ကြောင်နှင့်ကြွက်လား
Vol. 141 Ch. 2111
“ဘုရားရေ.. အဲ့ဒီလူရဲ့ လှုပ်ရှားမှုနည်းစနစ်က အရမ်းကိုမြန်တာပဲ”
“သူက... ဒီလိုနဲ့ပဲ ထွက်ပြေးလွတ်မြောက်သွားပြီလား”
“အဲ့လောက်တော့မလွယ်ဘူး... ဒီလောက်များတဲ့ နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေကိုထုတ်ဖော်ပြီးတဲ့နောက် သူသုံးစွဲရတဲ့ခွန်အားက အရမ်းကိုကြီးမားတယ်... သူတို့က သူ့ကိုဆက်ပြီး အမဲလိုက်နေမယ်ဆိုရင် သူကသူ့ရဲ့အမြုတေချီ ကုန်ခန်းသွားတာနဲ့ သေချာပေါက်သေရလိမ့်မယ်”
ဤတစ်ခေါက်မှာတော့ ရစ်ခွေနဂါးတောင်ကြောရိုးပေါ်မှာ သန်းပေါင်းများစွာသော ကျင့်ကြံသူများသည် တောင်ကြားထဲမှ ထိုမြင်ကွင်းအပေါ် စိတ်အာရုံရောက်ရှိသွားကြ၏။
အားနည်းသည့်သူကို စာနာထောက်ထားသည့်အနေဖြင့် ကျင့်ကြံသူများစွာက ဆူဇီမိုအတွက် တိတ်တဆိတ်စိုးရိမ်ပူပန်နေကြ၏။
လေထဲမှာ ကောင်းကင်ချောက်နက်က ခေါင်းခါလိုက်၏။
“ဒီတိုင်းဆက်သွားလို့ မဖြစ်ဘူး... အဲ့ဒီနေရာက တောအုပ်တွေ ချုံတောတွေနဲ့ ပြည့်နှက်နေတာ သူက သူ့ရဲ့အလျင်အဟုန်ကို ကောင်းကောင်းထုတ်ဖော်လို့ရမှာ မဟုတ်တော့ဘူး... အဲ့ဒီအချိန်ကျရင် သူက လေ့ဖုန်နဲ့တခြားသူတွေရဲ့ လိုက်လံဖမ်းဆီးမှုက ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”
တောင်ကြားထဲမှာရှိနေသော ဆူဇီမိုက တောင်ခြေမှာလှည့်ပတ်ပြေးလွှားပြီးနောက် ရုတ်တရက်အသွင်ပြောင်းလဲသွား၏။
သူက သေးငယ်သောပုရွက်ဆိတ်တစ်ကောင်အဖြစ်ကျုံ့ဝင်သွားပြီး ကျောက်သားအက်ကွဲကြောင်းများထဲမှာ ဖြည်းဖြည်းချင်း တွားသွားနေ၏။
“အသွင်ပြောင်းလဲခြင်း ၇၂ မျိုးလား”
ယန်လောရှုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်၏။
ဤရွေးချယ်မှုက အနည်းငယ်အန္တရာယ်များလေသည်။
သူသည် အသွင်ပြောင်းလဲခြင်း ၇၂ မျိုးကိုအသုံးပြုပြီး ဒေသပေါက်ပင်များ သို့မဟုတ် အင်းဆက်များအဖြစ် အသွင်ပြောင်းလဲလိုက်မည်ဆိုလျှင် သူသည် သူ၏ ခြေရာလက်ရာကို ဖျောက်နိုင်မည်ဖြစ်၏။
သို့သော်လည်း သူသည် သူ၏ ယခင်ရုန်းကန်ပေါက်ကွဲအား အလျင်အဟုန်ကို ဆုံးရှုံးသွားရတော့မည်လည်းဖြစ်၏။
