မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ထွက်ခွာခြင်း
Vol. 141 Ch. 2103
ဆူဇီမိုသည် အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းသို့ ဝင်ရောက်ဖို့ စိတ်ကူးမရှိခဲ့ပေ။
သို့သော်လည်း ကြယ်တာရာမိုး ပြောပုံအရ သူ၏ လက်ရှိကျင့်ကြံမှုဖြင့် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကနေ ထွက်ခွာပြီး ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ သွားရောက်ဖို့က အချိန်များစွာ ကြာမြင့်ပေလိမ့်မည်။
ခရီးက ရှည်လျားပြီး သူက မည်သို့သော အပြောင်းအလဲများ သို့မဟုတ် အန္တရာယ်များနှင့် ကြုံတွေ့ရမလဲ မသိနိုင်ပေ။
သူသည် အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းထဲမှ တစ်ဂိုဏ်းသို့ ဝင်ရောက်ပြီး သူတို့၏ ကာကွယ်မှုကို ရရှိနိုင်မည်ဆိုလျှင် သူ့အနေဖြင့် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကနေ ထွက်ခွာဖို့က များစွာပို၍ လွယ်ကူသွားပေလိမ့်မည်။
အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းမှာ အခြားသော အင်မော်တယ်မဟာနယ်မြေများသို့ သွားရောက်နိုင်သည့် ပို့ဆောင်ရေး ဝင်္ကပါများလည်း ရှိလေသည်။
အထက်ဘုံမှာ နှစ်ပေါင်းများစွာ သွားလာပြီးနောက် သူ့အနေဖြင့် စွမ်းအားကြီးမားသော အဖွဲ့အစည်းတစ်ခု၏ ထောက်ပံ့မှု မရှိဘဲ အထက်ဘုံမှာ ခြေကုပ်ရယူဖို့ မလွယ်ကူကြောင်းကို ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။
ယခုအချိန်မှာ အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းကသာလျှင် မဟာကျင်းအင်မော်တယ်နိုင်ငံကို ယှဉ်နိုင်လေသည်။
ဒါ့အပြင် သူက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ရောက်ရှိနိုင်မည်ဆိုလျှင်တောင် သူ့မှာ အစီအစဉ်ကောင်း မရှိပေ။
ခရီးစဉ်တစ်ခုလုံးက အလွန်တရာ အန္တရာယ်များပြီး ဝေးကွာလွန်းသော ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ဘာမှန်းမသိသော အရာများဖြင့် ပြည့်နှက်နေသောကြောင့်လည်း ဖြစ်၏။
အထက်ဘုံမှာ ဆူဇီမို၏ အကြီးမားဆုံး ခြိမ်းခြောက်မှု ဘုရင်ယွင်ယိုကလည်း ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ရှိကောင်း ရှိနေနိုင်၏။
ထိုသို့သာဆိုလျှင် ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ဝင်ရောက်ခြင်းက သူသည် ထောင်ချောက်တစ်ခုထဲသို့ လျှောက်လှမ်းသွားခြင်း ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။
ယခု အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းက ဂိုဏ်းရွေးချယ်ပွဲကို ကျင်းပပြီး တပည့်ဂိုဏ်းသားအသစ်များကို စုဆောင်းနေ၏။ အဲဒါက ရှားရှားပါးပါး အခွင့်အလမ်းတစ်ရပ် ဖြစ်လေသည်။
ဆူဇီမိုသည် ရစ်ခွေနဂါးတောင်ကြောရိုးသို့ တစ်ချက်သွားရောက်ကြည့်ရှုဖို့ ဆုံးဖြတ်လိုက်၏။ သူက မေးလိုက်လေသည်။
