ပြိုင်ဘက်ကင်းသော ကဝေပျို
Vol. 54 Ch. 751
"ဘုန်း!"
ရုတ်တရက်ဆိုသလို ခမ်းနားကြီးကျယ်၍ပြိုင်ဘက်ကင်းသောစွမ်းအားသည် ကြာပွင့်ကြီးထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ နတ်ဆိုး ဘုရားကျောင်း တစ်ခုလုံးအတွင်းသို့ ပျံ့လွင့်သွားလျက် ခန်းမကြီးကို အပြင်းအထန် ခါယမ်းလာစေခဲ့သည်။
ဤကြောက်စရာကောင်းသောစွမ်းအင်ကိုခံစားရသည့်အခါ ဝမ်ဖုန်း၏မျက်ဝန်းများသည် မှေးကျဥ်းသွားခဲ့သည်။ သူ၏မျက်လုံးများသည် နတ်ကွန်းရှိရာသို့ စူးစိုက်ကြည့်နေခဲ့သည်။ မျက်ဝန်းများ၏အတွင်းတွင် စိတ်ဝိညာဥ်ကို ထွင်းဖောက်မြင်နိုင်သော အလင်းတန်းတစ်ခု ရှိနေခဲ့သည်။
ယွဲ့ယင်း၏ကျင့်မှုသည် မိုးကောင်းကင်ထိတိုင်မြင့်တက်သွားခဲ့ကာ လောင်ထျန်းဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ထိုသတင်းသာ ပျံ့နှံ့သွားလျှင် ကမ္ဘာလောကကြီးကို ထိတ်လန့်စေမိမှာကို စိုးရိမ်မိသည်။ အချိန်တိုအတောအတွင်း၌ အစစ်အမှန်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိခြင်း။
ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီးတွင် လူအနည်းငယ်ကသာ ထိုသို့ ပြုလုပ်နိုင်ပါသည်။
ကြာပွင့်ကြီးပေါ်တွင် ယွဲ့ယင်းသည် တင်ပျဥ်ချိတ်၍ထိုင်နေခဲ့ကာ မျက်ဝန်းများသည် ဖိပိတ်ထားခဲ့သည်။ သူမ၏သေးသွယ်နူးညံ့သော ခန္ဓာကိုယ်ကလေးအပေါ်တွင် မရေမတွက်နိုင်သော မှော်ဝင်သင်္ကေတများသည် ပျံ့လွင့်လျက် ရှိချေသည်။ ၎င်းသင်္ကေတများသည် မြွေများကဲ့သို့ ယွဲ့ယင်း၏ခန္ဓာကိုယ် တစ်လျှောက်တွယ်တက်လျက် ရှိသည်။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက်တုန်ခါသွားခဲ့သည်။ ၎င်းလျှိူ့ဝှက်ဆန်းကြယ်သော သင်္ကေတများသည် ကောင်းကင်နှင့် ကမ္ဘာမြေပြင်၏ အဆီအနှစ်များကဲ့သို့ ပြောင်းလဲသွားခဲ့ကာ သူမ၏ခန္ဓာကိုယ် တစ်လျှောက်လှည့်ပတ် စီးဆင်းလျက် ရှိသည်။ သူမသည် ဧကရာဇ်နယ်ပယ်၏ နက်ရှိုင်းသောနိယာမများကို သတိပြုမိလာခဲ့သည်။
တစ်ချိန်တည်းတွင်ခမ်းနားသောမှတ်ဉာဏ်တစ်ခုသည် သူမ၏စိတ်အာရုံအတွင်း၌ထွက်ပေါ်လာခဲ့သည်။ ၎င်းမှတ်ဉာဏ်သည် အကန့်အသတ် မရှိသည့်ပုံပေါ်ကာ ယွဲ့ယင်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ဦးခေါင်းသည် ထုံကျင်ကိုက်ခဲလာခဲ့သည်။
သာမန်လူတစ်ယောက်ကသာ ဤမျှများပြားသော မှတ်ဉာဏ်များကို ဆက်ခံရလျှင် ဦးခေါင်းတစ်ခုလုံး ကျိန်းသေပေါက် ကွဲထွက်သွားေပလိမ့်မည်။ စိတ်ဝိညာဥ်သည် ခမ်းနားသော မှတ်ဉာဏ်ကြောင့် ဖျက်ဆီးခြင်းခံရလိမ့်မည်။
