← Chapters

ရန်စခြင်း

Vol. 141 Ch. 2107

ရန်စခြင်း

Vol. 141 Ch. 2107

“ကြည့်စမ်း.. အဲဒါ မင်းသားယွင်လေပဲ”

မဟူရာအင်မော်တယ်က ရေပြင်အကာအရံလွှာပေါ်မှာ လျှပ်စီးများဖြင့် လွှမ်းခြုံထားသည့် အမျိုးသားတစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်၏။

“မင်းသားယွင်လေက ရစ်ခွေနဂါးတံဆိပ်ပြား သုံးထောင်နီးပါးကို ရသွားပြီပဲ”

ဘေးမှာရှိသော လူတစ်ယောက်က ပြောလိုက်၏။

“ပြောရမယ်ဆိုရင် ဒီတစ်ခေါက် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ မင်းသား မင်းသမီးတွေက ပါဝင်ယှဉ်ပြိုင်လာကြပေမဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံကတော့ တစ်ယောက်မှ ရောက်မလာဘူး”

“ဒီနှစ်တွေထဲမှာ မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ကိစ္စတော်တော်များများ ဖြစ်သွားတယ်လို့ ငါကြားတယ်”

“အဲဒါက ဖန့်စန်းထျန် လွတ်မြောက်သွားတဲ့ ကိစ္စမလား”

“အဲဒါထက်တောင် ပိုသေးတယ်”

အခြားသော လူတစ်ယောက်က သူ၏ ခေါင်းကို ခါပြလိုက်၏။

“အဲဒီမှာ ဓမ္မရတနာနှစ်ခုကို ရရှိပြီး ဒုံမင်းအင်မော်တယ် မုန့်ယောင်ကိုပါ သတိထားမိသွားစေတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိတယ်.. အဲဒီမှာ မဟာကျင်းအင်မော်တယ်နိုင်ငံက မင်းသားတစ်ပါးကို ဆန့်ကျင်ပြီး အမဲလိုက်ခံနေရတဲ့ ဆူဇီမိုလို့ခေါ်တဲ့ လူတစ်ယောက်လည်း ရှိတယ်… အဲဒီရိုက်ခတ်မှုတွေက သိပ်ပြီးတော့ မသေးငယ်ဘူး”

“မဟာကျင်းအင်မော်တယ်နိုင်ငံက ဒီနှစ်တွေထဲမှာ အကြွင်းအကျန်ညက ကျင့်ကြံသူတွေ နောက်ကိုလည်း လိုက်နေတယ်လို့ ကြားတယ်.. အကြွင်းအကျန်ညက အတော်လေး ပျက်စီးထိခိုက်ပြီးတော့ အမြစ်ဖြတ်သုတ်သင်ခံရလုနီးပါးဖြစ်နေပြီ”

ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက သာမန်ကာလျှံကာ ဆွေးနွေးပြောဆိုနေကြ၏။

ဤကဲ့သို့ လူအများ စုဝေးသော မဟာပွဲတော်တစ်ခုမှာ အမျိုးမျိုးသော သတင်းအချက်အလက်များက လှည့်ပတ်စီးဆင်းနေ၏။

ဆူဇီမို၏ မေးခွန်းထုတ်မှုအောက်မှာ မဟူရာအင်မော်တယ်က တောင်ကြားထဲရှိ ကမ္ဘာမြေအင်မော်တယ်ပညာရှင်တချို့ကို လက်ညှိုးထိုးပြလိုက်၏။

မင်းသမီးသက်တံနီနှင့် မင်းသားယွင်လေအပြင် ဤကမ္ဘာမြေအင်မော်တယ်များသည်လည်း လုံလောက်သည့် ရစ်ခွေနဂါးတံဆိပ်ပြားများကို ရရှိထားကြ၏။ သူတို့သည် အလွန်တရာ သန်မာပြီး ထိပ်ဆုံး အယောက်တစ်ရာထဲ သေချာပေါက် ဝင်ရောက်နိုင်ပေလိမ့်မည်။

ဆူဇီမိုသည် ရစ်ခွေနဂါးတောင်ကြောရိုးထက်မှာ လွင့်မျောနေသော ဧရာမ မင်္ဂလာတိမ်စိုင်များကို ကြည့်ပြီး မေးလိုက်၏။

