စမ်းသပ်ချက်
Vol. 141 Ch. 2101
“ညီအစ်ကိုဆူ.. အာဏာပါးကွက်သား အစောင့်တပ်သား ၁၃ယောက်က ဒီနေရာမှာ သေဆုံးသွားတယ်.. မဟာကျင်းအင်မော်တယ်နိုင်ငံက ဒီကိစ္စကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး.. ငါတို့ ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး… ဒီနေရာကနေ ထွက်ခွာကြရအောင်”
ကူထုံယိုက ပြောလိုက်၏။
ထိုအချိန်တိုအတွင်းမှာ သူတို့၏ ဒဏ်ရာများက သိသိသာသာ သက်သာပျောက်ကင်းလာပြီး သူတို့က လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပြီ ဖြစ်၏။
“ကျွန်မတို့တွေ အားလုံးက မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ထွက်ခွာချင်နေတာဆိုမှတော့ အတူတူ ခရီးသွားကြရင် မကောင်းဘူးလား.. အဲဒါဆိုရင် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးလို့ ရတာပေါ့”
ချိုးစစ်လောက အကြံပြုလိုက်၏။
ကူထုံယိုက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“ညီအစ်ကိုဆူ.. ငါ့မှာလည်း အဲ့လိုမျိုး တူညီတဲ့ အတွေးရှိတယ်.. ဒါပေမဲ့ ငါ အဲ့လိုမျိုး လုပ်မှာ မဟုတ်ဘူး”
“ငါတို့က ဒုံမင်းအင်မော်တယ် မုန့်ယောင်ကို ဆန့်ကျင်မိထားတယ်.. သူက ပကတိအင်မော်တယ်ပညာရှင်တစ်ဦးပဲ.. အခု ဒီတစ်ခေါက်မှာ သူရဲ့ ကြိုးပမ်းမှုက မအောင်မြင်ဘူးဆိုရင် နောက်တစ်ခေါက်ကျရင် ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားတွေကို သူက စေလွှတ်ဖို့များတယ်.. ဒါမှမဟုတ် သူကိုယ်တိုင်တောင်မှ ရောက်လာနိုင်တယ်”
“မင်းက ငါတို့နဲ့အတူ ခရီးသွားမယ်ဆိုရင် မင်းပါရောပြီး ဒုက္ခရောက်လိမ့်မယ်”
ချိုးစစ်လောကလည်း ခေါင်းညိတ်လိုက်၏။
“အဲဒါတော့ ဟုတ်တယ်”
ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဆူဇီမိုက ရုတ်တရက် ပြောလိုက်၏။
“ကိုယ့်လူတို့.. ကောင်းကင်အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတွေမှာ ခင်ဗျားတို့ ကျန်ခဲ့တဲ့ သွေးကနေ ခင်ဗျားတို့ရဲ့ တည်နေရာကို ထောက်လှမ်းနိုင်တဲ့ သွေးလမ်းညွှန် လျှို့ဝှက်အတတ်ဆိုတာ ရှိတယ်”
“အဲဒါက ရပါတယ်”
ကူထုံယိုက လက်ကာပြလိုက်၏။
“ဝိညာဉ်ကျဆုံးပုလွေနဲ့ ဝိညာဉ်ရိတ်သိမ်းဒုံမင်းက သွေးလမ်းညွှန် လျှို့ဝှက်အတတ်ရဲ့ ချိတ်ဆက်မှုကို ဖြတ်တောက်ပေးနိုင်တယ်”
“အဲဒါဆိုရင်တော့ ကောင်းတာပေါ့”
ဆူဇီမိုက နောက်ဆုံး စိတ်သက်သာရာရသွား၏။
ရုတ်တရက် ကူထုံယိုက ပြောလိုက်၏။
“ညီအစ်ကိုဆူ.. ဒီဝိညာဉ်ကျဆုံးပုလွေကို မင်းယူထားလိုက်”
ကူထုံယို၏ မျက်လုံးထဲတွင် ဝန်လေးသည့် အကြည့်တစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာသော်လည်း သူက ဝိညာဉ်ကျဆုံးပုလွေကို ကမ်းပေးလိုက်ဆဲဖြစ်၏။
ဆူဇီမိုက ရင်ထဲမှာ ထိသွား၏။
သူက သွေးလမ်းညွှန် လျှို့ဝှက်အတတ်ဖြင့် ထောက်လှမ်းခံရပြီး အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ဖမ်းဆီးခြင်းခံရမည်ကို ကူထုံယိုက စိုးရိမ်ပူပန်နေခြင်းဖြစ်ကြောင်း သူပြောနိုင်လေသည်။ ဝိညာဉ်ကျဆုံးပုလွေက ကူထုံယိုအတွက် ဘယ်လောက်တောင် အရေးပါသလဲ ပြောနေစရာ မလိုပေ။
