ဆိုင်တစ်ဆိုင်တွေ့သွားပြီ။
Vol. 7 Ch. 129
သို့သော်လည်း ရှောင်လင်းယွီ၏ ရှင်းပြချက်ကြောင့် ကျန်းဟိုင်ယန်၏ပျော်ရွှင်မှုက ကြာရှည်မခံလိုက်ပေ။ “ကျွန်မမှာ နေ့စဉ်ရောင်းစရာပစ္စည်းမရှိဘူး။ ဒါပေမယ့် ကုန်အပိုရှိတိုင်းတော့ အဘွားစုန့်က အမြဲလာဝယ်တတ်ပါတယ်။”
ကျန်းဟိုင်ယန် မျက်မှောင်ကြုတ်သွားလေသည်။ “မစ္စရှောင်၊ ဒါဆို မင်းမှာ ပစ္စည်းပြတ်နေရင် ငါ့အဘွားက လက်ဗလာနဲ့ ပြန်သွားရတာပေါ့။” သူ့အဘွားအတွက် စိတ်မကောင်းသွားလေသည်။
ရှောင်လင်းယွီ အမြန်ပြန်ရှင်းပြလိုက်ရသည်။ “အိုး..အဲ့လိုမဟုတ်ပါဘူး။ ကျွန်မက အဘွားစုန့်အတွက် အမြဲကြိုဖယ်ထားပေးတယ်လေ။ ကျွန်မမှာ ကုန်အပိုရှိရင် အဘွားကို ဖုန်းဆက်အကြောင်းကြားထားလိုက်တယ်။ ဒီတော့မှ အဘွားက မနက်စောစောလာယူတာပါ။”
“တော်သေးတာပေါ့။” ကျန်းဟိုင်ယန် စိတ်သက်သာသွားတော့သည်။ “နောက်ဆို၊ အဘွားကို မင်းဆီက အသီးအရွက်တွေ ပိုဝယ်ထားခိုင်းရမယ်။ ဒီလိုဆို ဒီဟိုတယ်မှာ တခြားလူတွေနဲ့ လုနေစရာမလိုတော့ဘူး။”
ရှောင်လင်းယွီ ပြုံးသာပြုံးလိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ။
ထိုအချိန်မှာပဲ ကုကျီယဲ့က ဖြတ်ပြောလာခဲ့သည်။ “ဟိုင်ယန်၊ မစ္စရှောင်ကို ဆိုင်ခန်းငှားပေးဖို့နဲ့ပတ်သတ်ပြီး ပြဿနာရှိသေးလား။”
“ဒါပေါ့၊ ပြဿနာမရှိဘူး။ ဒီတစ်ခေါက် ငှားထားတာက နောက်လဆို သက်တမ်းပြည့်ပြီ။ ငါ လက်ရှိဆိုင်ငှားနဲ့ စာချုပ်အသစ်ထပ်မချုပ်တော့ဘဲ မစ္စရှောင်ကို ငှားပေးမယ်။”
ရှောင်လင်းယွီ စိတ်ပူသွားမိသည်။ “ဒီလိုဆို အဆင်ပြေပါ့မလား။”
ကျန်းဟိုင်ယန်က လက်ကို အသာယမ်းလိုက်ကာ၊ “သူတို့က အစကတည်းက ကောင်းတဲ့လူတွေမဟုတ်ဘူး။ သူတို့ဘက်က စာချုပ်ကို ဖောက်ဖျက်ထားမှတော့ ကျွန်တော့်မှာလည်း သူတို့ကို ကန်ထုတ်ပိုင်ခွင့်ရှိတယ်။ မစ္စရှောင်ကလိုချင်တယ်ဆိုမှတော့ ကျွန်တော်လည်း ဆိုင်ငှားအသစ်ရှာဖို့ ဒုက္ခမရောက်တော့ဘူးပေါ့။ ပြီးတော့ ကျွန်တော့်အဘွားကလည်း မင်းကို အိမ်ငှားပေးထားတာလေ။ ဒါက သူ မင်းကို သဘောကျနေလို့ပဲ။ ကုကျီယဲ့နဲ့ ကျွန်တော့်အဘွားအတွက် ကျွန်တော်လည်း မင်းကို ဆိုင်ခန်းငှားပေးရမှာပေါ့။”
