← Chapters

ရောင်းကုန်သွားပါပြီ

Vol. 7 Ch. 127

ရောင်းကုန်သွားပါပြီ

Vol. 7 Ch. 127

အားလုံးထွက်သွားပြီးချိန်မှာတော့ ရှောင်လင်းယွီ၏ ဂိုဒေါင်ထဲရှိ ဟင်းသီးဟင်းရွက်များလည်း ကုန်သွားလေပြီ။ ရှောင်လင်းယွီလည်း ခဏမျှ စဉ်းစားကြည့်လိုက်ကာ စိုက်ပျိုးရေးနေရာလွတ်ထဲက နောက်ထပ် ပမာဏနည်းနည်းကို ထပ်ထုတ်လိုက်တော့သည်။

ရှောင်လင်းယွီတစ်ယောက် ပုံမှန်အတိုင်း သူမခဏရပ်နေကျ သစ်ပင်ကြီးအနားသို့ ရောက်လာသည်နှင့် ထိုနေရာတွင် လူများစွာ ထိုင်သူကထိုင် ထသူကထနှင့် ရှိနေကြသည်ကို တွေ့လိုက်ရလေသည်။ တချို့ဆိုလျှင် နောက်ဆွဲခြင်းလှည်းငယ်လေးများကိုပါ ယူလာကြကာ လူအုပ်ကြီးမှာ အရင်ထက်တောင် ပိုများလို့နေသည်။

ထိုအချိန်မှာပဲ တချို့က ရှောင်လင်းယွီကိုမြင်သွားကာ အော်ဟစ်လိုက်တော့သည်။ “ကောင်မလေး ရောက်လာပြီ။” ချက်ချင်းဆိုသလိုပဲ လူအုပ်ကြီးက ရှောင်လင်းယွီအနားကို ဝိုင်းအုံလာကြတော့သည်။

ဒီတစ်ခေါက် သုံးဘီးပေါ်တွင် ယခင်ထက် ပါတာနည်းနေကြောင်း သတိပြုမိသွားသည်နှင့် တစ်ယောက်က မေးလိုက်လေသည်။ “မိန်းကလေး၊ ဒီနေ့ဘာလို့ ပစ္စည်းနည်းနည်းပဲ ပါလာတာလဲ။”

ရှောင်လင်းယွီက ပြုံး၍ တောင်းပန်စကားဆိုလိုက်သည်။ “ကျွန်မဒီကိုမရောက်သေးခင်မှာပဲ လာဝယ်တဲ့သူတွေရှိသွားလို့ပါ။ ဒီနေ့ ဒါပဲ ကျန်တော့တယ်။”

“ဒါဆို မင်းအစောတုန်းက ဘယ်လောက်များများရောင်းလိုက်ရတာလဲ။ မင်းရဲ့သုံးဘီးတစ်စီးလုံးနီးပါး ပြောင်နေတာလေ။”

“အွန်.. ၄၀၀ ကတ်တီဝန်းကျင်လောက်ပါ။”

“အဲ့လောက်တောင်လား။”

“အခုရက်ပိုင်းအတွက်တော့ ဒီနေ့ရောင်းပေးတာ နောက်ဆုံးပါပဲ။ ခဏနေကျရင် ကျွန်မမြို့ကို ပြန်ရတော့မယ်။” ရှောင်လင်းယွီက သူမအရောင်းရပ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

“ဘာ။ ဒါဆို ငါများများလေး ဖြည့်ထားမှဖြစ်တော့မှာပေါ့။ ငါ့ကလေးတွေက မင်းရဲ့အသီးအရွက်တွေကိုသာ မစားရရင် ထိန်းလို့ကို နိုင်မှာမဟုတ်ဘူး။”

“ငါတို့လည်း အတူတူပဲ.”

ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးက သူတို့လိုချင်သည့် ပစ္စည်းအများအပြားကို ဝယ်ယူကြတော့သည်။ သုံးဘီးပေါ်ရှိ ဟင်းသီးဟင်းရွက်များသည်လည်း လျင်မြန်လှသည့်အရှိန်နှုန်းဖြင့် ပျောက်ကွယ်နေလေသည်။

“ဟေ့၊ ဒါ ငါအရင်ယူထားတာလေ။ မလုစမ်းနဲ့။”

“ငါအရင်ယူထားတာ။”

“မဟုတ်ဘူး၊ ငါအရင်ယူထားတာပါဆို။”

လူများက ရွှေရှာနေသလိုမျိုး ဟင်းသီးဟင်းရွက်များအတွက်ဖြင့် စတင်အချင်းပွားကြတော့သည်။ ဟင်းသီးဟင်းရွက်များသည် ဈေးကြီးသော်လည်း ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်တော့ အရသာအရှိဆုံးစားဖွယ်ဖြစ်လို့နေသည်။ ဒါကြောင့် ပမာဏနည်းနည်းလေးဆိုလျှင်တောင်မှ အလွန်တန်ဖိုးကြီးနေတော့သည်။

လူတချို့က သူတို့လိုချင်သည့်ပစ္စည်းများကို ဝယ်ပြီးသည့်နောက် ရှောင်လင်းယွီကို မေးလာကြသည်။ “မိန်းကလေး၊ မင်းဘယ်အချိန်ပြန်လာမှာလဲ။”

ရှောင်လင်းယွီ ခေါင်းယမ်းလိုက်လေသည်။ “ဒါ ပြောဖို့ခက်တယ်။” သူမ၏ စိုက်ပျိုးရေးနေရာလွတ်ထဲတွင် ပစ္စည်းများစွာ ကျန်သေးသော်လည်း မလိုလားအပ်သည့် အာရုံစိုက်မှုများဖြစ်အောင် မလုပ်ချင်ပေ။ သူမ သုံးရက်လောက် စီးပွားရေးလုပ်လိုက်တာကတောင် လူတချို့၏အာရုံကို ဆွဲဆောင်မိသွားပြီဖြစ်သည်။ ထို့ကြောင့် လောလောဆယ်တော့ ကျန်ရှိသည့် အသီးအရွက်များကို နေရာလွတ်ထဲတွင်သာ ဆက်ပြီး သိုလှောင်ထားဖို့ ဆုံးဖြတ်လိုက်လေသည်။

ထို့အပြင် ရှောင်လင်းယွီသည် ထောင်ယွမ်ရွာသို့ပြန်ပြီး သူတို့၏စိုက်ပျိုးရေးခြံဆောက်လုပ်နေသည့် အခြေအနေကိုလည်း ကြည့်ချင်သေးသည်။ စတော်ဘယ်ရီမျိုးစေ့များကို စိုက်ပျိုးထားပြီးဖြစ်သော်လည်း ပမာဏအနည်းငယ်ကိုတော့ စိုက်ပျိုးရေးနေရာလွတ်ထဲတွင်ပင် ထား,ထားလေသည်။ ထိုမျိုးစေ့များကိုလည်း မကြာခင်တွင် စိုက်ပျိုးသွားမည်ဖြစ်ပြီး ပလက်စတစ်တဲများအဆင်သင့်ဖြစ်ပါက ပြောင်းရွှေ့ စိုက်ပျိုးသွားမည်ဖြစ်သည်။

ရှောင်လင်းယွီ ဈေးသို့ မရောက်လိုက်သေးခင်မှာပဲ သူမတွင်ပါလာသည့် ပစ္စည်းမှန်သမျှ ရောင်းထွက်သွားလေသည်။

ရှောင်လင်းယွီတစ်ယောက် သူမကိုဈေးတွင် ကြိုစောင့်နေသည့် ပူးပေါင်းကြံစည်မှုကြီးတစ်ခုရှိနေကြောင်းကို မသိလိုက်ရတော့ပေ။ စည်ပင်အရာရှိနှစ်ယောက်သည် ဟင်းသီးဟင်းရွက်ဆိုင်တစ်ဆိုင်ထဲတွင် ဝင်ထိုင်နေကြသည်။ စည်ပင်အရာရှိလူငယ်နှစ်ယောက်က မှတ်စုစာအုပ်များကိုထုတ်ကာ ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်နေကြလေသည်။ “အစ်ကိုကြီး၊ ခင်ဗျားပြောတဲ့လူက ဘယ်မှာလဲ။”

