အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ
Vol. 141 Ch. 2102
“အာ...”
အတန်ကြာတိတ်ဆိတ်ငြိမ်သက်ပြီးနောက် ကြယ်တာရာမိုးက နောက်ဆုံးမှာသက်ပြင်းချလိုက်၏။
“သွားတော့... မင်း မဟာကျင်းအင်မော်တယ်နိုင်ငံကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားတော့”
“စီနီယာ... ခင်ဗျားဘာလို့...”
ဆူဇီမိုက ဒွိဟဖြစ်နေပြီး ကြယ်တာရာမိုး၏ အတွေးများကို နားမလည်နိုင်ပေ။
သူတို့မှာ မည်သည့်ပတ်သက်ဆက်နွယ်မှုမှမရှိပေ။ ကြယ်တာရာမိုးသည် သူ့ကို ဖမ်းဆီးလိုက်မည်ဆိုလျှင် သူသည်ရတနာများစွာနှင့် ဖလှယ်ရယူနိုင်မည်ဖြစ်၏။
သူ့ကို ဖမ်းဆီးပေးလိုခြင်းမဟုတ်လျှင်တောင် သူသည် အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်သုတ္တန်ကို အတင်းအကျပ်ထုတ်ဖော်ခိုင်းနိုင်လေသည်။
ကြယ်တာရာမိုးသည် ဆူဇီမို၏ စိတ်ကိုဖတ်မိပုံရ၏။
“မင်းကို ခေါင်းဆောင်တပ်မှူးလျှိုက ခေါ်ထုတ်သွားတာမြင်တော့... သူက မင်းဆီကနေ အဲ့ဒီအမွေအနှစ်ကို ရယူချင်နေတယ်ဆိုတာ ငါခန့်မှန်းမိတယ်”
“ငါက ဂိုဏ်းချုပ်တစ်ယောက်ပဲ... ငါက မင်းကို ဒီလိုမျိုး ကပ်ဘေးတစ်ခုနဲ့မတွေ့စေချင်ဘူးဆိုပေမယ့် ငါက အာဏာပါးကွက်သား အစောင့်တပ်သားတွေကိုလည်း မဆန့်ကျင်ရဲဘူး”
ကြယ်တာရာမိုးသည် အာဏာပါးကွက်သားအစောင့်တပ်သားများနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံအပေါ် သူ၏ ကြောက်ရွံ့မှုကို ဖုံးကွယ်မထားပေ။
“ဒါပေမဲ့ ... ငါ့ရဲ့အခန်းထဲကို ငါပြန်ရောက်လာပြီးတဲ့နောက် ငါ့ရဲ့စိတ်ကို တည်ငြိမ်အောင်လုပ်လို့မရဘူး”
ကြယ်တာရာမိုးက ပြောလိုက်၏။
“ဒီလောက်နှစ်တွေအများကြီးကြာပြီးတဲ့နောက် ကြယ်တာရာဂိုဏ်းရဲ့အမွေအနှစ်က နောက်ဆုံးဒီဘက်မျိုးဆက်မှာ ပေါ်ထွက်လာခဲ့ပြီ... အဲ့ဒါကို အာဏာပါးကွက်သားအစောင့်တပ်သားတွေက ဒီတိုင်းလုယူသွားမှာကို ငါက ဒီတိုင်းပဲခွင့်ပြုပေးထားရမှာလား... ကြယ်တာရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါတို့ဂိုဏ်းရဲ့ အရိုက်အရာဆက်ခံသူတစ်ယောက်က အချိန်မတိုင်ခင် ကြွေလွင့်သွားရမှာကို ငါကဒီတိုင်းပဲစောင့်ကြည့်နေရမှာလား”
ထိုနေရာအရောက်တွင် ကြယ်တာရာမိုးက သူ့ဘာသာသူ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။
“ငါက... ဒီတစ်ခေါက်ထွက်လာခဲ့တယ်ဆိုတာ... အဲ့ဒီအာဏာပါးကွက်သားအစောင့်တပ်သားတွေကိုသတ်ပြီး မင်းကို ကယ်ဖို့အတွက် ငါ့အသက်နဲ့ရင်းပြီး စွန့်စားမလို့ပဲ... အခုတော့ သူတို့ကသေကုန်ကြပြီပဲ”