ထို့နောက် ကျန်းဟိုင်ယန်က ထပ်ပြောလာခဲ့သည်။ “မစ္စရှောင်၊ မင်းအခုငှားထားတဲ့အိမ်က ငါ့အဘိုး ငါ့အဘွားကိုလက်ထပ်တုန်းက ဆောက်ပေးထားတဲ့အိမ်ဆိုတာ သိလား။ သူက ဒီအိမ်ကို အဘွားအတွက် မင်္ဂလာလက်ဆောင်အနေနဲ့ ပေးတာလေ။ ငါ့ဦးလေးမှာ မြေးတစ်ယောက်ရသွားပြီးမှာသာ အဘွားနဲ့အဘိုးကပြောင်းခဲ့ကြတာ။ အိမ်တစ်လုံးကို ဒီအတိုင်းထားလိုက်ရင် ဖြုန်းတီးရာကျပေမယ့် သူတို့ကလည်း မရောင်းရက်ကြဘူးလေ။ ဒါကြောင့် ငှားပဲငှားချင်ခဲ့ပေမယ့် ကောင်းတဲ့အိမ်ငှားမတွေ့မှာကိုလည်း စိုးရိမ်ခဲ့ကြတယ်။ ဒါကြောင့် ဒီအိမ်က အမြဲတမ်း သူတို့အတွက် စိုးရိမ်စရာတစ်ခုဖြစ်နေခဲ့တာ။ အဘွားက မင်းကို ဒီအိမ်ကိုငှားပေးတယ်ဆိုမှတော့ မင်းရဲ့အကျင့်စရိုက်ကို ယုံကြည်လို့ပဲ။”
ရှောင်လင်းယွီသည်လည်း သူမအိမ်မငှားခင်တုန်းက အဘွားစုန့်နှင့် အဘိုးစုန့်တို့ ပြောနေသည့် စကားများကို ကြားထားလေသည်။ သို့သော်လည်း ထိုအိမ်သည် တကယ်တော့ အဘိုးစုန့်က အဘွားစုန့်အတွက် မင်္ဂလာလက်ဆောင်အဖြစ် ဆောက်ပေးထားသည့်အိမ်ဖြစ်နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။ သူတို့ ဒီအိမ်ကို ဒီလောက်တောင် ဂရုစိုက်နေကြတာ မထူးဆန်းတော့ပါဘူး။ ဒီအိမ်က သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို သက်သေပြနေသည့်အရာတစ်ခုဖြစ်သည်။
“မစ္စရှောင်၊ မင်းဆိုင်ကို အခုပဲ သွားကြည့်ချင်လား။ အဲ့ဆိုင်က စတုရန်းမီတာ ၁၀၀ကျယ်တယ်။ အရမ်းသေးနေလား။”
ရှောင်လင်းယွီ ရယ်မိသွားသည်။ “၁၀၀ စတုရန်းမီတာက အရမ်းသေးတယ်ပေါ့၊ ဒါဆို ဘယ်လောက်မှ ကြီးတာလဲ။” ထို့နောက် သူမက စကားကို အလေးအနက်ပြန်ထားလိုက်သည်။ “ဒီလောက်ကျယ်တဲ့ဆိုင်က လုံလောက်ပါပြီ။” သူမသည် ဟင်းသီးဟင်းရွက်ဈေးတစ်ခု စတင်လုပ်ကိုင်မည်မဟုတ်ပေ။ ဒါကြောင့် အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးလေသည်။
“ဒါဆို အခုပဲ တစ်ချက်လောက် အတူတူသွားကြည့်လိုက်ကြမလား။” ကုကျီယဲ့က အကြံပေးလိုက်သည်။ “ဒီဆိုင်က မြို့လယ်ခေါင်မှာရှိတာ။ မင်း ဒီဆိုင်ကို သဘောမကျရင် တခြားဆိုင်တွေလည်း သွားကြည့်လို့ရတယ်။”
ရှောင်လင်းယွီက အနည်းငယ်စိတ်ပူနေလေသည်။ “ဒါပေမယ့် အခုက အလုပ်ချိန်လေ။ လက်ရှိဆိုင်ရှင်တွေကို အနှောက်အယှက်မဖြစ်စေဘူးလား။”
ကျန်းဟိုင်ယန်က စိတ်တိုတိုဖြင့်ရယ်လိုက်လေသည်။ “သူတို့ကို ကန်မထုတ်တာကိုတောင် ကျေးဇူးတင်ရမှာ။ သူတို့ကို ဒီလကုန်အထိပဲနေခွင့်ပြုမယ်၊ ပြီးရင်တော့ တစ်ခါတည်း အထုပ်သိမ်းခိုင်းလိုက်မှာ။ ပြီးတော့ ဒါက ကျွန်တော့်ဆိုင်လေ။ အငှားကာလကကုန်ခါနီးနေပြီလေ။ ဒီတော့ သူတို့နဲ့ အငှားစာချုပ်ကို အဆုံးသတ်ပြီး ပိုကောင်းတဲ့ ဆိုင်ငှားတစ်ယောက်ရှာဖို့က ကျွန်တော့်ရဲ့လုပ်ပိုင်ခွင့်ထဲမှာရှိတယ်။”
