အမွေအနှစ်ကို လက်ခံခြင်း
Vol. 54 Ch. 747
ကောင်းကင်ကိုယ်စားလှယ်များက အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းတာကြောင့် ဟုန်မန်နတ်ဘုရားနယ်ပယ်ရှိ ကျင့်ကြံသူအပေါင်းသည် စုပေါင်း၍ တိုက်ခိုက်ခဲ့ကြရသည်။ ထိုလူတစ်စု၏ ခွန်အားက အဘယ်မျှလောက် ထိတ်လန့်ဖွယ်ကောင်းကြောင်းပြဆိုနေပါသည်။
သူတို့ပိုင်ဆိုင်ထားတဲ့ ရတနာပစ္စည်းကရော ဘယ်မှာရိုးရှင်းမှာလဲ။ မှော်ဝင်ရတနာတွေထက်တောင်ပိုပြီး လျှို့ဝှက်ဆန်းကြယ်နေမှာကို စိုးရိမ်မိတယ်။
တစ်ခဏကြာအောင် တွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းသည် သူ၏ဘေးတွင်ရှိနေသော ယွဲ့ယင်းကို မေးမြန်းလိုက်သည်။
"ဒီနတ်ဆိုးဘိုးဘေးရဲ့ အမွေအနှစ်ကို ဘယ်လို လက်ခံယူရမလဲဆိုတာနဲ့ ပတ်သတ်ပြီး ကျောက်ကဗ္ဗည်းတိုင်မှာ စာထွင်းထားခဲ့သေးလား"
ယွဲ့ယင်းကခဲတောင့်သွားလျက် ဦးခေါင်းကိုခါလိုက်ပြီး ဝမ်ဖုန်းကို ကြည့်လိုက်သည်။
ဝမ်ဖုန်းကလည်း မျက်မှောင်ကြုတ်လျက် ရုပ်တုနှစ်ခုကို စူးစိုက်ကြည့်နေခဲ့သည်။ သူ၏မျက်ဝန်းများက တွေးခေါ်ချိန်ဆနေပုံပေါ်သည်။
သူသည် ရုပ်တုနှစ်ခုရှိရာသို့ ဖြည်းညင်းစွာ လမ်းလျှောက်သွားခဲ့ပြီး ၎င်းရုပ်တုကြီးနှစ်ခုကို သေချာစွာဆန်းစစ်လေ့လာခဲ့သည်။ ဤရုပ်တုကြီးများအထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုတစ်စုံတစ်ရာကို ဖုံးကွယ်ထားသလားဆိုတာကိုပေါ့။ သို့သော်လည်း အဘယ်မျှလောက်ရှာဖွေပါစေ ဘာကိုမှ မတွေ့မြင်နိုင်ခဲ့ပါ။ ဒီရုပ်တုနှစ်ခုရဲ့ကြားမှာ ကွာခြားချက်က ဘာများဖြစ်မလဲ။
သူကလက်ကို ဆန့်တန်းလျက် ရုပ်တုနှစ်ခုကို ထိတွေ့လိုက်သည်။ သူ့ကိုယ်တွင်းရှိ စွမ်းအင်များသည် စီးဆင်းလျက် လက်များတစ်လျှောက်စိမ့်ဝင်သွားခဲ့ကာ ရုပ်တုကြီးနှစ်ခုကို ခံစားထိတွေ့ချင်ခဲ့သည်။
"ဘုန်း!"
