← Chapters

နားလည်မှုလွဲခြင်း

Vol. 7 Ch. 128

နားလည်မှုလွဲခြင်း

Vol. 7 Ch. 128

ရှောင်လင်းယွီ ရောက်လာချိန်တွင် ကုကျီယဲ့သည် သူ့ဟိုတယ်အဝင်ဝအထိ ထွက်ကာ စောင့်နေပေးခဲ့လေသည်။

“မစ္စရှောင်။” ကုကျီယဲ့တစ်ယောက် ရှောင်လင်းယွီကို တွေ့ရ၍ အလွန်ဝမ်းသာနေခဲ့သည်။ “အထဲဝင်ပါ။”

ရှောင်လင်းယွီလည်း ကုကျီယဲ့နောက်ကလိုက်ကာ သူ့သီးသန့်ခန်းသို့ ဦးတည်လိုက်သည်။ အခန်းသို့ရောက်ပြီးနောက်မှာတော့ ထိုနေရာတွင် နောက်ထပ် အမျိုးသားသုံးယောက်ပါရှိနေတာကြောင့် ရှောင်လင်းယွီ အံ့ဩသွားလေသည်။

ကျန်းဟိုင်ယန်၊ ချန်ယီဖန်းနှင့် ယွမ်ရွှမ်ဟောက်တို့သည်လည်း ကုကျီယဲ့က သီးသန့်ခန်းထဲသို့ အမျိုးသမီးငယ်လေးတစ်ယောက်ကို ခေါ်လာတာကိုမြင်ပြီး ပထဆုံးအနေနှင့် မှင်သက်သွားခဲ့ပြီး နောက်မှာတော့ စိတ်လှုပ်ရှားလာကြတော့သည်။

ကျန်းဟိုင်ယန်က ထိုင်နေရာမှ ချက်ချင်းထရပ်ကာ အထာဖြင့် မေးလိုက်သည်။ “ကျီယဲ့၊ ဒီမိန်းကလေးဘယ်သူလဲ။ မင်းချစ်သူကောင်မလေးလား။”

“ကျီယဲ့၊ မင်း ဘယ်တုန်းက ကောင်မလေးရသွားတာလဲ။ ဘယ်လိုလုပ်များ ကောင်းကောင်း ဖုံးထားနိုင်တာလဲ။” ရုတ်တရက် ချန်ယီဖန်းကလည်း မေးလိုက်ပြန်သည်။

“ကျီယဲ့၊ မင်း ဒါမျိုးကို ငါတို့ကို မပြောဘဲထားတာတော့ မကောင်းဘူးနော်။” ယွမ်ရွှမ်ဟောက်က အထွန့်တက်လိုက်သည်။ “မင်း ငါတို့ကို သူငယ်ချင်းတွေလို့ရော မှတ်သေးရဲ့လား။”

ထို့နောက် သုံးယောက်သား ကုကျီယဲ့ဘေးသို့ အတင်းတိုးကပ်လာကြကာ ရှောင်လင်းယွီကို နှုတ်ဆက်ကြလေသည်။ “ဟယ်လို၊ မရီး၊ ကျွန်တော်က ကျန်းဟိုင်ယန်ပါ၊ ကုကျီယဲ့ရဲ့ သူငယ်ချင်းကောင်းလေ။”

ကုကျီယဲ့သည် ကျန်းဟိုင်ယန်ထက် ကြီးတာကြောင့် ကုကျီယဲ့၏ချစ်သူကောင်မလေးကို သူ့အနေနှင့် တလေးတစားနှုတ်ဆက်လိုက်ခြင်းဖြစ်သည်။

ဒါက သူတို့ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်းဖြစ်တာကြောင့် ကျန်းဟိုင်ယန် ယဉ်ကျေးပြနေသည်က သဘာဝပင်။

“ဟယ်လို၊ မရီး၊ ကျွန်တော်ကတော့ ချန်ယီဖန်းပါ။”

“ဟယ်လို မရီး၊ ကျွန်တော်က ယွမ်ရွှမ်ဟောက်ပါ။”

