← Chapters

ဝံပုလွေများကြားသို့

Vol. 141 Ch. 2109

ဝံပုလွေများကြားသို့

Vol. 141 Ch. 2109

ယန်လောရှုက သူ့ကိုစေတနာနှင့်သတိပေးနေခြင်းဖြစ်ကြောင်း ဆူဇီမိုကသိလေသည်။

မမြင်ရသောဖိအားများနှင့် ခြိမ်းခြောက်မှုတချို့ကြောင့်သာမဟုတ်လျှင် ဆူဇီမိုသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါဖို့ အလောတကြီးရှိနေလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူကတခြားသူများနှင့်မတူပေ။

သူက နှစ်တစ်ရာထပ်စောင့်ဆိုင်းပြီးရင် ဘာအပြောင်းအလဲများ ပေါ်ထွက်လာမလဲမသိရပေ။

ဆူဇီမိုသည် ခဏမျှငြိမ်သက်ပြီးနောက် သူ၏ လက်သီးနှစ်ဖက်ကိုယှက်ကာပြောလိုက်၏။

“ကျုပ်က... ဒီတစ်ခေါက် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါချင်သေးတယ်.. အဆင့်မြင့်အင်မော်တယ်တို့ ကျေးဇူးပြုပြီး အဲ့ဒါကို သဘောတူခွင့်ပြုပေးပါ”

“ဟမ့်”

လူအုပ်ထဲမှာ လူဝမ်ပင်းကလှောင်ရယ်ပြီး တီးတိုးရေရွတ်လိုက်၏။

“တကယ့်ကိုကောင်းမှန်းဆိုးမှန်းနားမလည်တဲ့ကောင်ပဲ”

ရုတ်တရက် ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ပြောလိုက်၏။

“မင်းက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို ကြားဖြတ်ပြီးဝင်ပါဖို့က မဖြစ်နိုင်တာတော့မဟုတ်ဘူး... ဒါပေမဲ့ အဲ့ဒီမှာအခြေအနေတစ်ခုတော့ရှိတယ်”

“ဘာအခြေအနေလဲ”

ဆူဇီမိုကမေးလိုက်၏။

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းက ရစ်ခွေနဂါးတံဆိပ်ပြားတစ်ခုကို ယူသွားလို့မရဘူး”

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ပါဝင်ယှဥ်ပြိုင်သော ကျင့်ကြံသူများအားလုံးသည် သေရေးရှင်ရေးအခိုက်အတန့်မှာ သူတို့၏ အသက်များကိုကာကွယ်ပေးနိုင်သည့် ရစ်ခွေနဂါးတံဆိပ်ပြားများကို ရရှိကြလေသည်။

ထိုသို့ဆိုလျှင်တောင် နှစ်ဝက်ကြာပြီးနောက် ကျင့်ကြံသူသုံးသောင်းကျော်က သေဆုံးသွားခဲ့ကြ၏။

အဲ့ဒီမှာ သူတို့၏ ကိုယ်ကာယများဖျက်ဆီးခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားသော ကျင့်ကြံသူများက ပို၍ပင်များပြားလေသည်။

တိုက်ပွဲမှာ တွေဝေတုံ့ဆိုင်း၍ သူတို့၏ ရစ်ခွေနဂါးတံဆိပ်ပြားများကို အချိန်မီမထုတ်ယူနိုင်သည့် ကျင့်ကြံသူများရှိတတ်ကြလေသည်။

သို့မဟုတ် တချို့သောကျင့်ကြံသူများသည် ရုတ်တရက်ပေါ်ထွက်လာသောတိုက်ခိုက်မှုများဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရ၏။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ တိုက်ခိုက်မှုများသည် မည်သည့်ထိန်ချန်မှုမှမရှိပေ။ သူတို့သည် သွေးသံရဲရဲသတ်ဖြတ်ခြင်းများဖြင့် ပြည့်နှက်နေ၏။

“သူက တောင်ကြားထဲကို ရစ်ခွေနဂါးတံဆိပ်ပြားမယူသွားနိုင်ဘူးဆိုတော့... သူ့မှာ အသက်ကယ်နည်းလမ်းတစ်ခုခု မရှိတော့ဘူးဆိုတဲ့သဘောပေါ့”