ပုရွက်ဆိတ်တစ်ကောင်အဖြစ်အသွင်ပြောင်းလဲပြီးနောက် ဆူဇီမိုသည် အခြားသောပုရွက်ဆိတ်များကဲ့သို့ မြေပြင်ပေါ်မှာ တွားသွားနေရ၏။
သူ့ကိုရှာဖွေဖော်ထုတ်ခံရသည်နှင့် အဲ့ဒီမှာထွက်ပေါက်မရှိတော့ဘဲ သူကနောက်တစ်ဖန် အန္တရာယ်ကျရောက်သွားလိမ့်မည်ဟု အဓိပ္ပါယ်ရလေသည်။
သိပ်မကြာခင် လေ့ဖုန်နှင့်အခြားသူများက ဤနေရာသို့ရောက်ရှိလာသော်လည်း သူတို့က ဆူဇီမိုကို လုံးဝမျက်ခြည်ပြတ်သွားပြီဆိုတာကို နားလည်သဘောပေါက်လိုက်၏။
“ဘာဖြစ်သွားတာလဲ”
လူတစ်ယောက်ကမေးလိုက်၏။
လေ့ဖုန်က မျက်မှောင်ကြုတ်ပြီး တည်တံ့စွာပြောလိုက်၏။
“သူကဒီလောက်ထိမြန်မြန်ဆန်ဆန်ထွက်ပြေးလွတ်မြောက်သွားနိုင်စရာ အကြောင်းမရှိဘူး... သေသေချာချာသတိထားပြီး ရှာကြ... သူက ဒီနားမှာပဲပုန်းရင်ပုန်းနေမှာ”
လူတိုင်းသည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ခပ်မြန်မြန်ထုတ်ဖော်ပြီး အနီးနားဝန်းကျင်ကို စေ့စေ့စပ်စပ်စစ်ဆေးကြည့်ကာ ငှက်များ၊ တောကောင်များ၊ ဒေသပေါက်ပင်များနှင့် အင်းစက်များကိုပင် အလွတ်မပေးပေ။
သို့သော်လည်း ဆူဇီမို၏ တည်နေရာကို မည်သူကမှ ရှာမတွေ့ကြပေ။
ဤအချိန်အတောအတွင်းမှာ ကျင့်ကြံသူများ၏ စိတ်ဝိညာဥ်အသိစိတ်များသည် ဆူဇီမိုအသွင်ပြောင်းလဲထားသော ပုရွက်ဆိတ်ပေါ်သို့ ဖြတ်သန်းသွားသော်လည်း သူတို့သည် ထူးခြားမှုတစ်စုံတစ်ရာကို သတိမထားမိကြပေ။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ဆူဇီမိုသည် အဆင့်မြင့်နတ်ဘုရားစွမ်းအား အသွင်ပြောင်းလဲခြင်း ၇၂ မျိုးကို အသုံးပြုမည်ဆိုလျှင် သူသည် ပုရွက်ဆိတ်တစ်ကောင်အဖြစ်အသွင်ပြောင်းလဲနိုင်သော်လည်း သူသည် နတ်ဘုရားစွမ်းအားများနှင့် အော်ရာတစ်စွန်းတစ်စနှင့်အတူ ဟာကွက်တစ်ခုကို သေချာပေါက် ထုတ်ဖော်မိပေလိမ့်မည်။
သို့သော်လည်း ယခုအချိန်မှာ ဆူဇီမိုသည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို အသုံးပြုထားခြင်းဖြစ်၏။
သူ၏ အသွင်ပြောင်းလဲခြင်းက တစ်လောကလုံးကနေ ပုန်းကွယ်နိုင်လေသည်။
အတန်ကြာအောင်ကြန့်ကြာနေပြီးနောက် ကျင့်ကြံသူတစ်ရာကျော်က သူတို့ကိုလိုက်မီလာသော်လည်း လေ့ဖုန်နှင့်အခြားသူများက ဆူဇီမိုကိုရှာမတွေ့နိုင်ကြပေ။
“ခေါင်းဆောင်လေ့ဖုန်... အဲ့ဒီလူက အဝေးကိုထွက်ပြေးသွားပြီထင်တယ်”