“အဲဒီတိမ်စိုင်ပေါ်က လူတွေက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက ကျင့်ကြံသူတွေပဲ ဖြစ်ရမယ် ဟုတ်တယ်မလား”

မဟူရာအင်မော်တယ်က ပြောလိုက်၏။

“ဘယ်ဘက်မှာ ရှိတဲ့ အဖွဲ့က အင်မော်တယ်ပျံဂိုဏ်းပဲ.. ဒီတစ်ခေါက် အင်မော်တယ်ပျံဂိုဏ်းကို တာဝန်ယူထားတဲ့လူက အင်မော်တယ်ပျံဂိုဏ်းရဲ့ နံပါတ်တစ် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်ပဲ”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်သည် ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်နေပြီး သူ၏ လက်ထဲက ခေါက်ယပ်တောင်ကို ဝှေ့ယမ်းနေ၏။ သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုနှင့် စိတ်လက်ပေါ့ပါးသော အမူအရာတစ်ခုရှိပြီး အောက်ဘက်မှာ ရှိသော ရေပြင်အကာအရံအလွှာကို ကြည့်ကာ လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း စုပ်သောက်နေ၏။

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်၏ ဘေးမှာ အခြားသော ကောင်းကင်အင်မော်တယ်တချို့ ရှိလေသည်။ သို့သော်လည်း သူတို့၏ ထိုင်ခုံများက ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်၏ ထိုင်ခုံထက် သိသိသာသာ ပိုနိမ့်လေသည်။

အင်မော်တယ်ပျံဂိုဏ်း၏ ကျန်ရှိနေသော ကျင့်ကြံသူများက ကမ္ဘာမြေအင်မော်တယ်များ ဖြစ်ကြ၏။

“ကောင်းကင်အင်မော်တယ်တွေအပြင် အင်မော်တယ်ဂိုဏ်း​ လေးဂိုဏ်းမှာ ပကတိအင်မော်တယ်တွေရော ရောက်လာတတ်သလား”

ဆူဇီမိုက ထပ်မံ၍ မေးလိုက်၏။

“ဟင့်အင်း”

ထိုလူက ခေါင်းခါပြလိုက်၏။

“ပြောရမယ်ဆိုရင် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ နောက်ဆုံးအနိုင်ရတဲ့ အယောက်တစ်ရာက အင်မော်တယ်ဂိုဏ်းတွေကို ဝင်ရောက်နိုင်မယ်ဆိုရင်တောင် သူတို့က အပြင်ဂိုဏ်းတပည့်တွေပဲ ဖြစ်နေဦးမှာ.. ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ဝင်ရောက်ပြီးမှပဲ သူတို့က အတွင်းဂိုဏ်းတပည့်တွေ ဖြစ်လာလိမ့်မယ်”

“လူတစ်ယောက်က ပကတိအင်မော်တယ်တစ်ပါး ဖြစ်လာပြီးမှပဲ အမွေခံတပည့်တစ်ယောက်အဖြစ် တိုးမြှင့်ခံရလိမ့်မယ်”

“အင်မော်တယ်ဂိုဏ်းမှာ အတွင်းဂိုဏ်းတပည့်တွေ အယောက်သိန်းချီ ရှိတယ်လို့ ကျုပ်ကြားတယ်.. ​ပြောရမယ်ဆိုရင် ကောင်းကင်အင်မော်တယ်ပညာရှင်တွေပေါ့… ဒါပေမဲ့ သူတို့မှာ အမွေခံတပည့်ကတော့ ရာဂဏန်းတချို့ပဲ ရှိကြတယ်”

“အမွေခံတပည့်တွေက အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲလို နေရာကို ဘာလို့ ရောက်လာမှာလဲ.. နောက်ပြီး အဲဒါက လိုလည်း မလိုအပ်ဘူး”

ဆူဇီမိုက အသံတိတ်နေသည်ကို တွေ့မြင်ရသောအခါ ထိုလူက ဆက်ပြောလိုက်၏။

“အမွေခံတပည့်တွေ ပေါ်ထွက်မလာရင်တောင် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲကို တာဝန်ယူပေးထားတဲ့ ကောင်းကင်အင်မော်တယ်ပညာရှင်တွေကလည်း နာမည်ကြီးပုဂ္ဂိုလ်တွေပဲ.. သူတို့က နံပါတ်တစ် ကောင်းကင်အင်မော်တယ် မဟုတ်ရင်တောင် သူတို့ကလည်း ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ အရမ်းကို သန်မာပြီး ကျော်​ကြားတဲ့သူတွေပဲ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“နောက်ထပ် အင်မော်တယ်ဂိုဏ်း သုံးဂိုဏ်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆက်ပြောပေးပါဦး”