“အတိအကျတော့မဟုတ်ဘူး... သူက အခြားတစ်ယောက်ယောက်ကို နိုင်အောင်တိုက်ခိုက်နိုင်မယ်ဆိုရင် သူတို့ရဲ့ ရစ်ခွေနဂါးတံဆိပ်ပြားတွေကိုရရှိနိုင်တယ်”

“ဟီးဟီး... အခုချိန်မှာ ကျန်နေတဲ့သူတွေအကုန်လုံးက ရက်စက်ကြမ်းတမ်းတဲ့သူတွေကြည့်ပဲ... တံဆိပ်ပြားတစ်ခုကိုလုယူဖို့က အဲ့လောက်ထိဘယ်လွယ်ပါ့မလဲ”

“အဲ့ဒီလူက ကံဆိုးပြီး တောင်ကြားထဲကိုဝင်ရောက်တဲ့အချိန်မှာပဲ ရက်စက်ကြမ်းတမ်းတဲ့ လူတချို့ဘေးကို ရောက်သွားမယ်ဆိုရင် သူကတစ်ခါတည်းသေသွားရလိမ့်မယ်”

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ထိုသို့ပြောပြီးနောက် လူအုပ်ကြားထဲမှ ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာ၏။

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို ညင်သာစွာဝေ့ယမ်းပြီး အေးအေးဆေးဆေးပြောလိုက်၏။

“အဲ့ဒါက အကြံကောင်းပဲ... မင်းက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို ကြားကနေဖြတ်ပြီးဝင်ပါချင်တယ်ဆိုရင်... မင်းက တခြားသူတွေနဲ့မတူဘဲ ပိုများတဲ့အန္တရာယ်ကိုစွန့်စားရမယ်... အဲ့ဒါမှပဲ မျှတသွားလိမ့်မယ်”

ကောင်းကင်ချောက်နက်နှင့် ယန်လောရှုက တစ်စုံတစ်ရာ​ပြောဆိုခြင်းမရှိသော်လည်း သူတို့နှစ်ယောက်က တိတ်တဆိတ်ဖြင့် သဘောတူလိုက်၏။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို ကြားဖြတ်ဝင်ပါခြင်းက စည်းမျဥ်းသည်းကမ်းကို ချိုးဖောက်ရာကျလေသည်။

လူတစ်ယောက်က စည်းမျဥ်းစည်းကမ်းကိုချိုးဖောက်ချင်သည်ဆိုလျှင် သူက ပိုမိုကြီးမားသောအန္တရာယ်ကိုလည်း စွန့်စားရပေလိမ့်မည်။

“ပြဿနာမရှိပါဘူး”

ဆူဇီမိုကပြောလိုက်၏။

“သူရူးသွားပြီလား... သူက အဲ့ဒါကိုတောင် သဘောတူလိုက်သေးတယ်”

“သူက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲရဲ့ သွေးလွှမ်းတိုက်ပွဲတွေကို မကြုံဖူးသေးလို့ အဲ့ဒါက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ မသိသေးတာဖြစ်မယ်... သူကသူ့နေရာသူ တကယ်ကိုမသိတဲ့သူပဲ”

ကောင်းကင်ချောက်နက်နှင့် ယန်လောရှုတို့ကလည်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူတို့နှစ်ယောက်သည် အဲ့ဒါကိုစောစောက သဘောတူလက်ခံခဲ့သည့် နောက်ထပ်အကြောင်းရင်းမှ ဆူဇီမိုသည်နောက်သို့ဆုတ်ပြီး နောက်တစ်ခေါက်မှပြန်လာဖို့ မျှော်လင့်ထားသောကြောင့်ဖြစ်၏။

ယခု... ဆူဇီမိုက အဲ့ဒါကိုတွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်လေသည်။

“ဟုတ်ပြီလေ”

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကိုပိတ်ပြီး ကျယ်လောင်စွာ ချီးကျူးလိုက်၏။

“သတ္တိကောင်းသားပဲ... ငါတော့သဘောကျတယ်”

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းကလည်း စိတ်ဝင်စားသည့်ပုံပေါ်လာ၏။

ယခုအချိန်မှာ သူသည် တောင်ကြားထဲမှလူများကို နှစ်ဝက်ကျော်ကြာအောင်ကြည့်နေခဲ့ရပြီး ငြီးငွေ့လာခဲ့ပြီဖြစ်၏။