လူတစ်ယောက်ကပြောလိုက်၏။
လေ့ဖုန်က မကျေမနပ်နှင့်ပြောဆိုလိုက်၏။
“အဲ့ဒီကောင်လေးက ဘယ်ကနေရောက်လာတာလဲ... ငါ နဲနဲသတိပေါ့လျော့သွားတယ်... ငါတို့ပြန်တွေ့မယ်ဆိုရင် ငါသူ့ကိုသေချာပေါက်အလွတ်ပေးမှာ မဟုတ်တော့ဘူး”
“ကျုပ်တို့အခုဘာလုပ်ကြမလဲ”
နောက်ထပ်လူတစ်ယောက်ကပြောလိုက်၏။
“ငါတို့ဒီနေရာကနေ အရင်ဆုံးထွက်ကြတာပေါ့”
အဝေးတစ်နေရာကိုငေးကြည့်ပြီး လေ့ဖုန်က စိုးရိမ်ပူပန်နေပုံရကာ လက်ကာပြပြီး ကျင့်ကြံသူတစ်ရာကျော်ကျော်နှင့်အတူ ထွက်ခွာသွား၏။
သိပ်မကြာခင် တောအုပ်ကပုံမှန်အတိုင်းပြန်ဖြစ်သွား၏။
ရစ်ခွေနဂါးတောင်ကြောရိုးတွင်...။
သန်းပေါင်းများစွာသော ကျင့်ကြံသူများက ကြောင်အ,မှင်တက်နေသော အမူအရာများဖြင့် အရာရာတိုင်းကိုငေးကြည့်နေကြ၏။
လေ့ဖုန်နှင့် အခြားသူများသည် စောစောက ရှာဖွေခဲ့စဥ်က ဆူဇီမိုအသွင်ပြောင်းလဲထားသော ပုရွက်ဆိတ်သည် လေ့ဖုန်နှင့် အခြားသူများ၏ မလှမ်းမကမ်းမှာရှိနေခဲ့သည်ကို ရေပြင်အကာအရံအလွှာကနေတစ်ဆင့် လူတိုင်းက ရှင်းရှင်းလင်းလင်းတွေ့မြင်နေရ၏။
သို့သော်လည်း နှစ်ဘက်စလုံးက ဤကဲ့သို့ပင် လွဲချော်သွားကြ၏။
ကျင့်ကြံသူများစွာက စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
ဤရလဒ်သည် တောင်ကြောရိုးပေါ်မှ ကျင့်ကြံသူများ၏ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားရုံသာမက လေထဲရှိ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများပင်လျှင် အံ့အားသင့်သွားကြ၏။
ဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်ခြင်း၊ သတ်ဖြတ်ခြင်းအန္တရာယ်ကိုရှောင်လွှဲခြင်း၊ ခြုံခိုသတ်ဖြတ်ဖို့ချောင်းမြောင်းနေသည့် လုပ်ကြံသူကို လက်ဦးမှုရယူကာ တိုက်ခိုက်ခဲ့ခြင်း၊ ရစ်ခွေနဂါးတံဆိပ်ပြားကိုရရှိသွားခြင်း၊ နောက်ဆုံးလူတိုင်းထံကနေ ပုန်းကွယ်နိုင်ခဲ့ခြင်း...။
သူ၏ ပြုမူလှုပ်ရှားမှုများသည် ဤနေရာအရောက်မှာ တကယ့်ကိုအံ့ဖွယ်သရဲဖြစ်သည်ဟု ခံစားရလေသည်။
သေရတော့မည့်ဆဲဆဲ ထိုလူက မသေရုံသာမက သူသည်ရစ်ခွေနဂါးတံဆိပ်ပြားတစ်ခုကိုပင် ရရှိသွား၏။