ဝမ်ဖုန်း၏လက်များသည် ရုပ်တုနှစ်ခုနှင့်ထိတွေ့မိခဲ့သည့် အခိုက်အတန့်တွင် သူ၏အမူအယာက ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ သူဟာ ရုပ်တုကြီးများထံမှ ထွက်ပေါ်လာခဲ့သော တန်ပြန်ခွန်အားကို ခံစားခဲ့ရသည်။ ၎င်းတန်ပြန်ခွန်အားသည် သူ့ကိုတောင်တုန်ယင်သွားစေခဲ့သည်။ သူက အနောက်သို့ဆုတ်ခွာရန် ဖိအားပေးခံခဲ့ရကာ ခန္ဓာကိုယ်တစ်ခုလုံးသည် မီတာအနည်းငယ် လွင့်ထွက်သွားခဲ့သည်။
သူ နတ်ကွန်းပေါ်တွင် နောက်သို့ ခြေတစ်လှမ်း လှမ်းလိုက်ရသည့် အခါတိုင်းတွင် နတ်ကွန်းသည် တစ်သိမ့်သိမ့်ခါရမ်းသွားခဲ့သည်။ သူ၏လက်များက တုန်ယင်ထုံကျဥ်သွားလျက်ရှိသည်။
"သတိထား"
ယွဲ့ယင်းသည် ဝမ်ဖုန်းထံသို့ အပြေးရောက်ရှိလာခဲ့ကာ သူမ မျက်နှာပေါ်တွင် စိုးရိမ်နေသော အကြည့်တစ်ခုရှိနေခဲ့သည်။
ဝမ်ဖုန်းက လက်ကိုဝေ့ရမ်းလိုက်ပြီး ယွဲ့ယင်း၏ အကူအညီပေးမှုကို ငြင်းဆန်လိုက်သည်။ ယင်းနောက် ရုပ်တုကြီးနှစ်ခုကို မျက်မှောင်ကြုတ်လျက် စိုက်ကြည့်နေခဲ့သည်။ သူ၏လက်များက ရုပ်တုနှစ်ခုနှင့် ထိတွေ့မိသည့်အခိုက်တွင် ခမ်းနားကြီးကျယ်သော ခွန်အားသည် ရုပ်တုနှစ်ခု၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ၎င်းခွန်အားက သူ့ကိုတောင် ထိတ်လန့်စေခဲ့သည်။
"ယွဲ့ယင်း မင်း သွေးနှစ်စက်ကို ထုတ်ယူပြီး ရုပ်တုကြီးနှစ်ခုရဲ့အပေါ်မှာ ချလိုက်ပါ"
ရုတ်တရက်ဆိုသလို ဝမ်ဖုန်းက တစ်စုံတစ်ရာကို တွေးမိသွားခဲ့သည်။ သူ၏မျက်လုံးများဟာ တောက်ပသွားလျက် ဘေးတွင်ရှိသော ယွဲ့ယင်းကို ပြောဆိုလိုက်သည်။
၎င်းနတ်ဆိုးဘိုးဘေးနှစ်ပါးသည် ဆက်ခံသူများကို ရှာဖွေနေခြင်းဖြစ်သည်။ သူဟာ နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက် မဟုတ်ပါ။ သူ အဘယ်မျှလောက် ကြိုးစားပါစေ၊ နတ်ဆိုးဘိုးဘေးများ၏ ရတနာပစ္စည်းကိုတော့ မရနိုင်ပါ။ လက်ရှိတွင် သွေးသစ်သီး၏ အကူအညီပေးမှုကြောင့် ယွဲ့ယင်း၏ သွေးမျိုးဆက်သည် ဘိုးဘေးအဆင့် သွေးမျိုးဆက်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ၎င်းသည် နတ်ဆိုးဘိုးဘေးများ၏ သွေးမျိုးဆက်နှင့်တောင် တန်းတူဆက်ဆံနိုင်၏။ ထိုကဲ့သို့ပါရမီစွမ်းရည်က နတ်ဆိုးဘိုးဘေးတွေကို ကျိန်းသေပေါက် လှုပ်ရှားစေပါလိမ့်မည်။
ဝမ်ဖုန်း၏ စကားကိုကြားတော့ ယွဲ့ယင်းက ခေါင်းညိတ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ရုပ်တုနှစ်ခုထံ လမ်းလျှောက်သွားခဲ့ကာ သူမ၏ ဖြူသွယ်သော လက်များကို ဆန့်ထုတ်လိုက်သည်။ ကိုယ်တွင်းရှိစွမ်းအင်များသည် ရွေ့လျားထွက်ပေါ်လာခဲ့သည်။ လက်ချောင်းထိပ်နှစ်ခုထံမှ သွေးနှစ်စက်သည် ထွက်ပေါ်လာခဲ့သည်။ သူမလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ ၎င်းသွေးစက်နှစ်စက်သည် ရုပ်တုပေါ်သို့ ကျဆင်းသွားခဲ့သည်။
"ဘုန်း!"