ယခု... သေမှာမကြောက်သောလူတစ်ယောက်က ပေါ်ထွက်လာခဲ့ပြီး သူ့ကိုတောင်ကြားထဲသို့ ပစ်ထည့်လိုက်မည်ဆိုလျှင် မည်သို့သောဝဲဂယက်များပေါ်ထွက်လာမလဲ မသိနိုင်ပေ။

ထိုအခိုက်အတန့်မှာ အဲ့ဒါကိုမည်သူကမှ နားမလည်ကြသေးပေ။

ဆူဇီမိုကို တောင်ကြားထဲသို့ပစ်ထည့်လိုက်ခြင်းက ဝဲဂယက်များကိုမဟုတ်ဘဲ ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကို ပေါ်ထွက်လာစေပေလိမ့်မည်။

ဤကိစ္စ၏ နောက်ပိုင်းအကျိုးဆက်သက်ရောက်မှုများက အရမ်းကိုကြီးမားပြီး လူတိုင်းမျှော်လင့်ထားသည်ထက် များစွာကျော်လွန်သွားပေလိမ့်မည်။

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက မတ်တတ်ထရပ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“မင်းအဆင်သင့်ဖြစ်ပြီဆိုရင်... ငါမင်းကို တောင်ကြားထဲကိုပို့ပေးတော့မယ်”

“ကျေးဇူးတင်ပါတယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက သူ၏ အင်္ကျီလက်စနှစ်ဖက်ကိုဝေ့ယမ်းပြီး သိပ်သည်းပြင်းထန်သော အမြုတေချီတစ်ခုက ဆူဇီမိုကို ရစ်ပတ်သွားပြီး သူ့ကို ဝဲဂယက်များ ဖြစ်ပေါ်နေသည့် ရေပြင်အကာအရံအလွှာပေါ်ရှိ နေရာတစ်ခုပေါ်သို့ လျင်မြန်စွာခေါ်ဆောင်သွား၏။

“ဟမ်...”

ကောင်းကင်ချောက်နက်နှင့် ယန်လောရှုက ထိုသည်ကိုတွေ့မြင်သောအခါ မျက်မှောင်ကြုတ်ပြီး ဘေးမှာရှိသော ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းကို စိုက်ကြည့်လိုက်၏။

အခြားသူများက အဲ့ဒါကို ပြောနိုင်ချင်မှ ပြောနိုင်ပေလိမ့်မည်။ သို့သော်လည်း ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းသည် ဆူဇီမိုကို ဤနေရာသို့ ဆင်းသက်စေဖို့ ရွေးချယ်လိုက်ခြင်းမှာ ကောင်းမွန်သောရည်ရွယ်ချက်နှင့်မဟုတ်ကြောင်း သူတို့နှစ်ယောက်က ပြောနိုင်လေသည်။

ယန်လောရှုက လှောင်ရယ်လိုက်၏။

“တောင်ထွတ်စိမ်း... မင်းရဲ့ လှုပ်ရှားမှုနဲ့ သူ့ကိုတိုက်ရိုက်သတ်ဖြတ်တာကြားမှာ ဘာများကွာခြားမှုရှိလို့လဲ”

“ဟားဟား”

တောင်ထွတ်စိမ်းက ရယ်မောလိုက်၏။

“အဲ့လိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ... ဒီကောင်လေးက ဒီလောက်ထိသတ္တိရှိနေတယ်ဆိုတော့... သူ့မှာတခြားသူတွေထက်သာလွန်တဲ့ အရည်အချင်းတချို့ သေချာပေါက်ရှိမှာပေါ့”

“အဲ့ဒါဆိုရင် ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းသွားမယ်”

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို ဝေ့ယမ်း​ပြီး အပြုံးတစ်ခုနှင့်အတူပြောလိုက်၏။

ရစ်ခွေနဂါးတောင်ကြောရိုးပေါ်မှကျင့်ကြံသူများသည် ဆူဇီမိုဆင်းသက်ရာနေရာကိုကြည့်ပြီး ဖြစ်ပျက်နေသည့်အရာကို တဖြည်းဖြည်းနားလည်သဘောပေါက်လာ၏

“အဲ့ဒီလူက ဘယ်နေရာကိုရောက်သွားမှာလဲ”

