးကာ သူမ ကုမိသားစုဟိုတယ်ကိုပေးရန် သဘောတူထားသည့် အသီးအရွက်များအားလုံးကို ထုတ်လိုက်လေသည်။ အားလုံးလုပ်ပြီးတော့မှပဲ ခြံတံခါးသို့ ပြန်ပြေးသွားကာ ဖွင့်ပေးလိုက်သည်။

ရှောင်လင်းယွီ ပြုံးလိုက်ကာ၊ “ဥက္ကဌကု၊ မန်နေဂျာဝမ်၊ အစောကြီးရောက်လာကြပါလား။ နေတာင်မထွက်သေးဘူးလေ။”

ကုကျီယဲ့က ပြောလာလေသည်။ “အိပ်မပျော်နိုင်လောက်အောင် စိတ်လှုပ်ရှားနေလို့လေ။ ဒါကြောင့် စောစောလေး ထွက်လာခဲ့လိုက်တာ။”

ဝမ်ကျီမင်ကတော့ သမ်းဝေရင်းပြောလာလေသည်။ “မစ္စရှောင်၊ မင်းမသိလို့၊ ငါ့ကို ဥက္ကဌကုက မနက် ၄နာရီတည်းက လှမ်းနှိုးတာ။ အဲ့ကတည်းက ငါတို့ထွက်လာပြီး မင်းရဲ့ခြံရှေ့မှာ စောင့်နေခဲ့တာ။”

ရှောင်လင်းယွီ အနည်းငယ် အံ့ဩသွားတော့သည်။ “ဒါဆို လေးနာရီကတည်းက ရောက်နေကြတာလား။ ဒါဆို တစ်နာရီကျော်လောက်ကြီး စောင့်နေရတာပေါ့။”

“အဟုတ်ပဲ။” ဝမ်ကျီမင်က ပြန်ဖြေလိုက်သည်။ “ပြီးတော့ ခြင်တွေကလည်း အများကြီးပဲ။ ငါ့မှာ တစ်နာရီကျော်လောက် သူတို့ကို သွေးလှူလိုက်ရတယ်။”

ကုကျီယဲ့တစ်ယောက် အနည်းငယ် ရှက်ရွံ့နေသည့်အမူအရာဖြင့် ဝင်ပြောလာလေသည်။ “အသီးအရွက်တွေ ရောင်းကုန်သွားမှာစိုးရိမ်လို့ အချိန်မီအောင် စောစောလေး ထွက်လာလိုက်တာပါ။”

ရှောင်လင်းယွီမှာ ဆွံ့အသွားမိတော့လေသည်။ “ဥက္ကဌကု၊ ရှင် ကျွန်မကို မယုံဘူးလား။ ရှင်တို့အတွက် ကတ်တီ ၃၀၀ ပေးမယ်လို့ ကတိပေးထားမှတော့ သေချာပေါက် ပေးမှာပါ။ ရှင်တို့ကို မလိမ်ပါဘူး။”

ကုကျီယဲ့က ရှက်ကိုးရှက်ကန်းဖြင့် သူ့ခေါင်းကို ပွတ်လိုက်ကာ၊ “မစ္စရှောင်၊ ငါတို့ မင်းကို မယုံလို့မဟုတ်ပါဘူး။ ငါ့ပြိုင်ဘက်ကို မယုံတာပါ။ သူက အရမ်းယုတ်မာတာ။ တခြားလူရဲ့စီးပွားရေးကို လုဖို့ဆို ရှိသမျှနည်းအကုန်သုံးတယ်။ မင်းက အရမ်းကောင်းတဲ့ တင်သွင်းသူဆိုတော့ ငါတို့လည်း သူတို့ မင်းကို လုသွားမှာစိုးလို့ပါ။” ကုကျီယဲ့ ခဏရပ်လိုက်ကာ၊ “မစ္စရှောင်၊ ငါတို့နဲ့အခုပဲ လက်မှတ်ထိုးပေးလို့ရမလား။ စိတ်မပူပါနဲ့၊ ငါတို့ မင်းအပေါ် အခွင့်ကောင်းမယူပါဘူး။” စာချုပ်မရှိတာကြောင့် ကုကျီယဲ့သည် အလွန်ကိုမှ စိတ်မချဖြစ်နေရသည်။ ဒါကြောင့် ရှောင်လင်းယွီနှင့် မြန်နိုင်သမျှမြန်မြန် စာချုပ်ချုပ်ချင်နေလေသည်။