ကြယ်တာရာမိုးသည် အဲ့ဒါကိုရှင်းလင်းစွာမပြောဆိုသော်လည်း သူ့အနေဖြင့် ထိုဆုံးဖြတ်ချက်ကိုချဖို့ဘယ်လောက်တောင်ခက်ခဲခဲ့မလဲ စဥ်းစားကြည့်နိုင်၏။
အာဏာပါးကွက်သား အစောင့်တပ်သားများကို တိုက်ခိုက်ခြင်းက မဟာကျင်းအင်မော်တယ်နိုင်ငံကဲ့သို့ ကြီးမားသောအဖွဲ့အစည်းတစ်ခုကို ဆန့်ကျင်လိုက်ခြင်းနှင့် တူညီလေသည်။
“မင်းက ဆူဇီမိုပဲဆိုရင် ငါကမင်းကို လွှတ်ပေးမှာမဟုတ်ဘူး”
ကြယ်တာရာမိုးက ပြောလိုက်၏။
“ဒါပေမဲ့... မင်းက မိုလင်းပဲ.. မင်းက ကြယ်တာရာဂိုဏ်းရဲ့အမွေအနှစ်ကို ဆက်ခံရရှိခဲ့တဲ့သူပဲ... ဒီအမွေအနှစ်က မင်းလက်ထဲမှာတစ်ခါပြန်ပြီးတောက်ပလာဖို့ ငါမျှော်လင့်တယ်”
သူ၏ လေသံက စိတ်ရင်းမှန်ကန်မှုရှိပြီး သူ၏ မျက်လုံးထဲမှာ မျှော်လင့်စောင့်စားမှုအရိပ်အယောင်တစ်ခုရှိနေ၏။
အထက်ဘုံမှာပင်လျှင် လူတိုင်းက မကောင်းသောစိတ်ထားနှင့် အားနည်းသူများကို အနိုင်ကျင့်လို့ကြခြင်း မဟုတ်ပေ။
လူတိုင်းက လောဘရမ္မက်တက်ပြီး သွေးအေးရက်စက်နေကြခြင်းမဟုတ်ပေ။
ဤအမွေအနှစ်က ဆူဇီမိုကိုရွေးချယ်ခဲ့သည်ဆိုမှတော့ အဲ့ဒါကိုကျင့်ကြံဖို့ ထိုသူက အသင့်တော်ဆုံးသူဆိုတာကို ကြယ်တာရာမိုးက သူ၏ ရင်ထဲမှာ သိရှိထား၏။
ရုတ်တရက် သူ၏ သိုလှောင်အိတ်ထဲကနေ အဆောင်တစ်ခုကိုထုတ်ယူပြီး ဆူဇီမိုကို ကမ်းပေးလိုက်၏။
“ဒါက... တည်နေရာရွှေ့ပြောင်း အဆောင်အကြီးပဲ... အဲ့ဒါကမင်းကို မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့နယ်စပ် ငှက်မွေးခုနှစ်တောင်မြို့တော်ကို တိုက်ရိုက်ပို့ပေးနိုင်တယ်”
ဆူဇီမိုက တိတ်တဆိတ်ပြောစရာစကားမဲ့သွားရ၏။
မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေက အရမ်းကိုကျယ်ပြောပြီး တိုင်းပြည် ၁၆ခု နှင့် မြို့တော်ပေါင်းတစ်ထောင်ကျော်ရှိလေသည်။
ဆူဇီမို၏ ကျင့်ကြံမှုအရ သူက နေ့နေ့ညညခရီးဆက်မည်ဆိုလျှင်တောင် သူ့အနေဖြင့် မဟာကျင်းအင်မော်တယ်နိုင်ငံတစ်ခုလုံးကို ဖြတ်ကျော်ဖို့ကိုအသာထား.. တိုင်းပြည်တစ်ပြည်ကို ဖြတ်ကျော်ဖို့ပင် လပေါင်းများစွာအချိန်ယူရပေမည်။
ဤအဆောင်က ဘယ်လောက်တောင်တန်ဖိုကြီးမားသလဲ သိသာနေ၏။
“ဒီအဆောင်ကိုဆုတ်ဖြဲပြီး နယ်စပ်ကိုဆင်းသက်လိုက်.. ငှက်မွေးခုနှစ်တောင်မြို့တော်ကနေ ထွက်ခွာပြီးရင်... မင်းက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ စောင့်ကြည့်မှုကနေလွတ်မြောက်ပြီ”
ခဏမျှရပ်တန့်ပြီးနောက် ကြယ်တာရာမိုးက ဆက်ပြောလိုက်၏။
“ဒါပေမဲ့... မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ထွက်ခွာသွားပြီးရင် အဲ့ဒါကဘေးကင်းလုံခြုံသွားပြီလို့ ပြောလို့မရဘူး”
“ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ ပိုင်နက်နယ်မြေတစ်ဝက်ကိုပဲ အင်မော်တယ်နိုင်ငံသုံးနိုင်ငံက ထိန်းချုပ်သိမ်းပိုက်ထားတာ... ကျန်ရှိနေတဲ့ ပိုင်နက်နယ်မြေတစ်ဝက်မှာ အများစုကပိုင်ရှင်မဲ့ပြီး စွမ်းအားကြီးမားတဲ့ သက်ရှိအမျိုးမျိုးနေထိုင်ကြတယ်... အဲ့ဒီနေရာမှာ အန္တရာယ်တွေကလည်းအပြည့်ပဲ”
“စိတ်ဝိညာဥ်ကုန်းမြေတချို့ကိုတော့ စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတွေက သိမ်းပိုက်ထားတယ်.... တောင်တန်းနယ်မြေတချို့ကိုတော့ ကြောက်စရာကောင်းတဲ့သားရဲတောကောင်တွေက သိမ်းပိုက်ထားတယ်... ကောင်းချီးပေးခံရတဲ့ ကုန်းမြေတချို့ကတော့ အင်မော်တယ်ဂိုဏ်းတွေရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတယ်... အဲ့ဒီနေရာမှာ ငါပြောသလိုမျိုးနဲ့ ဆင်တူတဲ့နေရာတွေက အများကြီးရှိတယ် မင်းကမှားယွင်းပြီးတော့ ဝင်ရောက်မိမယ်ဆိုရင် မင်းကအချိန်မရွေးသေဆုံးသွားနိုင်တယ်”
ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီးမေးလိုက်၏။
“ကျုပ်က... မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ထွက်ခွာသွားပြီးရင် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကနေ ဘယ်လိုထွက်ခွာနိုင်မလဲ”
ကြယ်တာရာမိုးက ပြောလိုက်၏။
“မြို့တော်ကနေထွက်ခွာပြီးရင် တောင်ဘက်ကိုဦးတည်လိုက်... အမှားအယွင်းတစ်စုံတစ်ရာမရှိရင် မင်းရဲ့ ကျင့်ကြံမှုနဲ့ဆို ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်ရဲ့ ပိုင်နက်တစ်ဝက်ကျော်ကိုဖြတ်ကျော်ပြီး ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကိုရောက်ဖို့အတွက် နှစ်ပေါင်းသုံးလေးဆယ်လောက်အချိန်ယူရလိမ့်မယ်”
“နှစ်ပေါင်းသုံးလေးဆယ်လား”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ထိုအချိန်ခန့်မှန်းချက်က အဆင်အပြေဆုံး အခြေအနေမှာသာ ဖြစ်လေသည်။
ကြယ်တာရာမိုးပြောပုံအရ သူသည် အမျိုးမျိုးသောအဖွဲ့အစည်းများနှင့် စွမ်းအားကြီးမားသော သက်ရှိများ မှီတင်းနေထိုင်ရာ ထိုပိုင်ရှင်မဲ့ကုန်းမြေများကိုဖြတ်ကျော်ရာတွင် အန္တရာယ်ပေါင်းစုံနှင့် ကြုံတွေ့ရနိုင်၏။
ဤအချိန်အတောအတွင်း တစ်စုံတစ်ရာဖြစ်ပွားလာခဲ့လျှင် သူ့အနေဖြင့် နှစ်ပေါင်းရာချီ သို့မဟုတ် နှစ်ပေါင်းထောင်ချီပင် ကြာမြင့်သွားနိုင်၏။
“အဲ့ဒီမှာ ပို့ဆောင်ရေးနည်းလမ်းတစ်ခုခုများမရှိဘူးလား”