ကုကျီယဲ့မှာ သူ့ညီအစ်ကိုသုံးယောက်၏ စကားများကိုကြားပြီး မျက်နှာက အလွန်နီရဲလာသလို အရမ်းလည်း စိုးရိမ်မိသွားလေသည်။ “မင်း… မင်းတို့…”

ရှောင်လင်းယွီက စိတ်အနှောက်အယှက်မဖြစ်သွားဘဲ ပြုံးသာပြုံးလိုက်ကာ၊ “အားလုံးပဲ မင်္ဂလာပါ။ ဒါပေမယ့် ရှင်တို့ နားလည်မှုလွဲနေကြပြီထင်တယ်။ ကျွန်မက ဥက္ကဌကုရဲ့ကောင်မလေးမဟုတ်ပါဘူး။”

“ဟမ်။” သုံးယောက်သား ကြောင်အသွားတော့သည်။ ထို့နောက် ကုကျီယဲ့ထံမှ အတည်ပြုချက်ကို ရလိုသည့်သဘောဖြင့် လှည့်ကြည့်လိုက်ကြလေသည်။ ကုကျီယဲ့မှာ အခုထိမျက်နှာက နီနေတုန်းပင်။ သူက သူ့သူငယ်ချင်းသုံးယောက်ကို ရှက်ရွံ့နေသည့်ဟန်ဖြင့် ပြန်ကြည့်လိုက်လေသည်။ “မစ္စရှောင်နဲ့ ငါက သာမာန်မိတ်ဆွေတွေ။ ချစ်သူရည်းစားတွေမဟုတ်ဘူး။”

သူတို့သုံးယောက်လုံး ကို့ရို့ကားယားဖြစ်ကုန်ကြတော့သည်။ ထိုမိန်းကလေးက ကုကျီယဲ့၏ ရင်းနှီးသည့် သူငယ်ချင်းအဆင့်တောင် မဟုတ်ပါဘဲနဲ့ သူတို့က သူမကို အတင်း မရီးဟု စွတ်ခေါ်နေကြလေသည်။ ဒါ တကယ် ရှက်ဖို့ကောင်းတာပဲ။

ကျန်းဟိုင်ယန်က ဒေါသတကြီး ပြောလိုက်သည်။ “ကုကျီယဲ့၊ ဒါဆိုလည်း ဘာလို့ စောစောကတည်းက ဝင်မရှင်းပြတာလဲ။”

“ဟုတ်သားပဲ။” ကျန်တဲ့နှစ်ယောက်လည်း ဝိုင်းထောက်ခံလာကြသည်။

ကုကျီယဲ့ မျက်လုံးသာ လှန်လိုက်မိတော့သည်။ “မင်းတို့ ငါ့ကိုရှင်းပြဖို့ အချိန်ရော ပေးကြလို့လား။ မစ္စရှောင် ဝင်လာတာနဲ့ ငါ့ကောင်မလေးဆိုပြီး မရီးလို့ စွတ်ခေါ်နေကြတာမဟုတ်ဘူးလား။”

သုံးယောက်သား နေရခက်ခက်ဖြင့် ဆိုဖာသို့အမြန်ပြန်သွားကာ ပြန်ထိုင်လိုက်ကြတော့သည်။

ကျန်းဟိုင်ယန်က ပြုံးလိုက်ကာ၊ “ကျီယဲ့၊ မင်း ငါတို့ကိုအပြစ်မတင်နဲ့လေ။ မင်းနားမှာ မိန်းကလေးဆိုလို့ ဘယ်တုန်းကမှ မရှိခဲ့တာ။ မင်းက ဒီနေရာကို မိန်းကလေးတစ်ယောက်ခေါ်လာတာဆိုတော့ ငါတို့လည်း မင်းကောင်မလေးလို့ ထင်သွားတာ ပုံမှန်ပဲလေ။”

“တော်လောက်ပြီ။” ကုကျီယဲ့ ဝင်ဟန့်လိုက်ပြီးနောက် ရှောင်လင်းယွီဘက်လှည့်ကာ၊ “မစ္စရှောင်၊ သူတို့ပြောတာတွေကို စိတ်ထဲမထားပါနဲ့နော်။ သူတို့က ဘယ်တော့မှ စကားကိုအတည်မပြောကြဘူး။”