ရှောင်လင်းယွီက ခေါင်းယမ်းလာခဲ့သည်။ “ဥက္ကဌကု၊ ကျွန်မ ရှင်တို့နဲ့ စာချုပ်မချုပ်ချင်လို့မဟုတ်ဘူး။ ဒါပေမယ့် လောလောဆယ် ကျွန်မစိတ်ထဲ မရှင်းတဲ့ကိစ္စတွေ အများကြီးရှိနေလို့ပါ။”

ကုကျီယဲ့ မျက်မှောင်ကြုတ်သွားကာ ချီတုံချတုံဖြင့် မေးလာခဲ့သည်။ “မစ္စရှောင်၊ ဘယ်လိုကိစ္စတွေလဲဆိုတာ ငါမေးကြည့်လို့ရမလား။ ငါ ကူညီချင်ကူညီနိုင်လောက်တာပဲ။”

ကုကျီယဲ့နှင့် ပူးပေါင်းမည့်လမ်းကြောင်းပေါ်တွင် ရောက်နေပြီဖြစ်တာကြောင့် ရှောင်လင်းယွီသည် သူ့ကို ရှင်းပြချက်ပေးဖို့ အကြွေးတင်နေသလို ခံစားရလေသည်။ “ကျွန်မ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံဆိုင်တစ်ဆိုင်လောက် ဖွင့်ဖို့ စီစဉ်ထားတယ်။ အခု ငှားလို့ရမယ့် ဆိုင်ခန်းလိုက်ရှာနေတာ။”

“အိုး?” ထိုအဖြေမျိုးကိုတော့ ကုကျီယဲ့ မမျှော်လင့်ထားခဲ့ပေ။ “မစ္စရှောင်မှာ နောက်ထပ် ရောင်းဖို့ ဟင်းသီးဟင်းရွက်တွေကျန်သေးတာလား။ ဒါဆို ကုမိသားစုက မင်းဆီက အကုန်လုံးဝယ်ပါ့မယ်။ ငါတို့ကိုပဲ ရောင်းပါ။”

“ဥက္ကဌကု၊ လောလောဆယ်တော့မှ ကျွန်မမှာ လက်ထဲပစ္စည်းမရှိသေးဘူး။ ဒါပေမယ့် တစ်လကျော်ရင်တော့ ရှိလာလိမ့်မယ်။ အဲ့ဒီအချိန်ကျ ကုမိသားစုကို ထောက်ပံ့ပေးမယ့် ပမာဏကိုလည်း တိုးပေးနိုင်သွားပြီ။ ဒါကြောင့် စာချုပ်ကို တစ်လကျော်မှ ချုပ်ဖို့ မျှော်လင့်တာပါ။”

“ဒါပေမယ့် ဘာလို့ တစ်လလဲ။” ကုကျီယဲ့ နားမလည်နိုင်ပေ။

ရှောင်လင်းယွီက ပြုံးကာ ပြန်ပြောလာခဲ့သည်။ “ကျွန်မရဲ့လယ်ကွင်းတွေကနေ အသီးအရွက်တွေ ရိတ်သိမ်းဖို့အတွက်ဆို တစ်လလောက် အချိန်လိုလို့လေ။”

“မစ္စရှောင်က ကိုယ်တိုင် စိုက်တာလား။” ကုကျီယဲ့ အံ့ဩသွားလေသည်။

“ဟုတ်ပါတယ်။ ဒါကြောင့် ဥက္ကဌကုက ကျွန်မအလုပ်တွဲလုပ်မယ့် တစ်ယောက်တည်းသောသူမဟုတ်ဘူး။ ဥက္ကဌကုတစ်ယောက်အတွက် သီးသန့်မထောက်ပံ့ပေးနိုင်ပါဘူး။”

