မျိုးနွယ်စု ခေါင်းဆောင်အသစ်
Vol. 54 Ch. 750
အကြီးအကဲချုံးမင်၏ ရယ်မောသံကြီးသည် ယွဲ့ကုန်းနှလုံးသားအတွင်းရှိ ဒေါသတရားကို မဖြေဖျောက်နိုင်ခဲ့ရုံတင်မက ပိုမိုပြင်းထန်လာစေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါက်ကွဲလုမတတ်ဖြစ်နေသော အမျက်ဒေါသတို့ကြောင့် တသိမ့်သိမ့်ခါရမ်းနေခဲ့သည်။ နိမ့်ပါးသော ကျင့်ကြံမှုရှိသည့် စွမ်းအားရှင်များကတောင် ၎င်းကို ခံစားနိုင်ခဲ့သည်။ ထိတ်လန့်စရာ အမျက်ဒေါသများသည် ယွဲ့ကုန်းထံ၌ ဖြစ်တည်လာခဲ့ပါပြီ။
ကျန်ရစ်သော မျိုးနွယ်စုခေါင်းဆောင်ကိုးဦးကလည်း မျက်မှောင်ကြုံ့ခဲ့ကြသည်။ သူတို့၏မျက်ဝန်းများထဲတွင် အေးစက်သော အကြည့်တစ်ခု ရှိနေခဲ့သည်။ အရပ်ငါးမျက်နှာ အကြီးအကဲငါးဦး၏အပြုအမူများသည် လက်ရှိ၌ ထူးဆန်းနေခဲ့သည်။
"မင်းတို့ကောင်တွေ ကောင်းမွန်တဲ့အရာတစ်ခုဖြစ်နေတာကို မပျော် ကြဘူးလား"
ယွဲ့ကုန်း၏ဒေါသကို ခံစားခဲ့ရသည့်အခါ အကြီးအကဲချုံးမင်သည် ရယ်မောသံကြီးကို ရပ်တန့်လျက် ယွဲ့ကုန်းကို စိုက်ကြည့်ကာ အပြုံးဖြင့် ဆူပူအော်ဟစ်လိုက်သည်။
"တော်သင့်ပြီ!"
"အကြီးအကဲတို့က နတ်ဆိုးမျိုးနွယ်ရဲ့ပင်မ ထောက်တိုင်ကြီးတွေပါ"
"ဒါပေမဲ့ ကျုပ်၊ယွဲ့ကုန်းက နတ်ဆိုးမျိုးနွယ်အပေါ်ဘယ်တုန်းကမှ မဟုတ်တာ မပြုလုပ်ခဲ့ဖူးဘူး။ ယွဲ့ရွှမ်နတ်ဆိုးမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်လာပြီးကတည်းက ကျုပ်က မျိုးနွယ်စုကို အစဉ်အမြဲတိုးတက်အောင် ကြံဆောင်ခဲ့ပြီး ဘယ်တုန်းကမှ သတိလက်လွတ်လို့ မနေခဲ့ဘူး"
"အခု အကြီးအကဲတို့က ရှင်းပြမှုနည်းနည်းလေးတောင်မရှိဘဲနဲ့ ကျုပ်ကို ရာထူးက ထုတ်ပယ်ချင်နေတာလား။ ဒါက ကျုပ်၊ ယွဲ့ကုန်းကို အနိုင်ကျင့်နေတာမဟုတ်ဘူးလား"
အကြီးအကဲချုံးမင်၏ရယ်မောသံနှင့် ဆူပူသံကိုကြားခဲ့ရသည့်အခါ ယွဲ့ကုန်း၏နှလုံးသားထဲတွင် အမျက်ဒေါသများစုပုံလာခဲ့ကာ ထိန်းချုပ်၍ မရနိုင်တော့ပါ။ သူသည် ချက်ချင်းပေါက်ကွဲထုတ်ဖော်ခဲ့သည်။
"ဘုန်း!'