“ဒါဆိုလည်း ကောင်းပါပြီ။”
ဒါက သူမစီးပွားရေးလောကထဲ စဝင်မည့် ပထမဆုံးခြေလှမ်းဖြစ်တာကြောင့် အားလုံး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်သည်။
ထိုသို့ဖြင့် သူတို့တစ်ဖွဲ့လုံး ဟိုတယ်မှထွက်လာခဲ့လေသည်။
သူတို့ထွက်သွားချိန်မှာပဲ မုန်တိုင်းတစ်ခုကို လှုပ်နှိုင်းလိုက်မိသည်ကိုတော့ သူတို့မသိခဲ့ကြပေ။
….
“ကုလောင်ရှီး၊ ကုလောင်ရှီး။” ဝိတ်တာတစ်ယောက်က စားဖိုချောင်ထဲသို့ အလောတကြီး ပြေးဝင်လာလေသည်။
ကုရူဖုန်းက မျက်မှောင်ကြုတ်ကာ ဆူငေါက်လိုက်တော့သည်။ “ရှောင်လင်း၊ မင်းအပြင်မှာ အလုပ်လုပ်ရမယ့်အချိန်ကို ဘာကိစ္စ စားဖိုချောင်ထဲလာတာလဲ။”
ရှောင်လင်းက ပြုံးလိုက်ကာ၊ “ကုလောင်ရှီး၊ ကျွန်တော် အစောက ဘာမြင်ခဲ့လဲ မှန်းကြည့်။”
ကုလောင်ရှီးက မကြည်မသာဖြင့် ပြန်ပြောလာလေသည်။ “မင်းမှာ ဧည့်သည်တွေ ဘာလိုအပ်လဲဆိုတာ လိုက်ကြည့်ဖို့ကလွဲ ဘာလုပ်စရာရှိလို့လဲ။”
“ကုလောင်ရှီးကလည်း အဲ့ဒါမဟုတ်ဘူးလေ။ ကျွန်တော် ဥက္ကဌကု မိန်းကလေးတစ်ယောက်နဲ့ ရယ်ရယ်မောမောစကားပြောရင်း ဝင်လာတာ တွေ့ခဲ့တယ်။ ကြည့်ရတာ ဥက္ကဌကုရဲ့ချစ်သူလားပဲ။” ရှောင်လင်းက တိုက်ရိုက်ပဲ ဖော်ထုတ်လိုက်တော့သည်။
ကုလောင်ရှီးတစ်ယောက် ချက်ပြုတ်နေသည်ကို ရပ်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြန်မေးလာလေသည်။ “မင်းဘာပြောလိုက်တယ်။”
ရှောင်လင်းက တစ်ခါထပ်ပြောလိုက်သည်။ “ကျွန်တော် ဥက္ကဌကု မိန်းကလေးတစ်ယောက်နဲ့ ရယ်ရယ်မောမောစကားပြောရင်း ဝင်လာတာ တွေ့ခဲ့တယ်။ ကြည့်ရတာ ဥက္ကဌကုရဲ့ချစ်သူလားပဲလို့။”
“မင်းအမြင်မမှားတာ သေချာရဲ့လား။” ကုလောင်ရှီးက သံသယဖြင့် ပြန်မေးလိုက်သည်။
“လုံးဝမမှားဘူး။ ဥက္ကဌကုက အဲ့မိန်းကလေးကို သူ့သီးသန့်ခန်းထဲခေါ်သွားတာ။ အခန်းထဲမှာ ဥက္ကဌကုရဲ့သူငယ်ချင်းတွေလည်းရှိတယ်။ ကြည့်ရတာ ဥက္ကဌကုက သူ့ကောင်မလေးကို သခင်လေးကျန်းတို့နဲ့ မိတ်ဆက်ပေးတာလားပဲ။”
ကုလောင်ရှီး၏မျက်နှာက မည်းမှောင်သွားလေသည်။ “ဟုတ်ပြီ၊ ကိုယ့်အလုပ်ကို ပြန်သွားတော့။”