သူသည် သတိရှိနေသည့်နှင့်အမျှ သူက တောင်ကြားထဲကနေ အနည်းဆုံး အသက်ရှင်လျက်ထွက်ခွာနိုင်တော့မည်ဟု အဓိပ္ပာယ်ရလေသည်။
“မဆိုးဘူးပဲ”
ကောင်းကင်ချောက်နက်က မသိမသာခေါင်းညိတ်လိုက်၏။
ကောင်းကင်ချောက်နက်က စကားများစွာမပြောဆိုသော်လည်း ဤကဲ့သို့သောချီးကျူးမှုတစ်ခုကို ထုတ်ဖော်ပြောဆိုလာသည်မှာ ရှားရှားပါးပါး ဖြစ်နေခဲ့လေပြီ။
ယန်လောရှုကလည်း ခေါင်းညိတ်လိုက်၏။
“တခြားအရာတွေကိုအသာထား... သူ့ရဲ့တုံ့ပြန်နိုင်မှုနဲ့ အကဲဖြတ်နိုင်စွမ်းကတင် ဒီကောင်လေးရဲ့ပါရမီအရည်အချင်းက တခြားသူတွေထက် သာလွန်ထူးခြားတယ်ဆိုတာ ပြောဖို့လုံလောက်တယ်”
ဆူဇီမိုပြသခဲ့သောနည်းလမ်းများသည် ရေခဲတောင်၏ ထိပ်ဖျားမျှသာဖြစ်သည်ဆိုတာကို တောင်ကြားအပြင်ဘက်ရှိ မည်သူကမှ မသိကြပေ။
ပြောရမည်ဆိုလျှင်အဲ့ဒါကို ရေခဲတောင်၏ ထိပ်ဖျားဟုပင် မဆိုနိုင်သေးပေ။
“ဘယ်လောက်နှမြောဖို့ကောင်းလိုက်သလဲ”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ ခေါင်းကိုခါပြီး ရယ်မောလိုက်၏။
“အဲ့ဒီလူက ရှင်းလင်းခံရဦးမှာပဲ”
“ဘာလို့လဲ”
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက မေးလိုက်၏။
“ကြည့်လေ... အဲ့ဒါဘယ်သူလဲလို့”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က ရေပြင်အကာအရံအလွှာပေါ်မှာ ဆူဇီမိုနှင့် မလှမ်းမကမ်းမှ ပုံရိပ်တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။
လူတိုင်းက လှမ်းကြည့်လိုက်ပြီး အဲ့ဒါက အနီရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုဆိုတာကို တွေ့မြင်လိုက်ရ၏။
သူမက အနီရောင်တိမ်ဖိနပ်ကိုစီးထားပြီး ဓားပျံတစ်လက်ပေါ်ကနေ စီးနင်းလာခဲ့လေသည်။ သူမ၏ ဦးခေါင်းနောက်မှာ စည်းထားသောဆံပင်များက တဖျတ်ဖျတ်လွင့်နေ၏။
အဲ့ဒါသည် ဤတစ်ခေါက် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ အသန်မာဆုံးကမ္ဘာမြေအင်မော်တယ်များထဲမှတစ်ယောက်.. မင်းသမီးသက်တံနီဖြစ်လေသည်။
ယန်လောရှုက သနားဂရုဏာသက်သောအကြည့်တစ်ခုနှင့်အတူ သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။