၎င်းဟစ်ကြွေးသံကြီးနှင့်အတူ သူ့ထံမှ ပြင်းထန်သော စွမ်းအင်လှိုင်းလုံးများသည် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ လောင်ထျန်းဧကရာဇ်အထွတ်အထိပ် ကျင့်ကြံမှုစွမ်းအင်သည် လောကကြီးကိုဖြတ်သန်းတိုက်ခိုက်သွားခဲ့ကာ လောကကြီးတစ်ခုလုံးသည် ခါရမ်းသွားခဲ့သည်။ အရပ်မျက်နှာအသီးသီး၌ လေဟာပြင်သည် အက်ကွဲသွားခဲ့သည်။
ကျန်မျိုးနွယ်စုကိုးစု၏ ခေါင်းဆောင်များသည် ယွဲ့ကုန်းလောက် ရိုင်းစိုင်းခြင်းမရှိကြသော်လည်း သူတို့၏မျက်ဝန်းများက အေးစက်နေခဲ့သည်။ အကြီးအကဲငါးဦးသည် နတ်ဆိုးမျိုးနွယ်၏ ပင်မထောက်တိုင်များ အမှန်တကယ် ဖြစ်ကြပါသည်။ သို့သော်လည်း ဒါက သူတို့ လုပ်ချင်တိုင်းလုပ်လို့ရသည် ဟုတော့ မဆိုလိုပါ။
ဤကနေ့တွင် မျိုးနွယ်စု၏အကြီးအကဲငါးဦးသည် ယွဲ့ကုန်းကိုမျိုးနွယ်စုခေါင်းဆောင်ရာထူးမှ ထုတ်ပယ်ခဲ့လျှင် အနာဂတ်တွင် သူတို့၏ရာထူးသည်လည်း ထုတ်ပယ်ခြင်း ခံရနိုင်သည်။ အကြီးအကဲငါးဦးကသာ သင့်လျော်သော ရှင်းပြမှုကို မပြုဘူးဆိုလျှင် သူတို့သည် အကြီးအကဲငါးဦးကို ရင်ဆိုင်တိုက်ခိုက်ရန်လည်း စိတ် မရှိပါချေ။
"မင်း…မင်းက ယွဲ့ရွှမ် နတ်ဆိုးမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်လာတာ ကြာလှနေပြီ။ အခုထက်ထိ စိတ်မရှည်ဖြစ်နေတုန်းကိုး"
ယွဲ့ကုန်း၏ဒေါသတကြီး အပြုမူသည် အကြီးအကဲချုံးမင်၏အမူအရာကို မပြောင်းလဲသွားစေခဲ့ပါ။ သူက ယွဲ့ကုန်းကိုစိုက်ကြည့်လျက် ခေါင်းကို ခါရမ်းလိုက်ပြီး ရယ်မောလိုက်ချေသည်။
"ထားလိုက်တော့ အကြီးအကဲက နောက် ပြောင်မနေတော့ပါဘူး"
"နတ်ဆိုးဘိုးဘေးဘုရားကျောင်းမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာရဲ့ အကြောင်းအရင်းက တစ်ယောက်ယောက်က နတ်ဆိုးဘိုးဘေးရဲ့ အမွေအနှစ်ကို ရရှိသွားလို့ပဲ"
"ပြီးတော့ အဲဒီလူက မင်းတို့ယွဲ့ရွှမ် နတ်ဆိုးမျိုးနွယ်စုက လူကွ"
"ဒီတော့ ငါဆိုလိုချင်တာကို နားလည်ပြီလား"
ရှုပ်ထွေးသော အကြည့်တစ်ခုသည် အကြီးအကဲချုံးမင်၏ မျက်ဝန်းအတွင်း ထွက်ပေါ်လာခဲ့သည်။ သူသည် ယွဲ့ကုန်းနှင့် ကျန်မျိုးနွယ်စုခေါင်းဆောင်များကို အပြုံးဖြင့်စိုက်ကြည့်လျက် ကျယ်လောင်စွာ ပြောဆိုခဲ့သည်။
လက်ရှိရောက်ရှိလာသူများသည် နတ်ဆိုးမျိုးနွယ်၏ အဓိကအဖွဲ့ဝင်များ ဖြစ်ကြသည်။ ထိုအတွက်ကြောင့် ဖုံးကွယ်ထားစရာမလိုပါ။
တိတ်ဆိတ်ခြင်း။
သုဿန်တစပြင်အလား တိတ်ဆိတ်ခြင်း။
အကြီးအကဲချုံးမင်၏စကား ပဲ့တင်ထပ်သွားသည့်အခါ ဘုရားကျောင်းပတ်လည်သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ မူလကဒေါသထွက်နေသော ယွဲ့ကုန်း၏မျက်ဝန်းများသည် ပြူးကျယ်လာခဲ့ကာ ခန္ဓာကိုယ်သည် ရုပ်ထုကြီးကဲ့သို့ ခဲတောင့်သွားခဲ့သည်။