ကုကျီယဲ့နှင့် ဝမ်ကျီမင်တို့ ထိုစကားကိုကြားပြီးနောက် အလွန်ကို ပူပန်သွားကြလေသည်။ ဒါက ရှောင်လင်းယွီက ယီမိသားစုဟိုတယ်နဲ့လည်း အလုပ်တွဲလုပ်နိုင်သလို သူတို့လည်း ထပ်ပြီး တိုက်ခိုက်ရနိုင်တယ်လို့ ဆိုလိုတာမဟုတ်လား။ ဒီလိုဆို ဘယ်လိုလုပ်ကြမလဲ။

သူတို့အနေနှင့် သူတို့တစ်ဦးအတည်းအတွက်သာ ထောက်ပံ့ပေးရန် ရှောင်လင်းယွီကို ပြောလို့လဲမရပေ။ ဒီလိုဆို အကျိုးအကြောင်းမသင့်ဘူးလေ။ ကုကျီယဲ့တစ်ယောက် ဘာပြောလို့ပြောရမှန်းပင် မသိတော့ပေ။

ကုမိသားစုဟိုတယ်ကို အသီးအရွက်များ အဆက်မပြတ်ထောက်ပံ့ပေးမည်ဟု ကတိပေးရုံကလွဲပြီး ရှောင်းလင်းယွီအနေနှင့် တခြားအရာများကိုတော့ ကတိမပေးနိုင်ပေ။ စီးပွားရေးသမားတစ်ယောက်အနေနနှင့် သူမအတွက် အကျိုးအမြတ်ကို အရင်ကြည့်ရပေမည်။ ရှောင်လင်းယွီလည်း ကုမိသားစုဟိုတယ်နှင့် ယီမိသားစုဟိုတယ်ကြားက ယှဉ်ပြိုင်မှုများအကြောင်း ကြားထားလေသည်။ သို့သော်လည်း ဒါက သူတို့မိသားစုနှစ်ခုကြားက ပြဿနာလေ။ သူမနဲ့ဘာဆိုင်နေလို့လဲ။

ရှောင်လင်းယွီက ခဏမျှတွေးကြည့်ပြီးနောက် ဆက်ပြောလာခဲ့သည်။ “ဥက္ကဌကု၊ ကျွန်မအနေနဲ့ ဒီတစ်လအတွင်းမှာတော့ ကုမိသားစုဟိုတယ်တစ်ခုကိုပဲ သီးသန့်ထောက်ပံ့ပေးနိုင်မယ်လို့ ကတိပေးနိုင်တယ်။ နောက်ပိုင်းတော့ ဘယ်လိုဆက်လုပ်ဖြစ်မလဲ ကျွန်မလည်း မပြောတတ်ဘူး။” ဒါက ရှောင်လင်းယွီအနေနှင့် ကုကျီယဲ့ကို အလိုက်လျောပေးနိုင်ဆုံးဖြစ်သည်။

ကုကျီယဲ့စိတ်ထဲ အခြေအနေကို တွက်ချက်ကြည့်နေသည်။ ‘တစ်လ။ ဒီလောက်ဆို လုံလောက်တယ်။ တစ်လဆိုတဲ့အချိန်က ငါတို့ဟိုတယ်ရဲ့ ဖောက်သည်တွေကို ပြန်ခေါ်ဖို့ လုံလောက်တယ်။ ဒီလောက်ဆို ငါတို့မှာ ဧည့်သည်အရေအတွက် ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်သွားလောက်ပြီ။ ပြီးတော့ ရှောင်လင်းယွီကလည်း ဒီတစ်လပြီးရင်တောင် ငါတို့ကိုဆက်ပြီး ထောက်ပံ့ပေးနေဦးမှာပဲ။ အဲ့ဒီအချိန်ကျ ငါတို့ဘာသာ ပြန်လည်တည်ထောင်မှုတွေ ဆက်လုပ်သွားရမယ်။ ငါတို့က သီးသန့်ထောက်ပံ့ခံရတာမဟုတ်ပေမယ့် ရှောင်လင်းယွီရဲ့ပါဝင်ပစ္စည်းတွေနဲ့ လိုက်ဖက်အညီဆုံး ချက်နည်းကို ဦးဆုံးတီထွင်နိုင်သူတော့ ဖြစ်နိုင်သေးတယ်။’