ဆူဇီမိုက မျက်မှောင်ကြုတ်၍မေးလိုက်၏။
“ရှိတယ်”
ကြယ်တာရာမိုးက ပြောလိုက်၏။
“ဒါပေမဲ့... ပို့ဆောင်ရေးခန်းမတွေက အင်မော်တယ်နိုင်ငံသုံးနိုင်ငံရဲ့ မြို့တော်တွေရယ်... အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းရယ်နဲ့ ဂမ္ဘီရမိုးကောင်းကင်မြို့တော်မှာပဲ တည်ရှိတယ်”
“ထူးခြားတဲ့ အဆင့်အတန်းတစ်ခုမရှိဘဲ မင်းက အင်မော်တယ်နိုင်ငံသုံးနိုင်ငံက မြို့တော်တွေနဲ့ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို ဝင်ရောက်ဖို့ စိတ်ကူးယဥ်နေလို့ပဲရမယ်”
“ဂမ္ဘီရမိုးကောင်းကင်မြို့တော်ကတော့... အဲ့ဒါက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်ဧကရာဇ်ရဲ့ ပိုင်နက်နယ်မြေပဲ... အဲ့ဒီနေရာမှာ ကျင့်ကြံနေတဲ့ပညာရှင်တွေ မရေမတွက်နိုင်အောင်ရှိတယ်... မင်းက အသင်္ချေအသွင်ပြောင်းလဲခြင်းကို ပိုင်ဆိုင်ထားမယ်ဆိုရင်တောင် မင်းက အဲ့ဒီနေရာမှာ သေချာပေါက်ဟာကွက်တွေကို ထုတ်ဖော်မိမှာပဲ”
ဆူဇီမိုက ခေါင်းခါလိုက်၏။
ပို့ဆောင်ရေးဝင်္ကပါကို အသုံးပြုဖို့က ပို၍ပင်လက်တွေ့မဆန်ပေ။
“အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကရော ဘယ်နေရာမှာလဲ”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။
လူသားဧကရာဇ် လင်းကျန့်သည် ယခုအချိန်တွင် အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာရှိပြီး အင်မော်တယ်နိုင်ငံတစ်နိုင်ငံကို ထိန်းချုပ်ထားသည်ဟု မိုးကြိုးဧကရာဇ်က သူ့ကိုတစ်ခါပြောခဲ့ဖူး၏။
“အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက ပိုပြီးတော့ဝေးတယ်”
ကြယ်တာရာမိုးက ခေါင်းခါလိုက်၏။
“ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရဲ့တောင်ဘက်မှာ ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရှိတယ်... အဲ့ဒီကနေ တောင်ဘက်ကိုဆက်သွားရင် နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရှိတယ်... အဲ့ဒီကနေမှ တောင်ဘက်ကိုဆက်သွားမှ အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို ရောက်နိုင်မယ်”
“ကြားထဲမှာ အင်မော်တယ်မဟာနယ်မြေနှစ်ခုတောင်ခြားထားတယ်.... အဲ့ဒါက ပိုပြီးတော့တောင်ဝေးကွာတယ်”
ဆူဇီမိုက ခေါင်းခါလိုက်၏။
သူ၏ လက်ရှိကျင့်ကြံမှုအရ သူသည် အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ရောက်ရှိနိုင်စရာ မည်သို့မှအကြောင်းမရှိပေ။
ကြယ်တာရာမိုးက ခဏမျှတွေးတောပြီး ရုတ်တရက်ပြောလိုက်၏။