ဝိညာဉ်ကျဆုံးပုလွေနှင့် ဝိညာဉ်ရိတ်သိမ်းဒုံမင်းကဲ့သို့ ရတနာများသည် ဒုံမင်းအင်မော်တယ် မုန့်ယောင်၏ စိတ်အာရုံကိုပင် ဖမ်းစားနိုင်ခဲ့၏။ ထိုရတနာနှစ်ခုက ဘယ်လောက်တောင် အဖိုးတန်သလဲ သိသာနေ၏။
သို့သော် ယခု ကူထုံယိုသည် ဆူဇီမို၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ပူပန်နေသောကြောင့် သူက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ဝိညာဉ်ကျဆုံးပုလွေကို ထုတ်ပေးလာခဲ့၏။
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“အစ်ကိုကူ.. စိတ်မပူပါနဲ့.. ကျုပ်မှာလည်း သွေးလမ်းညွှန် လျှို့ဝှက်အတတ်ကနေ အာရုံမခံနိုင်တဲ့ ပစ္စည်းတစ်ခု ရှိတယ်”
အဲဒါသည် သူ့အား မိုးကြိုးဧကရာဇ် ပေးခဲ့သော မိုးကြိုးကျောက်စိမ်းဆွဲသီး ဖြစ်လေသည်။
ဤကျောက်စိမ်းဆွဲသီးနှင့် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကြောင့် ဆူဇီမိုသည် ကြယ်တာရာဂိုဏ်းမှာ နှစ်တစ်ထောင်ကျော်ကြာအောင် ဇာတ်မြှုပ်နေနိုင်ခဲ့ခြင်းဖြစ်၏။
ကူထုံယိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ကောင်းပြီလေ… ညီအစ်ကိုဆူ.. ဒီနေရာမှာပဲ နှုတ်ဆက်ကြတာပေါ့.. ငါတို့ ကံကောင်းပြီး အသက်ရှင်ဦးမယ်ဆိုရင် ငါတို့မှာ အထုံရေစက်မကုန်သေးရင် ပြန်တွေ့ကြဦးမှာပါ”
“ကျုပ်တို့ ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့”
ဆူဇီမိုက လက်သီးနှစ်ဖက်ကို ယှက်၍ နှုတ်ဆက်လိုက်၏။
ကူထုံယိုနှင့် ချိုးစစ်လောက လေထဲသို့ ပျံတက်ပြီး အနောက်ဘက် အရပ်သို့ ထွက်ခွာသွားလေသည်။
ဆူဇီမိုက သူ၏ လက်ကို ဝေ့ယမ်းပြီး အစီအရင်အလံ ၄၉လက်ကို သိမ်းဆည်းလိုက်၏။
ထိုအစီအရင်အလံများက ယခုအချိန်မှာ ပိုင်ရှင်မဲ့နေလေပြီ။ သူတို့ကို သန့်စင်မွမ်းမံပြီး အကျိုးရှိစွာ အသုံးချနိုင်မည်ဆိုလျှင် သူတို့က အနိုင်ရလဒ်ကို ဖော်ဆောင်ဖို့အတွက် စွမ်းအားကြီးမားသော နည်းလမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။
သူ့မှာ မိုးကြိုးကျောက်စိမ်းဆွဲသီး ရှိနေသော်လည်း သတိထားသည့်အနေဖြင့် ဆူဇီမိုသည် စတုရတီတာအိုမီးကို စုဖွဲ့ကာ မြေပြင်ပေါ်ရှိ အလောင်းများကို လောင်ကျွမ်းစေလိုက်၏။
အာဏာပါးကွက်သား အစောင့်တပ်သားများက သေဆုံးသွားပြီဖြစ်၏။ အမြုတေချီ သို့မဟုတ် အမြုတေစိတ်ဝိညာဉ်များ မရှိတော့သည့်အတွက် စတုရတီတာအိုမီးက ထိုအလောင်းများကို လောင်ကျွမ်းပြာချပစ်ဖို့ လုံလောက်လေသည်။
မီးတောက်များက ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်လာ၏။
ဆူဇီမိုက ထွက်ခွာတော့မည့်ဆဲဆဲမှာပင် အဝေးကနေ အံ့မခန်း အမြန်နှုန်းဖြင့် အလင်းတန်းတစ်ခုက ပျံသန်းလာ၏။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။ ထိုအခိုက်အတန့်မှာ သူ့အနေဖြင့် သူ၏ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲရန် သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးကို အသက်သွင်းဖို့က နောက်ကျသွားခဲ့ပြီဖြစ်၏။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ထိုကျင့်ကြံသူ ထုတ်ဖော်ထားသည့် ဖိအားသည် ကောင်းကင်တစ်ခွင် အုပ်မိုးနေပြီး သူ၏ ခံနိုင်ရည်ထက် များစွာကျော်လွန်နေ၏။
ကောင်းကင်အင်မော်တယ် ပညာရှင်တစ်ဦး..