ရှောင်လင်းယွီ ခေါင်းအသာယမ်းကာ ပြုံးပြလိုက်သည်။ “ကိစ္စမရှိပါဘူး။ သူငယ်ချင်းတွေကြား စနောက်ကြတာကို ကျွန်မလည်း နားလည်ပါတယ်။”

“ဟိုင်ယန်၊ ယီဖန်း၊ ရွှမ်ဟောက်၊ ဒါက မစ္စရှောင်လင်းယွီ။ မစ္စရှောင်၊ ဒါကတော့ ငါ့ရဲ့သူငယ်ချင်းကောင်းသုံးယောက်၊ ကျန်းဟိုင်ယန်၊ ချန်ယီဖန်းနဲ့ ယွမ်ရွှမ်ဟောက်လို့ခေါ်တယ်။” ကုကျီယဲ့က တရားဝင်မိတ်ဆက်ပေးလိုက်သည်။

“မစ္စရှောင် မင်္ဂလာပါ။” သုံးယောက်သား ပုံမှန်အနေအထားနှင့် ပြန်နှုတ်ဆက်လိုက်လေသည်။

“မင်္ဂလာပါ။”

ထို့နောက် ရှောင်လင်းယွီက မေးလာခဲ့သည်။ “ဥက္ကဌကု၊ မြို့လယ်ခေါင်မှာ ငှားဖို့ ဆိုင်ခန်းတစ်ဆိုင်ရှိတယ်လို့ ရှင်ပြောတယ်မလား။ အဲ့ဒါ ဘယ်နေရာမှာလဲ။”

သူမ မျိုးစေ့ဈေးသို့သွားတော့မည့်အချိန်မှာပဲ ကုကျီယဲ့ထံမှ ဖုန်းဝင်လာခြင်းဖြစ်သည်။ ကုကျီယဲ့က မြို့လယ်ခေါင်တွင် ဆိုင်ခန်းတစ်ဆိုင် ရှာတွေ့ထားကာ သူမကို လိုက်ပြမည်ဟုဆိုသည်။ ဒါဆို ကုကျီယဲ့က ဘာလို့ ရှောင်လင်းယွီကို ကူညီပေးနေတာလဲ? သေချာပေါက် သူတို့ဆက်ဆံရေး ရည်ရှည်တည်မြဲနေအောင်ပေါ့။

ဒါပေမယ့် သူ့သူငယ်ချင်းတွေကတော့ သူတို့တွင် တခြားဆက်ဆံရေးမျိုးရှိနေသည်ဟု ယူဆသွားကြလေသည်။

ကုကျီယဲ့ ပြန်ဖြေလိုက်သည်။ “အမှတ်သုံး၊ တိုက် ၅၊ ကျို့အန်းလမ်းမှာပါ။” ကျို့အန်းလမ်းသည် ရှင်းယင်ခရိုင်မြို့၏ စီးပွားရေးအချက်အချာနေရာဖြစ်သည်။ ထိုနေရာတွင် လမ်းသွားလမ်းလာပမာဏအလွန်မြင့်မားတာကြောင့် ငှားရမ်းခလည်း ဈေးကြီးပေသည်။

“အမှတ်သုံး၊ တိုက် ၅၊ ကျို့အန်းလမ်းလား။” ကျန်းဟိုင်ယန်က စိတ်ရှုပ်ထွေးသွားကာ မျက်မှောင်ကြုတ်လိုက်သည်။ “ကျီယဲ့၊ အဲ့ဒါ ငါ့ဆိုင်ခန်းမဟုတ်ဘူးလား။ ငါ့ကို ပြဿနာတွေပေးနေတဲ့ဆိုင်ခန်းလေ။”