ကုကျီယဲ့ ပြုံးလိုက်လေသည်။ “ဒါဆိုလည်း မစ္စရှောင်ကို ကျေးဇူးတင်ပါတယ်။”

“ကြည့်ရတာ နောက်ဆုံးတော့ ဥက္ကဌကု စိတ်အေးသွားတဲ့ပုံပဲ။” ရှောင်လင်းယွီက ထိုစကားပြောပြီး ပြုံးလိုက်မိသည်။

ကုကျီယဲ့ ရှက်ရှက်နှင့်သူ့ခေါင်းကိုသာ ပွတ်လိုက်မိတော့သည်။ “ယီမိသားစုဟိုတယ်က ပြီးခဲ့တဲ့လတွေအတွင်း ငါတို့ကို အရမ်းခက်ခဲစေခဲ့တာလေ။ မစ္စရှောင်နဲ့တွေ့ခွင့်ရတာ ငါတကယ်ကိုကံကောင်းသွားတာ။ ဒီလိုအခွင့်အရေးမျိုးပေးတဲ့အတွက် မစ္စရှောင်ကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး။”

ဝမ်ကျီမင်ကတော့ အလွန်စိတ်ရှုပ်ထွေးနေဆဲဖြစ်သော်လည်း သူဝင်နှောက်ယှက်ရန် နေရာရှိမနေပေ။

ရှောင်လင်းယွီ ပြုံးလိုက်ကာ၊ “ကြည့်ရတာ ဒါလည်း ကံကြမ္မာပဲထင်တယ်၊ ဥက္ကဌကု။”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ကံကြမ္မာပဲ။” ကုကျီယဲ့ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ရှောင်လင်းယွီက ဂိုဒေါင်ထဲရှိ အသီးအရွက်ပုံးများကို လှမ်းကြည့်လိုက်ကာ၊ “ဒီမှာ ပုံးအသေးလေးတွေအများကြီးရှိတယ်။ ခရမ်းချဉ်သီး အလုံးငါးဆယ်စီပါတဲ့ ပုံး၊ ခရမ်းသီးအလုံးလေးဆယ်စီပါတဲ့ပုံး၊ သခွားသီး အလုံး လေးဆယ်စီပါတဲ့ပုံး၊ ဒီပုံးတွေကတော့ ဂေါ်ဖီနဲ့ဟင်းနုနွယ် ၂၀ကတ်တီစီပါတယ်၊ ပြီးတော့…” ရှောင်လင်းယွီက အသီးအရွက်ပုံးများတွင် ပါဝင်သည့် ပမာဏများကို ရှင်းပြပေးခဲ့သည်။ “ရှင်တို့အတွက် ကတ်တီသုံးရာပေးမယ်လို့ ကတိပေးထားတယ်လေ။ ဒါကြောင့် ရှင်တို့ ကြိုက်တဲ့အမျိုးအစားကိုရွေးပြီး ချိန်ယူသွားလို့ရတယ်။”

ကုကျီယဲ့သည် မနေ့တုန်းက အသီးအရွက် ကတ်တီတစ်ရာမှာ မျက်စိတ်တစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို အမှတ်ရသွားလေသည်။ သူတို့စီးပွားရေးက ကျဆင်းနေသော်လည်း ကုမိသားစုဟိုတယ်သည် ရှင်းယင်ခရိုင်တွင် နာမည်ကြီးဟိုတယ်တစ်ခုဖြစ်နေပေသေးသည်။ သူတို့တွင် သာမာန်ဟိုတယ်များထက် ဧည့်သည်အရေအတွက် များနေတုန်းပင်။ မနေ့က နေ့လည်စာချိန်ပြီးသည့်နောက် ညပိုင်းတွင်လည်း ဧည့်သည်အပြုံလိုက်ရောက်လာခဲ့သည်။ ဒါကြောင့် ဒီနေ့ဆိုလျှင် ပိုပြီးတော့တောင်မှ ဧည့်သည်ပိုကျလာနိုင်ဖွယ်ရှိသည်။