“စီနီယာ.. ကျုပ်က ရစ်ခွေနဂါးတောင်ကြောရိုးကို ဘယ်လိုသွားရမလဲ”
ကြယ်တာရာမိုးက မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်၏။ သူက သူ၏ လက်ချောင်းများကို ချိုးပြီး တွက်ချက်ကြည့်လိုက်လေသည်။ သူက သူ၏ ခေါင်းကို ခါပြီး ပြောလိုက်၏။
“မရတော့ဘူး… ငါ အချိန်ကို တွက်ကြည့်တော့ အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲက စတင်နေပြီ… နောက်နှစ်ဝက်ကျော်ရင် အဲဒါက ပြီးဆုံးတော့မှာ”
“စီနီယာ.. အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲက အချိန်တစ်နှစ်ကြာပြီး နောက်ဆုံးအချိန်မှ ရလဒ်ကို ထုတ်ပြန်တယ်လို့ စီနီယာ အခုပဲ ပြောခဲ့တယ် မဟုတ်ဘူးလား”
ဆူဇီမိုက မေးလိုက်၏။
“ဟုတ်တယ်လေ”
ကြယ်တာရာမိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။
“မင်းက အခုချိန်မှာ အပြေးအလွှားသွားမယ်ဆိုရင်တောင် မင်းက အချိန်မမီတော့မှာ ငါစိုးမိတယ်.. အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲက ပြီးဆုံးတော့မှာ.. မင်းက အဲဒီမှာ ဘယ်လိုသွားပြီး ယှဉ်ပြိုင်မှာလဲ”
ခဏမျှ ရပ်တန့်ပြီးနောက် ကြယ်တာရာမိုးက ပြောလိုက်၏။
“တကယ်တော့ နောက်လာမယ့် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲကို တစ်နေရာရာမှာ ပုန်းခိုနေပြီး စောင့်ဆိုင်းနေလို့ ရတယ်”
“ဒီလိုမျိုး ဂိုဏ်း ရွေးချယ်ပွဲကို နှစ်တစ်ရာတိုင်းမှာ တစ်ကြိမ်ကျင်းပတယ်.. မင်းက ဒီတစ်ခေါက် ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အလောတကြီး လုပ်နေစရာ မလိုဘူး”
ကြယ်တာရာမိုးက ထိုသို့ပြောရင်း သူ၏ သိုလှောင်အိတ်ထဲကနေ မြေပုံတစ်ချပ်ကို ထုတ်ယူလိုက်၏။
မြေပုံက သိပ်သည်းသော အနက်ရောင် အစက်အပြောက်များဖြင့် ပြည့်နှက်နေ၏။
လူတစ်ယောက်၏ စိတ်ဝိညာဉ်အသိစိတ်ကို ၎င်းထဲသို့ ထည့်သွင်းလိုက်မည်ဆိုလျှင် ထိုအနက်ရောင် အစက်အပြောက်များက တဖြည်းဖြည်း ပြန့်ကားလာပြီး ထိုနေရာမှာ ရှိသော နေရာများ၏ အမည်များက ပေါ်ထွက်လာပေလိမ့်မည်။
ကြယ်တာရာမိုးက မြေပုံကို ဆူဇီမိုအား ပေးပြီး ပြောလိုက်၏။
“မင်းက မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ထွက်ခွာသွားပြီးရင် အနောက်တောင်ဘက်ကို ဦးတည်လိုက်.. မင်းက ဆည်းဆာအင်မော်တယ်မြစ်ရယ်၊ အလင်းကိုးခုစမ်းချောင်းရယ်၊ ကောင်းကင်ထူထပ်တောင်ကြောရိုးနဲ့ တိမ်အိပ်မက် ရွှံ့ညွန်တောကို ဖြတ်သွားပြီးရင် ရစ်ခွေနဂါးတောင်ကြောရိုးကို ရောက်သွားလိမ့်မယ်”
ကြယ်တာရာမိုး၏ လမ်းညွှန်မှုက ရိုးရှင်းပြီး အဲဒီမှာ နာမည်တချို့သာ ပါဝင်သော်လည်း သွားရမည့် ခရီးစဉ်က အရမ်းကို ဝေးကွာလေသည်။
ကြယ်တာရာမိုးက ပြောလိုက်၏။
