တစ်လ
Vol. 141 Ch. 2105
ဆူဇီမိုသည် မြေပုံပါလမ်းညွှန်ချက်အတိုင်း ရစ်ခွေနဂါးတောင်ကြောရိုးရှိရာသို့ ခရီးဆက်လာခဲ့၏။
သူသည် လမ်းတစ်လျှောက်မှာ အန္တရာယ်များနှင့်လည်း ကြုံတွေခဲ့ရ၏။
ကံကောင်းစွာဖြင့် သူသည် ယခုအချိန်မှာ အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်နေခဲ့လေပြီ။ ငရဲဖိနှိမ်မီးဖိုကဲ့သို့ ရတနာနှင့် စွမ်းအားကြီးမားသောနည်းလမ်းများစွာနှင့်အတူ သူက သူ့ကိုယ်သူကာကွယ်နိုင်ခဲ့၏။
သူက အစွမ်းကုန်းဖြင့်ခရီးဆက်နေစဥ် အန္တရာယ်များက နေရာတိုင်းမှာရှိနေပြီး ဆူဇီမိုသည် ကျင့်ကြံဖို့အတွက် သူ၏ စိတ်အာရုံကို ခွဲဝေမပေးရဲပေ။
သူသည် ကြယ်တာရာဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံရရှိပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီပမာဏများစွာကို စုဆောင်းထားသော်လည်း သူက အဲ့ဒါကိုစုပ်ယူသန့်စင်ဖို့အတွက် အခွင့်အရေးမရသေးပေ။
ထို့ကြောင့် သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်မှာသာရှိနေဆဲ ဖြစ်၏။
နှစ်လကြာပြီးနောက် ဆူဇီမိုသည် နောက်ဆုံးမှာ ရစ်ခွေနဂါးတောင်ကြောရိုးကို တွေ့မြင်လိုက်ရ၏။
မြေပုံနှင့်တိုက်ကြည့်ခြင်းမရှိလျှင်တောင် သူ့ရှေ့မှာရှိသော အဆုံးမဲ့၍ခံ့ညားထည်ဝါသည့် တောင်ကြောရိုးက ရစ်ခွေနဂါးတောင်ကြောရိုးဖြစ်သည်ဆိုတာကို သူသေချာပြောနိုင်၏။
ကြယ်တာရာမိုးပြောသည်မှာ မမှားပေ။ ဤနေရာသို့ ရောက်ရှိလာသောမည်သူမဆို သူတို့ရှေ့မှ ခံ့ညားထည်ဝါသော တောင်ကြောရိုးကို လျစ်လျူရှုနိုင်မည်မဟုတ်ပေ။
အနီးနားဝန်းကျင်သို့ ရောက်ရှိလာပြီနောက် မြေပုံပေါ်ရှိ ရစ်ခွေနဂါးတောင်ကြောရိုးက ပို၍ပင်ရှင်းလင်းလာပြီး ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်တစ်ခုလုံးနီးပါးကို ပိုင်းခြားထားသည်ကို တွေ့မြင်ရလေသည်။
ရစ်ခွေနဂါးတောင်ကြောရိုးကို ၎င်း၏ အရှည်ဖြင့်ဆက်လက်၍ အကဲမဖြတ်နိုင်တော့ပေ။
ရစ်ခွေနဂါးတောင်ကြောရိုး၏ မြေပြင်အနေအထားက ရှုပ်ထွေးပွေလီပြီး အမျိုးမျိုးကွဲပြားနေ၏။
နေရာဒေသအချို့သည် လှုပ်ရှားသွားလာနေသော နတ်နဂါးတစ်ကောင်ကဲ့သို့ ကွေ့ကောက်နေပြီး တချို့နေရာများက နတ်နဂါးတစ်ကောင်ရစ်ခွေနေသကဲ့သို့ စက်ဝိုင်းပုံသဏ္ဌာန်ဖြစ်နေ၏။
ဆူဇီမိုက ရှေ့သို့ဆက်တက်လာခဲ့၏။
သိပ်မကြာခင် သူသည်ရှေ့တည့်တည့်မှာ အသံတချို့ကိုကြားလိုက်ရ၏။
တောင်ကြောရိုးပေါ်မှာ လူပေါင်းများစွာက သိပ်သည်းများပြားစွာနေရာယူထားကြ၏။
ရစ်ခွေနဂါးတောင်ကြောရိုး၏ ကောင်းကင်ထက်မှာ ဧရာမမင်္ဂလာတိမ်စိုင်လေးခုက လွင့်မျောနေ၏။ ထိုတိမ်စိုင်များပေါ်မှာ လူရာပေါင်းများစွာက မတ်တတ်ရပ်နေပြီး အောက်သို့ငုံ့ကြည့်နေကြ၏။
