← Chapters

အခြေအနေအပြောင်းအလဲ

Vol. 141 Ch. 2115

အခြေအနေအပြောင်းအလဲ

Vol. 141 Ch. 2115

ရစ်ခွေနဂါးတောင်ကြောရိုးတွင်...။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ တောင်ကြားထဲမှာကျန်ရှိနေသော ကျင့်ကြံသူအရေအတွက်က လျော့ကျလာခဲ့၏။

မထင်မှတ်ထားစွာပင် မကြာခင်ရှင်းလင်းဖယ်ထုတ်ခံရမည်ဟု မှတ်ယူထားသည့် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်က ထွက်ခွာမလာသေးပေ။

ဆန့်ကျင်ဘ​က်အနေဖြင့် မမာမကျန်းဖြစ်နေပုံရသော ဤလူငယ်သည် တောင်ကြားထဲသို့ ရောက်ရှိလာသောအခါ ရုတ်တရက်စွမ်းအင်ပြည့်ဝလာပုံရ၏။

သူကလုံးဝရပ်နားခြင်းမရှိဘဲ လှည့်ပတ်လျှောက်သွားနေ၏။

တောင်ကြားထဲတွင် သူဝင်ရောက်လာသည့် ပထမဆုံးနေ့မှာ ထိုလူသည် လေ့ဖုန်နှင့်အခြားသူများ၏ ဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်လာခဲ့၏။ ဒါ့အပြင် သူသည် မင်းသမီးသက်တံနီ၏ လိုက်လံဖမ်းဆီးမှုကနေလည်း လွတ်မြောက်နိုင်ခဲ့၏။

ထို့နောက် သူသည် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကိုအနိုင်ယူပြီး ရစ်ခွေနဂါးတံဆိပ်ပြားတချို့ကို ရလာခဲ့၏။

တတိယမြောက်နေ့မှာ ထိုလူသည် နောက်ထပ် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နှင့် ကြုံတွေ့ပြီး သူ၏ နည်းလမ်းများက ရိုးရှင်းနေဆဲဖြစ်၏။

သူက သူ့လှုပ်ရှားမှုနည်းစနစ်၏ အလျင်အဟုန်ကိုအသုံးလျကာ တစ်ဘက်လူကို အငိုက်ဖမ်းတိုက်ခိုက်ပြီး ရစ်ခွေနဂါးတံဆိပ်ပြားဆယ်ခုကျော်ကို ရရှိလာခဲ့၏။

နောက်ပိုင်းအချိန်များထိ လူငယ်သည် အဆင့်-၈ သို့မဟုတ် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များနှင့် ကြုံတွေ့ရသောအခါ သူက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်ပြေးတတ်၏။

ဤတောင်ကြားထဲမှာ အခြားသူများကို မပြောနှင့် မင်းသမီးသက်တံနီပင်လျှင် သူ့ကိုလိုက်မမီနိုင်ခဲ့ပေ။ သူတို့က သူထွက်ခွာသွားသည်ကို တစ်ကြိမ်စီတိုင်းမှာ ဘာမှမတတ်နိုင်ဘဲကြည့်နေခဲ့ရ၏။

သူက တစ်ကိုယ်တည်းသမား အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နှင့်ကြုံတွေ့ရမည်ဆိုလျှင် ဤလူငယ်က အရင်စ၍ တိုင်ခိုက်တတ်ပြီး ခြွင်းချက်မရှိအနိုင်ရတတ်လေသည်။

သို့သော်လည်း ၁၅ရက်မြောက်နေ့မှာ အခြေအနေကပြောင်းလဲလာ၏။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲပြီးဆုံးဖို့က ဆယ်ရက်ကျော်ကျော်သာလျှင် ကျန်ရှိတော့လေသည်။

တောင်ကြားထဲရှိကျင့်ကြံသူများကတော့.. အယောက်ငါးရာကျော်ကျော်သာလျှင်ကျန်ရှိတော့ပြီး အများစုက ဖယ်ရှားရှင်းလင်းခံခဲ့ရ၏။

ကျန်ရှိနေသော လူအယောက်ငါးဆယ်ကျော်ကျော်မှာ သူတို့အားလုံးနီးပါးသည် အဆင့်-၈ သို့မဟုတ် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်များဖြစ်ကြ၏။ ဆူဇီမိုကတော့ သူသည် လေးရက်ကျော်လာခဲ့ပြီးတာတောင် ဘယ်အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကိုမှ မကြုံတွေ့ရတော့ပေ။