“ရစ်ခွေနဂါးတောင်ကြောရိုးက အရမ်းကို ကြီးကျယ်ခမ်းနားတယ်.. အဲဒါက ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်ထဲမှာပဲ ရှိတာ.. မင်းက လမ်းကြောင်းမှန်ပေါ်မှာ ရောက်နေသရွေ့ အဲဒါကို သေချာပေါက် တွေ့မြင်ရလိမ့်မယ်”
“ကျေးဇူးတင်ပါတယ် စီနီယာ”
ဆူဇီမိုက မြေပုံကို သိမ်းဆည်းပြီး လေးနက်သော အသံဖြင့် ကျေးဇူးတင်စကားပြောလိုက်၏။
“သွားတော့… ဒီနေရာကနေ မြန်မြန်ထွက်သွားတော့”
ကြယ်တာရာမိုးက လက်ကာပြပြီး ပြောလိုက်၏။
“မင်းက ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ အဲဒီ ခုနှစ်စင်ကြယ်ကားချပ်ကို တစ်ဖန်ပြန်ပြီး တောက်ပလာအောင် လုပ်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်”
“စီနီယာ.. ဂရုစိုက်ပါ”
ဆူဇီမိုက ဦးညွှတ်လိုက်၏။
ကြယ်တာရာမိုးက ခေါင်းညိတ်ပြီး လှည့်ထွက်သွား၏။
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ဤနေရာမှာ ဆက်လက်၍ ကြန့်ကြာမနေတော့ပေ။ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်က သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေးကို ကိုင်စွဲပြီး သူ၏ ရုပ်ရည်သွင်ပြင်ကို တစ်ဖန်ပြောင်းလဲလိုက်၏။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် မမာမကျန်းဖြစ်နေသော လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲလိုက်၏။
သူသည် သူ၏ သိုလှောင်အိတ်ထဲကနေ အဖြူရောင် ဝတ်ရုံတစ်ထည်ကို ထုတ်ယူပြီး ဝတ်ဆင်လိုက်လေသည်။
သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ရှိခဲ့စဉ်က သူသည် စုန်းမျိုးနွယ်၏ ကျိန်စာသင့်ခံရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရရှိခဲ့ဖူး၏။ သူက ယခု ဤကဲ့သို့သော ပုံစံကို ယူလိုက်လေသည်။
ထို့သို့ဖြင့် သူ၏ လက်ရှိရုပ်ရည်သွင်ပြင်မှာ မည်သည့်ဟာကွက်မှ ပေါ်ထွက်လာတော့မည် မဟုတ်ပေ။
သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေး၏ စွမ်းဆောင်ရည်က တိုက်ခိုက်ရေး မဟုတ်သော်လည်း အဲဒါက သူ့အတွက် အရေးပါလေသည်။
ဆူဇီမိုသည် မလှမ်းမကမ်းသို့ လျှောက်လှမ်းလာပြီးနောက် တည်နေရာရွှေ့ပြောင်းအဆောင်ကို ထုတ်ယူလိုက်၏။
သူသည် တည်နေရာရွှေ့ပြောင်းအဆောင်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေမည်ကို သံသယရှိလေသည်။
သို့သော်လည်း ကြယ်တာရာမိုး၏ ကျင့်ကြံမှုနယ်ပယ်အရ သူက ဆူဇီမိုကို ကိုင်တွယ်ချင်သည်ဆိုလျှင် ဤမျှအထိ ဒုက္ခခံနေစရာ တကယ်ပင် လိုမည်မဟုတ်ပေ။
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး တည်နေရာရွှေ့ပြောင်းအဆောင်ကို ချိုးလိုက်၏။
အဆောင်၏ အကျိုးအပဲ့ အစအနများက အဆက်မပြတ် လည်ပတ်သွားပြီး လေထဲမှာ နက်မှောင်နေသော အာကာသဥမင်တစ်ခုကို ပေါ်ထွက်လာစေ၏။ ဆူဇီမိုက အထဲသို့ လျှောက်လှမ်းဝင်ရောက်လိုက်၏။