ဒါ့အပြင် အဲဒါက အဆင့်မြင့် ကောင်းကင်အင်မော်တယ် ပညာရှင်တစ်ဦးဖြစ်၏။
သူသည် ကောင်းကင်အင်မော်တယ် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရချိန်မှာ ခုခံဖို့အတွက် နည်းလမ်းမရှိသလောက်ပင်။
ငရဲဖိနှိမ်မီးဖိုထဲမှာ နိုးထလာသော အထွတ်အမြတ် ဝိညာဉ်သုံးခုက အဆက်မပြတ် တိုက်ပွဲများကြောင့် သူတို့၏ ခွန်အားကို ဆုံးရှုံးထားကာ အိပ်မောကျနေပြီဖြစ်၏။
ကောင်းကင်အင်မော်တယ် ပညာရှင်တစ်ဦးက သူ့ကို တိုက်ခိုက်လာမည်ဆိုလျှင် သူက သေချာပေါက် သေရပေလိမ့်မည်။
“ဟမ်”
ဆူဇီမိုသည် ဝင်ရောက်လာသူကို တွေ့မြင်သောအခါ သူ၏ အမူအရာက ပြောင်းလဲသွား၏။
ထိုကျင့်ကြံသူက ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ် ကြယ်တာရာမိုး ဖြစ်၏။
တစ်ခဏချင်းမှာပင် ကြယ်တာရာမိုးက ရောက်ရှိလာပြီး ဆူဇီမိုကို တွေ့မြင်သောအခါ အနည်းငယ် မှင်တက်သွား၏။ သူက ဘေးမှာ ရှိသော မီးတောက်များကို ကြည့်ပြီး ပို၍ပင် တုန်လှုပ်သွား၏။
ထိုအခိုက်အတန့်မှာ မီးတောက်များက ဒေါသတကြီး တောက်လောင်နေပြီး အလောင်းများစွာကို ပြာချပစ်နိုင်ခြင်း မရှိသေးပေ။ သူတို့၏ ရုပ်လုံးကို ခပ်ရေးရေး ပုံဖော်နိုင်ဆဲဖြစ်၏။
အာဏာပါးကွက်သား အစောင့်တပ်သား ၁၃ယောက်နှင့်အတူ ကျောကျူးရွှမ်၊ လင်းမင်နှင့် ရှဲထျန်ဖုန့်တို့က ဤနေရာမှာ သေဆုံးနေသည်ကို ကြယ်တာရာမိုးက ပြောနိုင်လေသည်။
“မင်းက မဟာကျင်းအင်မော်တယ်နိုင်ငံက အမဲလိုက်ချင်နေတဲ့ ဆူဇီမိုမလား”
ကြယ်တာရာမိုးသည် ဆူဇီမိုကို တွေ့မြင်သောအခါ သူက ထိုသူကို အလျင်အမြန်ပင် မှတ်မိသိရှိသွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ.. ငါ့ဂိုဏ်းက မိုလင်းရော သူဘယ်ရောက်သွားတာလဲ”
ဆူဇီမိုက အသံတိတ်နေ၏။
အဲဒါက ထူးဆန်းသည်ဟုလည်း သူက သိရှိလိုက်ရ၏။
ပုံမှန်အားဖြင့်ဆိုလျှင် ကြယ်တာရာမိုးသည် သူ့ကို မှတ်မိသိရှိသွားသည့် ခဏမှာပင် တိုက်ခိုက်သင့်လေသည်။ သူက ဘာကြောင့် မိုလင်း၏ တည်နေရာကို မေးနေရတာလဲ။
“အာ..”