ယခုအချိန်မှာ သူ၏ သိုလှောင်အိတ်ထဲတွင် ရစ်ခွေနဂါးတံဆိပ်ပြား သုံးရာကျော်ရှိနေပြီး ထောင့်ရှစ်ရာပြည့်ဖို့ အတော်လေးဝေးကွာနေသေး၏။

“ငါထင်တာမမှားဘူးဆိုရင်... သူ့မှာရှိတဲ့ တံဆိပ်ပြားအရေအတွက်က ထပ်ပြီးတော့ အပြောင်းအလဲများများစားစားရှိမှာမဟုတ်တော့ဘူး”

“ဟုတ်တာပေါ့... အဲ့ဒါက အရမ်းကိုခက်ခဲသွားပြီ”

စောင့်ကြည့်နေသောကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။

“အဲ့ဒီလူရဲ့ လှုပ်ရှားမှုနည်းစနစ်က အရမ်းကိုသန်မာပြီးတော့... သူ့ရဲ့နည်းလမ်းတွေက အားမနဲဘူး... သူက အဆင့်ကျော်ပြီးတော့တောင် တိုက်ခိုက်သတ်ဖြတ်နိုင်တယ်... ဒါပေမဲ့ သူက အဲ့ဒီရစ်ခွေနဂါးတံဆိပ်ပြား သုံးရာကျော်ကျော်ကိုပဲ ရရှိနိုင်တော့မယ်”

နောက်ထပ်လူတစ်ယောက်က နှုတ်ခမ်းစူလိုက်၏။

“အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကို နှစ်တစ်ရာတိုင်းမှာ တစ်ကြိမ်ကျင်းပတယ်... တစ်ကြိမ်စီတိုင်းမှာ လူအယောက်တစ်ရာကိုပဲ ရွေးချယ်တယ်... အဲ့ဒါက ဘာအဓိပ္ပါယ်ကို ဆောင်တယ်လို့ မင်းတို့ထင်လဲ”

“ပျမ်းမျှတွက်ကြည့်ရင် ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ နှစ်စဥ်နှစ်တိုင်း လူတစ်ယောက်ကပဲ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို ဝင်ရောက်နိုင်တယ်လို့အဓိပ္ပါယ်ရတယ်... အဲ့ဒါက ဘယ်လောက်တောင်ခက်ခဲလိုက်သလဲ... အဲ့ဒါက ကောင်းကင်ဘုံကိုတက်လှမ်းတာထက်တောင် ပိုပြီးခက်ခဲနေသေးတယ်”

တိမ်စိုင်များပေါ်မှာ ယန်လောရှုက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“ဒီတိုင်းဆက်သွားလို့ မရတော့ဘူး... သူက လုံလောက်တဲ့ရစ်ခွေနဂါးတံဆိပ်ပြားတွေကို ရယူချင်တယ်ဆိုရင် သူက အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တွေကိုရှာဖွေရတော့မယ်”

တောင်ကြားထဲမှာ အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်များစွာမကျန်ရှိတော့ပေ။

ဒါ့အပြင် အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်များမှာ အစကတည်းက ရစ်ခွေနဂါးတံဆိပ်ပြားများစွာမရှိပေ။

ဆူဇီမိုက ကျန်ရှိနေသော အဆင့်-၇ ကမ္ဘာမြေအင်မော်တယ်များအားလုံးကိုရှာဖွေပြီး သူတို့၏ ရစ်ခွေနဂါးတံဆိပ်ပြားများအားလုံးကို လုယူနိုင်မည်ဆိုလျှင်တောင် သူ့အနေဖြင့် အရေအတွက်ထောင့်ရှစ်ရာကိုရရှိဖို့ ခက်ခဲနေပေဦးမည်။

“အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်ဆိုရင်... အဲ့ဒါက ခက်ခဲလိမ့်မယ်”

ကောင်းကင်ချောက်နက်က ဖြည်းဖြည်းချင်းပြောလိုက်၏။

အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို အနိုင်ယူဖို့က နယ်ပယ်အသေးနှစ်ခုကို ကျော်ဖြတ်ရမည်​ဖြစ်ပြီး ခက်ခဲမှုအတိုင်းအတာက နှစ်ဆဖြစ်လာပေလိမ့်မည်။