လီတချန်သည် ပုံမှန်ရှောင်လင်းယွီ ဆိုင်ခင်းနေကြနေရာကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။ ထိုနေရာတွင် လူတချို့ ရပ်နေကြကာ ရှောင်လင်းယွီလာမည်ကို စောင့်နေကြခြင်းဖြစ်လောက်ပေသည်။

လီတကျန်းက သူမ၏စူးရှရှက်များလုံးများကို မှေးကျဉ်းလိုက်ကာ၊ “သူအခုထိ မရောက်သေးဘူး။”

လီတကျီကတော့ သူ့နာရီကိုကြည့်လိုက်ကာ၊ “နောက်တောင်ကျနေပြီ။ အစ်ကို၊ သူလာရော လာဦးမှာလား။”

လီတချန်က၊ “လာလိမ့်မယ်။ သူဒီကိုရောက်တာ ၂ရက်ရှိနေပြီ။ တကျီ၊ မင်းသူ့ကို လမ်းဘေးဈေးခင်းပြီး လူတွေကို ဈေးကြီးတဲ့ဟင်းသီးဟင်းရွက်တွေဝယ်အောင် လှည့်စားတဲ့အတွက် သင်ခန်းစာပေးလိုက်။”

ထိုမိန်းကလေးတွင် သူမ၏ဈေးကြီးလှသော ဟင်းသီးဟင်းရွက်များကို ဝယ်ချင်လွန်း၍ တိုက်ခိုက်နေကြသည့် ဖောက်သည်များရှိလေသည်။ ဒါက လီတချန်အတွက် စီးပွားရေးလုပ်ရန် နေရာမရှိတော့သလို ဖြစ်မသွားဘူးလား။ ထို့ကြောင့် သူမကို သင်ခန်းစာပေးမှ ဖြစ်ပေတော့မည်။ ဒါကြောင့်ပဲ လီတချန်သည် စည်ပင်အရာရှိတစ်ဦးဖြစ်သော သူ့ညီငယ်ကိုခေါ်ထားခြင်းဖြစ်သည်။ သူတို့က သူမ၏ပစ္စည်းများကို သိမ်းဆည်းပြီး ဒဏ်ငွေရိုက်ကြမည်ဖြစ်သည်။ ဒါက သူ့ဆိုင်ရှေ့တွင် သုံးဘီးရပ်ပြီး သူ့ကိုစော်ကားဖို့ကြိုးစားတဲ့အတွက် သင်ခန်းစာပေးခြင်းပင်။

သို့သော်လည်း ရှောင်လင်းယွီ၏သုံးဘီးဆိုင်ကယ်သည် တကယ်တမ်း သူ့ဆိုင်နှင့် ၁၀မီတာကျော်အကွာတွင် ရပ်ခြင်းဖြစ်သည်။ လီတချန်အတွက်တော့ သူမက သူ့စီးပွားရေးလမ်းကြောင်းကို ပိတ်လိုက်ခြင်းဖြစ်သည်ဟု တွေးကာ မနာလိုဖြစ်နေခြင်းပင်ဖြစ်သည်။ ရှောင်လင်းယွီ၏စီးပွားရေး ဘယ်လောက်ကောင်းကြောင်း မြင်တွေ့နေရတာကြောင့် ရှောင်လင်းယွီက သူ့ဖောက်သည်များကို ခိုးယူသည်ဟု ယူဆကာ သင်ခန်းစာတစ်ခုခုပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။

“မစိုးရိမ်နဲ့ အစ်ကိုကြီး၊ ကျွန်တော် သူ့ကို ပြစ်ဒဏ်ကြီးကြီးပေးလိုက်မယ်။” လီတကျီကဆိုသည်။

