လက်ခုပ်ထဲကရေ
Vol. 54 Ch. 748
ခန်းမကြီးအတွင်းရှိဝမ်ဖုန်းသည် ဤမြင်ကွင်းကို တွေ့မြင်ခဲ့ရသည့်အခါ မျက်ဝန်းအိမ်များ လှုပ်ရှားသွားခဲ့သည်။ ယွဲ့ယင်းက နတ်ဆိုးဘိုးဘေးနှစ်ပါး၏အမွေအနှစ်ကို စတင်လက်ခံနေပြီဖြစ်ကြောင်းသိခဲ့ရသည်။ ယွဲ့ယင်းသည်အမွေအနှစ်ကို လက်ခံရရှိပြီးလျှင် နတ်ဆိုးဘိုးဘေးနှစ်ပါး ခြွင်းချန်ရစ်သော ရတနာပစ္စည်းကို ရရှိဖို့ ပိုမိုလွယ်ကူသွားပါလိမ့်မည်။
ဝမ်ဖုန်း၏ အနောက်ဘက်တွင်ရှိနေသော ရွှမ်းယွမ်နှင့်ကွေ့ဝူတို့၏ မျက်ဝန်းအိမ်များသည် မနာလိုမှုကြောင့် တောက်ပနေခဲ့သည်။ သူတို့ဟာ ကြာပွင့်ကြီးပေါ်၌ ထိုင်နေခဲ့သော လှပသည့်ပုံရိပ်ကလေးကို စူးစိုက်ကြည့်မိနေခဲ့သည်။
ဟုန်မန်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်ကိုရောက်ရှိခဲ့သော စွမ်းအားရှင်ကြီးများ၏ အမွေအနှစ်သည် ပျက်သုန်းခြင်း ဧကရာဇ်ဘုံလောကအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဒါက ဧကရာဇ်ဘုံလောကကြီးတွင်ရှိသော ကျင့်ကြံသူအပေါင်းကို ရူးနှမ်းသွားစေရန် လုံလောက်စေသည်။ ဤသတင်းပေါက်ကြားသွားခဲ့လျှင် ဧကရာဇ်ဘုံလောကကြီးတစ်ခုလုံးသည် ပြင်းထန်သောတိုက်ပွဲကြီးကို ဆင်နွှဲရလိမ့်မည်။ မရေမတွက်နိုင်သော အစွမ်းထက်သည့် အင်အားစုများသည် ဤတိုက်ပွဲအတွင်း၌ ပါဝင်ကြမည်ဖြစ်ရာ ဤကဲ့သို့ ရှေးဆန်သည့် အမွေအနှစ်ကြီး၏ ရှေ့မှောက်တွင်ဘယ်သူကမှ တည်ငြိမ်နိုင်တော့မည် မဟုတ်ပါ။
ထာဝရညဥ့်ဦးယံမြို့၏ မြို့အရှင်တိုက်ပွဲအတွင်း၌ ဤကဲ့သို့အမွေအနှစ်တစ်ခု ရှိနေလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။ ထာဝရညဥ့်ဦးယံမြို့ထဲက မကောင်းဆိုးဝါးအိုကြီးတွေက ဒီအကြောင်းကို သိရှိမထားဘူးလား။
"ဘုန်း!"