ကုကျီယဲ့သည် လတ်တလောအခြေအနေကို အခွင့်ကောင်းယူကာ ဆက်လက်ကြော်ငြာနေရမည်ဖြစ်ကြောင်း သိလေသည်။ ကတ်တီ ၃၀၀ဆိုရင်တော့ လောက်,လောက်ပါတယ်။

ကုကျီယဲ့နှင့် ဝမ်ကျီမင်တို့ သူတို့လိုချင်သည့် အသီးအရွက်များကိုရွေးယူကာ ကတ်တီ၃၀၀စာ ချိန်လိုက်သည်။

သူတို့က အများဝယ်သည့်ဖောက်သည်များဖြစ်တာကြောင့် ရှောင်လင်းယွီသည် သူတို့ကို ခရမ်းချဉ်သီး၊ ခရမ်းသီးနှင့် သခွားသီးများကို ပုံးလိုက်ရောင်းပေးလေသည်။ သာမာန် တစ်ဦးချင်းဝယ်သူများလိုမျိုး မရောင်းခဲ့ပေ။ ဒါ့အပြင် သူတို့အတွက် ခရမ်းချဉ်သီး အလုံး ၂၀နှင့် ခရမ်းသီးနှင့် သခွားသီး ၁၀လုံးကိုပါ အပိုထည့်ပေးလိုက်သေးသည်။

ကုကျီယဲ့က မနေ့က ဧည့်သည်ကောင်လေးအကြောင်းတွေးမိပြီး ရှောင်လင်းယွီကို မေးလာခဲ့သည်။ “မစ္စရှောင်၊ ငါတို့ကို ခရမ်းချဉ်သီး ပိုရောင်းပေးလို့ရမလား။” သူတို့ အခု အလုံး ၇၀ ယူထားပြီးဖြစ်သော်လည်း ကုကျီယဲ့က လုံလောက်သည်ဟု မခံစားရသေးပေ။

“ကောင်းပြီလေ၊ ဒါဆို ၁၀၀ပြည့်သွားအောင် နောက်ထပ် အလုံး ၃၀ ထပ်ရောင်းပေးမယ်။”

“ကျေးဇူးပါ။” ကုကျီယဲ့နှင့် ဝမ်ကျီမင်တို့ သူတို့ဝယ်ထားသည့် အသီးအရွက်များကို သုံးဘီးဆိုင်ကယ်ပေါ်တွင် နေရာချလိုက်ပြီးနောက် ပြန်သွားဖို့ပြင်ကြလေသည်။

“ယွီအာ။” ၆နာရီထိုးပြီးနောက် အဘွားစုန့်နှင့် အဘွားလီတို့ အချိန်မှန် ရောက်လာကြလေသည်။ သူတို့က ခြံထဲသို့ဝင်လာပြီးသည်နှင့် လူငယ်လေးနှစ်ယောက်ကို မြင်လိုက်ရတာကြောင့် အံ့ဩသွားကြလေသည်။ ကုကျီယဲ့နှင့် ဝမ်ကျီမင်တို့ကလည်း လူကြီးနှစ်ယောက်ကို ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။

“အဘွားစုန့်။” သို့သော်လည်း ကုကျီယဲ့သည် အဘွားနှစ်ယောက်ကို အနီးကပ်မြင်ပြီးနောက်မှာတော့ အံ့ဩတကြီးအော်လိုက်မိလေသည်။

အဘွားစုန့်သည်လည်း အံ့ဩသွားခဲ့သည်။ “နေပါဦး၊ မင်းက ကုအိမ်ကကောင်လေးမဟုတ်လား။”

“အဘွားစုန့်၊ ဘယ်လိုလုပ် အစောကြီး ဒီနေရာကိုလာတာလဲ။”

အဘွားစုန့်က ပြုံးလိုက်ကာ၊ “မစ္စရှောင်ဆီက ဟင်းသီးဟင်းရွက်တွေဝယ်ဖို့ ရောက်လာတာပေါ့။” ထို့နောက် သူမက နောက်ထပ်သုံးဘီးတစ်စီးနှင့် ကုမိသားစုဟိုတယ်မှ အဝယ်တော်မန်နေဂျာကို သတိထားမိသွားလေသည်။ “ရှောင်ကုလည်း ဟင်းသီးဟင်းရွက်တွေ လာဝယ်တာပဲလား။”