သူသည် ရစ်ခွေနဂါးတောင်ကြောရိုးသို့ ချဥ်းကပ်လာသည့်အခါမှသာ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ၏ ကြီးကျယ်ခမ်းနားမှုကို ဆူဇီမိုက အမှန်တကယ်တွေ့ကြုံခံစားလိုက်ရ၏။
ကျင့်ကြံသူများစွာသည် တောင်ကြောရိုး၏ တောင်ထွတ်ပေါ်မှာ မတ်တတ်ရပ်နေကြ၏။ တစ်ချက်ကြည့်ရုံဖြင့် အဲ့ဒါက ကျင့်ကြံသူပေါင်း အနည်းဆုံး သန်းချီရှိပြီး ပျားပန်းခပ်မျှ စည်ကားသိုက်မြိုက်နေ၏။
ထိုကျင့်ကြံသူများက မဟူရာအင်မော်တယ်များ၊ ကမ္ဘာမြေအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များဟူ၍ အမျိုးမျိုးသော ကျင့်ကြံမှုနယ်ပယ်များရှိနေကြ၏။
သူတို့ထဲမှအချို့သည် တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်ပြီး အခြားသူများကတော့ ဂိုဏ်နှင့်အဖွဲ့အစည်းတချို့မှကျင့်ကြံသူများဖြစ်ကြ၏။ သူတို့သည် အတူတကွစုစည်း၍ တောင်ကြောရိုး၏ အောက်ဘက်ကိုစိုက်ကြည့်နေပြီး မကြာမကြာဆိုသလို အာမေဋိတ်သံများ ထွက်ပေါ်လာလိုက်၊ အော်ဟစ်အားပေးလိုက် ရှိနေကြ၏။
ဆူဇီမိုသည် လေထဲသို့ ပျံတက်လိုက်၏။
သိပ်မကြာခင် သူသည် တောင်ထွတ်ပေါ်သို့ရောက်ရှိလာပြီး အောက်ကိုငုံ့ကြည့်လိုက်၏။
တောင်ကြောရိုး၏ အောက်ဘက်မှာ အနည်းငယ် မြင့်တက်နေသော ဧရာမရေပြင်အကာအရံအလွှာတစ်ခုရှိပြီး လေထဲမှာလွင့်မျောနေ၏။
ပုံရိပ်များစွာကို ရေပြင်အကာအရံအလွှာပေါ်မှာ ရောင်ပြန်ဟပ်ပေးထားပြီး အသက်လု၍တိုက်ခိုက်နေကြသော ကျင့်ကြံသူတချို့၊ တစ်ယောက်တည်းလျှောက်လှမ်းနေသော ကျင့်ကြံသူအချို့နှင့် သူတို့၏ အစွမ်းကုန်ဖြင့် အသည်းအသန်ထွက်ပြေးနေသော ကျင့်ကြံသူတချို့ကို ရှင်းလင်းစွာတွေ့မြင်နေရ၏။
ထိုရေပြင်အကာအရံအလွှာသည် တံလျှပ်ကြေးမုံနှင့်ဆင်တူပြီး နေရာဒေသတစ်ခုမှ အခြေအနေများစွာကို ရေပြင်အကာအရံအလွှာပေါ်မှာ ရောင်ပြန်ဟပ်ပေးနိုင်၏။
ဆူဇီမိုသည် လှည့်ပတ်ကြည့်ရှုပြီး မဟူရာအင်မော်တယ်တစ်ယောက်ဘေးသို့ ရောက်ရှိလာကာ ညင်သာစွာချောင်းဟန့်လိုက်၏။
မဟူရာအင်မော်တယ်က အသံကြောင့်တုန်လှုပ်သွားပြီး လှည့်ကြည့်လိုက်၏
“ငါမင်းကိုကိစ္စတချို့မေးချင်လို့”
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။
“အဆင့်မြင့်အင်မော်တယ်... ကျေးဇူးပြုပြီးပြောပါ”
မဟူရာအင်မော်တယ်သည် ဆူဇီမို၏ နောက်ခံကို မသိရှိသလို ထိုသူ၏ ကျင့်ကြံမှုနယ်ပယ်ကလည်း သူ့ထက်မြင့်မားနေသည့်အတွက် သူကကြန့်ကြာရဲခြင်းမရှိလဲ ခပ်မြန်မြန်ပြန်ဖြေပေးလိုက်၏။
“အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲရဲ့ စည်းမျဥ်းစည်းကမ်းတွေအကြောင်း ငါ့ကိုပြောပြပေး”