ကျန်ရစ်သော နတ်ဆိုးမျိုးနွယ်ကိုးစု၏ခေါင်းဆောင်များကလည်း ယွဲ့ကုန်းထက် အခြေအနေ ပိုကောင်း မနေခဲ့ပါချေ။ သူတို့အားလုံးသည် မယုံကြည်နိုင်စွာ ကြောင်ကြောင်အအ ဖြစ်နေခဲ့သည်။
အကြီးအကဲချုံးမင်၏ နှုတ်ထွက်စကားကြောင့်မဟုတ်လျှင် သူတို့က ယုံကြည်နိုင်မှာတောင် မဟုတ်ပါချေ။ ဤသတင်းသည် အိပ်မက် ဆန်လွန်းလှသည်။
"ချုံး…အကြီးအကဲ ခင်ဗျားပြောတာအမှန်ပဲလား"
ယွဲ့ကုန်းသည် နှလုံးအိမ်အတွင်းရှိထိတ်လန့်မှုများကို ဖိနှိပ်ထားခဲ့ကာ အကြီးအကဲချုံးမင်ကို တုန်ယင်နေသောအသံဖြင့် ပြောဆိုခဲ့သည်။
ဤအခိုက်အတန့်တွင် ယွဲ့ကုန်းနှလုံးသားထဲရှိ အမျက်ဒေါသသည် ပျောက်ကွယ်သွားခဲ့သည်။ အဆုံးအစမဲ့သော မျှော်လင့်စောင့်စားမှုသာ ရှိနေခဲ့သည်။
အကြီးအကဲချုံးမင် ပြောသလိုသာ ဆိုရင် ယွဲ့ရွှမ်နတ်ဆိုးမျိုးနွယ်စုရဲ့ ခေါင်းဆောင်ရာထူးက ထုတ်ပယ်ခံရရင်ရော? သူ ဘာကို ဂရုစိုက်ရဦးမည်နည်း။
ယွဲ့ရွှမ်နတ်ဆိုးမျိုးနွယ်စုကသာ နတ်ဆိုးဘိုးဘေး၏အမွေအနှစ်ကို အမှန်တကယ်ရရှိနိုင်ခဲ့လျှင် နတ်ဆိုးမျိုးနွယ်တစ်စုလုံးအတွက် ကြီးမားသောအောင်မြင်မှုဖြစ်သည်။
ယွဲ့ကုန်း၏စကားဆုံးသွားသည့်အခါ ကျန်ရစ်သော စွမ်းအားရှင်များအားလုံးသည် အသိဝင်လာခဲ့ကြသည်။ သူတို့အားလုံးက အကြီးအကဲချုံးမင်ကို စိတ်လှုပ်ရှားမှု၊မျှော်လင့်စောင့်စားမှုတို့ဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
နတ်ဆိုးမျိုးနွယ်ကိုးစု၏ မျိုးနွယ်စုခေါင်းဆောင်များကတောင် မနာလိုဝန်တိုမှု အရိပ်အယောင်များကို ဖော်ထုတ်ပြသခဲ့သည်။
လက်ရှိအခြေအနေတွင် နတ်ဆိုးမျိုးနွယ်စုများအားလုံး ပေါင်းစုကြရလိမ့်မည်။ သို့မှသာ သွေးမျှော်စင်ကိုဖောက်ထွက်၍ သက်ဆိုင်ရာ ကမ္ဘာလောကသို့ ပြန်သွားနိုင်မည်ဖြစ်သည်။ ဤသို့ဆိုလျှင် သူတို့၏သက်ဆိုင်ရာ မျိုးနွယ်စုခေါင်းဆောင် ရာထူးများသည်လည်း လျော့ကျသွားလိမ့်မည်။ သူတို့ ဒါကိုရှင်းလင်းစွာ သိကြပါသည်။
ဒါအပြင် သူတို့က မနာမခံပြုမူရဲပါလျှင် အကြီးအကဲငါးဦးသည် သူတို့ကို တိုက်ရိုက်သတ်ဖြတ်ပစ်လောက်သည်။
နတ်ဆိုးမျိုးနွယ်၏တိုးတက်မြင့်မားရေးနှင့် ကြုံတွေ့ရသည့်အခါ အရပ်လေးမျက်နှာ၏အကြီးအကဲများသည် အညှာအတာကင်းမဲ့စွာ လုပ်ဆောင်နိုင်ကြသည်။
"ဟုတ်တာပေါ့။ ဒီအကြီးအကဲက ဒီလိုကိစ္စမျိုးကို နောက်ပြောင်စရာလား"
"တော်သင့်ပြီ။ အဲဒီကောင်မလေးထွက်လာတဲ့အထိ စောင့်ကြတာပေါ့။ ဒါဆိုရင်အရာအားလုံး ရှင်းလင်းသွားပါလိမ့်မယ်"
အကြီးအကဲချုံးမင်က ခေါင်းညိတ်လိုက်ပြီး ပြောဆိုလိုက်သည်။