သွေးစက်များ ရုပ်တုအပေါ်သို့သက်ရောက်သွားသည့်အခါ ရုပ်တုများသည် သွေးများကို တိုက်ရိုက်ဝါးမျိုခဲ့သည်။ များမကြာမီတွင် ရုပ်တုကြီးနှစ်ခုသည် အဆက်မပြတ် ခါယမ်းလာခဲ့ကာ အစွမ်းထက်ပြီး ခမ်းနားကြီးကျယ်သော အရှိန်အဝါသည် ရုပ်တုနှစ်ခုထံမှ ထွက်ပေါ်လာခဲ့သည်။ နတ်ကွန်းကြီးတစ်ခုလုံးသည် အဆက်မပြတ်ခါယမ်းလျက်ရှိသည်။
ယင်းခမ်းနားကြီးကျယ်သော စွမ်းအင်ကြီး၏ သက်ရောက်မှုအောက်တွင် ဝမ်ဖုန်း၏ကိုယ်ခန္ဓာသည် စဥ်ဆက်မပြတ် ခါယမ်းနေခဲ့သည်။ တန်ထောင်ချီလေးလံသော တောင်ကြီးက သူ့အားဖိနှိပ်ထားခဲ့သည့်အလားဖြစ်ချေသည်။ ကြီးကျယ်မြင့်မြတ်သော ဖိအား၏အောက်တွင် ချွေးအေးများကလည်း နဖူးပြင်မှ စီးပြိုထွက်လာနေသည်။ သူ၏မျက်နှာဟာ ဖြူဖျော့လျက်ရှိကာ ဒူးများသည် အနည်းငယ်ကွေးညွတ်သွားခဲ့သည်။ သူသည် အချ်န်မရွေးပြိုလဲတော့မည်ကဲ့သို့ ဖြစ်နေသည်။
ပြင်းထန်သောအကြည့်တစ်ခုသည် မျက်ဝန်းအိမ်အတွင်း ထွက်ပေါ်လာခဲ့ကာ ခွန်အားကို အဆုံးစွန်ထိ အသုံးပြုလျက် သန်မာသော ဖိအားကို ခုခံခဲ့သည်။ သူသည် ခါးကို မတ်မတ်ထားလျက် ရုပ်တုကြီးနှစ်ခုကို စူးစိုက်ကြည့်နေခဲ့သည်။
သူ၏ဘေးတွင်ရှိသော ယွဲ့ယင်းသည်တော့ ပြင်းထန်သောခွန်အားကို မခံစားခဲ့ရသည့်အလား ပြောင်းလဲမှု မရှိခဲ့ပါ။
"ဘုန်း!"
တစ်ချိန်တည်းမှာပဲ ရုပ်တုနှစ်ခုပေါ်တွင် ထွင်းထုထားသော သင်္ကေတများသည် ဤအခိုက်အတန့်၌ အသက်ဝင်လာခဲ့ကာ တောက်ပစွာ ဝင်းလက်လျက်ရှိသည်။ ရုပ်တုကြီးတစ်ခုလုံးသည် အလင်းတန်းများအကြား ဖုံးကွယ်သွားခဲ့သည်။
သင်္ကေတများက တဖြည်းဖြည်းချင်း မြစ်တစ်စင်းကဲ့သို့ စီးဆင်းလာသည့်အခါ ရုပ်တုကြီးသည် ပို၍ပို၍တုန်ယင်လာခဲ့သည်။
တောက်ပသောအလင်းတန်းများသည် ခန်းမတစ်ခွင် ပြည့်နှက်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် မူလက မှေးမှိန်နေသော နတ်ကွန်းသည် နေမင်း၏အလင်းရောင်အလား ကျိန်းစက်တောက်ပလာခဲ့သည်။
"ဘုန်း!"