ဧရာမကြာပွင့်ကြီးသည် ယွဲ့ယင်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်လိုက်သည့်အခါ ရုပ်တုကြီးနှစ်ခု၏ အပြောင်းအလဲများသည် ရပ်တန့်မသွားခဲ့ဘဲ ပိုမို၍ ပြင်းထန်ရွေ့လျားလာခဲ့သည်။ ဝမ်ဖုန်း၏တုန်လှုပ်နေသော အကြည့်များအောက်တွင် ရုပ်တုကြီးနှစ်ခုသည် တစ်စစီအက်ကွဲသွားခဲ့သည်။
ဤအခိုက်အတန့်တွင် မူလကကြီးမားသောရုပ်တုကြီးများသည် မရေမတွက်နိုင်သော ကျောက်တုံးအပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဝမ်ဖုန်းဟာ ပဟေဠိဖြစ်သွားခဲ့သည်။ နတ်ကွန်းပေါ်သို့ပြုတ်ကျလာခဲ့သော ကျောက်စိုင်ကျောက်ခဲများသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်ခဲ့သည်။ များမကြာမီတွင် ကျောက်စိုင်ကျောက်တုံးများမှနေ၍ ထူထပ်များပြားသော မှော်ဝင်ရှေးဟောင်းသင်္ကေတများ ထွက်ပေါ်လာခဲ့သည်။
အကြည့်တစ်ချက်ဖြင့်ပင် ဝမ်ဖုန်း၏စိတ်ဝိညာဥ်တစ်ခုလုံးသည် တုန်ခါယမ်းခဲ့ရသည်။ သူ၏မျက်နှာပြင်ကို ဝေ့ဝဲတိုက်ခတ်နေသော ပြင်းထန်ရက်စက်သည့် ရှေးဟောင်းနတ်ဆိုးမိစ္ဆာတစ်ပါး၏ ခွန်အားကို ခံစားခဲ့ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်လှုပ်နေခဲ့ကာ ဦးခေါင်းပါ ညွတ်ကျလုမတတ် ဖြစ်နေခဲ့သည်။ ဝမ်ဖုန်းသည် အချိန်မီ ကံတရား၏ စွမ်းအင်များကို အသုံးပြုခဲ့ကာ ၎င်းသင်္ကေတများ၏ လွှမ်းမိုးမှုအောက် မကျရောက်စေရန် ပြုမူခဲ့ရသည်။ ဝမ်ဖုန်း၏အနောက်ဘက်တွင်ရှိနေသော ရွှမ်းယွမ်နှင့်ကွေ့ဝူတို့သည်တော့ အနည်းငယ်တောင် သည်းမခံနိုင်ခဲ့သည်ဖြစ်ရာ ရုပ်တုနှစ်ခုကို တိုက်ရိုက် မကြည့်ရှူရဲတော့ပါ။ သူတို့သည် ဦးခေါင်းများကို နှိမ့်ချခဲ့ကြပြီး ကိုယ်ခန္ဓာများသည် တသိမ့်သိမ့်တုန်ယင်နေခဲ့သည်။
"ဘုန်း!"
ရှေးဟောင်းမှော်ဝင်သင်္ကေတများသည် နတ်သူငယ်များကဲ့သို့ လေထုအတွင်းကခုန်ဝေ့ဝဲနေခဲ့သည်။ တစ်ခဏကြာအောင်ပျံသန်းပြီးနောက် ၎င်းသင်္ကေတများသည် ကြီးမားသောကြာပွင့်ကြီးပေါ်သို့ ကျရောက်သွားခဲ့သည်။ ယင်းနောက်ကြာပွင့်ကြီးနှင့် ပေါင်းစပ်သွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ အဆုံးအစမဲ့သင်္ကေတများသည် ကြာပွင့်ကြီး၏အပေါ်၌ ထွက်ပေါ်လာခဲ့ကာ ၎င်းပေါ်တွင် တင်ပျဥ်ချိတ်၍ ထိုင်နေသော ယွဲ့ယွင်းထံသို့ တိုးဝင်သွားခဲ့သည်။
"ဘုန်း!"
အဆိုပါအဆုံးအစမဲ့သော သင်္ကေတများသည် ကြာပွင့်ကြီးနှင့်ပေါင်းစပ်သွားသည့်အခါ တောက်ပသောအလင်းတန်းသည် တရစပ်တည်း ထွက်ပေါ်လာခဲ့သည်။ အလင်းတန်းကြီးမှာ မိုးကောင်းကင်ထိတိုင် ပျံ့လွင့်ထွက်ပေါ်လျက်ရှိသည်။
"ဘုန်း!"