ကြယ်တာရာမိုး၏ အကြည့်က ဆူဇီမိုကို အကြိမ်ရေအနည်းငယ် စစ်ဆေးပြီးနောက် ထူးခြားမှု တစ်စုံတစ်ရာကို သတိထားမိသွား၏။
ဆူဇီမို၏ ကိုယ်ကာယနှင့် ရုပ်ရည်သွင်ပြင်က ပြောင်းလဲသွားသော်လည်း သူသည် ဂိုဏ်းကနေ မိုလင်း မထွက်ခွာခင် ဝတ်ခဲ့သည့် တူညီသော အဝတ်အစားများကို ဝတ်ဆင်ထားဆဲဖြစ်၏။
ဆူဇီမိုသည် သူ၏ ခါးမှ ကြယ်တာရာဂိုဏ်း တံဆိပ်ပြားကို ပစ်ထုတ်ဖို့ပင် အချိန်မရခဲ့ပေ။
“ဆူဇီမို.. မိုလင်း.. မင်းက မိုလင်းလား”
ထိုထင်မြင်ယူဆချက်က ကြယ်တာရာမိုး၏ စိတ်ထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာပြီး သူက ရုတ်တရက် မေးလိုက်၏။
ထိုထင်မြင်ယူဆချက်က ရယ်စရာကောင်းသည်ဟု ထင်ရသော်လည်း…
မိုလင်း ဂိုဏ်းကို ဝင်ရောက်လာသည့်အချိန်သည် မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ဆူဇီမိုကို အမဲလိုက်နေသည့်အချိန်နှင့် သွားတူနေကြောင်းကို သူက အမှတ်ရသွား၏။
ဒါ့အပြင် မိုလင်းသည် ဂိုဏ်းသို့ ဝင်ရောက်လာပြီးနောက် သူ့ကိုယ်သူ ရုပ်လုံးထွက်ပြခဲပြီး တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ တကယ်ပင် ထူးဆန်းလေသည်။
ယခု သူ၏ ရှေ့မှ မြင်ကွင်းကလည်း ထူးဆန်းနေ၏။
မိုလင်းသည် အာဏာပါးကွက်သား အစောင့်တပ်သားများစွာနှင့်အတူ ကြယ်တာရာဂိုဏ်းကနေ ထွက်ခွာသွားခဲ့၏။
ယခု မိုလင်းက ပျောက်ကွယ်သွားခဲ့ပြီး ဆူဇီမိုက မိုလင်း၏ အဝတ်အစားများနှင့် ဤနေရာမှာ မတ်တတ်ရပ်နေ၏။
“ငါ့မေးတာကို ဖြေလေ”
ရုတ်တရက် ကြယ်တာရာမိုးက ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်တစ်ခုကို ထုတ်ဖော်ပြီး ဆူဇီမိုကို ချုပ်နှောင်လိုက်၏။ ထက်ရှသော အမူအရာတစ်ခုနှင့်အတူ သူက ဖြည်းဖြည်းချင်း မေးလိုက်၏။
“မင်းက မိုလင်း ဟုတ်လား မဟုတ်ဘူးလား”
ဆူဇီမိုက အသံတိတ်၍ စိတ်ထဲမှာ တင်းကျပ်လာ၏။
ရုတ်တရက်ဆိုသလို…
ကြယ်တာရာမိုးက သူ၏ အင်္ကျီလက်စနှစ်ဖက်ကို ဝှေ့ယမ်းပြီး ကြယ်အလင်းရောင်များကို ပြန့်ကျဲကာ ဆူဇီမိုကို လွှမ်းခြုံသွားစေ၏။
ကြယ်အလင်းရောင်က အရမ်းကို သန်မာပြီး အလင်းတန်းတစ်ခုချင်းစီက ဆူဇီမိုကို သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။
သို့သော်လည်း ဆူဇီမိုသည် အဆင့်မြင့် ဂမ္ဘီရ စိတ်ဝိညာဉ် ခုနှစ်စင်ကြယ်သုတ္တန်၏ အမွေအနှစ်ကို ဆက်ခံရရှိထားခါစဖြစ်၏။ သူက ကြယ်အလင်းဖြင့် တိုက်ခိုက်ခံရသောအခါ ထိုကျင့်ကြံရေး နည်းစနစ်က အဲဒါကို အာရုံခံမိသွားပြီး သူ့ဘာသာသူ လှည့်ပတ်လာ၏။