ကုကျီယဲ့ ခေါင်းညိတ်လိုက်သည်။ “မစ္စရှောင်ရဲ့အသီးအရွက်တွေက အရမ်းအရသာရှိတယ်လေ။ ကျွန်တော့်ဧည့်သည်တွေကလည်း ကြိုက်ကြလို့ မစ္စရှောင်နဲ့ အကျိုးတူပူးပေါင်းမှု လုပ်ထားတာပါ။”

“မစ္စရှောင်ရဲ့ထွက်ကုန်တွေက တကယ်ကို ထူးခြားတယ်။ ရှောင်ကု၊ အဘွားမင်းကို တစ်ခုတော့ ပြောရဦးမယ်။ မစ္စရှောင်က ကြင်နာတတ်တဲ့လူတစ်ယောက်ပဲ။ ဒါကြောင့် မင်းတို့လည်း သူနဲ့ ပူးပေါင်းတဲ့အခါမှာ ကောင်းကောင်းမွန်မွန် ဆက်ဆံကြဖို့ မျှော်လင့်တယ်။ အဘွားပြောတာ နားလည်တယ်မဟုတ်လား။” အဘွားစုန့်က ကုကျီယဲ့ကို လောဘအရမ်းမကြီးဖို့နှင့် ရှောင်လင်းယွီကို မလှည့်စားဖို့ရန် သတိပေးနေခြင်းဖြစ်သည်။ “မင်းအဘိုးစုန့်ရော၊ ငါရောက မစ္စရှောင်ကို အရမ်းသဘောကျကြတာ။” အဘွားစုန့်က ထပ်ပေါင်းပြာလိုက်ပြန်သည်။ တစ်နည်းအားဖြင့် ရှောင်လင်းယွီတွင် သူတို့နှစ်ယောက်လုံး၏ ထောက်ခံမှုရှိသည်ဟူ၍ပင်။

ကုကျီယဲ့ သူ့နဖူးထက်က ချွေးအေးများကို အသာသုတ်လိုက်ပြီး စိတ်ထဲက တွေးလိုက်မိလေသည်။ “ရှောင်လင်းယွီက အရမ်းဉာဏ်ကောင်းပြီး အကြံအစည်လည်း ကြီးတယ်။ သူ့ကို ဘယ်သူကများ လှည့်စားနိုင်ပါ့မလဲ။ ပြီးတော့ သူ့မှာ ရှင်းယင်ခရိုင် ရဲစခန်းရဲ့ခေါင်းဆောင်၊ ကျန်းထောင်လည်းရှိသေးတယ်။ သူ့ကို လှည့်စားဖို့လား၊ ဘယ်သူက လုပ်ရဲမှာလဲ။”

ကုကျီယဲ့ ပြုံးလိုက်ကာ၊ “အဘွားစုန့်ကလည်း ကျွန်တော်ကြီးပြင်းလာတာကို အဘွားကိုယ်တိုင် မြင်တွေ့ခဲ့ရတာပဲလေ။ ကျွန်တော်က တခြားလူတွေအပေါ် အခွင့်ကောင်းယူတတ်တဲ့လူလို့ ထင်နေတာလား။ ပြီးတော့ မစ္စရှောင်က ဒီလောက်ဉာဏ်ကောင်းတာကို ကျွန်တော်သာ သူ့ကို လှည့်ဖျားဖို့ကြိုးစားရင် သူက ကျွန်တော်တို့နဲ့ အရောင်းအဝယ် ရပ်ပစ်လိမ့်မယ်။ ဒီလိုဆို ကိုယ့်ခြေထောက်ပေါ်ကိုယ် ကျောက်တုံးပစ်ချလိုက်သလို ဖြစ်သွားမှာပေါ့။”

အဘွားစုန့်က ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ပြောလာခဲ့သည်။ “ကိုယ့်ဘာသာ သိထားတာ ကောင်းတာပေါ့။”

ကုကျီယဲ့၊ “….” ငါကအဲ့လောက်တောင် မယုံကြည်ရတဲ့လူလား။

ရှောင်လင်းယွီ၊ “….” အဘွားစုန့်က အရမ်းကောင်းတာပဲ။

***

All Chapters