၎င်းအလင်းတန်းကြီးထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်းတို့အားလုံးသည် ပြင်းထန်သော မုန်တိုင်းကိုခံစားခဲ့ရသည်။ သူတို့အားလုံးသည် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြပါ။ ခန္ဓာကိုယ်တစ်ခုလုံးသည် မုန်တိုင်းကြောင့် လွင့်စင်ထွက်ကုန်လျက် မာကျောသော ကြမ်းပြင်နှင့် ရိုက်ခတ်မိခဲ့ကြသည်။
"အဟွတ်"
ဖုန်မှုန့်များ၏အကြားတွင် ဝမ်ဖုန်းက ချောင်းဖွဖွဆိုးလိုက်ကာ ကြမ်းပြင်ပေါ်သို့ပြန်၍ မတ်တတ်ရပ်လာခဲ့သည်။ သူသည် ရွှမ်းယွမ်နှင့်ကွေ့ဝူတို့ကို လှမ်းကြည့်လိုက်သည့်အခါ သူတို့တတွေ ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့တာကို တွေ့ခဲ့ရသည်။ ယင်းနောက် လေဟာပြင်ထက်၌ရှိနေသော ကြာပွင့်ကြီးပေါ်သို့ ပြန်၍အကြည့်ပို့ခဲ့သည်။
ဤအချိန်တွင် ဝမ်ဖုန်း၏မျက်နှာပေါ်၌ မျှော်လင့်စောင့်စားနေသော အကြည့်တစ်ခု ရှိနေခဲ့သည်။ ၎င်း နတ်ဆိုးဘိုးဘေးနှစ်ပါး၏ အမွေအနှစ်ကို ရရှိပြီးနောက် ယွဲ့ယင်းတစ်ယောက် မည်ကဲ့သို့ ပြောင်းလဲသွားမည်ကို သူ သိရှိလိုလှသည်။
ဘိုးဘေးအဆင့် သွေးမျိုးဆက်ကို ရရှိပြီးနောက် ယွဲ့ယင်းသည် ပြင်းထန်သော ပါရမီစွမ်းအားကို ဖော်ထုတ်နိုင်ခဲ့ကာ ကြောက်လန့်ဖွယ် ကောင်းလောက်သည့်အဆင့်သို့ ရောက်ရှိခဲ့သည်။ နတ်ဆိုးဘိုးဘေးနှစ်ပါး၏ အမွေအနှစ် မရှိခဲ့ဘူးဆိုလျှင်တောင် ယွဲ့ယင်း၏ပါရမီစွမ်းရည်က နိမ့်ပါးမည် မဟုတ်ပါပေ။ ထောင်သောင်းချီသောစကြဝဠာ၏ ကမ္ဘာလောကများအတွင်းရှိ နတ်ဆိုးမျိုးနွယ်စုများထဲတွင် သူမဟာ ထိပ်တန်းလူငယ်မျိုးဆက်ဖြစ်ပါပေသည်။
နတ်ဆိုးဘိုးဘေးနှစ်ပါးရဲ့ အမွေအနှစ်နဲ့ပေါင်းစပ်လိုက်သည့်အခါ ယွဲ့ယင်း၏အနာဂတ်ကို ဝမ်ဖုန်းကတောင် ခန့်မှန်း၍ မရနိုင်တော့ပါ။
တစ်ချိန်တည်းမှာပဲ နတ်ဆိုးဘိုးဘေးဘုရားကျောင်း၏ အပြင်ဘက်တွင်ရှိနေသော အကြီးအကဲငါးဦးသည် ကျောက်တိုင်လုံးကြီးငါးခုပေါ်၌ တင်ပျဥ်ချိတ်၍ထိုင်နေခဲ့ကာ ကျောက်ရုပ်တုများကဲ့သို့ မျက်ဝန်းကို ဖိမှိတ်ထားခဲ့သည်။ သူတို့၏ အသက်ရှူသံကလည်း ခပ်မျှင်းမျှင်းသာ ထွက်ပေါ်လျက်ရှိသည်။
"ဝုန်း!"
ဤအခိုက်အတန့်တွင် ဘုရားကျောင်းတစ်ခုလုံးသည် ရုတ်တရက်တုန်ခါသွားခဲ့သည်။ ၎င်းထူးဆန်းသော အခြေအနေသည် အကြီးအကဲဝူဖန်းတို့ကို ချက်ချင်း နိုးထသွားစေခဲ့သည်။ သူသည် ကောက်ကာငင်ကာ မတ်တတ်ရပ်လိုက်ကာ ခန္ဓာကိုယ်တစ်ခုလုံးမှ အရှိန်အဝါများဖော်ထုတ်လျက် နတ်ဆိုးဘိုးဘေးဘုရားကျောင်းရှိရာသို့ စူးစိုက်ကြည့်လိုက်သည်။
"ဘုန်း!"