ဒါ့အပြင် တောင်ကြားထဲမှာ ယခုအချိန်ထိ ကျန်ရှိနေနိုင်သော အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်များထဲ ဘယ်သူကများ ဝှက်ဖဲများစွာနှင့် မသန်မာပဲနေပါ့မလဲ။

ကျင့်ကြံမှုနယ်ပယ်အသေးနှစ်ခု ကွာဟနေသည်ကိုမပြောနှင့် ကျင့်ကြံမှုအဆင့်တူခြင်းမှာ တိုက်ခိုက်ကြမည်ဆိုလျှင်​တောင် အနိုင်ရလဒ်ကိုကြိုတင်ခန့်မှန်း၍မရနိုင်ပေ။

ရုတ်တရက် ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းကပြောလိုက်၏။

“ဒီကောင်လေးရဲ့ လှုပ်ရှားမှုနည်းစနစ်က မဆိုးဘူး... သူက အင်ပါယာလေဘုရားကျောင်းမှာ ကျင့်ကြံဖို့အတွက် အတော်လေးသင့်လျော်တယ်”

“သင့်လျော်တာကို ဘာများသုံးလို့ရမှာလဲ”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က ရယ်မောလိုက်၏။

“ဒီကောင်လေးမှာ ရစ်ခွေနဂါးတံဆိပ်ပြားသုံးရာကျော်ကျော်ပဲရှိမယ်ဆိုရင် သူက ဘယ်လောက်ပဲသင့်လျော်သင့်လျော် ငါတို့က စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်လို့မရဘူး”

“ဟမ်...”

ထိုစဥ်မှာပင် ယန်လောရှုက ညင်သာစွာရေရွတ်ပြီး ရုတ်တရက်ပြောလိုက်၏။

“ဒီကောင်လေးက အဆင့်-၈ ကမ္ဘာ​မြေအင်မော်တယ်တစ်ယောက်နဲ့ကြုံတွေ့နေပြီ”

“ပြီးခဲ့တဲ့ဆယ်ရက်မှာ သူက အဆင့်-၈ နဲ့ အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်အများကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်...အလွန်ဆုံးသူက လှည့်ထွက်ပြေးရုံပေါ့... အဲ့ဒါက ဘာများထူးခြားနေလို့လဲ”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကိုဝေ့ယမ်းပြီး မကျေမနပ်ဟန်ဖြင့်ပြောလိုက်၏။

“သူကမပြေးတော့ဘူး”

ကောင်းကင်ချောက်နက်က လေးနက်သောအသံဖြင့်ပြောလိုက်၏။

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နှင့်အခြားသူများက အာရုံစိုက်၍ကြည့်လိုက်ကြ၏။

တောင်ကြားထဲမှာ မမာမကျန်းဖြစ်နေပုံရသောလူငယ်သည် အဝါရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ရပ်နေကြ၏။

သူက တိုက်ခိုက်ဖို့ပြင်ဆင်ထားသည့်အလား ထွက်မပြေးတော့ပေ။

“ဒီကောင်လေးက သူ့ရဲ့ပြဿနာကိုနားလည်သွားပြီတဲ့တူတယ်... အခုသူက လုံလောက်တဲ့ရစ်ခွေနဂါးတံဆိပ်ပြားကိုရဖို့အတွက် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို စိန်ခေါ်ချင်နေပြီ”

ယန်လောရှုက ပြောလိုက်၏။

ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက မျက်မှောင်ကြုတ်လိုက်၏။

“အဲ့ဒီသက်လတ်ပိုင်းရွယ်လူရဲ့နာမည်က ရှောင်ယွင်ပဲ... သူကအရမ်းကိုသန်မာတယ် ပြီးခဲ့တဲ့တိုက်ပွဲမှာ သူက အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်​ယောက်ကိုတောင်မှ ဖိနှိမ်ခဲ့တယ်”

“အင်း... ရှောင်ယွင်ရဲ့သိုလှောင်အိတ်ထဲမှာ ရစ်ခွေနဂါးတံဆိပ်ပြား ရှစ်ရာကျော်လောက်ရှိလောက်မယ်”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က ပြောလိုက်၏။

ဒီကောင်လေးက သူ့ရဲ့လှုပ်ရှားမှုနည်းစနစ်နဲ့ဆို ထွက်ပြေးဖို့ကလွယ်ကူတယ်... ဒါပေမဲ့ သူက အနိုင်ရဖို့ဆိုရင်တော့ အခွင့်အရေးမရှိသလောက်နီးပါးပဲ”