“ကျေးဇူးပဲ၊ ညီလေး။” လီတကျီက အလွန်ခက်ထန်သည့် အကြည့်များဖြင့် လမ်းပေါ်သို့ ကြည့်နေခဲ့လေသည်။ သူတို့ နာရီဝက်ကျော်လောက် ထပ်စောင့်နေခဲ့ကြသည်။ လီတချန်လည်း နာရီကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်သွားရသည်။

လီတကျီကတော့ နားမလည်နိုင်ဟန်ဖြင့် မေးလာခဲ့သည်။ “အစ်ကိုကြီး၊ ဒီလောက်နောက်ကျနေတာတောင် ရောက်မလာသေးဘူးဆိုတော့… သူ ဒီနေ့ မလာလောက်တော့ဘူးလား။”

လီတချန်လည်း သေချာပေါက်လာမည်ဟု မပြောနိုင်တော့ပေ။

ထိုအချိန်မှာပဲ စောင့်ဆိုင်းနေသည့် လူအုပ်ကြီးသည်လည်း စိုးရိမ်ပူပန်စပြုလာကြသည်။ “ကောင်မလေးက မလာသေးဘူးလား။ သူမနေ့မနက်တုန်းကတောင် ဒီအချိန်ဆို ရောက်လာပြီ။”

“ဟုတ်သားပဲ၊ ဒီကိုမလာခင် ဟိုရှေ့နားက လမ်းမှာရပ်သေးတယ်လို့ ကောင်မလေးပြောတယ်လေ။ အခု အဲ့မှာများ ရှိနေလောက်လား။”

“ငါလည်း မှတ်မိပြီ။ ငါတစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်။ ဒီနဲ့ ဝေးတာမှမဟုတ်တာ။”

“ဟုတ်တယ်၊ သွားကြည့်ကြရအောင်။”

လီတကျီနှင့် သူ့လုပ်ဖော်ကိုင်ဖက်သည်လည်း အခြေအနေကို ကြည့်နေရင်း ထိုစကားများကို ကြားလိုက်ကြသည်။ လီတကျီက ဝမ်းသာသွားကာ သူ့လုပ်ဖော်ကိုင်ဖက်ကို ပြောလိုက်လေသည်။ “ဖန်းဟွာ၊ သွားရအောင်။” ဖန်းဟွာက လိုက်နာလေသည်။ ထိုသို့ စည်းကမ်းမလိုက်နာသည့် ကုန်စိမ်းသည်များကို ဖမ်းမိခြင်းက သူတို့အတွက် အပိုဝင်ငွေရနိုင်မည့် အလုပ်တစ်ခုပင်ဖြစ်သည်မဟုတ်လား။

လီတကျီနှင့် ဖန်းဟွာတို့ မြောက်ဘက်ဆောက်လုပ်ရေးလမ်းသို့ လူအုပ်ကြီးနောက်မှ လိုက်သွားခဲ့ကာ လူတချို့၏ရေရွတ်သံကို ထပ်ကြားလိုက်ရပြန်သည်။ “ကောင်မလေးက ဘယ်မှာလဲ။ မတွေ့ဘူးနော်။”

“ဒီနားပတ်ကြည့်ရအောင်။ ရှာလို့မတွေ့ရင်လည်း ဒီနားကလူတွေကို မေးကြည့်ကြတာပေါ့။”

“ဟုတ်ပြီ။”

သူတို့ လမ်းဆုံ၏အဆုံးနားသို့ရောက်လာသည့်တိုင်အောင် ရှောင်လင်းယွီကို မမြင်ကြသေးပေ။

“ငါတို့ လမ်းအဆုံးတောက်ရောက်လာပြီ။ ဟိုမိန်းကလေးရဲ့ အရိပ်အယောင်တောင်မတွေ့သေးဘူး။ မေးပဲ မေးလိုက်ကြရအောင်။”