“ဒါကြောင့်ပဲ မစ္စရှောင်ကို မင်းနဲ့လာတွေ့ဖို့ပြောလိုက်တာလေ။” ကုကျီယဲ့က သူ့ကိုမျက်နှာသာပေးရန် ကျန်းဟိုင်ယန်ကို သတိပေးလိုက်သည်။ ထိုဆိုင်ငှားသက်တမ်းက ကုန်ခါနီးပြီဖြစ်သည်။ လက်ရှိဆိုင်ရှင်ကလည်း သူဆက်ငှားဖြစ်မငှားဖြစ်ဆိုတာကို မပြောလာသေးဘဲ ကျန်းဟိုင်ယန်သည် ထိုဆိုင်ရှင်နှင့် ပြဿနာအချို့ရှိနေခဲ့သည်။

နောက်ဆုံးတော့ ကုကျီယဲ့နှင့် ရှောင်လင်းယွီတို့သာ သာမာန်မိတ်ဆွေဖြစ်ကြောင်း ကျန်းဟိုင်ယန် သေချာသွားတော့သည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွန်ကိုမှ ပုံမှန်ဟန်ပန်ဖြင့်သာ စကားပြောဆိုနေကြပြီး တစ်ယောက်ကိုတစ်ယောက် မစ္စရှောင်နှင့် ဥက္ကဌကုဟုသာ ခေါ်ကြလေသည်။ သို့သော်လည်း ကုကျီယဲ့ဘက်ကတော့ ရှောင်လင်းယွီကို မျက်သာလုပ်ရန် ကြိုးပမ်းနေကြောင်း သိသာလှသည်။ မဟုတ်မှ ကုကျီယဲ့က သူမကို ပိုးပန်းချင်နေလို့များလား။ ဒီလိုဆိုရင်တော့ ကုကျီယဲ့ကို မျက်နှာရအောင် ကျန်းဟိုင်ယန် လုပ်ပေးရပေမည်။

ရှောင်လင်းယွီက အနည်းငယ် နားမလည်နိုင်ဖြစ်နေခဲ့သည်။ သူမ မနေ့ကပဲ သင့်တော်သင့်ဆိုင်တစ်ဆိုင်လိုချင်ရင် သွားကြည့်ချိန်တွင် ကျို့အန်းလမ်းပေါ်၌ လွတ်နေသည့် ဆိုင်တစ်ဆိုင်မှ မတွေ့ခဲ့ပေ။ ဒါ့အပြင် လူရှိပြီးသားဆိုင်များကလည်း ငှားမည့်ကြော်ငြာစာကပ်ထားခြင်းမရှိပေ။ သူတို့ဆိုင်စာချုပ်ပြည့်နေလောက်ပြီဆိုရင်တောင်ပေါ့။ ဒါကပဲ လက်ရှိလူများက ထိုနေရာများကို ဆက်လက်ငှားနေဦးမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုအခါ ကျန်းဟိုင်ယန်က၊ “မစ္စရှောင်၊ ကျွန်တော့် ဆိုင်ရဲ့အငှားစာချုပ်သက်တမ်းက ကုန်ခါနီးနေပြီ။ ပြီးတော့ အဲ့ဒီဆိုင်ရှင်တွေကလည်း ကျွန်တော့်ကို လအများကြီးအတွက် ငှားခအကြွေးတွေ တင်နေကြတယ်။ မင်းလိုချင်တယ်ဆိုမှတော့ လက်ရှိဆိုင်ငှားတဲ့သူတွေနဲ့ စာချုပ်အဆုံးသတ်ပြီး မင်းကို ငှားပေးပါ့မယ်။”

ကျန်းဟိုင်ယန်အတွက်တော့ ဆိုင်ငှားအသစ်က ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိပေ။ သို့သော်လည်း ကုကျီယဲ့က ရှောင်လင်းယွီထံမှ မျက်နှာသာရအောင် ကြိုးပမ်းချင်နေမှတော့ ကျန်းဟိုင်ယန်အနေနှင့် သူ့သူငယ်ချင်းကို ဦးစားပေး ကူညီရပေမည်။

“ဒါပေမယ့် ကုကျီယဲ့။ မင်းနဲ့ မစ္စရှောင်ရဲ့ဆက်ဆံရေးက ဘယ်လိုဆိုတာ မင်းမပြောသေးဘူးနော်။” ကျန်းဟိုင်ယန်က အတင်းအဖျင်းပြောချင်သလို အရောင်များတောက်နေသည့် အကြည့်များဖြင့် ကုကျီယဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။