“ကုလောင်ရှီး၊ ဥက္ကဌကုမှာ ကောင်မလေးရှိနေတာလေ။ လောင်ရှီး သွားမကြည့်ဘူးလား။ ဥက္ကဌကုရဲ့ကောင်မလေးက အရမ်းလှတာ။ အသားဖြူဖြူဖွေးဖွေးလေး။ တော်တော်ကိုလှတာနော်။” ထိုအချက်ကိုပြောနေချိန်တွင် ရှောင်လင်း၏မျက်လုံးများမှာ ကြယ်ရောင်များလိုပင် တဖြတ်ဖြတ်တောက်ပနေလေသည်။ “ကျွန်တော့်မှာသာ အဲ့လိုကောင်မလေးတစ်ယောက်ရှိရင် အရမ်းပျော်နေမှာ။”
“ဝမ်းနည်းစရာက မင်းမှာမရှိဘူးလေ။ စိတ်ကူးတွေယဉ်မနေနဲ့ အလုပ်သွားပြန်လုပ်၊ မဟုတ်ရင် မင်းရဲ့ ဒီလဘောနပ်စ်ကို ငါဖြတ်ပစ်မယ်။”
ရှောင်လင်း သူ့အလုပ်နေရာသို့ အမြန်ပြန်ပြေးသွားတော့သည်။
ကုလောင်ရှီးသည်တော့ စားဖိုချောင်ထဲတွင် ဒေါသတကြီး ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ရင်း ကျန်ခဲ့လေသည်။ ‘ကုကျီယဲ့၊ ကောင်စုတ်လေး။ မင်း ချစ်သူရသွားတာကို ဘာလို့ ငါ့ကျတော့ မပြောတာလဲ။ သူ့တတိယဦးလေးထက်အရင် သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်ပေါ့။ မဟုတ်ဘူး၊ ငါသွားကြည့်မှဖြစ်မယ်။’
ကုမိသားစုဝင်တိုင်းသည် ကုကျီယဲ့၏မင်္ဂလာကိစ္စအတွက် စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။ ပြောရရင် သူ့အသက်က ၂၆နှစ်ရှိပြီဖြစ်သည်။ ‘အဲ့ကောင်မလေးသာ တကယ်ပဲ ဟိုကောင်စုတ်လေးရဲ့ချစ်သူဆိုရင် လူတိုင်းတွေ့နိုင်အောင် အိမ်ကိုအပါခေါ်သွားရမယ်။’
ကုရူဖုန်းသည် သူ့တပည့်များကို လုပ်စရာရှိတာများဆက်လုပ်ရန် ညွှန်ကြားပြီးသည့်နောက် စားဖိုချောင်ထဲမှ ထွက်လာကာ ကုကျီယဲ့၏သီးသန့်ခန်းသို့ ဦးတည်လိုက်သည်။
လမ်းတွင် ကုရူဖုန်းက ဖြတ်သွားသည့် ဝိတ်တာတစ်ယောက်ကို တားကာ မေးလိုက်သည်။ “ဥက္ကဌကု သီးသန့်ခန်းထဲမှာရှိလား။”
ဝိတ်တာလေးက ခေါင်းယမ်းပြလာသည်။ “မရှိပါဘူး။ ဥက္ကဌကု အစောကပဲ သခင်လေးကျန်းတို့နဲ့ အပြင်ထွက်သွားတယ်။”
“ဒါဆို ဥက္ကဌကု ကောင်မလေးတစ်ယောက်ကိုရော ခေါ်သွားသေးလား။”
“ခေါ်သွားတယ်။” ထို့နောက် ဝိတ်တာလေးက ပြုံးလိုက်ကာ၊ “ကုလောင်ရှီး အဲ့ဒီမိန်းကလေးက အတော်ကိုလှတာ။ ဥက္ကဌကုနဲ့ လိုက်ဖက်ညီနေတာပဲ။”
ကုရူဖုန်း၏မျက်နှာက မည်းမှောင်သွားပြန်လေသည်။ “ဟုတ်ပြီ၊ ငါသိပြီ။ အလုပ်ပြန်လုပ်တော့။” သူအတော်လေး ဖယ်ကျဉ်ခံထားရသလို ခံစားသွားရလေသည်။ ဟိုတယ်ရှိလူတိုင်း ကုကျီယဲ့၏ကောင်မလေးအသစ်ကို သိနေကြသော်လည်း သူတစ်ယောက်ပဲ သိမနေခြင်းပင်။ ကုကျီယဲ့ပြန်လာမှပဲ သေချာလေးစစ်မေးတော့မယ်။
….