“ဟုတ်ပြီ၊ ဟိုဘက်မှာ အသီးအနှံရောင်းတဲ့သူတွေရှိတယ်။ သူတို့ကို မေးတာပေါ့။”

“သူဌေး၊ တစ်ခုလောက်မေးချင်လို့ပါ။ ဒီနားမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ မိန်းကလေးတစ်ယောက်ကို မြင်မိသေးလား။”

အသီးဆိုင်ရှင်က ပစ္စည်းများသိမ်းထုပ်ရင်း အလုပ်များနေတာကြောင့် ဘေးနားရှိ နောက်ထပ်ဈေးသည်တစ်ယောက် ဝင်ဖြေလိုက်သည်။ “တွေ့တယ်လေ၊ အစောကပဲ ဒီနားရှိနေတာ။ သူ့ပစ္စည်းတွေ ရောင်းကုန်သွားလို့ ပြန်သွားပြီ။”

“အာ.. ရောင်းကုန်သွားတာလား။” လူအုပ်ကြီးမှာ အံ့ဩသွားတော့သည်။ “ဒီလောက်မြန်လား။”

ထိုအချိန်မှာပဲ အသီးဆိုင်ရှင်က ပြောလာခဲ့သည်။ “ဖယ်ပေးကြပါဦး။ စည်ပင်ကလူတွေရောက်နေပြီ။ ငါတို့ရွှေ့ရတော့မယ်။”

“ဟမ်။” လူအုပ်ကြီးမှာ စိတ်ရှုပ်ထွေးသွားတော့သည်။ ထို့နောက် လှည့်ကြည့်လိုက်ရာ စည်ပင်အရာရှိနှစ်ယောက်က သူတို့ဘက်သို့ လာနေကြောင်း တွေ့လိုက်ရလေသည်။ လူအုပ်ကြီးလည်း အလျင်အမြန်ပင် ခွဲလိုက်ရတော့သည်။ အသီးဆိုင်ရှင် ထွက်ပြေးသွားသည်ကို လူအုပ်ကြီးမှာ ကြည့်နေခဲ့ကြပြီးနောက် သက်ပြင်းချလိုက်မိကြသည်။ “ကောင်မလေး ရောင်းကုန်သွားတာ အရမ်းမြန်တာပဲ။ ငါဒီနေ့တော့ အစောကြီး ထလာခဲ့ပြီးအောက်မေ့တာ။”

“ဈေးမှာသွားစောင့်နေမယ့်အစား ဒီကိုပဲလာလိုက်ရမှာ။”

ဈေးကြီးသည့်ပစ္စည်းများဖြင့် လူတွေကို လှည့်စားနေသည့် ကုန်စိမ်းသည်က ပြန်ပင်ပြန်သွားပြီဖြစ်ကြောင်း လီတကျီနှင့် ဖန်းဟွာတို့ကြားလိုက်ရချိန် လွန်စွာ စိတ်ပျက်သွားကြသည်။

ဖန်းကွာက၊ “လီတကျီ၊ ငါတို့အခုဘာဆက်လုပ်ကြမလဲ။”

လီတကျီက စိတ်တိုတိုဖြင့် ပြန်ဖြေလာသည်။ “မနက်ဖြန် ထပ်လာကြတာပေါ့။” ထို့နောက် သူတို့လည်း ပြန်သွားလေသည်။

သူတို့ထွက်သွားသည်နှင့် ဘယ်မှာမှန်းမသိပုန်းနေသော အသီးသည်များက ပြန်ပေါ်လာကာ သူတို့ဆိုင်နေရာများကို ပြန်ခင်းကြလေသည်။

ဖြတ်သွားဖြတ်လာများကတော့ ထိုအခြေအနေကိုမြင်ပြီး ဘာပြောရမှန်းမသိ ဆွံ့အသွားကြတော့သည်။