ကုကျီယဲ့တစ်ယောက် သူ့သူငယ်ချင်းကောင်းများ၏ စပ်ဖြဲဖြဲအမူအရာများကိုကြည့်ပြီး သက်ပြင်းချမိတော့သည်။ “မစ္စရှောင်က ငါ့စီးပွားရေးပါတနာ။ သူက ငါ့ဟိုတယ်ရဲ့ တင်သွင်းသူအသစ်ပဲ။” သူ့သူငယ်ချင်းသုံးယောက်သည် ဟိုတယ်ပိုင်းလုပ်ကိုင်ကြသူများ မဟုတ်တာကြောင့် အရင်းအမြစ်လုယူမှုများဖြစ်မည့်အရေးကို စိုးရိမ်စရာမရှိပေ။

ထိုစကားကိုကြားသည်နှင့် ကုကျီယဲ့၏သူငယ်ချင်းသုံးယောက်မှာ ယခင်ထက်တောင်မှ မျက်လုံးအရောင်များ ပိုတောက်သွားကြတော့သည်။

ချန်ယီဖန်းက၊ “မစ္စရှောင်၊ မင်းက ဟိုအရသာရှိတဲ့အသီးအရွက်တွေရဲ့ နောက်ကွယ်ကလူပေါ့။ မင်းငါ့ကို နည်းနည်းလောက် ရောင်းပေးလို့ရမလား။ စိတ်မပူပါနဲ့။ ငွေရေးကြေးရေးက ပြဿနာမဟုတ်ဘူး။”

ကျန်းဟိုင်ယန်နှင့် ယွမ်ရွှမ်ဟောက်တို့ကလည်း ပြောလာကြသည်။ “ဟုတ်တယ်၊ မစ္စရှောင်၊ ငါတို့ကိုလည်း ရောင်းပေးလို့ရမလား။”

ကုကျီယဲ့၏မျက်နှာက မည်းမှောင်သွားတော့သည်။ သူက ချက်ချင်းပင် ရှောင်လင်းယွီရှေ့ကနေ ကာရပ်လိုက်ကာ၊ “ဟေး၊ မင်းတို့ဘာလုပ်ကြတာလဲ။ မင်းတို့ သူ့အပေါ် ဒီလိုခုန်တက်မတတ်လုပ်နေကြတာ မစ္စရှောင် ကြောက်သွားမှာပေါ့။” ထို့နောက် သူက ရှောင်လင်းယွီဘက်ကို လှည့်လိုက်ကာ၊ “မစ္စရှောင်။ သူတို့ရဲ့ ရိုင်းပြမှုအတွက် စိတ်မရှိပါနဲ့နော်။ သူတို့ အရမ်းစိတ်လှုပ်ရှားသွားကြလို့ပါ။”

ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “ရပါတယ်၊ ကျွန်မ စိတ်ထဲမထားပါဘူး။”

“ကောင်းတာပေါ့၊ ထိုင်ပါဦး။” ကုကျီယဲ့အတွက်တော့ ရှောင်လင်းယွီသည် သူ့ရဲ့ကြွယ်ဝခြင်းနတ်ဘုရားမပင်။ သူ့ပေါ်သို့ ကံကောင်းမှုများရောက်လာအောင် ရှောင်လင်းယွီကို ကောင်းကောင်းဆက်ဆံဖို့ လိုလေသည်။

“ယီဖန်း၊ ဟိုမှာသွားထိုင်။” ကုကျီယဲ့က ရှောင်လင်းယွီ တစ်ယောက်ထိုင် ဆိုဖာတွင် ထိုင်လို့ရရန်အတွက် ချန်ယီဖန်းကို လေးယောက်ထိုင်ဆိုဖာတွင် သွားထိုင်ခိုင်းလိုက်သည်။

ရှောင်လင်းယွီက ထိုင်ပြီးနောက် ပြုံးလိုက်ပြန်သည်။ “ဥက္ကဌကုမှာ ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေရှိတာပဲ။”