များမကြာမီတွင် ၎င်းသင်္ကေတများသည် ရုပ်တုများထံမှ ရုတ်တရက်ပျံသန်းထွက်ခွာသွားခဲ့သည်။ ယင်းနောက်ရုပ်တုကြီးနှစ်ခု၏အရှေ့တွင် ကြီးမားသောပုံရိပ်ယောင်ကြီးနှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ပုံရိပ်ယောင်ကြီးနှစ်ခုထွက်ပေါ်လာသည့်အခါ နတ်ကွန်းအတွင်း၌ရှိနေသော အရှိန်အဝါများသည် အဆုံးစွန်ထိမြင့်တက်သွားခဲ့သည်။ ဝမ်ဖုန်းကတောင် ဆက်လက်၍ တောင့်မခံနိုင်တော့တာကြောင့် နတ်ကွန်းအပြင်ဘက်သို့ ချက်ချင်းထွက်ခွာခဲ့ရသည်။
ဝမ်ဖုန်းက နတ်ကွန်းအပြင်သို့ ထွက်ခွာခဲ့သည့်အခါ ယွဲ့ယင်းသည် လေပေါ်သို့ ရုတ်တရက်မြောက်တက်သွားခဲ့ကာ ရုပ်တုနှစ်ခု၏ အလယ်ဗဟိုသို့ ဝဲလွင့်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ယွဲ့ယင်း၏ မျက်ဝန်းများသည် ဗလာနတ္ထိဖြစ်နေခဲ့ကာ ထူးဆန်းသော အခြေအနေတစ်ခုသို့ ကျရောက်နေခဲ့သည်။ ရုပ်တုနှစ်ခု၏အလယ်သို့ ပျံသန်းသွားပြီးနောက် သူမက လေထုထဲတွင် တင်ပျဥ်ချိတ်၍ထိုင်ခဲ့ကာ မျက်ဝန်းများကို ဖိမှိတ်လျက် တရားကျင့်သည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
"ဘုန်း!"
ယွဲ့ယင်းသည် ရုပ်တုနှစ်ခု၏အလယ်တွင် ထွက်ပေါ်လာသည့်အခါ ရုပ်တုကြီးများကလည်း လှုပ်ရှားသွားခဲ့ပြီး ဖြည်းဖြည်းချင်း လှည်လာခဲ့ကြသည်။ သူတို့၏မျက်နှာများသည် ခန်းမအပြင်ဘက်ကို စိုက်ကြည့်နေရာမှ တစ်ဦးနှင့်တစ်ဦးမျက်နှာချင်းဆိုင် လှည့်သွားခဲ့ကြပြီး သူတို့အကြည့်များ၏ အလယ်ဗဟိုတွင် လေပေါ်၌ တင်ပျဥ်ချိတ်ထိုင်နေခဲ့သော ယွဲ့ယင်း တည်ရှိသည်။
ကြီးကျယ်ပြီးခမ်းနားသော နတ်ဆိုးအရှိန်အဝါများသည် နတ်ကွန်းအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ နတ်ကွန်းသည်တောင် ၎င်းအရှိန်အဝါများကို ထိန်းမထားနိုင်သည်ဖြစ်ရာ အရှိန်အဝါများသည် ခန်းမအတွင်းဆက်လက်၍ ပျံ့နှံ့သွားခဲ့သည်။ အဓိကခန်းမကြီးထဲတွင် ရှိနေသော ဝမ်ဖုန်းနှင့် ရွှမ်းယွမ်တို့အုပ်စုသည် ခန္ဓာကိုယ်များ တုန်ယင်လာခဲ့ကြသည်။
"ဘုန်း!"
ဝမ်ဖုန်းတို့၏အကြည့်များအောက်တွင် အဆုံးအစမဲ့သော အလင်းစက်ကလေးများသည် ရုပ်တုကြီးများ၏ ခန္ဓာကိုယ်အနှံံ့တွင် ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် ၎င်းအလင်းစက်လေးများသည် ရုပ်တုနှစ်ခု၏ မျက်ဝန်းများအတွင်း ဆွဲစုခံခဲ့ရသည်။
မျက်တောင်တစ်ခက်အတွင်း၌ ရုပ်တုကြီးများ၏မျက်ဝန်းများသည် တောက်ပဝင်းလက်လာခဲ့သည်။ ၎င်းကျောက်ရုပ်တုကြီးများသည် အသက်ဝင်လာသည့်အလားဖြစ်ချေသည်။ ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည် ဦးခေါင်းများကို နှိမ့်ချခဲ့ကြကာ ရုပ်တုကိုဆက်လက်၍ စိုက်မကြည့်ရဲတော့ပါ။
"ဘုန်း!"