တောင်ကြားထဲတွင်.. ။

ရှောင်ယွင်က မလှမ်းမကမ်းမှာရှိသောဆူဇီမိုကို သရော်တော်တော်အမူအရာတစ်ခုနှင့်ကြည့်ပြီး ရယ်မောလိုက်၏။

“ငါတို့အရင်တစ်ခါတွေ့တုန်းက မင်းကလှည့်ထွက်ပြေးသွားတယ်... ဒီတစ်ခေါက်မင်းက မပြေးတော့ဘူးလား”

ပြီးခဲ့သည့်တစ်ခေါက် သူတို့ဆုံတွေ့ခဲ့စဥ်က ဆူဇီမိုသည် တိုက်ခိုက်ဖို့စိတ်ကူးမရှိဘဲ သူ၏ ဦးတည်ဘက်ကို ပြောင်းလဲကာ တစ်လမ်းလုံး ပြေးလွှားနေခဲ့၏။

ရှောင်ယွင်က သူ၏ အစွမ်းကုန်ဖြင့်နောက်ကနေ ပြေးလိုက်ပြီး သွေးအန်လုနီးပါးဖြစ်လာခဲ့သော်လည်း သူကလိုက်မမီနိုင်ခဲ့ပေ။

ဤတစ်ခေါက်မှာတော့... ဆူဇီမိုကို တစ်ဖန်ပြန်တွေ့ရသောအခါ သူက လိုက်လံဖမ်းဆီးဖို့ စိတ်ကူးမရှိတော့ပေ။

“ငါဒီတစ်ခေါက်ထွက်မသွားတော့ဘူး... ငါက မင်းရဲ့ရစ်ခွေနဂါးတံဆိပ်ပြားကို လုယူဖို့ဆုံးဖြတ်ပြီးသွားပြီ”

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြီး သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပေါ်ပေါ်ထင်ထင်ပြောလိုက်၏။

“ဟားဟား”

ရှောင်ယွင်က အော်ဟစ်ရယ်မောပြီး မယုံကြည်နိုင်စွာပြောလိုက်၏။

“မင်းလို အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကလား”

သူက ဆူဇီမိုကိုအထင်အမြင်သေးနေခြင်းမဟုတ်ပေ။

သူသည် အဆင့်-၈ ကမ္ဘာမြေအမြုတေနယ်ပယ်ကျင့်ကြံမှုနှင့်အတူ ယခုအချိန်ထိ တောင့်ခံနိုင်နေပြီး ရစ်ခွေနဂါးတံဆိပ်ပြား ရှစ်ရာကိုရရှိထားသည့်အချက်သည် သူ၏ ခွန်အားကို သက်သေပြပေးနေ၏။

တကယ်ဆို... ရှောင်ယွင်သည် သူ၏ ကျင့်ကြံမှုထက်ပိုမိုမြင့်မားသော ပြိုင်ဘက်များကိုပင် သတ်ဖြတ်နိုင်သော တိုက်ခိုက်ရည်ခွန်အားရှိလေသည်။

သို့သော်ယခု... အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်.. သူ့ထက်ကျင့်ကြံမှုနယ်ပယ်နှစ်ခု ပိုမိုနိမ့်ကျသော ကျင့်ကြံသူတစ်ယောက်က သူ၏ ရစ်ခွေနဂါးတံဆိပ်ပြားများကို လုယူချင်သည်ဟု ထုတ်ဖော်ကြေညာနေ၏။

သူ့အတွက်တော့... အဲ့ဒါက အရယ်ရဆုံးဟာသတစ်ခုဖြစ်နေ၏။

ရွှစ်..

ဆူဇီမိုက မည်သည့်စကားမှမပြောဆိုတော့ဘဲ လှုပ်ရှားမှုကိုစတင်ကာ ရှောင်ယွင်၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။ သူ၏ သူလက်ဖဝါးကိုမြှောက်ပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ထုတ်ဖော်ကာ ရှောင်ယွင်၏ ဦးခေါင်းကို ဖိရိုက်ချလိုက်၏။

ယခင်တိုက်ပွဲများမှာ ဆူဇီမိုသည် လျှို့ဝှက်အတတ်တစ်ခုခု သို့မဟုတ် တိုက်ခိုက်ရေးအတတ်တစ်ခုခုကို အသုံးပြုခဲလေသည်။