“အဲ့ဒီသူက ကံတော်တော်ဆိုးတာပဲ... သူက ဟိုဝံပုလွေတွေရဲ့ပိတ်ဆို့မှုကနေ ဖောက်ထွက်လာနိုင်တဲ့အချိန်မှာပဲ သူကအခု သက်တံနီရဲ့ပစ်မှတ်ထားခြင်းခံနေရပြီ”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်ကပြောလိုက်၏။
“နှစ်ဝက်ကျော်ကြာအောင် စောင့်ကြည့်ပြီးတဲ့နောက် ကျန်ရှိနေတဲ့ ကမ္ဘာမြေအင်မော်တယ်တွေကြားမှာ မင်းသမီးသက်တံနီက လှုပ်ရှားမှုနည်းစနစ်မှာ နံပါတ်တစ်ပဲ”
“အဲ့ဒီလူက ဘယ်လောက်ပဲမြန်မြန် သူက မင်းသမီးသက်တံနီနဲ့ ယှဥ်နိုင်မှာ မဟုတ်ဘူး... ငါတို့က ကြောင်နဲ့ကြွက်ရဲ့ပြပွဲကောင်းကို မကြာခင်တွေ့မြင်ရတော့မယ်”
ရစ်ခွေနဂါးတောင်ကြားတွင်။
လေ့ဖုန်နှင့် အခြားသူများထွက်ခွာသွားပြီး အတန်ကြာသောအခါ ဆူဇီမိုအသွင်ပြောင်းလဲထားသော ပုရွက်ဆိတ်က သူ၏ လူသားသွင်ပြင်သို့ ပြန်လည်ပြောင်းလဲလိုက်ပြီဖြစ်ပြီး မမာမကျန်းပုံစံနှင့် လူငယ်တစ်ယောက်၏ ပုံစံသွင်ပြင်က ပေါ်ထွက်လာ၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး အခြားအရပ်တစ်ဘက်ကို လှမ်းကြည့်လိုက်၏။
အနီရောင်အလင်းတစ်ခုက အခြားတစ်ဘက်ကနေ ပျံသန်းလာပြီး တစ်ခဏချင်းမှာပင် သူ၏ရှေ့သို့ရောက်ရှိလာ၏။
အဲ့ဒါက လေထဲမှာရပ်တန့်သွားပြီး ဆူဇီမိုကိုငုံ့ကြည့်နေ၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
စောစောကအနီးနားဝန်းကျင်မှာ တစ်စုံတစ်ယောက်က သူ့ကထောက်လှမ်းကြည့်ရှုနေသည်ကို သူက အာရုံခံမိခဲ့၏။
အဲ့ဒါက လူတစ်ယောက်တည်းသာဖြစ်သောကြောင့် သူကအရေးလုပ်မနေဘဲ ထိုလူ၏ ရစ်ခွေနဂါးတံဆိပ်ပြားကိုလုယူဖို့ပင် ပြင်ထားခဲ့၏။
သို့သော်လည်း ဤလူသည် တောင်ကြားထဲရှိ အသန်မာဆုံး ကမ္ဘာမြေအင်မော်တယ်များထဲမှတစ်ယောက် မင်းသမီးသက်တံနီဖြစ်နေလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
မင်းသမီးသက်တံနီက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်၏။ သူမက ယွင်ထင်နှင့်မယှဥ်နိုင်ဘူးဆိုလျှင်တောင် သူမ၏ ပါရမီအရည်အချင်းနှင့်တိုက်ခိုက်ရည်ခွန်အားက တကယ့်ကိုမဆိုးလှပေ။
ဒါ့အပြင် သူတို့ကြားမှာ ကျင့်ကြံမှုနယ်ပယ်သုံးခုကွာဟချက်ရှိနေ၏။ သူတို့က တိုက်ခိုက်ကြမည်ဆိုလျှင် အဲ့ဒါက ဒုက္ခများပြီး သူက သူ၏ ဝှက်ဖဲများစွာကို ထုတ်ဖော်ရပေလိမ့်မည်။
“ဟင်းဟင်း...”