အရင်ဘဝတုန်းက သူမတွင် သူငယ်ချင်းအများကြီးမရှိခဲ့ပေ။ သူငယ်ချင်းတိုင်းက သူမကို တဖြည်းဖြည်းဖယ်ကျဉ်လာကြသည်။ အခုချိန် ပြန်တွေးကြည့်လိုက်တော့ ထိုသို့ဖြစ်ရခြင်းမှာ ချန်းယန်ကြောင့်သာ ဖြစ်ပေမည်။ အဆုံးမှာတော့ သူမတွင် သူငယ်ချင်းလည်းမကျန်တော့သလို ယုံရသည့်လူလည်းမရှိတော့ပေ။ သူမအတိတ်ကို ပြန်တွေးကြည့်ပြီးနောက် ရှောင်လင်းယွီတစ်ယောက် ရှက်မိကာ သူမမျက်နှာကို ဖုံးကွယ်ထားလိုက်ချင်တော့သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ သူမ အရာအားလုံးကို ပြောင်းလဲပစ်မည်။ ကုကျီယဲ့၏သူငယ်ချင်းကောင်းများကို မြင်ပြီး မနာလိုဖြစ်မိသော်လည်း ဒါကပဲ သူမကို သူငယ်ချင်းအသစ်များဖွဲ့မည့် ဆုံးဖြတ်ချက်အား ပိုလို့ ခိုင်မာလာစေခဲ့သည်။

ကျန်းဟိုင်ယန်နှင့်ကျန်လူများကတော့ သူတို့အသက်အရွယ်ကြီးများဖြင့် မိန်းကလေးတစ်ယောက်က ချစ်စရာကောင်းသည်ဟု ပြောလာတာကြောင့် မျက်နှာများနီရဲသွားကြလေသည်။ ထိုသို့သောချီးကျူးစကားမျိုးကို မရခဲ့သည်မှာ အတော်လေးကြာခဲ့ပြီဖြစ်သည်။

ကျန်းဟိုင်ယန်က အနည်းငယ်နီမြန်းနေသည့်မျက်နှာဖြင့် စကားပြန်စလာခဲ့သည်။ “မစ္စရှောင်လည်း အရမ်းချစ်စရာကောင်းပါတယ်။” ထို့နောက် သူက အလေးအနက်ဖြစ်သွားကာ ရှောင်လင်းယွီကို တောက်လောင်နေသည့်အကြည့်များဖြင့် စိုက်ကြည့်ရင်း မေးမြန်းလာခဲ့သည်။ “မစ္စရှောင်။ မင်းငါတို့ကိုလည်း မင်းရဲ့ဟင်းသီးဟင်းရွက်တွေ နည်းနည်းလောက်ရောင်းပေးလို့ရမလား။ အဲ့ဒါတွေက တကယ်ကို အရသာရှိတာ။ ဒါပေမယ့် နေ့တိုင်းတော့ ငါတို့မိသားစုတွေကို ဒီမှာလာစားဖို့ဆိုပြီး ခေါ်မလာနိုင်ဘူးလေ။”

ရှောင်လင်းယွီက ပြုံးကာ ခေါင်းယမ်းလိုက်သည်။

ကျန်းဟိုင်ယန်နှင့် ကျန်နှစ်ယောက်မှာ အနည်းငယ် စိတ်ပျက်သွားရလေသည်။

ကျန်းဟိုင်ယန်က ဝမ်းနည်းစွာဖြင့် ထပ်မေးလိုက်သည်။ “မင်းရဲ့ဟင်းသီးဟင်းရွက်တွေကို မရောင်းဘူးလား။ ကုမိသားစုဟိုတယ်ကို တစ်ခုတည်းကိုပဲ တင်သွင်းနိုင်တာလား။”

ရှောင်လင်းယွီက ပြုံးကာ ပြန်ဖြေလိုက်သည်။ “အဲ့လိုမဟုတ်ပါဘူး။ ကျွန်မမှာ လက်ကျန်ပစ္စည်းမလုံလောက်ရုံပါ။ လောလောဆယ် ကုမိသားစုဟိုယ်တယ်ကို တင်ပို့ပေးဖို့ပဲ လုံလောက်တယ်။”