ဆူဇီမိုက မည်သည့်အပိုစကားကိုမှပြောဆိုမနေဘဲ လိုရင်းကိုတန်းမေးလိုက်၏။
မဟူရာအင်မော်တယ်က အနည်းငယ်မှင်တက်သွားသော်လည်း သူကလျင်မြန်စွာတုံ့ပြန်လာခဲ့၏။
“အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲဆိုတာ တကယ်တော့... တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ဖို့အတွက် ကမ္ဘာမြေအင်မော်တယ်တွေအများကြီးကို စုစည်းပေးလိုက်တာပါပဲ”
“ဒီရစ်ခွေနဂါးတောင်ကြောရိုးရဲ့ မြေပြင်အနေအထားက အတွင်းကိုသူ့ဘာသာသူရစ်ပတ်ပြီး တောင်ကြားတစ်ခုကိုဖြစ်ပေါ်လာစေတယ်... အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက ပညာရှင်တွေက တစ်ခါတုန်းက အတူပူးပေါင်းပြီး ချိပ်စည်းဝင်္ကပါတစ်ခုကိုခင်းကျင်းဖို့အတွက် ဒီမြေပြင်အနေအထားကို အသုံးချခဲ့တယ်လို့ ကျုပ်ကြားဖူးတယ်”
“အောက်ဘက်မှာ ရေပြင်အကာအရံအလွှာက တောင်ကြားထဲမှာရှိတဲ့အခြေအနေကို အချိန်မရွေးဖော်ပြပေးနိုင်တယ်”
မဟူရာအင်မော်တယ်သည် ရစ်ခွေနဂါးတောင်ကြောရိုးကနေ ဖြစ်ပေါ်လာသည့် တောင်ကြားကို လက်ညှိုးထိုးပြီးရှင်းပြနေ၏။
“ဒီတစ်ခေါက် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ကမ္ဘာမြေအင်မော်တယ် ဘယ်လောက်များများ ပါဝင်ယှဥ်ပြိုင်ကြလဲ”
ဆူဇီမိုက မေးလိုက်၏။
မဟူရာအင်မော်တယ်က ပြောလိုက်၏။
“ရွေးချယ်ပွဲမစခင်ကတော့... အဲ့ဒါကလူပေါင်း ၁၈၄၅၁ ယောက်ဖြစ်တယ်လို့ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက ထုတ်ပြန်ခဲ့ကြတယ်”
“များလှချေလား”
ဆူဇီမိုက တိတ်တဆိတ်ဆွံ့အသွား၏။
အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ပါဝင်ယှဥ်ပြိုင်သောထိုလူများက သာမန်ကမ္ဘာမြေအင်မော်တယ်များမဟုတ်ကြပေ။
အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ရဲသောသူများသည် ထိပ်တန်းကမ္ဘာမြေအင်မော်တယ်များဖြစ်ကြပြီး အားအနည်းဆုံးက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်များဖြစ်လေသည်။
ထိပ်တန်းကမ္ဘာမြေအင်မော်တယ် တစ်သိန်းရှစ်သောင်းကို စုသည်းပေးနိုင်သည့်အချက်ကပင် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက ကျင့်ကြံသူများကို ဘယ်လောက်ထိ ဆွဲဆောင်မှုရှိသလဲသက်သေပြပေးနေ၏။
ပို၍ပင်ရက်စက်ကြမ်းတမ်းသည့်အရာမှာ ထိပ်တန်းကမ္ဘာမြေအင်မော်တယ် တစ်သိန်းရှစ်သောင်းထဲကမှ အယောက်တစ်ရာကိုသာလျှင် နောက်ဆုံးမှာရွေးချယ်မည်ဖြစ်၏။
ယှဥ်ပြိုင်မှုက အရမ်းကိုအကြိတ်အနယ်ရှိလေသည်။
