ကားတစ်စီးဝယ်ခြင်း
Vol. 7 Ch. 130
ရှောင်လင်းယွီအနေနှင့် ကုမိသားစုဟိုတယ်ကို နေ့စဉ်ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးဖို့လိုအပ်သော်လည်း နေ့တိုင်း ခရိုင်မြို့ပေါ်တွင်ပဲနေဖို့တော့ မဖြစ်နိုင်ပေ။ ဒါကြောင့် ရှောင်လင်းယွီသည် ရှင်းအန်းမြို့နှင့် ရှင်းယင်မြို့အကြား ပြေးဆွဲသည့် ကားတစ်စီးကို ဘိုကင်တင်ထားဖို့ စဉ်းစားခဲ့သော်လည်း ဈေးနှုန်းမှာ အလွန့်မြင့်မားတာကြောင့် သူမအတွက် အရှုံးပေါ်လေသည်။
သူမတွင် ကားတစ်စီးသာရှိပါက ထိုပြဿနာကို ဖြေရှင်းနိုင်ပေသည်။ သူမ Zမြို့တွင် နေတုန်းက ကုမ္ပဏီက ကားပေးတာကြောင့် ကားမောင်းလိုင်စင်ရှိထားခဲ့သည်။ ဒါကြောင့် ကားဘယ်လိုမောင်းရမလဲကို သိလေသည်။ သို့သော်လည်း ကားတွေက ဈေးကြီးလှသည်။ သူမလက်ရှိ စုဆောင်းထားသမျှနှင့်တောင်မှ ကားတစ်စီးဝယ်ဖို့ မတတ်နိုင်သေးပေ။
‘ဘယ်လိုလုပ်ရမလဲ။’ ရှောင်လင်းယွီ တွေးနေမိသည်။ ‘ဒါပေမယ့် ကားမရှိရင်လည်း အဆင်မပြေပြန်ဘူး။ ကြည့်ရတာ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဝယ်ကိုဝယ်မှဖြစ်မယ့်ပုံပဲ။’ ကားသစ်တစ်စီးဆိုလျှင် အလွန်ဈေးကြီးတာကြောင့် သူမအနေနှင့် တစ်ပတ်ရစ်ကားတစ်စီးကိုသာ ရွေးချယ်ရမည်ဖြစ်သည်။ တစ်ပတ်ရစ်ကားတစ်စီးအတွက် ယွမ်၂သောင်းခွဲလောက်ဆို လုံလောက်ပြီဖြစ်သည်။ သို့သော်လည်း သူမတွင် ကားနှင့်ပတ်သတ်သည့် အသိပညာသိပ်မရှိဘဲ ကားဘယ်လိုမောင်းရမလဲလောက်သာ သိပေသည်။ ဒါကြောင့် ဘယ်လိုစစ်ဆေး အကဲဖြတ်ပြီး ဝယ်ရမည်မှန်း မသိဘဲ အလိမ်ခံရမှာကြောက်သည်။
လက်ရှိခရိုင်မြို့တွင် ကားမောင်းသည့်လူဟူ၍ ကျန်းထောင်နှင့် ကုကျီယဲ့တို့ သူငယ်ချင်းတစ်စုလိုမျိုး လူအနည်းငယ်သာရှိလေသည်။ သို့သော်လည်း ထိုလူများကို ဒုက္ခပေးဖို့ကတော့ အဆင်မပြေလှပေ။
ရှောင်လင်းယွီ စဉ်းစားကြည့်လိုက်ပြီးနောက် တစ်ပတ်ရစ်ယာဉ်အရောင်းဆိုင်သို့ အရင်ဆုံးသွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
ရှောင်လင်းယွီသည် ထန်းဖေးကားရောင်းဝယ်ရေးသို့ သွားခဲ့သည်။
ထန်းဖေးကားရောင်းဝယ်ရေးသည် ရှင်းယင်မြို့တွင် အကြီးဆုံး ကားအရောင်းအဝယ်လုပ်ငန်းဖြစ်ကာ အသစ်ရော တစ်ပတ်ရစ်ပါ နှစ်မျိုးစလုံး ရောင်းချလေသည်။
“မင်္ဂလာပါ၊ ဘာများကူညီပေးရမလဲ။” သူမ ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် အရောင်းဝန်ထမ်းတစ်ယောက် သူမဆီသို့ ရောက်လာခဲ့သည်။
“ကျွန်မ တစ်ပတ်ရစ်ကားတစ်စီးလောက် လိုချင်လို့ပါ။” ရှောင်လင်းယွီက သူမလိုချင်သည်ကို တိုက်ရိုက်ပင်ပြောလိုက်သည်။
“ရတာပေါ့၊ မင်းဘက်ဂျက်ဘယ်လောက်သတ်မှတ်ထားလဲ။”
“ယွမ်၂သောင်းကနေ ၃သောင်းကြားပါ။”
“ကောင်းပါပြီ၊ ကျွန်တော့်နောက် လိုက်ခဲ့ပါ။”
….