ရှောင်လင်းယွီသည် လူငယ်လေးများနောက်ကနေပြီး ကျို့အန်းလမ်းရှိ ကျန်းဟိုင်ယန်၏ဆိုင်သို့ လိုက်လာခဲ့လေသည်။
ထိုဆိုင်သည် လက်ရှိတွင် ခေတ်နှင့်ညီသည့်ပစ္စည်းများရောင်းချသည့် ဆိုင်တစ်ဆိုင်ဖြစ်လေသည်။ ဆိုင်ထဲတွင်လည်း ဈေးဝယ်တချို့ရှီနေခဲ့ကာ စီးပွားရေးကောင်းလေသည်။ ဒါကြောင့် ဆိုင်ရှင်က ဘာလို့များ ဆိုင်ငှားခမပေးချင်ရလဲဆိုသည်ကို ရှောင်လင်းယွီ တွေးမရတော့ပေ။ ကျန်းဟိုင်ယန်က ငွေပြတ်လတ်နေသူမဟုတ်တာကြောင့် သူ့အပေါ် အခွင့်ကောင်းယူလို့ရသည်ဟု သူတို့တွေးနေကြတာများလား။
ဆိုင်ဘေးမှာတော့ စူပါမားကတ်ကြီးတစ်ခုရှိကာ ကားရပ်ရန် နေရာအများကြီးရှိလေသည်။ အနီးနားတွင်တော့ ရှန်းယောင်းအိမ်ရာ၊ ကျန့်ကျုံးအိမ်ရာနှင့် ရှင့်ဖူ၁ အိမ်ရာတို့လိုမျိုး အဆင့်မြင့်လူနေအိမ်ရာများလည်းရှိပေသည်။
ဤဆိုင်နေရာကို ဘယ်လိုလုပ်များ ရှောင်လင်းယွီ စိတ်တိုင်းမကျဘဲ နေပါ့မလဲ။
ထိုအချိန်မှာပဲ ကျန်းဟိုင်ယန်က မေးလာလေသည်။ “ဒီတော့ မစ္စရှောင်၊ ဘယ်လိုသဘောရလဲ။ ဒီနေရာက မဆိုးဘူးမဟုတ်လား။” သူက ဂုဏ်ယူနေသည့်လေသံဖြင့် နောက်ထပ်ဆက်ပြောလာခဲ့သည်။ “ဒီဆိုင်ရဲ့ငှားခက အတော်လေးမြင့်တယ်၊ ဒါကြောင့်ပဲ ဆိုင်ရှင်တွေက မပေးကြတာလေ။ သူတို့ပြောတာတော့ သူတို့မှာ ငှားခကိုကာမိလောက်တဲ့အထိ အမြတ်မရကြဘူးဆိုပဲ… ဒါပေမယ့် သူတို့ဆိုင်ကိုဝင်နေတဲ့ ဝယ်သူအရေအတွက်ကိုပဲ ကြည့်ဦး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ကျွန်တော့်အပေါ် အကြွေးတင်နေသလောက် ငှားခကိုပဲ ရမှာလေ။ ဒါပေမယ့် နောက်တစ်ခါ ကျွန်တော့်ဆိုင်ကို ငှားမယ့်လူတွေကို သေချာဂရုစိုက်ရမယ်။ ထပ်ပြီး လှည့်စားခံလို့မဖြစ်ဘူး။”
ကုကျီယဲ့က ကျန်းဟိုင်ယန်ကို ချောင်းနှစ်ချက်ဟန့်ကာ သတိပေးလိုက်သည်။ ‘မင်းဘာလို့ ဒါတွေပြောနေတာလဲ။ ဘာတွေစော်ကားနေတာလဲ။ မင်းတကယ်ပဲ ငါ့ကိုမျက်နှာပေးချင်တာရော ဟုတ်ရဲ့လား။’
ကျန်းဟိုင်ယန်လည်း ချက်ချင်းပင် ငြိမ်ကျသွားလေသည်။