သူတို့သည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ပါဝင်ယှဥ်ပြိုင်နိုင်သည့်အချက်ကပင် သူတို့က ကမ္ဘာမြေအင်မော်တယ်အများစုထက် သာလွန်နေပြီဖြစ်၏။
ဤအုပ်စုထဲမှာတောင် အထူးချွန်အထက်မြတ်ဆုံး ကမ္ဘာမြေအင်မော်တယ် အယောက်တစ်ရာကသာလျှင် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို ဝင်ရောက်ဖို့ ရွေးချယ်ခံရမည်ဖြစ်၏။
ဆူဇီမိုသည် ရေပြင်အကာအရံအလွှာအောက်မှာတိုက်ခိုက်နေကြသော ကျင့်ကြံသူတစ်တွဲကို စိုက်ကြည့်လိုက်၏။
သူတို့ထဲမှတစ်ယောက်က ရှုံးနိမ့်သွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွား၏။ သူက အခြားသူ၏ လက်ထဲမှာ သေရတော့မည့်ဆဲဆဲမှာပင်.. ထိုသူက ရွှေရောင်တံဆိပ်ပြားတစ်ခုကို ရုတ်တရက်ဆွဲထုတ်လိုက်၏။
ထို့နောက်ချက်ချင်းပင် ရွှေရောင်တံဆိပ်ပြားက ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပလာပြီး သူ့ကိုကာကွယ်ပေးထားသည့် ရွှေရောင်အကာအရံအလွှာတစ်ခုဖြစ်ပေါ်လာစေကာ သူ့ရှေ့မှ ကျင့်ကြံသူ၏ တိုက်ခိုက်မှုများအားလုံးကို ခုခံတားဆီးပေးထား၏။
ထို့နောက် ကျင့်ကြံသူနှစ်ယောက်၏ ဦးခေါင်းထက်မှာ ဝဲကတော့တစ်ခုပေါ်ထွက်လာ၏။
အဲ့ဒါက ဒဏ်ရာအပြင်းအထန် ရရှိထားသောကျင့်ကြံသူကို အပြင်ဘက်သို့ဆွဲယူသွားသော်လည်း သူ့လက်ထဲရှိရွှေရောင်တံဆိပ်ပြားက တောင်ကြားထဲမှာကျန်ရစ်ခဲ့၏။
ဝဲကတော့ထဲသို့ မဝင်ရောက်ခင်မှာပင် ထိုသူ၏ ခါးပေါ်မျာ သိုလှောင်အိတ်က ရုတ်တရက်ပေါက်ကွဲသွားပြီး တစ်ပုံစံတည်းဖြစ်သော ရွှေရောင်တံဆိပ်ပြားများစွာက ပေါ်ထွက်လာ၏။
တစ်ဘက်မှာရှိသော ကျင့်ကြံသူက သူ၏ လက်ကိုဝေ့ယမ်းပြီး ကျေနပ်နှစ်ခြိုက်သောအမူအရာဖြင့် ထိုတံဆိပ်ပြားများကို သိမ်းဆည်းလိုက်လေသည်။
ဝဲကတော့ဖြင့် ဆွဲယူခြင်းခံလိုက်ရသောကျင့်ကြံသူသည် တိုက်ပွဲနယ်မြေအပြင်ဘက်သို့ ပစ်ထုတ်ခံလိုက်ရပြီး ဝမ်းနည်းပက်လက်ဖြစ်နေသောအမူအရာတစ်ခုနှင့်အတူ ရစ်ခွေနဂါးတောင်ကြောရိုး၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။
“အဲ့ဒီရွှေရောင်တံဆိပ်ပြားကဘာလဲ”
ဆူဇီမိုက မေးလိုက်၏။
“အဲ့ဒါက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကနေ ထုတ်ပေးထားတဲ့ ရစ်ခွေနဂါးတံဆိပ်ပြားပဲ...အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ပါဝင်ယှဥ်ပြိုင်တဲ့ ကမ္ဘာမြေအင်မော်တယ်တိုင်းက အဲ့ဒါမျိုးတစ်ခုစီရကြတယ်”
မဟူရာအင်မော်တယ်က ပြောလိုက်၏။
“ခင်ဗျားက အောက်ဘက်ကတောင်ကြားထဲမှာ တကယ်လို့ခင်ဗျားရဲ့ ရန်သူကိုမနိုင်တော့ဘူးဆိုရင် ဒါမှမဟုတ် သေရေးရှင်ရေးအခြေအနေတစ်ခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် ရစ်ခွေနဂါးတံဆိပ်ပြားထဲကို ခင်ဗျားရဲ့ အမြုတေချီကိုထိုးသွင်းပြီး အဲ့ဒီရွှေရောင်တံဆိပ်ပြားကို အသက်သွင်းလို့ရတယ်... အဲ့ဒါဆိုရင် ခင်ဗျားက အသက်အန္တရာယ်မရှိတော့ဘူး”