ယွဲ့ကုန်းနှင့်ကျန်ရစ်သော နတ်ဆိုးမျိုးနွယ်၏ စွမ်းအားရှင်များသည် အံ့သြမှုများကို ထုတ်ဖော်ပြသလာခဲ့သည်။ သူတို့၏ကိုယ်ခန္ဓာသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့သည်။ ယွဲ့ကုန်းသည် ပါးစပ်ကိုဖွင့်ဟ၍ တစ်စုံတစ်ရာ ပြောဆိုချင်ခဲ့သော်လည်း စကားလုံးများသည် ထွက်ပေါ်မလာနိုင်ခဲ့ပါ။
သူသည် အရမ်းကိုစိတ်လှုပ်ရှားနေခဲ့သည်။ သူသည်သာမက များစွာသော ယွဲ့ရွှမ်နတ်ဆိုးမျိုးနွယ်စု၏ စွမ်းအားရှင်များကလည်း စိတ်လှုပ်ရှားနေခဲ့ကြသည်။
"နတ်ဆိုးဘိုးဘေးရဲ့ အမွေအနှစ်ကို ရယူနိုင်ခဲ့တဲ့ ယွဲ့ရွှမ်းနတ်ဆိုးမျိုးနွယ်ဝင် ထွက်လာလို့ရှိရင် ငါ၊ယွဲ့ကုန်းက မျိုးနွယ်စုခေါင်းဆောင်ရာထူးက ဖယ်ပေးမယ်။ ပြီးရင် မျိုးနွယ်စုရဲ့အကြီးအကဲအဖြစ်ပဲ ဆက်လက် တာဝန်ယူတော့မယ်"
"အခုအချိန်ကစပြီး ငါ၊ ယွဲ့ကုန်းက မျိုးနွယ်စုခေါင်းဆောင်အသစ်ကို အမှုထမ်းမယ်လို့ တိုင်တည်တယ်"
အကြီးအကဲချုံးမင်၏ စကားဆုံးသွားပြီးနောက် ယွဲ့ကုန်း၏မျက်ဝန်းများထဲတွင် ခိုင်မြဲသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ကာ လူအများ၏ရှေ့တွင် ကျယ်လောင်ပြတ်သားစွာ အော်ဟစ်ပြောဆိုခဲ့သည်။
ယွဲ့ကုန်း၏ စိတ်နေသဘောထားကြောင့် အရပ်ငါးမျက်နှာ အကြီးအကဲများသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ ကျန်မျိုးနွယ်စုကိုးစု၏ခေါင်းဆောင်များကလည်း အံ့အားသင့်မှုများ မရှိခဲ့ကြပါ။ သူတို့ဆိုပါကလည်း ထိုအတိုင်းသာ ပြုလုပ်မိပေလိမ့်မည်။
....
နတ်ဆိုးဘိုးဘေးဘုရားကျောင်းအတွင်း၌ ရှိနေကြသော ဝမ်ဖုန်းနှင့် တခြားသူများကတော့ ဘုရားကျောင်းအပြင်ဘက်ရှိ အဖြစ်အပျက်များကို မသိရှိခဲ့ပါ။ သူတို့သည် နတ်ကွန်းအပေါ်တွင် ဝဲလည်နေသော ဧရာမကြာပွင့်ကြီးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။
ဤအချိန်တွင် တလက်လက်တောက်ပနေသော အလင်တန်းသည် ကြာပွင့်ကြီးထံမှ ထွက်ပေါ်လာခဲ့ကာ ကြာပွင့်ကြီးကို လျှို့ဝှက်ဆန်းပြား၍ ဆန်းကြယ်လာစေခဲ့သည်။ ထူးခြားဆန်ပြားသော အရှိန်အဝါများသည် ကြာပွင့်ထံမှ လျှံကျထွက်ပေါ်လာပြီးလျှင် နတ်ကွန်း၏အရံအတားကို ထွင်းဖောက်၍ ခန်းမတစ်ခွင် ပျံ့လွင့်နေခဲ့သည်။
၎င်းအရှိန်အဝါမှတစ်ဆင့် ဝမ်ဖုန်းတို့သည် သန်မာသော နတ်ဆိုးစွမ်းအားကို ခံစားနေရသည်။ ၎င်းနတ်ဆိုးစွမ်းအားသည် သူတို့၏ စိတ်ဝိဉာဉ်တစ်ခုလုံးကို နာကျင်စေခဲ့သည်။
နတ်ဆိုးဘိုးဘေးနှစ်ပါး၏ အမွေအနှစ်လွှဲပြောင်းမှုသည် နောက်ဆုံးအခြေအနေ၌ ရှိနေပြီဖြစ်ကြောင်းကို ဝမ်ဖုန်းတစ်ယောက် ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ သူသည် အမွေအနှစ်ကို လက်ခံရရှိပြီးနောက် ဖြစ်ပေါ်လာမည့် ယွဲ့ယင်း၏ အပြောင်းအလဲများကို တွေ့မြင်ရန် စောင့်စားနေမိသည်။