ထန်းဖေးကားရောင်းဝယ်ရေးလုပ်ငန်း၏ ရုံးခန်းထဲတွင် ကျန်းဟိုင်ယန်၊ ယွမ်ရွှမ်ဟောက်နှင့် ချန်ယီဖန်းတို့ စကားစမြည်ပြောနေကြလေသည်။
“ကျီယဲ့က သူ့ဦးလေးဆီက ဖုန်းရပြီးတော့ အသံက စိုးရိမ်နေသလိုပဲ။ တစ်ခုခုများဖြစ်တာလား။” ချန်ယီဖန်းက စိုးရိမ်နေဟန်ဖြင့် ပြောလာခဲ့သည်။ “ငါတို့ သွားကြည့်ကြမလား။”
ကျန်းဟိုင်ယန်က၊ “ဘာများဖြစ်နိုင်မှာလဲ။ ကျီယဲ့ရဲ့ မင်္ဂလာကိစ္စပဲနေမှာပေါ့။”
“ဟမ်။” ချန်ယီဖန်း စိတ်ရှုပ်ထွေးသွားလေသည်။
ကျန်းဟိုင်ယန်က ရယ်လိုက်ကာ၊ “မင်းသဘောမပေါက်ဘူးလား။ ကျီယဲ့က ရှောင်လင်းယွီကို သီးသန့်ခန်းထဲခေါ်လာတော့ ငါတို့အားလုံး သူ့ကို ကျီယဲ့ရဲ့ကောင်မလေးလို့ အထင်မှားသွားကြတယ်လေ။ ဟိုတယ်မှာက တခြားဧည့်သည်တွေအများကြီးပဲ။ ဒီတော့ တစ်ယောက်ယောက်ကလည်း သူတို့ကို သတိထားမိပြီး တတိယဦးလေးကုကို သတင်းပို့လိုက်တာဖြစ်မှာပေါ့။ ထုံးစံအတိုင်း ကျီယဲ့ စစ်ဆေးမေးမြန်းခံရတော့မှာပဲ။”
“အော်…” ဒီတော့မှ ချန်ယီဖန်း နားလည်သွားတော့သည်။ “ဟမ်.. ရွှမ်ဟောက်၊ မင်းဘာတွေကြည့်နေတာလဲ။”
ယွမ်ရွှမ်ဟောက်က အနည်းငယ် မျက်မှောင်ကြုတ်ထားရင်း ပြောလာခဲ့သည်။ “ငါ ရှောင်လင်းယွီကို မြင်လိုက်လားလို့။”
“အမ်.. ရှောင်လင်းယွီလား။” ချန်ယီဖန်းက ယွမ်ရွှမ်ဟောက်၏အကြည့်အတိုင်း လိုက်ကြည့်လိုက်သော်လည်း ဘာကိုမှမမြင်ခဲ့ပေ။
“မင်း သေချာလို့လား။”
“သူပြောတာမှန်တယ်၊ တကယ်ရှောင်လင်းယွီပဲ။”
ကျန်းဟိုင်ယန်ဘက်ကနေတော့ ရှောင်လင်းယွီက ကားများကို ကြည့်နေသည်အား မြင်တွေ့နိုင်ပေသည်။
“သူ ကားလာဝယ်တာလား။” ချန်ယီဖန်းက သေချာမြင်ရအောင် မတ်တပ်ထရပ်လိုက်သည်။ “ကြည့်ရတာတော့ ဟုတ်မယ်ထင်တယ်။ ဒါပေယ့် သူက တစ်ပတ်ရစ်ကားကို ရွေးနေတာလား။”
“လာ.. ငါတို့သွားကြည့်ရအောင်။” ယွမ်ရွှမ်ဟောက်ကပြောလိုက်သည်။
“ကောင်းပြီ။” ကျန်နှစ်ယောက်ကလည်း မငြင်းခဲ့ပေ။ သူတို့သုံးယောက်သည် ရှောင်လင်းယွီအပေါ် ကောင်းမွန်သည့်အမြင်ရှိကြသော်လည်း ချစ်မှုရေးရာအနေနဲ့တော့မဟုတ်ပေ။ ရှောင်လင်းယွီသည် သူငယ်ချင်းဖွဲ့ဖို့ ထိုက်တန်သည်လူတစ်ယောက်ဟု ခံစားမိကြခြင်းသာဖြစ်ပေသည်။ ထို့အပြင် ရှောင်လင်းယွီက သူတို့ သူငယ်ချင်း ကုကျီယဲ့ အလွန်လိုအပ်နေချိန်တွင် ကူညီပေးထားသူလည်းဖြစ်သေးသည်။