“အဲ့ဒီလူက ဘယ်လောက်ကြာကြာရှင်သန်နိုင်မလဲဆိုတာ သူဆင်းသက်ရမယ့်နေရာက အဓိကကျတယ်... သူက လူသူအရောက်အပေါက်နဲတဲ့နေရာတစ်ခုကို ရောက်ရှိသွားမယ်ဆိုရင်သူက ရက်နည်းနည်းလောက် တောင့်ခံနိုင်ကောင်းတောင့်ခံနိုင်လိမ့်မယ်.... သူက ရက်စက်ကြမ်းတမ်းတဲ့လူတစ်ယောက်ဘေးကို ရောက်သွားမယ်ဆိုရင်တော့... ဟီးဟီး”

“ကြည့်စမ်း... ကြည့်ရတာ သူဆင်းသက်သွားတဲ့နေရာက...”

“အာ... သူကလူအုပ်ကြားထဲကို ရောက်သွားတော့မှာပဲ”

တောင်ကြောရိုးပေါ်မှ ကျင့်ကြံသူများက အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

“အဲ့ဒါက လေ့ဖုန်နဲ့ တခြားသူတွေပဲ”

“သူတို့က တောင်ကြားထဲမှာ လူတစ်ရာကျော်ပါတဲ့ တစ်ခုတည်းသောအဖွဲ့... ဟုတ်တယ်မလား”

“ဟုတ်လိမ့်မယ်... တခြားအဖွဲ့တွေမှာ လူဆယ်ယောက်ထက်ပိုမကျန်တော့ဘူး”

“အဲ့ဒီလူကတော့... သွားရှာပြီ”

“သူက... လေ့ဖုန်တို့အုပ်စုကြားကို ကျဆင်းသွားမယ်ဆိုရင် ထွက်ပြေးလွတ်မြောက်ဖို့အခွင့်အရေးတစ်ခုတောင်ရမှာ မဟုတ်တော့ဘူး”

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲက ကြာမြင့်လာသည်နှင့် တောင်ကြားထဲမှာ ကျန်ရှိနေသော ကျင့်ကြံသူများသည် အခြားသူများနှင့် ပူးပေါင်းပြီး နောက်ဆုံးအချိန်ထိ တောင့်ခံဖို့အတွက် အုပ်စုများဖွဲ့လာကြ၏။

ဤအုပ်စုသည် ယခုအချိန်ထိတောင့်ခံနိုင်နေသည်မှာ သူတို့၏ ခေါင်းဆောင် လေ့ဖုန်က သန်မာသည့်အပြင် သူတို့က လိမ္မာပါးနပ်သောကြောင့်ဖြစ်၏။

သူတို့သည် မင်းသမီးသက်တံနီနှင့် မင်းသားယွင်လေကဲ့သို့ အစစ်အမှန်ထိပ်သီးပညာရှင်များနှင့် ကြုံတွေ့ရသည့်အခါ သူတို့ကအရေအတွက်အားသာချက်ရှိသည်ဆိုလျှင်တောင် တိုက်ပွဲကိုရှောင်လွှဲပေလိမ့်မည်။

လေ့ဖုန်၏ ဦးဆောင်မှုအောက်မှာ သူတို့အုပ်စုသည် သူတို့အနိုင်ရဖို့သေချာသည့် ကျင့်ကြံသူများကိုသာ ရှာဖွေအမဲလိုက်တတ်ကြလေသည်။

ကောင်းကောင်းမသန်မာသည့် တစ်ကိုယ်တော်ကျင့်ကြံသူတချို့သည် လေ့ဖုန်တို့အုပ်စု၏ အညှာအတာမဲ့စွာဝါးမျိုခြင်းကို ခံရပေလိမ့်မည်။

တောင်ကြောရိုးပေါ်မှာစောင့်ကြည့်နေသော ကျင့်ကြံသူများသည် လေ့ဖုန်က မြေခွေးတစ်ကောင်ကဲ့သို့ စဉ်းလဲပြီး ဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သည်ဟု ပြောဆိုကြလေသည်။

ဆူဇီမိုသည် အဆင့်-၆ ကမ္ဘာ​မြေအင်မော်တယ်တစ်ယောက်သာဖြစ်၏။ သူက ဤအုပ်စုကြားထဲသို့ ရောက်ရှိသွားမည်ဆိုလျှင် သူ၏ ရလဒ်ကို စဥ်းစားကြည့်နိုင်၏။