ထိုအချိန်မှာပဲ အသီးသည်က စေတနာနှင့် ပြောပြလာခဲ့သည်။ “ခင်ဗျားတို့ မစောင့်ကြနဲ့တော့။ ကောင်မလေးကပြောသွားတာ၊ ဒီနေ့က နောက်ဆုံးပဲတဲ့။ နောက်ရက်အနည်းငယ်လောက်အထိ သူ ပြန်လာဦးမှာမဟုတ်ဘူးတဲ့။ ဒီတော့ သူ့ဖောက်သည်တွေက ရှိသမျှပစ္စည်းတွေအကုန် သိမ်းကြုံးဝယ်ကုန်ကြတာပဲ။ အဲ့ဒါနဲ့ သူလည်း ရောင်းကုန်ပြီး ပြန်သွားတာ။”

“ဘယ်လိုလုပ်ကြမလဲ။” လူအုပ်ကြီးမှာ စိတ်ပျက်သွားကြတော့သည်။

“အခုဘယ်လိုလုပ်ကြတော့မယ်။ အဲ့ဒီအသီးအရွက်တွေသာမရှိရင် ငါ့ကလေးတွေက ထမင်းတောင် ကျွေးလို့ရမှာမဟုတ်ဘူး။”

“ငါ့မိသားစုလည်း အတူတူပဲ။ ပြီးခဲ့တဲ့နှစ်ရက်တုန်းက ငါ့ကလေးတွေက အသီးအရွက်တွေကို အားရပါးရစားနေကြတာ။ တကယ်ကို အံ့ဖွယ်ဖြစ်ရပ်ပဲ။”

ထိုအခါ သစ်သီးသည်က၊ “အားလုံးက မိဘကောင်းတွေပဲလေ။ အစောက ဝယ်သူတွေကလည်း သူတို့ကလေးတွေ၊ ကိုယ်ဆောင်အမျိုးသမီးတွေအတွက်ဆိုပြီး အများကြီး ဝယ်သွားကြတာ။ အဲ့ဒီမိန်းကလေးရဲ့ ဟင်းသီးဟင်းရွက်တွေက အရမ်းဈေးကြီးတယ်၊ ငါတို့လို သာမာန်လူတွေကတော့ ဝယ်ဖို့မတတ်နိုင်ဘူး။”

သစ်သီးသည်၏စကားက လူအားလုံး၏စိတ်ထဲမှ အတွေးတစ်ခုနှင့် တူညီနေလေသည်။

“အဟုတ်ပဲ၊ ငါ့ကလေးတွေအတွက်သာမဟုတ်ရင် ဒီလောက်မနက်အစောကြီး လာစောင့်နေမှာမဟုတ်ဘူး။”

“ဒါပမေယ့် ငါတို့ကလေးတွေ သူ့ဆီက အသီးအရွက်တွေကို ကြိုက်နေမှတော့ ဘာများတတ်နိုင်တော့မှာလဲ။ တခြားဆိုင်က အသီးအရွက်တွေဆို မစားကြဘူးလေ။ သူတို့ကျန်းမာရေးအတွက် ဈေးပိုပေးရလည်း တန်ပါတယ်။ သူတို့က ကြီးထွားနေဆဲအရွယ်တွေပဲလေ။”

သစ်သီးသည်က သိချင်သွားလေသည်။ “အဲ့မိန်းကလေးရဲ့ဟင်းသီးဟင်းရွက်တွေက အရမ်းဈေးကြီးတယ်လေ။ ပေးရတဲ့ဈေးနဲ့တန်လို့လား။”

“သေချာပေါက် တန်တာပေါ့။ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောင်းကုန်သွားမှာလဲ။”

လူအုပ်ကြီးသည် ရှောင်လင်းယွီထံမှ ဟင်းသီးဟင်းရွက်များ မဝယ်လိုက်နိုင်သည့်အတွက် ဝမ်းနည်းနေကြလေသည်။ သူတို့အနေဖြင့် ဈေးသို့ပြန်ကာ သာမာန်ဟင်းသီးဟင်းရွက်များ ဝယ်ရုံသာ ရှိတော့သည်။