“တကယ့်တော့ အဲ့ဒါက ရှုံးနိမ့်သွားပြီဆိုတဲ့အဓိပ္ပါယ်ပဲ... ခင်ဗျားက တိုက်ပွဲနယ်မြေကနေ ဖယ်ထုတ်ခြင်းခံရပြီးတော့ ခင်ဗျားရဲ့ ရစ်ခွေနဂါးတံဆိပ်ပြားကို တောင်ကြားထဲမှာချန်ထားခဲ့ရမယ်”
ခဏမျှရပ်တန့်ပြီးနောက် မဟူရာအင်မော်တယ်က ပြောလိုက်၏။
“ဒါနဲ့... နောက်ထပ်အချက်တစ်ချက်ရှိသေးတယ်... အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲက တစ်နှစ်ပဲကြာမှာ နောက်ဆုံးတိုက်ပွဲနယ်မြေမှာ လူဘယ်လောက်များများကျန်ကျန် ရစ်ခွေနဂါးတံဆိပ်ပြားအများဆုံးကိုရရှိထားတဲ့ လူတစ်ရာကပဲ နောက်ဆုံးအနိုင်ရရှိသူတွေဖြစ်လာလိမ့်မယ်”
ဆူဇီမိုက အနည်းငယ်ခေါင်းညိတ်လိုက်၏။
ထိုသို့ဖြင့် ကျင့်ကြံသူများသည် တိုက်ခိုက်မှုများကိုရှောင်လွှဲပြီး ပုန်းခိုနေမည့်အခြေအနေကို ရှောင်လွှဲနိုင်မည်ဖြစ်၏။
ဆူဇီမိုသည် အခြားတစ်စုံတစ်ရာကို တွေးမိသွား၏။ ပကတိတစ်ဆယ်ငရဲ၏ စည်းမျဥ်းစည်းကမ်းများသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို တုပထားခြင်းဖြစ်ဖို့များပြီး အချက်နှစ်ချက်က ဆင်တူနေ၏။
သို့သော်လည်း ပကတိတစ်ဆယ်ငရဲက သတ်ဖြတ်ခြင်းပုံစံတစ်ခုဖြစ်ပြီး အဲ့ဒီမှာ မည်သည့်ထွက်ပေါက်မှမရှိပေ။
အနည်းဆုံးတော့ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲသည် တိုက်ပွဲနယ်မြေသို့ ဝင်ရောက်သွားသော ကမ္ဘာမြေအင်မော်တယ်များအတွက် ရှင်သန်နိုင်မည့်အခွင့်အရေးတစ်ရပ်ကို ချန်ပေးထား၏။
သူတို့က ဘယ်အချိန်မှာ လက်လျှော့ရမလဲ သိရှိထားပြီး သေရေးရှင်ရေးအခိုက်အတန့်မှာ ရစ်ခွေနဂါးတံဆိပ်ပြားကို အသက်သွင်းနိုင်သည်နှင့်အမျှ သူတို့က သေချာပေါက်သေရတော့မည်မဟုတ်ပေ။
ဆူဇီမိုက အလွန်တရာအရေးကြီးသောကိစ္စကို တွေးမိသွားပြီး ရုတ်တရက်ပြောလိုက်၏။
“အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ ပြီးဆုံးဖို့ဘယ်လောက်လိုသေးလဲ”
“အဲ့ဒီမှာတစ်လပဲကျန်တော့တယ်”
မဟူရာအင်မော်တယ်က တောင်ကြားထဲကိုလက်ညှိုးထိုးပြလိုက်၏။
“အစတုန်းကတော့ အဲ့ဒီမှာ ကမ္ဘာမြေအင်မော်တယ်ပညာရှင် တစ်သိန်းရှစ်သောင်းကျော်ရှိခဲ့တယ်.... အခုတော့ တိုက်ပွဲနယ်မြေမှာ အယောက်တစ်ထောင်ကျော်ကျော်ပဲကျန်တော့တယ်... အဲ့ဒါက သိပ်မကြာခင်ပြီးဆုံးတော့မှာ”
“တစ်လလား”
ဆူဇီမိုက အောက်ဘက်ရှိတောင်ကြားကိုကြည့်ရင်း သူ၏ အကြည့်ကနက်ရှိုင်းလာပြီး တီးတိုးရေရွတ်လိုက်၏။
“အဲ့အချိန်လောက်ဆိုရင် လုံလောက်ပါတယ်”