အကြီးအကဲဝူဖန်းတို့၏ တုန်လှုပ်နေသောအကြည့်များအောက်တွင် အလင်းတန်းကြီးတစ်တန်းသည် ကောင်းကင်ထိတိုင်ထွက်ပေါ်လာလျက်ရှိသည်။ ၎င်းအလင်းတန်းကြီးသည် လွန်စွာတောက်ပလွန်းတာကြောင့် မူလက မဲမှောင်နေသော သွေးမျှော်စင်၏ဒုတိယအလွှာသည် နေ့ခင်းဘက်အလား လင်းထိန်သွားခဲ့သည်။ ဒုတိယအလွှာအတွင်းရှိနေသော အနက်ရောင် ရောင်စဥ်ရောင်ဝါများသည် တောက်ပသော အလင်းတန်းကြောင့် တွန်းကန်ခြင်းကို ခံခဲ့ရသည်။
၎င်းအင်မတန်တောက်ပသည့် အလင်းတန်းကြီးသည် ဒုတိယအလွှာ၏ အရံအတားကိုဖြတ်ကျော်သွားခဲ့ကာ တတိယအလွှာထိ ဆက်လက်ခရီးနှင်ခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ သွေးမျှော်စင်၏ တတိယအလွှာကိုလည်း ဖြတ်ကျော်သွားပြန်သည်။ အချိန်တိုအတောအတွင်း၌ ၎င်းအလင်းတန်းသည် သွေးမျှော်စင်နဝမအလွှာထိ ရောက်ရှိသွားခဲ့သည်။
တစ်စုံတစ်ယောက်သာ မျှော်စင်၏အပြင်ဘက်မှ စိုက်ကြည့်လျှင် မျှော်စင်ကြီးတစ်ခုလုံးကို လေဆာအလင်းတန်းတစ်ခုက ထွင်းဖောက်ပစ်သကဲ့သို့ တွေ့မြင်ရမှာဖြစ်သည်။ ဒုတိယအလွှာမှနေ၍ အလင်းတန်းသည် မျှော်စင်တစ်ခုလုံးကိုထိုးဖောက်ခဲ့ချေသည်။
မျှော်စင်ကြီး၏နဝမအလွှာထဲတွင် ရုပ်အလောင်းတစ်လောင်းသည် မြင့်မားသောယဇ်ပလ္လင်ကြီးပေါ်၌ တင်ပျဥ်ချိတ်၍ထိုင်နေခဲ့သည်။ အလင်းတန်းကြီးထွက်ပေါ်လာသည့်အခါ ၎င်း၏ခန္ဓာကိုယ်သည် ခါယမ်းသွားခဲ့သည်။ သွေးနီရောင်မျက်ဝန်းနှစ်ခုသည် အလင်းတန်းကို စူးစိုက်ကြည့်လျက်ရှိသည်။
"သေစမ်း! တစ်ယောက်ယောက်က နတ်ဆိုးဘိုးဘေးရဲ့အမွေအနှစ်ကို ရရှိသွားပြီ"
ကြမ်းတမ်းအက်ရှ၍ အေးစက်ခက်ထန်သောအသံကြီးသည် နဝမအလွှာ၏ အာကာပြင်အတွင်း ပျံ့လွင့်သွားခဲ့သည်။ အေးစက်သော အရှိန်အဝါသည် ကြားယောင် မိသူ မှန်သမျှကို တသိမ့်သိမ့် တုန်လှုပ်သွားစေနိုင်သည်။
"အဲဒီ့လူနှစ်ယောက်က အရင်က ငါ့ကိုအပြင်းအထန်ဒဏ်ရာရစေခဲ့တယ်။ သူတို့ရဲ့အမွေအနှစ်ကို သွေးမျှော်စင်ထဲမှာ ပိတ်ထားပြီး ဆက်ခံသူတွေနဲ့ အဆက် ဖြတ်တောက်ပစ်ချင်ခဲ့တာ။ ဒါပေမဲ့ မကောင်းဆိုးဝါးမျိုးနွယ်စုထဲမှာ သူတို့နှစ်ယောက်ရဲ့အမွေအနှစ်ကို လက်ခံရရှိနိုင်တဲ့လူ ရှိနေလိမ့်ဦးမယ်လို့ ငါ မထင်ထားခဲ့ဘူး"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ !? သွေးမျှော်စင်ဒုတိယအလွှာထဲမှာရှိတဲ့ မကောင်းဆိုးဝါးမျိုးနွယ်စုတွေကို ဒီနတ်ဆိုးက စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ထားပြီးပြီလေ။ အဲဒီ့လူတွေရဲ့သွေးမျိုးဆက်က ဒီအမွေအနှစ်ကို နိုးထစေနိုင်မှာ မဟုတ်ဘူး"