ရှောင်လင်းယွီတစ်ယောက် အရောင်းဝန်ထမ်း မိတ်ဆက်ပေးနေသည့် ကားကိုကြည့်နေချိန်မှာပဲ တစ်ယောက်ယောက်က သူမနာမည်ကို ခေါ်လိုက်သည်အား ကြားလိုက်ရလေသည်။ “လင်းယွီ။”
အရောင်းဝန်ထမ်းက ရောက်လာသည့်လူများကို မြင်သည်နှင့် လေးလေးစားစားနှုတ်ဆက်လာခဲ့သည်။ “ဥက္ကဌယွမ်၊ သခင်လေးကျန်း၊ သခင်လေးချန်။”
ယွမ်ရွှမ်ဟောက်၊ “မင်းသွားလိုက်တော့။ ဒီဝယ်သူကို ငါလိုက်ပြလိုက်မယ်။”
အရောင်းဝန်ထမ်းမှာ စိတ်ရှုပ်သွားလေသည်။ ဒီလိုဆို သူကော်မရှင်ခမရတော့ဘူးပေါ့။ ထို့နောက် ယွမ်ရွှမ်ဟောက်က ထပ်ပြောလာခဲ့သည်။ “စိတ်မပူနဲ့။ ဒီဧည့်သည်ရဲ့ရောင်းအားက မင်းအတွက်ပဲ။”
ထိုတော့မှ အရောင်းဝန်ထမ်းလည်း ဝမ်းသာသွားတော့သည်။ “ဒါဆိုလည်း ကောင်းပါပြီ၊ ဥက္ကဌယွမ်။ ကျွန်တော် တခြားကိစ္စသွားလုပ်လိုက်ပါ့မယ်။”
အရောင်းဝန်ထမ်းထွက်သွားပြီးနောက် ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်လေသည်။ “တိုက်ဆိုင်လိုက်တာ။”
ကျန်းဟိုင်ယန်က၊ “လင်းယွီ၊ ငါတို့ တစ်နေ့တည်း နှစ်ကြိမ်တောင်ဆုံတာဆိုတော့ ကံကြမ္မာလို့ မထင်ဘူးလား။”
ရှောင်လင်းယွီ ရယ်မောလိုက်တော့သည်။ သူမလည်း ကားဝယ်ဖို့မလာခင် ထိုလူများကို ခေါ်သင့်လားဟု တွေးနေခဲ့သည်မဟုတ်လား။ သူမ မခေါ်ခဲ့သော်လည်း ထိုလူများကို သူတို့ဘာသာ ပေါ်လာခဲ့လေသည်။ သူမ ပြန်လည်မွေးဖွားလာပြီးကတည်းက ကံကောင်းမှုက ဆက်တိုက် တိုးများလာခဲ့သည်ဟု ခံစားမိသည်။ ကြည့်ရတာ ဘုရားသခင်က သူမအတွက် ဒါမှမဟုတ် ရှောင်ထုန်အတွက် ကောင်းချီးပေးလိုက်တာဖြစ်မယ်။
ချန်ယီဖန်းက မေးလာခဲံသည်။ “လင်းယွီ၊ မင်း ကားဝယ်မလို့လား။”
“ဟုတ်တယ်၊ ကျွန်မ ကားတစ်စီးလောက် လိုနေလို့။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်လေသည်။
“ဒါပေမယ့်၊ မင်း တစ်ပတ်ရစ်ကားထဲက ကြည့်နေတာလား။” ကျန်းဟိုင်ယန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကျွန်မ လောလောဆယ် တစ်ပတ်ရစ်ကားပဲ တတ်နိုင်သေးလို့လေ။”