ထိုလူက ပြောလိုက်၏။

“အလယ်မှာ ရှိတဲ့ မင်္ဂလာတိမ်စိုင်နှစ်ခုရဲ့ အထက်မှာ တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်းနဲ့ ကောင်းကင်နဲ့မြေကြီး တက္ကသိုလ် ရှိတယ်… တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်းကို တာဝန်ယူပေးထားတဲ့ ကောင်းကင်အင်မော်တယ်ပညာရှင်ရဲ့ တာအိုဘွဲ့က ကောင်းကင်ချောက်နက်ပဲ.. သူက အထက်ဘုံလောကရဲ့ ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်လည်း ဖြစ်တယ်”

ဆူဇီမိုက တိတ်တဆိတ် ဆွံ့အသွား၏။

ဤလူက ပို၍ပင် စွမ်းအားကြီးမားနေ၏။

ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ဆိုသည်မှာ ထိုလူသည် ထိုအချိန်တုန်းက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ နံပါတ်တစ် ကောင်းကင်အင်မော်တယ်ဖြစ်ခဲ့သည်ဟု ဆိုလိုလေသည်။

ဆူဇီမိုသည် တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်း ရှိရာဘက်ကို လေးနက်စွာ ကြည့်လိုက်၏။

နဂါးအသူရာချောက်နက်ကြယ်မှာတုန်းက သူသည် အင်ပါယာလေဘုရားကျောင်း၏ ပကတိအင်မော်တယ် ဝူဖုန့်၊ ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ ဓားအင်မော်တယ် ယွဲ့ဟွာနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ဒုံမင်းအင်မော်တယ် မုန့်ယောင်တို့နှင့် ပြင်းထန်သော ပဋိပက္ခတစ်ခု ရှိခဲ့လေသည်။

သူက နဂါးအလောင်းထဲမှာ ပုန်းကွယ်နေခဲ့ပြီး ထိုပကတိအင်မော်တယ် သုံးယောက်က သူ၏ နောက်ခံကို မသိရှိခဲ့သော်လည်း သူက သူတို့ကို ရှောင်လွှဲနိုင်မည်ဆိုလျှင် ပို၍ကောင်းပေလိမ့်မည်။

ထို့ကြောင့် ဆူဇီမို၏ ရင်ထဲမှာ သူသည် တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်ဖို့ ပို၍ တိမ်းညွှတ်နေ၏။

“ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က အဲဒီလူကတော့…”

မဟူရာအင်မော်တယ်က ခဏမျှ ရပ်တန့်လိုက်၏။

“သူက သိပ်တော့ နာမည်မကြီးဘူး.. သူ့နာမည်က ယန်လောရှု.. သူက ထွန်းတောက်လာတဲ့ ကြယ်တစ်စင်းဖြစ်ပြီး ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်ရဲ့ နံပါတ်တစ် ကောင်းကင်အင်မော်တယ်ဘွဲ့အတွက် ယှဉ်ပြိုင်ဖို့ ခွန်အားရှိတယ်လို့ ကျုပ်ကြားမိတယ်”

ယန်လောရှုသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝါးကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်နေ၏။ သူ၏ ကိုယ်နေဟန်ထားက ဖြောင့်မတ်နေပြီး သူ၏ အသားအရေက ကြေးညိုရောင်ပေါက်နေ၏။ သူ၏ မျက်နှာက တိကျရှင်းလင်းပြီး သူ၏ အကြည့်က တောက်ပနေ၏။ သူက အာရုံစိုက်နေသော အမူအရာတစ်ခုနှင့်အတူ အောက်ဘက်မှာရှိသော ရေပြင်အကာအရံလွှာကို စိုက်ကြည့်နေ၏။

“ညာဘက်မှာ ရှိတဲ့ အဖွဲ့ကတော့ အင်ပါယာလေဘုရားကျောင်းပဲ.. သူတို့ရဲ့ ခေါင်းဆောင်က ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်း… သူက လာမယ့် ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး ဆယ်နေရာအတွက် သန်မာတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တယ်လို့ ပြောတယ်”