သူသည် များသောအားဖြင့် သူ၏ ပြိုင်ဘက်ကိုအငိုက်ဖမ်း တိုက်ခိုက်ဖို့အတွက် သူ့လှုပ်ရှားမှုနည်းစနစ်၏ အလျင်အဟုန်ကိုသာ အသုံးချတတ်လေသည်။

သို့သော် ယခု ဆူဇီမိုကတိုက်ခိုက်လိုက်သည့်အချိန်မှာပင် သူက မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ထုတ်ဖော်အသုံးပြုလိုက်၏။

ရှောင်ယွင်က ပြုံးနေသော်လည်း သူက တကယ်တမ်းမှာတော့ သတိကြီးကြီးထားနေပြီး ဆူဇီမို၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်ထား၏။

သူက ယခုအချိထိ ရှင်သန်နိုင်နေသေးသည်မှာ သေချာပေါက်ကံကောင်းတိုက်ဆိုင်မှုမဟုတ်ပေ။

ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကိုမြန်ဆန်ပြီး သူပင်လျှင်စိုးရိမ်ပူပန်ရကာ သူကသေချာပေါက် နမော်နမဲ့ပြုမူရဲမည်မဟုတ်ပေ။

ဆူဇီမိုလှုပ်ရှားလာသည့်ခဏမှာပင် ရှောင်ယွင်က သူ၏ သိုလှောင်အိတ်ကိုပုတ်ပြီး ဧရာမဒိုင်းကာတစ်ခုကို ဆင့်ခေါ်ထုတ်ကာ အပေါ်သို့မြှောက်ကာလိုက်၏။

ဘန်း....

ဆူဇီမို၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးက ဒိုင်းကာပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွား၏။

“အို... ဘုရားရေ”

ရှောင်ယွင်က ဆတ်ခနဲတုန်ယင်သွားပြီး ပင့်သက်ကိုရှိုက်လိုက်ရ၏။

သူက ကြိုတင်ပြင်ဆင်ထားသော်လည်း ဆူဇီမို၏ လက်ဝါးရိုက်ချက်ဆင်းသက်လာသောအခါ သူ၏ သွေးချီက အတက်အကျ မြန်ဆန်၍ သူ၏ လက်ကတုန်ယင်သွား၏။

တစ်ချိန်တည်းမှာပင် သူကတိတ်တဆိတ်ကျေနပ်သဘောကျသွား၏။

သူ၏ ဒိုင်းကာက တစ်မူထူးခြားပြီး တိုက်ခိုက်ရေးနှင့် ခုခံရေး နှစ်မျိုးစလုံးအသုံးချနိုင်၏။ ဒိုင်းကာ၏ မျက်နှာပြင်ပေါ်မှာ ဆူးချွန်များစွာရှိလေသည်။

အဲ့ဒါက အသွေးအသားခန္ဓာကိုယ်တစ်ခုနှင့် ထိတွေ့မိလျှင် ကြီးမားသောအသားစတစ်ပိုင်းက ဆုတ်ဖြဲခံရပေလိမ့်မည်။

ဆူဇီမို၏ လက်ဖဝါးက ဒိုင်းကာအပေါ် ဤကဲ့သို့ကြမ်းကြုတ်ခက်ထန်သော စွမ်းအားတစ်ခုကို ထုတ်ဖော်ခဲ့လေသည်။ ဤလူငယ်၏ လက်ဖဝါးက ဆူးချွန်များဖြင့်ထိုးဖောက်ခံရပြီး ယခုအချိန်မှာ စုတ်ပြဲသွားလောက်လေပြီ။

ရှောင်ယွင်က လက်ဝါးရိုက်ချက်ကိုပိတ်ဆို့တားဆီးပြီး တစ်ချက်ခိုးကြည့်ကာ သူကအနည်းငယ် မှင်တက်သွားရ၏။

ဆူဇီမို၏ လက်ဖဝါးက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနူးညံ့၍ ထိခိုက်ဒဏ်ရာလုံးဝမရရှိထားသည့်ပုံပင်။

သူက သူ့လက်ထဲရှိဒိုင်းကာကို တစ်ဖန်ပြန်ကြည့်လိုက်သောအခါ ၎င်းပေါ်တွင် ဆူချွန်များပြားကပ်နေသည့်လက်ဝါးရာ ချိုင့်တစ်ခုရှိနေသည်ကို ချောက်ချားဖွယ်ရာ တွေ့ရှိလိုက်ရ၏။

All Chapters