အာကာသဥမင်ထဲကနေ ခရီးသွားသည့်အခါ လူတစ်ယောက်သည် လေဟာနယ်နှင့် အချိန်၏ စီးဆင်းမှု သို့မဟုတ် သူတို့ ခန္ဓာကိုယ်၏ အလေးချိန်ကို အာရုံခံနိုင်တော့မည် မဟုတ်ချေ။ သူတို့၏ အာရုံခံစိတ်များကလည်း ကြီးမားစွာ လျော့ကျသွားပေလိမ့်မည်။
မသိလိုက် မသိဘာသာ အချိန်ကာလတစ်ခုက ကုန်ဆုံးသွား၏။
အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး သူ၏ ခန္ဓာကိုယ်က ပေါ့ပါးသွားသည်ဟု ခံစားရကာ သူသည် လေထဲကနေ အလျင်အမြန် ပြုတ်ကျလာ၏။
သူက သူ၏ ခန္ဓာကိုယ်ကို အလျင်အမြန် ထိန်းချုပ်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ကာ သတိအနေအထားပြင်လိုက်၏။
ဘေးပတ်ဝန်းကျင်က မည်သည့်အန္တရာယ်မှ မရှိဘဲ ဗလာကျင်းနေ၏။
သူသည် အာကာသဥမင်ထဲကနေ ထွက်ခွာလာခဲ့ပြီဖြစ်၏။
အဝေးတစ်နေရာမှာ ဧရာမ ရှေးဟောင်းမြို့တော်တစ်မြို့ကို ခပ်ရေးရေး တွေ့မြင်နေရ၏။
ရှေးဟောင်းမြို့တော် ရှိရာဘက်သို့ လျှောက်လှမ်းသွားပြီး သိပ်မကြာခင် မြို့အဝင်ဝမှာ ငှက်မွေးခုနှစ်တောင်မြို့တော်ဟူသော စာလုံးများ ရေးထိုးထားသည်ကို ဆူဇီမိုက တွေ့ရှိလိုက်ရ၏။
ငှက်မွေးခုနှစ်တောင်မြို့တော်သည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ တောင်ပိုင်းနယ်စပ်ရှိ ရှေးဟောင်းမြို့တော်တစ်မြို့ ဖြစ်လေသည်။
ထိုအဆောင်က ဆူဇီမိုကို မဟာကျင်းအင်မော်တယ်နိုင်ငံ၏ နယ်စပ်သို့ တကယ်ပင် ပို့ဆောင်ပေးလိုက်၏။
ဤရှေးဟောင်းမြို့တော်ကို ဖြတ်ကျော်လိုက်သည်နှင့် သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေထဲကနေ ထွက်ခွာသွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေး၏ အကူအညီနှင့်အတူ သူက လွတ်လပ်စွာ သွားလာနိုင်တော့မည်ဖြစ်၏။
ဆူဇီမိုသည် သူ့ကိုယ်သူ မမာမကျန်းဖြစ်နေသော လူငယ်ကျင့်ကြံသူတစ်ယောက်အဖြစ် ရုပ်ဖျက်ထား၏။ သူ၏ မျက်နှာက အဝါရောင်သန်းနေပြီး သူ၏ နှုတ်ခမ်းများက မည်သည့် အရောင်အဆင်းမှ မရှိဘဲ ဖြူဖျော့နေ၏။ သူသည် ငှက်မွေးခုနှစ်တောင်မြို့တော်ထဲသို့ ဝင်ရောက်လာသောအခါ မည်သည့် အဟန့်အတားကိုမှ မကြုံတွေ့ရပေ။
သူသည် ငှက်မွေးခုနှစ်တောင်မြို့တော်ကနေ ထွက်ခွာလာသောအခါ မြို့စောင့်တပ်သားများစွာက သူ့ကို ကြိမ်ဖန်များစွာ စစ်ဆေးပြီး သူ့ကို မေးခွန်းတချို့ မေးခဲ့လေသည်။
တခြားမြို့များနှင့် မတူဘဲ နယ်စပ်မှာ ရှိသော ရှေးဟောင်းမြို့တော်များကို တင်းကျပ်စွာ စောင့်ကြပ်နေကြ၏။
ဆူဇီမိုသည် အဖြေများကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ဘေးကင်းစွာ ထွက်ခွာလာနိုင်ခဲ့၏။
ခဏမျှ လျှောက်လှမ်းလာပြီးနောက် ဆူဇီမိုသည် သူ၏ ခြေလှမ်းကို ရပ်တန့်ကာ လှည့်ကြည့်လိုက်၏။ သူက မဟာကျင်းအင်မော်တယ်နိုင်ငံ ရှိရာဘက်သို့ အေးစက်နေသော အကြည့်ဖြင့် နက်ရှိုင်းစွာ ကြည့်လိုက်၏။
ထို့နောက် သူသည် မြေပုံပါ လမ်းညွှန်မှုအတိုင်း ရစ်ခွေနဂါးတောင်ကြာရိုး ရှိရာသို့ ဦးတည်လိုက်လေသည်။
. . . . .