သိပ်မကြာခင် မဟူရာအင်မော်တယ်သည် အင်မော်တယ်ဂိုဏ်း လေးဂိုဏ်း၏ အခြေအနေနှင့် ပတ်သက်၍ ဆူဇီမိုကို မိတ်ဆက်ပေးပြီးသွား၏။

“အခုချိန်မှာ အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲကို ဝင်ပြိုင်ဖို့အတွက် နည်းလမ်းတစ်ခုခု ရှိလား”

ဆူဇီမိုက မေးလိုက်၏။

“အခုလား”

မဟူရာအင်မော်တယ်က အနည်းငယ် မှင်တက်သွားပြီး ဆူဇီမို ဆိုလိုသည့် အဓိပ္ပာယ်ကို နားမလည်ပေ။

“ဒီတစ်ခေါက် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲက ပြီးဆုံးတော့မှာပဲ.. ခင်ဗျားက နောက်လာမယ့်တစ်ခေါက်မှပဲ ဝင်ပြိုင်လို့ ရမယ်”

သူသည် နောက်လာမယ့် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲအတွက် နောက်ထပ် နှစ်တစ်ရာ စောင့်ရပေလိမ့်မည်။

ဆူဇီမိုက အဲဒါကို မစောင့်ချင်ပေ။

သူက ကောင်းကင်ထက်မှာ လွင့်မျောနေသော မင်္ဂလာတိမ်စိုင် လေးခုကို မော့ကြည့်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။

ရုတ်တရက် သူက လေထဲသို့ ခုန်တက်ပြီး အင်မော်တယ်ဂိုဏ်း လေးဂိုဏ်း ရှိရာဘက်သို့ ပျံသန်းသွား၏။

အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းမှ ကျင့်ကြံသူများက လွဲလျှင် အင်မော်တယ်နိုင်ငံ နှစ်နိုင်ငံမှ ကျင့်ကြံသူစစ်တပ်ပင်လျှင် တောင်ထွတ်ပေါ်ကနေသာ စောင့်ကြည့်နေရ၏။

ဆူဇီမိုက လေထဲသို့ ပျံတက်လာပြီး သန်းနှင့်ချီသော ကျင့်ကြံသူများ၏ ဦးခေါင်းထက်သို့ ရောက်ရှိလာကာ လူအများ၏ အာရုံစိုက်စရာ ဖြစ်လာခဲ့၏။

သူသည် လူအများ၏ အာရုံစိုက်စရာ ဖြစ်နေမည်ကို ဂရုမစိုက်ပေ။

ယခုအချိန်မှာ သူ့တွင် သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေး ရှိပြီး ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်အဖြစ် ရုပ်ဖျက်ထား၏။ မည်သူကမှ သူ၏ နောက်ခံကို ပြောနိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် သူက အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ချင်သည်ဆိုလျှင် သူသည် အနှေးနှင့် အမြန်ဆိုသလို ဤကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်မိပေလိမ့်မည်။

“ဟမ်”

အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းမှ ကျင့်ကြံသူများကလည်း ဆူဇီမိုကို သတိထားမိသွားကြ၏။

“အဲဒါ ဘယ်သူလဲဟေ့”

“မင်းက ဒီကို ဘာလာလုပ်တာလဲ”

အင်မော်တယ်ဂိုဏ်းများမှ ကမ္ဘာမြေအင်မော်တယ် ကျင့်ကြံသူတချို့က ရှေ့သို့ ထွက်လာပြီး အော်ငေါက်လိုက်၏။

“ကျုပ်က ကြားထဲမှာ ကိစ္စတချို့ ပေါ်လာခဲ့လို့ လမ်းမှာ ကြန့်ကြာနေခဲ့တယ်.. ကျုပ်က ဒီတစ်ခေါက် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ပါဝင်ချင်လို့ပါ.. အဆင့်မြင့်အင်မော်တယ်တို့.. ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်ပြုပေးပါ”

ဆူဇီမိုက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး သူ၏ ခေါင်းကို အနည်းငယ်မော့ကာ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

ထိုသို့ ပြောပြီးနောက် အစက ဆူညံပွက်လောရိုက်နေသော ရစ်ခွေနဂါးတောင်ကြောရိုးမှာ ယာယီအားဖြင့် တိတ်ဆိတ်ငြိမ်သက်သွား၏။