ယွမ်ရွှမ်ဟောက်က မျက်မှောင်ကြုတ်သွားကာ၊ “အိမ်တွေလိုပဲ အရစ်ကျပေးဝယ်လို့ရနေတာပဲ။ လင်းယွီ၊ ငါကတော့ မင်းကို ကားအသစ်တစ်စီးပဲဝယ်လိုက်ဖို့ အကြံပေးချင်တယ်။ ကနဦးပေးငွေနိမ့်နိမ့်နဲ့ ဝယ်လို့ရတဲ့ ကားမော်ဒယ်တွေရှိတယ်။”
ကျန်းဟိုင်ယန်ကလည်း ခေါင်းညိတ်လာခဲ့သည်။ “လင်းယွီ၊ တစ်ပတ်ရစ်ထက် ကားအသစ်ဝယ်လိုက်တာ ပိုကောင်းတယ်။”
လူအများစုကတော့ တစ်ပတ်ရစ်ကားလောက၏နောက်ကွယ်က အချက်အလက်တွေကို မသိကြသော်လည်း ကားရောင်းဝယ်ရေးလုပ်ငန်း၏ ဥက္ကဌဖြစ်သော ယွမ်ရွှမ်ဟောက်ကတော့ အသေအချာကို သိလေသည်။ ရှောင်လင်းယွီနှင့် ကုကျီယဲ့တို့သည် ရည်ရှည်လက်တွဲမည့်လူများဖြစ်ကာ သူတို့သည်လည်း ရှောင်လင်းယွီနှင့် သူငယ်ချင်းဖြစ်သွားပြီဖြစ်သည်။ ဒါကြောင့် သူတို့ သူမကို မလိမ်ညာချင်ပေ။
ရှောင်လင်းယွီသည်လည်း အရစ်ကျပေးချေနိုင်သည့်အကြောင်းကို ကြားပြီးနောက် မှင်သက်သွားလေသည်။ ဘာကြောင့် ဒါကို မတွေးမိခဲ့တာပါလိမ့်။
အနာဂါတ်ွင် အိမ်နှင့်ကားလိုမျိုး ပမာဏကြီးကြီးပေးဝယ်ရသည့် ပစ္စည်းများအတွက် အရစ်ကျပေးချေမှုများရှိလာပြီဖြစ်သည်။ အစောက သူမခေါင်းအရမ်းရှုပ်ပြီး မတွေးလိုက်နိုင်တာပဲ။
“ဒါဆိုလည်း အဲ့ဒီမော်ဒယ်တွေကို ပြကြည့်ပေးဖို့ ဥက္ကဌယွမ်ကိုပဲ ဒုက္ခပေးရတော့မယ်။ ယွမ်၁သိန်းဝန်းကျင်လောက်ကားဆို အဆင်ပြေပါပြီ။” အရစ်ကျပေးချေနိုင်နေပြီမှန်း သူမသိသော်လည်း အလွန်အကျွံတော့မလုပ်ချင်ပေ။ ယွမ်၁သိန်းဝန်းကျင်တန် ကားတစ်စီးသည် အရမ်းလည်းမကောင်းသလို အရမ်းလည်း မဆိုးပေ။
ဒါပေါ့၊ ယွမ်၁သိန်းဆိုတာ ကျေးလက်နေပြည်သူတွေအတွက်တော့ အလွန်ကိုမှ များပြားသည့် ပမာဏဖြစ်နေပြီဖြစ်သည်။ ရှောင်လင်းယွီအတွက်တော့ ထိုပမာဏသည် လိုက်ခံနိုင်သည့်ပမာဏသာဖြစ်လေသည်။
“လင်းယွီ စိတ်မပူနဲ့။ ထန်းဖေးက ဥက္ကဌယွမ်ပိုင်တာလေ။ သူက မင်းကို သေချာပေါက် လျှော့ပေးလိမ့်မယ်။” ကျန်းဟိုင်ယန်က ပြုံးကာပြောလိုက်သည်။
ချန်ယီဖန်းကလည်း ခေါင်းညိတ်လိုက်ကာ၊ “ဟုတ်တယ်။ မင်း ကံကောင်းတာပဲ။”
ရှောင်လင်းယွီ ပြုံးလိုက်မိလေသည်။ “ဒါဆိုလည်း ဥက္ကဌယွမ်ကို ကြိုပြီးကျေးဇူးတင်သင့်တာပေါ့။” ကုကျီယဲ့၏သူငယ်ချင်းများသည် ထူးခြားသည့် နောက်ခံများရှိကြလေသည်။