နေလတိုင်းပြည်မှာ အာဏာပါးကွက်သား အစောင့်တပ်သား ၁၃ယောက်က သေဆုံးသွားပြီး တိုင်းပြည်ဘုရင်ခံ၏ အမျက်ဒေါသကို ဆွမိသွားလေသည်။
တစ်ချိန်တည်းမှာပင် နေလတိုင်းပြည်မှာ ရှိနေသော မင်းသားယွမ်ကျောကလည်း ထိုသတင်းကို လက်ခံရရှိသွား၏။ သူက အခင်းဖြစ်ပွားရာ နေရာသို့ အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်ဖြစ်သော အထီးကျန်ကြယ်နှင့် ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား တစ်အုပ်စုကို ခေါ်ဆောင်လာခဲ့၏။
အရင်တုန်းက မင်းသားယွမ်ကျောသည် ဘုရင်ကျင်း၏ အမွေဆက်ခံသူကြောင့် တုန်လှုပ်၍ လိပ်ပြာလွင့်မတတ် ကြောက်လန့်ခဲ့ရ၏။
ဘုရင်ကျင်း၏ အမွေဆက်ခံသူသည် သူ့အား မဟာကျင်းအင်မော်တယ်နိုင်ငံမှာ အကြွင်းအကျန်ည၏ ရှင်သန်ကျန်ရစ်သူများ အားလုံးကို ရှင်းထုတ်ပစ်စေချင်သောအခါ သူက အဲဒါကို မနာခံဘဲ မနေရဲပေ။
ဖုန့်စန်းထျန် လွတ်မြောက်သွားခြင်းကြောင့် ဘုရင်ကျင်းက ဒေါသချောင်းချောင်းထွက်ပြီး အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာ သူ၏ အာဏာစက်နှင့် ပကတိအင်မော်တယ်ကျင်းယွဲ့၏ အစိမ်းရောင်တိမ်စိုင်တိုင်းပြည် ဘုရင်ခံရာထူးကို ဖယ်ရှားခဲ့လေသည်။
ဤနှစ်များမှာ မင်းသားယွမ်ကျောသည် ဆူဇီမိုနောက်သို့ လိုက်နေခြင်းအပြင် အကြွင်းအကျန်ညမှာ ရှင်သန်ကျန်ရစ်သူများကို ရှာဖွေသုတ်သင်ဖို့အတွက် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေများမှာ လှည့်လည်သွားလာရင်း သူ၏ အချိန်အများစုကို ကုန်ဆုံးစေခဲ့ရ၏။
အမွေဆက်ခံသူ၏ ခြိမ်းခြောက်မှုကြောင့် သူက လုံးဝ အနားမယူရဲခဲ့ပေ။
သူ၏ အေးအေးချမ်းချမ်းနှင့် သက်သောင့်သက်သာရှိခဲ့သော နေ့ရက်များက ကုန်ဆုံးသွားခဲ့လေပြီ။
ယခုအချိန်မှာ မင်းသားယွမ်ကျောသည် အလုပ်တာဝန်များ ပိ၍ ပင်ပန်းနွမ်းနယ်နေ၏။ မင်းသားများနှင့် မင်းသမီးများကြားမှာ သူ၏ အဆင့်အတန်းက သာမန်အောက်သို့ ကျဆင်းသွားခဲ့ပြီဖြစ်၏။
ပို၍ အရေးကြီးသည်မှာ သူ ပင်ပင်ပန်းပန်းနှင့် ဒုက္ခ သုခခံ၍ ကျင့်ကြံထားခဲ့သော သူ၏ ကိုယ်ပွားက ဖျက်ဆီးခံခဲ့ရပြီး သူ၏ ပင်မခန္ဓာသည်လည်း ပကတိဧကနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်မည့် အခွင့်အရေးကို လွဲချော်ခဲ့ရ၏။
ကြီးမားသော အခွင့်အလမ်းတစ်ရပ် မရရှိဘဲ သူသည် ပကတိအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ လွယ်ကူတော့မည် မဟုတ်ပေ။
အမှားတစ်ချက်နှင့်အတူ သူသည် တိမ်စိုင်များကြားကနေ တောင်ကြား၏ အောက်ခြေသို့ ကျဆင်းသွားခဲ့ရ၏။
ကျောက်စိမ်းအဆောင် လုယူခံရခြင်းနှင့် အမွေဆက်ခံသူ၏ လက်ချက်ဖြင့် သူက ဒဏ်ရာရရှိခဲ့ခြင်း အပါအဝင် နောက်ပိုင်းဖြစ်ပျက်ခဲ့သော အရာရာတိုင်းသည် လူတစ်ယောက်တည်းကြောင့် ဖြစ်လေသည်။
ဆူဇီမို…။