သူတို့နှစ်ဦးကြားမှာ အချိတ်အဆက်ကို ရှောင်လင်းယွီ သိလိုက်သော်လည်း စိတ်ထဲထားမနေပေ။
သူမက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “သခင်လေးကျန်း စိတ်မပူပါနဲ့။ ကျွန်မငှားခပေးဖို့ ရှောင်နေမှာမဟုတ်ပါဘူး။ ကျွန်မက အော်ဂဲနစ်ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံဆိုင်ဖွင့်မှာလေ။ ပြီးတော့ ကုမိသားစုဟိုတယ်နဲ့လည်း အကျိုးတူပူးပေါင်းမှုလုပ်ထားသေးတယ်။ ဒီတော့ စစချင်းငှားရမ်းမယ့်လတွေအတွက် ငှားခရှိထားပြီးသားပါ။ လုပ်ငန်းစပြီးရင်လည်း ငှားခကို အချိန်မှန်ပေးသွားပါမယ်။ ပြီးတော့ ဒီဆိုင်ရဲ့နေရာက အရမ်းကောင်းတယ်လေ။ ဒါကြောင့် ငှားခမြင့်မယ်ဆိုတာလည်း တွေးထားပြီးသားပါ။” သို့သော်လည်း ရှောင်လင်းယွီ၏အသိပညာအရ ဤဆိုင်၏ငှားရမ်းခသည် နောက်နှစ်အနည်းငယ်အတွင်း ဒုံးပျံတစ်စီးလို ထိုးတက်သွားဦးမည်မှန်း သိနေသည်။ ဒါကြောင့် သူမဆိုင်ကို အခုချိန် ဒီလိုနေရာတွင် တည်လိုက်နိုင်ခြင်းက တကယ်ကို ဗျူဟာမြောက်သည့် လှုပ်ရှားမှုပင်။
ကျန်းဟိုင်ယန် ရှက်ကိုးရှက်ကန်းဖြင့် ချောင်းဟန့်လိုက်လေသည်။ “မစ္စရှောင်က အရမ်းယဉ်ကျေးနေပြန်ပါပြီ။ ဒါပေါ့၊ ကျွန်တော် မင်းကိုယုံပါတယ်။ မင်းက ကျွန်တော့်အဘွားရဲ့ ယုံကြည်မှုကိုပါ ရထားတဲ့သူလေ။ မင်းက ရိုးသားတဲ့လူမှန်းသိပါတယ်… ငါ့လက်ရှိဆိုင်ငှားတွေနဲ့ မတူဘူးပေါ့။ ဒါနဲ့ ကျွန်တော့်ကို ဟိုင်ယန်လို့ပဲ ခေါ်ပါ။ သခင်လေးကျန်းဆိုတာက အရမ်းထူးဆန်းပြီး မသက်မသာဖြစ်တယ်။”
“ဟုတ်တယ်၊ မစ္စရှောင်၊ ငါ့ကိုလည်း ကျီယဲ့လို့ပဲခေါ်ပါ။” ကုကျီယဲ့ကလည်း ဝင်ပြောလာသည်။ ဒီတော့မှ သူလည်း ရှောင်လင်းယွီက သူ့ကို ဥက္ကဌကုဟုသာ ခေါ်နေမှန်း သတိရသွားခဲ့သည်။ “ငါတို့အခု သူငယ်ချင်းတွေ ဖြစ်သွားကြပြီပဲ၊ ဒီတော့ ငါ့ကို ဥက္ကဌကုလို့ခေါ်မနေနဲ့တော်။ အရမ်းသူစိမ်းဆန်တယ်။”
“မစ္စရှောင်၊ ကျွန်တော့်ကိုလည်း ယီဖန်းလို့ပဲခေါ်ပါ။”
“မစ္စရှောင်၊ ကျွန်တော့်ကိုလည်း ရွှမ်ဟောက်လို့ပဲခေါ်ပါ။”