ရစ်ခွေနဂါးတောင်ကြားထဲတွင်...။

လေ့ဖုန်ဦးဆောင်သော ကျင့်ကြံသူတစ်ရာကျော်ကျော်က တောင်ထွတ်တစ်ခုပေါ်မှာအနားယူနေကြ၏။

ဤနေရာကနေဆိုလျှင် သူတို့သည် အဝေးကိုမြင်နိုင်ပြီး ဘက်ပေါင်းစုံမှ ပြူမူလှုပ်ရှားမှုမှန်သမျှကို ထောက်လှမ်းကြည့်နိုင်လေသည်။ သူတို့က သူတို့ဆန့်ကျင်ဖို့မတတ်နိုင်သည့် သန်မာသော ရန်သူများနှင့် ကြုံတွေ့ရမည်ဆိုလျှင် သူတို့ကအချိန်မရွေး နောက်ဆုတ်နိုင်၏။

ထိုစဥ်မှာပင် ကောင်းကင်ထက်ရှိ ရေပြင်အကာအရံအလွှာက လှုပ်ခါသွား၏။

ထို့နောက်ချက်ချင်းပင် အပြာဖျော့​ဖျော့ ပုံရိပ်တစ်ခုက ကောင်းကင်ထက်ကနေ လျင်မြန်စွာဆင်းသက်လာ၏။

“ဟမ့်...”

“တခြားတစ်ယောက်ယောက်က ဒီကိုရောက်လာတာပဲ”

တောင်ထွတ်ပေါ်မှာ ဖြန့်ကြက်နေရာယူထားသော ကျင့်ကြံသူများက မော့ကြည့်လိုက်ကြ၏။

လေ့ဖုန်ကလည်း သူ၏ မျက်လုံးကိုမှေးကျဥ်းပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ထိုလူကိုစစ်ဆေးကြည့်လိုက်၏။

အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်။

“ဟီးဟီး...”

လေ့ဖုန်က သွားဖြဲ၍အော်ပြောလိုက်၏။

“ညီကိုတို့... အဲ့ဒါကလတ်ဆတ်တဲ့အသားပဲ”

ဆူဇီမိုမှာ ရစ်ခွေနဂါးတံဆိပ်ပြားတစ်ခုပါလာခဲ့ခြင်းမရှိသည်ကို တောင်ကြားထဲရှိ ကျင့်ကြံသူများက မသိရှိကြပေ။

ဤကျင့်ကြံသူက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်သည်ကို လေ့ဖုန်တို့အုပ်စု တွေ့မြင်ရသောအခါ သူတို့က သူ့ကိုအလွတ်ပေးတော့မည်မဟုတ်ပေ။

ကျင့်ကြံသူများစွာက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လာပြီး ဆူဇီမိုကိုအရှင်လတ်လတ်အရေခွံစုတ်ချင်နေသည့်အလား ကြမ်းကြုတ်ခက်ထန်သောအကြည့်များနှင့်အတူ လေထဲမှပုံရိပ်ကိုကြည့်နေကြ၏။

လေထဲကနေဆူဇီမိုသည် ငုံ့ကြည့်ပြီး လေ့ဖုန်နှင့် အခြားသူများကို တွေ့မြင်လိုက်ရ၏။

သို့သော်လည်း ရေပြင်အကာအရံအလွှာကနေ ဖြတ်ကျော်လာပြီးနောက် သူ့ကို အပြာဖျော့ဖျော့ အကာအရံအလွှာတစ်ခုက လွှမ်းခြုံထားလေသည်။ သူက သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ တောင်ထွတ်ပေါ်သို့ ဆင်းသက်လာခဲ့လေသည်။

သူက ဝံပုလွေများကြားသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဆူဇီမိုက မြေပြင်ပေါ်သို့ ရော​က်ရှိလာသည့်ခဏမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပြာ​ဖျော့​ဖျော့ အကာအရံအလွှာက တိတ်တဆိတ်ပျက်ပြယ်သွားလေသည်။

တိုက်ပွဲက ဖြစ်ပေါ်လာတော့မည့်ဆဲဆဲပင်။

All Chapters