“တကယ်တော့.... မင်းက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို ဝင်ရောက်မယ်ဆိုရင် ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ကောင်းဖြေရှင်းနိုင်လိမ့်မယ်”
“အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းလား”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
နဂါးအသူရာချောက်နက်ကြယ်မှာတုန်းက သူသည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများနှင့် ထိတွေ့ဆက်ဆံဖူးလေသည်။
ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်၏ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းသည် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၊ အင်မော်တယ်လေဘုရားကျောင်း၊ ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်နှင့် အင်မော်တယ်ပျံဂိုဏ်းတိုဖြစ်လေသည်။
ကြယ်တာရာမိုးက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကပဲ အင်မော်တယ်နိုင်ငံသုံးနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နိုင်တဲ့ အဖွဲ့အစည်းတွေပဲ... သူတို့က ဂိုဏ်းတွေဆိုပေမယ့် ငါတို့ရဲ့အခြေခံအုတ်မြစ်က ကြောက်ဖို့ကောင်းတယ်... သူတို့က အင်မော်တယ်နိုင်ငံတစ်နိုင်ငံထက် သေချာပေါက်အားမနည်းဘူး”
“ကျုပ်က... အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို ဝင်ရောက်နိုင်မယ်ဆိုရင် ကျုပ်က မင်းသားယွမ်ကျောရဲ့ ခြိမ်းခြောက်မှုကနေလွတ်မြောက်နိုင်မှာလား “
ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။
ကြယ်တာရာမိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။
“လွန်ခဲ့တဲ့နှစ်နှစ်ထောင်ကျော်က ဖုန့်စန်းထျန်ရဲ့ကိစ္စကြောင့် မဟာကျင်းအင်မော်တယ်နိုင်ငံက မင်းသားတွေနဲ့ မင်းသမီးတွေကြားမှာ မင်းသားယွမ်ကျောရဲ့အဆင့်အတန်းက အောက်ကိုအတောလေးထိုးဆင်းသွားခဲ့ပြီ... အခုလက်ရှိ အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့မင်းသားနဲ့ တိုင်းပြည်ဘုရင်ခံတွေကလည်း ပြောင်းလဲသွားပြီ”
“မင်းက သူ့ရဲ့အမဲလိုက်တာကိုခံနေရပေမယ့် မင်းက မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ထွက်ခွာပြီး အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထဲကို ဝင်ရောက်နိုင်တာနဲ့ ယွမ်ကျောက ဘယ်လောက်ပဲမောက်မာမောက်မာ သူက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်က တစ်စုံတစ်ယောက်ကို ဖမ်းဆီးရဲမှာမဟုတ်ဘူး”
“ဒါပေမဲ့လို့....”