သွေးနီရောင် မျက်ဝန်းများသည် အဆက်မပြတ် လှုပ်ရှားနေခဲ့သည်။ နဝမအလွှာတွင် အေးစက်သောအသံကြီး ဟိန်းထွက်လျက်ရှိသည်။
"ကျစ် ကျစ်"
သို့သော်လည်း များမကြာမီတွင် စုတ်သပ်သံနှင့်အတူ ကျယ်လောင်သော ရယ်မောသံကြီးသည် ထပ်ဖန်တခါ ထွက်ပေါ်လာခဲ့သည်။ အသံမှာ စူးရှလွန်းလှသည်။
"မင်းတို့နှစ်ယောက်ရဲ့ဆက်ခံသူက သွေးမျှော်စင်ကြီးထဲမှာရှိနေတာတော့ ကံဆိုးတာပဲ။ ဒီအရှင်ရဲ့လက်ခုပ်ထဲက ပြေးမလွတ်နိုင်ပါဘူးကွာ"
"ဒီအရှင်က မင်းတို့နှစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့ပြီးပြီ။ မင်းတို့ရဲ့အမွေခံကိုလည်း ကျိန်းသေပေါက် သတ်ဖြတ်ပစ်မယ်"
"နတ်ဆိုးဘိုးဘေးတွေရဲ့အမွေခံ... သူ့ရဲ့သွေးက ဘယ်လောက်တောင်မှ အရသာရှိလိုက်မလဲ။ ဒါက ဒီနတ်ဆိုးကို စိတ်လှုပ်ရှားစေပြီဟေ့"
အလောင်းကောင်သည် မိမိဘာသာပြောဆိုလိုက်သည်။ သူ၏စကားလုံးများထဲတွင် အမှုမထားဟန်များ ပါဝင်နေသည်။ ဘိုးဘေးနှစ်ပါး၏ အမွေခံများကို နှိပ်စက်နေသည့်မြင်ကွင်းကိုတောင် သူသည် တွေ့မြင်ခဲ့ရသည်။
ဤအခိုက်အတန့်တွင် အလောင်းကောင်သည် သိသာထင်ရှားသော ပြောင်းလဲမှုများကို ဖြတ်ကျော်နေရသည်။ သွေးမျှော်စင်အတွင်းရှိ ပါရမီရှင်များ တိုက်ခိုက်ရင်း ကျရှုံးသွားသည်နှင့်အမျှ သူစုပ်ယူရရှိသော သွေးစွမ်းအင်များသည် ပိုမိုများပြားလာခဲ့သည်။ သူ၏အစစ်အမှန်ရုပ်ခန္ဓာသည် အကောင်အထည် ပေါ်လာခဲ့သည်။
သူ၏ရင်ဘတ်ပေါ်တွင် သွေးနီရောင်အလင်းတန်းများ ထုတ်လွှတ်နေသော အလင်းစက်လေး ၁၁ခုတောင် ရှိနေခဲ့သည်။ ၎င်းတို့ဟာ ပိရမစ်ပုံစံ ဖော်ဆောင်ထားလျက်ရှိသည်။
အလောင်းကောင်၏ သွေးနီရောင်မျက်ဝန်းများသည် အတားအဆီးများကိုဖြတ်ကျော်၍ သွေးမျှော်စင် တတိယအလွှာသို့ အကြည့်ရောက်ရှိသွားခဲ့သည်။ လူငယ်ပါရမီရှင်များစွာက တတိယအလွှာကို ဖြတ်ကျော်ရန် ကြိုးစားနေသည်ကို တွေ့မြင်ခဲ့ရသည့်အခါ သူသည် အေးစက်စွာပြောလိုက်သည်။
"ထားလိုက်တော့။ သူတို့ကို သတ်ဖြတ်ခိုင်းလိုက်တာပေါ့ ဒီနတ်ဆိုးက သွေးတွေကို ပိုပြီးလိုအပ်နေတယ်!"