ရွှစ်…
ဆူဇီမို၏ ဦးခေါင်းထက်မှာ ကြီးမားသော ကြယ်နယ်မြေဒေသနှစ်ခုက ပေါ်ထွက်လာ၏။ ထိုကြယ်နယ်မြေဒေသနှစ်ခုကို အဲခိတ်ကြယ်နှင့် မိုင်ဇာကြယ်က ဦးဆောင်ထားပြီး သန်းပေါင်းများစွာသော ကြယ်များက သူတို့ကို ဝိုင်းပတ်ထားလေသည်။
ကြယ်နယ်မြေဒေသနှစ်ခုသည် အစစ်အမှန် ခုနှစ်စင်ကြယ်နယ်မြေဒေသကို မီဖို့ ဝေးကွာလွန်းသေးလေသည်။
ထိုသို့ဆိုလျှင်တောင် ကြယ်နယ်မြေဒေသနှစ်ခုသည် ဆူဇီမို၏ ဦးခေါင်းထက်မှာ ရစ်ဝဲနေပြီး အဆုံးမဲ့ ကြယ်အလင်းရောင်ဖြင့် တောက်ပနေသော ကြီးမားသည့် နယ်မြေဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်လာစေခဲ့၏။ အဲဒါက လုံလောက်အောင် တုန်လှုပ်စရာကောင်းလေသည်။
ကြယ်တာရာကောင်းကင်အောက်မှ နတ်ဘုရားတစ်ပါးကဲ့သို့ ဆူဇီမို၏ ခန္ဓာကိုယ်ကနေ ကြယ်အလင်းရောင်များက ဝင်းလက်တောက်ပလာပြီး သူ၏ အော်ရာက တလိပ်လိပ် ထိုးတက်လာ၏။
“ဂမ္ဘီရ စိတ်ဝိညာဉ် ခုနှစ်စင်ကြယ်ကားချပ်.. အဲဒါက တကယ်ပဲ မင်းကိုး”
ကြယ်တာရာမိုးသည် ကြယ်နယ်မြေဒေသနှစ်ခု ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ သူ၏ အမူအရာက တွေဝေရှုပ်ထွေးသွားပြီး ဆက်လက်၍ မတိုက်ခိုက်တော့ပေ။ ထိုအစား သူက ညင်သာစွာ သက်ပြင်းချပြီး ဘေးပတ်လည်ရှိ ကြယ်အလင်းရောင်များကို ရုတ်သိမ်းလိုက်၏။
ကောင်းကင်ထက်ရှိ ဂမ္ဘီရ စိတ်ဝိညာဉ် ခုနှစ်စင်ကြယ်ကားချပ်ကလည်း ပျက်ပြယ်သွားလေသည်။
ဆူဇီမိုက တွေဝေရှုပ်ထွေးနေ၏။
သူသည် ကြယ်တာရာမိုးထံမှ မည်သည့် သတ်ဖြတ်လိုစိတ်ကိုမှ အာရုံမခံမိပေ။ တကယ်ဆို သူသည် မည်သည့် ရန်လိုစိတ်ကိုမှ အာရုံမခံမိပေ။
ယခုအချိန်မှာ သူ၏ အသက်က အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတစ်သန်း ထိုက်တန်လေသည်။
သူ့ကို အသက်ရှင်လျက် ဖမ်းဆီးနိုင်မည်ဆိုလျှင် ရရှိမည့် ဆုလာများက ပို၍ တန်ဖိုးကြီးမားပေလိမ့်မည်။
သို့သော်လည်း ကြယ်တာရာမိုးက သူ့ကို တိုက်ခိုက်ဖို့ စိတ်ကူးမရှိသည့်ပုံပင်။ စောစောက မြင်ကွင်းသည် ဆူဇီမို၏ အစစ်အမှန် သရုပ်သကန်ကို အတည်ပြုဖို့အတွက် စမ်းသပ်ချက်တစ်ခုမျှသာ ဖြစ်၏။
“စီနီယာ”
ကိစ္စများက ဤအခြေအနေထိ ရောက်လာမှတော့ ဆူဇီမိုအနေဖြင့် မည်သည့်အရာကိုမှ ဖုံးကွယ်ထားစရာ မလိုတော့ပေ။
“ကျုပ်က မိုလင်းပါ”