ကြယ်တာရာမိုးက စကားပြောချင်သော်လည်းရပ်တန့်လိုက်၏။
“ဒါပေမဲ့လို့... ဘာဖြစ်လို့လဲ”
ဆူဇီမိုကမေးလိုက်၏။
ကြယ်တာရာမိုးက ခဏမျှတွေဝေတုံ့ဆိုင်းနေ၏။
“မင်းရဲ့လက်ရှိကျင့်ကြံမှုနဲ့ဆို မင်းကအင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကိုဝင်ရောက်ဖို့က စိတ်ကူးယဥ်ရာကျလွန်းတယ်... ဒီကိစ္စကို မေ့လိုက်တာကောင်းမယ်”
“ဘာလို့လံ”
ဆူဇီမိုက မျက်မှောင်ကြုတ်ပြီးမေးလိုက်၏။
“အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကိုဝင်ရောက်ဖို့အတွက် ဘယ်လိုအခြေအနေတွေလိုအပ်လဲ”
“နှစ်တစ်ရာတိုင်းမှာ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက ရစ်ခွေနဂါးတောင်ကြောရိုးမှာ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲတစ်ခုကို ကျင်းပကြတယ်... ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်ရဲ့ ပါရမီအရှိဆုံးနဲ့ စွမ်းအားအကြီးမားဆုံး ကမ္ဘာမြေအင်မော်တယ်တွေက အဲ့ဒီမှာ စုစည်းလာကြလိမ့်မယ်”
ကြယ်တာရာမိုးက ပြောလိုက်၏။
“ရွေးချယ်ပွဲတစ်ခုလုံးက အချိန်တစ်နှစ်ကြာလိမ့်မယ်... နောက်ဆုံးမှာ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို ဝင်ရောက်ဖို့အတွက် ကမ္ဘာမြေအင်မော်တယ်အယောက်တစ်ရာကပဲ ဖိတ်ခေါ်ခံရမယ်”
“အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ လူတစ်ယောက်ရဲ့ကျင့်ကြံမှုကို ကန့်သတ်ထားတာရှိလား”
ဆူဇီမိုက မေးလိုက်၏။
“တကယ်တော့မရှိဘူး... မင်းက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်နေသရွေ့ပေါ့”
ကြယ်တာရာမိုးက ပြောလိုက်၏။
“ဒါပေမဲ့... အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာဝင်ပါတဲ့ အဲ့ဒီလူတွေက ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်တစ်ခုလုံးက တကယ့်ထိပ်သီးကမ္ဘာမြေအင်မော်တယ်ပညာရှင်တွေပဲ... သူတို့ထဲမှာ အားအနည်းဆုံးက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တွေဖြစ်လိမ့်မယ်”
“နောက်ဆုံးရွေးချယ်ခံရတဲ့သူအကုန်နီးပါးကလည်း အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တွေပဲ ဖြစ်လိမ့်မယ်”
“မင်းမှာ ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်ရဲ့ အထောက်အပံ့ရှိတယ်ဆိုပေမယ့် မင်းရဲ့ကျင့်ကြံမှုနယ်ပယ်ကွာဟချက်က ကြီးမားနေတုန်းပဲ... မင်းက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါမယ်ဆိုရင် ရွေးချယ်ခံရဖို့အတွက် အခွင့်အရေးရမှာမဟုတ်ဘူး”
“အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲရဲ့ ယှဥ်ပြိုင်ပွဲက အကြိတ်အနယ်ရှိပြီး ရက်စက်ကြမ်းတမ်းတယ်... မင်းက နမော်နမဲ့ပြုမူမိရင် မင်းရဲ့အသက်ကိုတောင် ဆုံးရှုံးသွားရနိုင်တယ်”
ကြယ်တာရာမိုးသည် မြေပြင်ပေါ်မှာပြန့်ကျဲနေသော အာဏာပါးကွက်သား အစောင့်တပ်သားများ၏ အလောင်းများကို တွေ့မြင်သောအခါ အာဏာပါးကွက်သားအစောင့်တပ်သားများ အမဲလိုက်နေသည့် လူနှစ်ယောက်က သူတို့ကို ပြန်လည်သတ်ဖြတ်သွားခြင်းဖြစ်မည်ဟု သူကအလိုလိုတွေးမိသွား၏။
သူတို့၏ သေဆုံးမှုက ဆူဇီမိုနှင့် တစ်နည်းတစ်ဖုံပတ်သက်နေလိမ့်မည်ဟု သူကမတွေးမိပေ။