“ငါတို့အများကြီး မတောင်းဆိုပါဘူး။ နည်းနည်းလောက်ပဲရရင်ကို အဆင်ပြေတယ်။” ကျန်းဟိုင်ယန်က တောင်းတောင်းဆိုဆိုနှင့် ပြောလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့ နေ့စဉ်အိမ်မှာချက်စားဖို့ လုံလောက်ရုံလေးပဲ လိုချင်တာပါ။ မင်းမှာ နည်းနည်းလေးတောင် မရှိဘူးလား။” ချန်ယီဖန်းနှင့် ယွမ်ရွှမ်ဟောက်တို့ကလည်း မေးလာကြသည်။

ရှောင်လင်းယွီက ခေါင်းယမ်းပြလိုက်လေသည်။ “စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ကျွန်မရဲ့ ထုတ်လုပ်မှုက အကန့်အသတ်ရှိလို့ပါ။ ကျွန်မ ဥက္ကဌကုနဲ့ မပူးပေါင်းခင်တုန်းက တစ်နေ့ကို ကတ်တီ ၃၀၀လောက် ရောင်းပေးတယ်။ ပူးပေါင်းပြီးနောက်မှာတော့ ကျွန်မအတွက်လည်း အပိုမရှိတော့ဘူး။”

လူငယ်သုံးယောက်မှာ စိတ်ပျက်လက်ပျက်ဖြစ်သွားရတော့သည်။

ကုကျီယဲ့က၊ “ဟိုင်ယန်၊ ငါဒီမနက် အသီးအရွက်တွေ သွားယူတုန်းက အဘွားစုန့်နဲ့တောင် တိုးခဲ့သေးတယ်။”

“ဟမ်၊ မင်းငါ့အဘွားကိုတွေ့ခဲ့တာလား။” ကျန်းဟိုင်ယန်က အံ့ဩသွားခဲ့သည်။

“အဘွားစုန့်က ရှင့်အဘွားလား။” ရှောင်လင်းယွီလည်း အံ့ဩသွားလေသည်။ “အဘွားစုန့်က ကျွန်မရဲ့ အိမ်ရှင်လေ။”

‘အဘွားစုန့်က ငါ့ဆီကနေ ဝယ်နေကျပါ။ ဒါကို ကျန်းဟိုင်ယန်က မစားဖူးဘူးလား။ အဲ့လိုပဲဖြစ်လိမ့်မယ်။ မဟုတ်ရင် သူ့အဘွားက ကုကျီယဲ့လိုပဲ တစ်နေရာတည်းကနေ အသီးအရွက်တွေ ဝယ်နေမှန်း ကျန်းဟိုင်ယန် မသိစရာအကြောင်းမရှိဘူး။’

ထိုတော့မှပဲ ကျန်းဟိုင်ယန်လည်း တစ်စုံတစ်ခုကို အမှတ်ရသွားတော့သည်။ ‘ဟုတ်သားပဲ၊ ငါ့ဝမ်းကွဲက အခုတလော အဘွားက အရမ်းအရသာရှိတဲ့အသီးအရွက်တွေ ဝယ်လာတယ်လို့ ပြောတယ်။ ငါလည်း အဲ့တုန်းက အဲ့လောက်အများကြီးတွေးဖို့ အချိန်မရှိခဲ့ဘူး။ အဘွားက ညစာလာစားဖို့ခေါ်တာတောင်မှ ငြင်းလိုက်သေးတာ။ ဘုရားရေ ငါဘာတွေလုပ်ခဲ့မိတာလဲ။’

ကျန်းဟိုင်ယန်တစ်ယောက် အလွန်ကိုမှ နောင်တရနေတော့သည်။ “မစ္စရှောင်၊ ဒါဆို ကျွန်တော့်အဘွားက မင်းအိမ်မှာ နေ့တိုင်းအသီးအရွက်တွေ လာဝယ်တဲ့လို့ ဆိုလိုတာလား။”

ဒီလိုဆို အရမ်းမိုက်ပြီ။ အခုကစပြီး ငါ့အဘွားအိမ်မှာ နေ့တိုင်း ထမင်းသွားစားတော့မယ်။

***

All Chapters