ရှောင်လင်းယွီသည် သူတို့လေးယောက်၏ ရင်းနှီးဖော်ရွေသည့်သဘောထားကြောင့် ဝမ်းသာသွားခဲ့သည်။ သူမက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး၊ “ကောင်းပြီလေ၊ ဒါဆို ကျွန်မကိုလည်း မစ္စရှောင်လို့မခေါ်နဲ့တော့။ လင်းယွီလို့ပဲ ခေါ်ကြပါ။”
“ဟုတ်ပြီ။”
ထို့နောက် ကျန်းဟိုင်ယန်က၊ “လင်းယွီ၊ မင်း ဒီဆိုင်ကို သဘောကျတယ်ဆိုမှတော့ မင်းမြန်မြန်ဆိုင်ဖွင့်နိုင်အောင် လက်ရှိဆိုင်ငှားတွေကို တစ်လအတွင်း ဖယ်ပေးဖို့ ပြောလိုက်တော့မယ်။”
“ကောင်းပြီ။ ရှင်စာချုပ်ချုပ်တော့မယ်ဆို ကျွန်မကို ခေါ်လိုက်ပါ။”
“ဟုတ်ပြီလေ။”
“ကျေးဇူးပါ၊ ဟိုင်ယန်။”
“မဟုတ်တာ လင်းယွီရဲ့။ မင်းကမှ ငါ့ပြဿနာကို ဖြေရှင်းပေးလိုက်တဲ့သူဆိုတော့ ကျေးဇူးတောင် ပြန်တင်ရမယ်။” ထို့နောက် ကျန်းဟိုင်ယန်က ရှက်ရွံ့စွာ ထပ်ပြောလာခဲ့သည်။ “လင်းယွီ၊ မင်းနောက်ဆို ငါ့အတွက်လည်း ဟင်းသီးဟင်းရွက်တွေ ချန်ထားပေးလို့ရမလား။ ငါအများကြီးမလိုပါဘူး။ အဆာပြေစားလို့ရအောင်လောက်ပဲ။”
ရှောင်လင်းယွီ၏အသီးအရွက်များမှာ အလွန်အရသာရှိတာကြောင့် သူစားလို့မဝနိုင်ဖြစ်နေလေသည်။
“ရှင် ဒီလောက်အစားမက်မှန်း အဘွားစုန့်ရော သိရဲ့လား။ ကောင်းပါပြီ၊ ဒါပေမယ့်လည်း ထားပါလေ။ နောက်ဆို ရှင့်အတွက် နည်းနည်းလောက် ချန်ထားပေးဖို့ကြိုးစားပါ့မယ်။”
ရှောင်လင်းယွီတစ်ယောက် ဆိုင်ကိစ္စအဆင်ပြေသွားပြီးနောက် ထိုလူငယ်များနှင့် လမ်းခွဲလိုက်သည်။ သူမတွင် လုပ်စရာကိစ္စတချို့ရှိသေးလေသည်။
….
ရှောင်လင်းယွီထွက်သွားပြီးနောက် ကျန်းဟိုင်ယန်နှင့် သူ့သူငယ်ချင်းနှစ်ယောက်က ကုကျီယဲ့ကို မေးလာကြသည်။ “ကျီယဲ့၊ မင်း ရှောင်လင်းယွီကို ဘယ်မှာစတွေ့တာလဲ။ သူ့မှာ ချစ်သူရှိလား။”
ကုကျီယဲ့က ခေါင်းယမ်းလိုက်ကာ၊ “ငါသူနဲ့သိတာ ၂ရက် ၃ရက်ပဲရှိသေးတယ်လေ။ သူရည်းစားရှိလားမရှိလားကတော့ ငါလည်း သေချာမပြောတတ်ဘူး။ ဒါပေမယ့် သူက ငါတို့ရဲစခန်းက ခေါင်းဆောင်ကျန်းထောင်နဲ့တော့ ရင်းနှီးတယ်။”
“ဘာ?!” ကျန်းဟိုင်ယန်တို့သုံးယောက် အလွန်အံ့ဩသွားကြတော့သည်…
***