ဆူဇီမိုက စဥ်းစားတွေးတောနေစဥ်မှာပင် မင်းသမီးသက်တံနီက ရုတ်တရက်ရယ်မောလိုက်၏။
“နင်က တော်တော်ရဲတင်းတာပဲ... အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပြိုင်ရဲတယ်ပေါ့လေ... နင်က ကပ်ဘေးကိုရှောင်လွှဲဖို့အတွက် ပိုးမွှားတစ်ကောင်အဖြစ်တောင် အသွင်ပြောင်းလဲလိုက်သေးတယ်”
မင်းသမီးသက်တံနီက စောစောကအရာရာတိုင်းကိုတွေ့မြင်ခဲ့ရ၏။
လေ့ဖုန်နှင့် အခြားသူများက ထွက်ခွာသွားသည်မှာ သူတို့က သူမ၏ တည်ရှိမှုကို အာရုံခံမိသွားသောကြောင့်ဖြစ်၏။
“နင့်ရဲ့ရစ်ခွေနဂါးတံဆိပ်ပြားကို ငါ့ကိုထုတ်ပေး... ငါနင့်ကိုထိခိုက်အောင်မလုပ်ဘူး”
မင်းသမီးသက်တံနီက ရယ်မောလိုက်၏။
“နင့်ကြည့်ရတာ မမာမကျန်းပုံနဲ့... ငါသာမန်ကာလျှံကာတိုက်ခိုက်ရင်တောင် နင်သေသွားလိမ့်မယ်”
ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့် လက်သီးနှစ်ဖက်ကိုယှက်လိုက်၏။
“မလိုက်လျောနိုင်တဲ့အတွက် ကျုပ်ကိုခွင့်လွှတ်ပေးပါ”
ထိုသို့ပြောရင်း ဆူဇီမိုက အချိန်ဖြုန်းမနေတော့ဘဲ လှည့်ထွက်ပြေးကာ ကန့်သတ်မဲ့ရွှေအလင်း၊ ကောင်းကင်ဘုံခြေလှမ်း၊ ဆန်းကြယ်တောင်ပံများ၊ မိုးကြိုးလေပြေတောင်ပံများနှင့် အခြားသောနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်၏။
သူ၏ အလျင်အဟုန်ကို ၎င်း၏ အကန့်အသတ်ထိ ချက်ချင်းပင်တွန်းတင်လိုက်၏။
“ဟီးဟီး...”
မင်းသမီးသက်တံနီက ရယ်မောလိုက်၏။
“စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ နင်က ငါနဲ့အမြန်နှုန်းချင်းယှဥ်ပြိုင်ချင်တယ်ပေါ့လေ... နင်ငါ့လက်ကနေလွတ်သွားရင် ငါကတော်တော်အသုံးမကျဖြစ်သွားမှာပေါ့”
ထိုသို့ပြောရင်း မင်းသမီးသက်တံနီက သူမ၏ ဓားပျံကိုစီးနင်းပြီး သွေးနီရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ဆူဇီမိုနောက်သို့ ပြေးလိုက်သွား၏။
မင်းသမီးသက်တံနီမှာ လုံလောက်သည့် ရစ်ခွေနဂါးတံဆိပ်ပြားများရှိနေခဲ့ပြီဖြစ်၏။ တောင်ကြားထဲမှာ နှစ်ဝက်ကျော်ကြာအောင် အချိန်ဖြုန်းပြီးနောက် သူမက သတ်ဖြတ်ရသည်ကိုငြီးငွေ့နေခဲ့ပြီဖြစ်၏။
ယခု... ဘာမဟုတ်သည့် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က လှုပ်ရှားမှုနည်းစနစ်မှာ သူမနှင့် ယှဥ်ပြိုင်ချင်လာသောအခါ သူမသည် အဲ့ဒါက အရမ်းကိုစိတ်ဝင်စားဖို့ကောင်းသည်ဟုခံစားရလေသည်။
မင်းသမီးသက်တံနီ၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးညွှတ်သွားပြီး အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
သူမ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုစိတ်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး ဤအဆင့်-၆ ကမ္ဘာမြေအင်မော်တယ်နှင့် ဆော့ကစားကာ ပျော်စရာရှာဖို့ဆုံးဖြတ်လိုက်၏။