ယင်းနောက် ရုပ်တုကြီးနှစ်ခု၏ မျက်ဝန်းများမှနေ၍ အလင်းတန်းလေးခုသည် ထွက်ပေါ်လာခဲ့ကာ ယွဲ့ယင်းထံသို့ ဝင်ရောက်သွားခဲ့သည်။
၎င်းအလင်းတန်းကြီးများသည် ယွဲ့ယင်းအပေါ်သို့ရောက်ရှိသည့်အခါ ယွဲ့ယင်းခန္ဓာကိုယ်အတွင်းမဝင်ရောက်ခဲ့ဘဲ တဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် လှပခမ်းနားသော ကြာပန်းတို့အဖြစ် ပြောင်းလဲသွားခဲ့ကာ ယွဲ့ယင်း၏ ခန္ဓာကိုယ်ကို ပင့်မပေးနေသည်။
ကြာပန်း၏အပေါ်တွင် အဆုံးအစမဲ့သော တောက်ပမှုများ ဝဲဖြာလျက်ရှိသည်။ ယွဲ့ယင်းသည် ကောင်းကင်ကိုးဘုံမှ ဆင်းသက်လာသည့် နတ်မိမယ်တစ်ပါးအလား လှပ၍ ကျက်သရေရှိနေခဲ့သည်။
တစ်ချိန်တည်းမှာပဲ ရုပ်တုနှစ်ခု၏ အနောက်တွင်ရှိနေသော ဧရာမပုံရိပ်ယောင်ကြီးများကလည်း ပြောင်းလဲသွားခဲ့သည်။ ပုံရိပ်ယောင်ကြီးများသည် ပြိုကျသွားခဲ့ကာ တောက်ပသောအလင်းတန်းများကို ဖြစ်ပေါ်စေလျက် ယွဲ့ယင်း၏ မျက်ခုံးနှစ်ဖက်အကြားသို့ ပြေးဝင်သွားခဲ့သည်။
"ဘုန်း!"
ကြီးမားသောပုံရိပ်ယောင်နှစ်ခုမှ အသွင်ပြောင်းဖြစ်တည်လာသော အလင်းတန်းများသည် ယွဲ့ယင်း၏မျက်ခုံးအလယ်သို့ဝင်ရောက်သွားခဲ့ကာ ယွဲ့ယင်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်လှုပ်သွားခဲ့သည်။ သူမ၏မျက်ခုံးများသည် ထိန်းချုပ်မရ တွန့်ကွေးသွားခဲ့သည်။
အဆုံးအစမဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် သင်္ကေတများသည် လေထုအတွင်းမွေးဖွားလာခဲ့ကာ တစ်ခဏချင်းဆိုသလို သင်္ကေတပန်းပွင့်ချပ်များသည် ထွက်ပေါ်လာခဲ့ကာ ယွဲ့ယင်း၏ခန္ဓာကိုယ်အောက်တွင်ရှိနေသော ကြာပွင့်ကြီးနှင့်ပေါင်းစပ်မိသွားခဲ့သည်။ ၎င်းသင်္ကေတပွင့်ချပ်များသည် ယွဲ့ယင်း၏ခန္ဓာကိုယ်တစ်ခုလုံးကိုရစ်ပတ်ထားခဲ့ကာ ကြီးမားသောကြာပွင့်ကြီးတစ်ခုအဖြစ် ဖော်ဆောင်နေခဲ့သည်။ တလက်လက်တောက်ပလျက်ရှိသော ကြာပန်းကြီး၏ပုံသဏ္ဌာန်မှာ မျက်စိကျိန်းလောက်အောင် ခမ်းနားနေခဲ့သည်။