ရှောင်လင်းယွီ၏ဟင်းသီးဟင်းရွက်များနှင့် ယှဉ်လျှင် တခြားဟင်းသီးဟင်းရွက်များကတော့ အရောင်အသွေးဆိုးလှကာ ဖြူသလို ဝါသလိုလိုဖြစ်နေကြလေသည်။ သူတို့ အလွန် စောဒကတက်နေကြတာကြောင့် လီတချန်မှာ ဒေါသထွက်လာသော်လည်း ထိုလူများက သူ့ကို ပိုက်ဆံပေးနေသည့် ဝယ်သူများဖြစ်နေတာကြောင့် သည်းခံရုံသာရှိတော့သည်။

ဒါပေါ့ ရှောင်လင်းယွီကတော့ ဒီအကြောင်းတွေကို တစ်ခုမှမသိလိုက်ပါဘူး။ သူမပစ္စည်းများရောင်းကုန်သွားသည်နှင့် သုံးဘီးလေးမောင်းကာ အိမ်ပြန်သွားခဲ့လေသည်။

သူမငှားထားသည့်အိမ်သို့ ပြန်ရောက်သည်နှင့် စိုက်ပျိုးရေးနေရာလွတ်ထဲသို့ ဝင်သွားလိုက်သည်။ သူမ မနေ့တုန်းက စိုက်ထားသည့် သစ်သီးပင်များ၏အခြေအနေကို စစ်ဆေးလိုခြင်းပင်။

သစ်သီးပင်များသည် ဟင်းသီးဟင်းရွက်များတုန်းကလို မြန်မြန် မကြီးထားကြပေ။ သူတို့က ညတွင်းချင်း အရွယ်ရောက်ကာ အသီးများလည်း မသီးကြပေ။ အရင်ထက်တော့ ပိုကြီးလာကြသော်လည်း ပန်းပွင့်သည့်အရွယ်အထိတော့ မရောက်ကြသေးပေ။

ရှောင်လင်းယွီသည် ထိုသစ်သီးပင်များ၏ ကြီးထွားမှုစက်ကွင်းနှင့် သက်ဆိုင်သည်ဟု ယုံကြည်လေသည်။ တချို့သစ်သီးပင်များသည် အစေ့ကနေ အရွယ်ရောက်ဖို့ သုံးနှစ်ကြာကာ အသီးသီးဖို့အတွက် နောက်သုံးနှစ်အချိန်ယူရပြန်သည်။

ထို့ကြောင့် စိုက်ပျိုးရေးနေရာလွတ်ထဲတွင်ဆိုလျှင်တောင်မှ သစ်သီးပင်များသည် ဟင်းသီးဟင်းရွက်များထက်တော့ ကြီးထွားဖို့ အချိန်ပိုယူရပေမည်။ သုံးလေးငါးနှစ်အထိတော့ မကြာနိုင်သော်လည်း အနည်းဆုံး လအနည်းငယ်အထိတော့ အချိန်ယူကြပေလိမ့်မည်။

ကျေးဇူးတင်စရာကောင်းစွာဖြင့် ရှောင်လင်းယွီဘက်ကလည်း အလျင်လိုမနေခဲ့ပေ။

ပန်းပွင့်သည့်အရွယ်ရောက်လျှင် နောက်ထပ်အပင်သစ်များထပ်စိုက်နိုင်ပေသည်။ ဒါကြောင့် ရှောင်လင်းယွီသည် နောက်ထပ် မျိုးစေ့များထပ်ဝယ်ရန် စိတ်ကူးလိုက်တော့သည်။ စိုက်ပျိုးရေးနေရာလွတ်ထဲမှာလည်း နောက်ထပ်မြေနေရာတချို့ လွတ်နေသေးတာပဲမဟုတ်လား။

ရှောင်လင်းယွီ နေရာလွတ်ထဲမှပြန်ထွက်လာချိန်မှာပဲ သူမဖုန်းက မြည်လာခဲ့လေသည်။

***

All Chapters