ယွမ်ရွှမ်ဟောက်က ရှောင်လင်းယွီကို ကားအမျိုးအစားအနည်းငယ်နှင့် မိတ်ဆက်ပေးခဲ့လေသည်။ အဆုံးမှာတော့ ရှောင်လင်းယွီသည် ယွမ် ၁သိန်း၈သောင်းတန်သည် ငွေဖြူရောင် SUVတစ်စီးကို ရွေးလိုက်သည်။ သို့သော်လည်း ယွမ်ရွှမ်ဟောက်က သူမကို ယွမ်၄သောင်းတောင် လျှော့ပေးလိုက်လေသည်။ ပြောရရင်တော့ ထိုကားကို ယွမ်၆သောင်း၈ထောင်တည်းဖြင့် ရလိုက်ခြင်းဖြစ်သည်။ သူမက သုံးနှစ်တာအရစ်ကျငွေချေသည့် ပရိုဂရမ်ကို ရွေးချယ်လိုက်တာကြောင့် တစ်လကို ယွမ်၂ထောင်သွင်းရမည်ဖြစ်သည်။
ထိုကားဖြင့်ဆိုလျှင် ရှောင်လင်းယွီအတွက် ကားတွေတစ်ဆင့်ပြီးတစ်ဆင့်ပြောင်းစီးရင် အချိန်ကုန်တော့မည်မဟုတ်ပေ။ သို့သော်လည်း အလောတကြီးလာဝယ်လိုက်ခြင်းဖြစ်တာကြောင့် သူမနှင့်အတူ ယဉ်မောင်းလိုင်စင်က ပါမလာခဲ့ပေ။ ဒါကြောင့် လောလောဆယ်တော့ ကားကို ထန်းဖေးကားရောင်းဝယ်ရေးတွင်သာ ထားခဲ့ရလေသည်။ သူမဘက်က လိုအပ်သည့် စာရွက်စာတမ်းများပြန်ယူလာပြီးရင်တော့ ကားကိုတခါတည်း မောင်းသွားနိုင်ပြီဖြစ်သည်။
…..
ကုကျီယဲ့တစ်ယောက် စိုးရိမ်ပူပန်စွာဖြင့် ကုရူဖုန်း၏ရုံးခန်းထဲသို့ အလောတကြီးပြေးဝင်လာခဲ့သည်။
“တတိယဦးလေး၊ ကျွန်တော့်ကို ဘာလို့ အလျင်စလိုရှာနေတာလဲ။ တစ်ခုခုဖြစ်လို့လား။” ကုကျီယဲ့ မေးလိုက်သည်။
ကုရူဖုန်းက ကုကျီယဲ့ကို လျစ်လျူရှုထားကာ တံခါးပေါက်ကိုသာ ကြည့်နေလေသည်။ ကုကျီယဲ့နောက်က ထပ်ဝင်လာသည့်လူမရှိတာကြောင့် ကုရူဖုန်းတစ်ယောက် ထိုင်မနေနိုင်တော့ဘဲ ကိုယ်တိုင်ထွက်ကြည့်တော့သည်။ “သူ(မ)ဘယ်မှာလဲ။”
ကုကျီယဲ့က စိတ်ရှုပ်ထွေးစွာနှင့် ပြန်မေးလာလေသည်။ “တတိယဦးလေး၊ ဘယ်သူ့ကိုရှာနေတာလဲ။” သူ့တတိယဦးလေးက သူကို ဟိုတယ်သို့ အလောတကြီးပြန်လာခိုင်းခဲ့သည်။ သို့သော်လည်း အခုတော့ သူ့နောက်ကိုသာ ကြည့်နေကာ သူ့တတိယဦးလေး၏ပုံစံက စိုးရိမ်ပူပန်နေပုံလုံးဝမပေါက်ပေ။ ဘာတွေဖြစ်နေတာလဲ။
ကုရူဖုန်းက မကျေမနပ်ဖြေလာလေသည်။ “မင်းမှာ ငါ့ကိုဒီလိုမေးဖို့ မျက်နှာရှိသေးတယ်ပေါ့။ မင်း သူ့ကို ဘယ်မှာဝှက်ထားတာလဲ။”
ကုကျီယဲ့ နားမလည်နိုင်တော့ပေ။ “တတိယဦးလေး၊ ဘယ်သူ့အကြောင်းပြောနေတာလဲ။ ဘယ်သူ့ကို ကျွန်တော်က ဝှက်ထားရမှာလဲ။”