ထို့နောက် ဆူညံသံများက တစ်ဖန်ထွက်ပေါ်လာပြီး အဲဒီမှာ လှောင်ပြောင်သရော်သံများနှင့် ထေ့ငေါ့မှုများက ရောနှောပါဝင်လာ၏။

“အဲဒီလူက သူဘာပြောနေတယ်ဆိုတာကို သူသိရဲ့လား”

“ဟားဟား.. ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ.. အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ဝင်ပါရဲတဲ့ သတ္တိရှိတယ်ပေါ့… ငါက အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်နေပြီ.. ဒါပေမဲ့ ငါတောင်မှ အဲဒီမှာ ဝင်မပါရဲဘူး”

“ကိုယ့်အကန့်အသတ်ကိုယ် မသိတဲ့သူတွေက တကယ်ပဲ ရှိနေတာပဲ”

“သူ့ပုံစံကြည့်တော့ မမာမကျန်းနဲ့.. သူ့မျက်နှာကလည်း ညှိုးခြောက်နေတာပဲ.. ငါ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရင်တောင် သူ့ကို သတ်ဖြတ်နိုင်လောက်တယ်”

နောက်ထပ် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကလည်း ဝင့်ကြွားစွာ ပြောဆိုလိုက်၏။

ဆူဇီမိုနှင့် စကားပြောခဲ့သော မဟူရာအင်မော်တယ်ကလည်း တုန်လှုပ်နေ၏။

ဘေးပတ်ဝန်းကျင်မှ ကမ္ဘာမြေအင်မော်တယ်တချို့ကလည်း သူတို့ခေါင်းကို ခါယမ်းလိုက်ကြ၏။

“အဲဒီလူက မူမမှန်ဘူးဆိုတာ အစောကတည်းက ငါသိထားပြီးသားပဲ.. သူက တကယ်ကို ပေါက်တတ်ကရစကားတွေ လျှောက်ပြောနေခဲ့တာ.. မင်းသားယွင်လေက မောက်မာတယ်လို့တောင် သူက ပြောခဲ့ဖူးတယ်”

“အဲဒီလူက ကယောင်ကတမ်းနဲ့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ ဖြစ်ရမယ်”

အစကတော့ ကျင့်ကြံသူများက ပြိုင်ပွဲကို စောင့်ကြည့်နေခဲ့ကြ၏။ သို့သော်လည်း ဤမြင်ကွင်း ပေါ်ထွက်လာမှုက ကျင့်ကြံသူများ အားလုံး၏ စိတ်အာရုံကို ဆွဲဆောင်လိုက်ပြီး အော်ဟစ်ရယ်မောသံများ ထွက်ပေါ်လာခဲ့၏။

ကောင်းကင်ချောက်နက်နှင့် ယန်လောရှုကဲ့သို့ အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းမှ ခေါင်းဆောင်များက ဆူဇီမိုကို မှင်သေသေဖြင့် တစ်ချက်မျှသာကြည့်​ပြီး သူတို့၏ အကြည့်များကို ရုတ်သိမ်းလိုက်ကြ၏။

အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က သူတို့၏ စိတ်အာရုံကို ရရှိဖို့ မထိုက်တန်ပေ။

“မင်းက ပြဿနာ လာရှာတာလား”

ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ရှေ့သို့ ထွက်လာပြီး ဆူဇီမိုကို အေးစက်စွာ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒါမှမဟုတ် မင်းက ငါတို့ အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းကို ရန်လာစတာလား”

ထိုစွပ်စွဲချက်နှင့်အတူ ဤအဆင့်-၈ ကမ္ဘာမြေအင်မော်တယ်သည် ဆူဇီမိုကို အများ၏ ရှေ့မှာပင် သတ်ဖြတ်နိုင်လေသည်။

ဟေး.. ဝိုး… …

ကျင့်ကြံသူများစွာသည် ထိုသူ၏ စကားလုံးများမှာ သတ်ဖြတ်လိုစိတ်ကို အာရုံခံနိုင်ပြီး သွေးရနံ့ တစ်စွန်းတစ်စကိုပင် ရရှိနေကာ သူတို့က အော်ဟစ်အားပေးလိုက်ကြ၏။

All Chapters