“ငါဘယ်သူ့ကို ပြောနေလဲဆိုတာ မင်းမသိဘူးလား။” ကုရူဖုန်းက ခပ်တင်းတင်းမေးလိုက်သည်။ “ဘာလဲ သူကိုယ်ဝန်ရှိလာတော့မှ ငါတို့ဆီခေါ်လာမှာလား။”
ကုကျီယဲ့ ချက်ချင်းဆိုသလိုပင် ဒီနေ့မနက်တုန်းက ရှောင်လင်းယွီ ဟိုတယ်သို့ လာခဲ့သည့်အကြောင်း သတိရသွားတော့သည်။ သူ့သူငယ်ချင်းသုံးယောက်သည်လည်း သူမကို သူ့ကောင်မလေးဟု အထင်လွဲခဲ့တာကြောင့် ဟိုတယ်က တခြားလူတွေတွေ အထင်မှားသွားပြီး ကုရူဖုန်းထံ သတင်းအမှားကို တင်ပြလိုက်သည့်ပုံပင်။
ကုကျီယဲ့တစ်ယောက် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။
“တတိယဦးလေး နားလည်မှုလွဲနေပြီ။ ရှောင်လင်းယွီက ကျွန်တော့် ကောင်မလေးမဟုတ်ဘူး။ သူက သာမာန်သူငယ်ချင်း၊ ပြီးတော့ စီးပွားဖက်ပါ။”
“သာမာန်သူငယ်ချင်း? စီးပွားဖက်?” ကုရူဖုန်းက သံသယဝင်နေသေးဟန်ဖြင့် ကုကျီယဲ့ကို စိုက်ကြည့်နေကာ ကုကျီယဲ့မျက်နှာပေါ်က အမူအရာကနေ အလိမ်အညာကို ဖော်ထုတ်ချင်နေသလိုပင်။
ကုကျီယဲ့ ခေါင်းညိတ်ပြလိုက်သည်။ “အဟုတ်ပဲ။”
“ဘာစီးပွားဖက်လဲ။” ကုရူဖုန်းက မယုံကြည်သေးပေ။
ကုကျီယဲ့က ဘေးဘီတစ်ချက်ကြည့်ကာ အပြင်ကိုသာ အခြေအနေလှမ်းကြည့်ပြီးနောက် တံခါးကို ပိတ်လိုက်ကာ ရှင်းပြလာခဲ့သည်။ “တတိယဦးလေး၊ ရှောင်လင်းယွီက ကုမိသားစုဟိုတယ်အတွက် ဟင်းသီးဟင်းရွက်တွေ တင်ပို့ပေးနေတဲ့သူလေ။”
“အိုး..” ကုရူဖုန်းအတော်လေး စိတ်ပျက်သွားလေသည်။ ကုမိသားစု၏အကြီးဆုံးမြေးတွင် ချစ်သူတစ်ယောက်ရှိလာပြီဟု သူထင်ထားခဲ့သော်လည်း စိတ်ကူးယဉ်အိပ်မက်လေးသာ ဖြစ်နေခဲ့သည်။
ကုကျီယဲ့က ကုရူဖုန်း၏ စိတ်ပျက်နေသည့် အမူအရာကို လျစ်လျူရှုကာ ချောင်းအသာဟန့်လိုက်သည်။ “တတိယဦးလေး၊ တခြားဘာကိစ္စမှမရှိရင်၊ ကျွန်တော် သွားတော့မယ်နော်။”
ကုရူဖုန်း အကြည့်စူးစူးများက ကုကျီယဲ့ထံသို့ ဒိုင်းခနဲရောက်သွားကာ၊ “မင်းမှာ လျှောက်ပတ်ကစားဖို့ အချိန်ရှိနေရင်လည်း အရင်ဆုံး ကောင်မလေးတစ်ယောက်လောက်ရှာဦး။”
ကုကျီယဲ့ မျက်လုံးလှန်လိုက်မိတော့သည်။ “အဲ့ကိစ္စအတွက်က ညီလေးတွေလည်းရှိနေတာပဲကို…” ထိုသို့ ပြောပြီးသည်နှင့် ကုရူဖုန်း ဒေါသထွက်မလာခင် ကုကျီယဲ့ အမြန်ထွက်ပြေးသွားတော့သည်။
***
စာစဉ် ၇ ပြီးပါပြီ။