သို့သော်လည်း ဤမှတ်ဉာဏ်တွင်တော့ စိတ်ဝိညာဥ်တစ်ခုပါရှိနေသည့်ပုံပေါ်သည်။ ယွဲ့ယင်း၏လက်ရှိကျင့်ကြံမှုက ၎င်းကြီးမားသောမှတ်ဉာဏ်ကို လက်မခံနိုင်သည်အား သိရသည့်အခါ ၎င်းမှတ်ဉာဏ်သည် မိမိဘာသာ ချိတ်ပိတ်ပစ်ခဲ့သည်။ မှတ်ဉာဏ်၏အပိုင်းစသေးသေးလေးကိုသာ ဖော်ပြနေခဲ့ပါသည်။ ၎င်းဖော်ပြနေသော အပိုင်းအစကလေးကို ယွဲ့ယင်းက စုပ်ယူခဲ့သည်။
၎င်းအပိုင်းစ မှတ်ဉာဏ်ငယ်ကလေးသည် ကောင်းကင်ဘုံနတ်ဆိုးကျင့်စဥ်၏ပထမအဆင့် မှတ်တမ်းမှတ်ရာဖြစ်သည်။ ၎င်းကိုနတ်ဆိုးဘိုးဘေးနှစ်ပါးမှ ပြုစုရေးသားခဲ့ခြင်းဖြစ်သည်။ ဤကောင်းကင်ဘုံနတ်ဆိုးကျင့်စဥ်၏ ပထအဆင်ကတင် ယွဲ့ယင်းကို အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်အဆင့်ထိ အောင်မြင်စွာကျင့်ကြံနိုင်စေသည်။
ရှင်းပြ၍မရအောင် နက်နဲသောဖိအားတို့၏အောက်တွင် ယွဲ့ယင်းသည် ကောင်းကင်ဘုံနတ်ဆိုးကျင့်စဥ်ဖြစ်သော မြင့်မြတ်သည့်ကျင့်ကြံရေးလမ်းစဥ်သို့ပြောင်းလဲသွားခဲ့သည်။ သူမသည်စိတ်အာရုံကို စူးစိုက်ခဲ့သည့်အခါကောင်းကင်ဘုံနတ်ဆိုးကျင့်စဥ်၏ ပထမအဆင့်ကို အောင်မြင်စွာ နားလည်သွားခဲ့သည်။ သူမကိုယ်တွင်းရှိ စွမ်းရည်များသည် ကောင်းကင်ဘုံနတ်ဆိုးစွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဘုန်း!"
ယွဲ့ယင်းသည် ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ်အဖြစ် ပြောင်းလဲသွားသည့်အခါ သူမ ကိုယ်တွင်းရှိ သင်္ကေတများသည် စုပ်ယူခြင်းခံခဲ့ရသည့်အလား စတင်လှုပ်ရှားလာခဲ့သည်။ ၎င်းသင်္ကေတများသည် အတူတကွ စုစည်းသွားခဲ့ကာ မီးတောက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယွဲ့ယင်း၏ကိုယ်ခန္ဓာသည် အဆက်မပြတ် လှုပ်ရှားလျက်ရှိသည်။
မီးတောက်သင်္ကေတများကြောင့် လျှို့ဝှက်ဆန်းကြယ်သော အက္ခရာသင်္ကေတများသည် ယွဲ့ယင်း၏အရိုးများပေါ်တွင်ဖြစ်တည်လာခဲ့သည်။ ယွဲ့ယင်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် တောက်ပဝင်းဖြာလျက်ရှိကာ အရိုးများမှာ ကျောက်စိမ်းကဲ့သို့ ပြောင်လက်သွားခဲ့သည်။
ထူးဆန်းသောအရာမှာ ဤကဲ့သို့ပြောင်းလဲနေသော်လည်း ယွဲ့ယင်းသည် နာကျင်မှုကို မခံစားခဲ့ရပါ။ သူမသည် နွေးထွးသော ရေစီးကြောင်းအတွင်း ရှိနေပုံပေါ်သည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးနှင့် စိတ်အစဥ်သည် သက်တောင့်သက်သာ ဖြစ်နေခဲ့သည်။ ဒါ့အပြင်ကောင်းကင်ဘုံ နတ်ဆိုးလမ်းစဥ်အပေါ် သူမ၏ သဘောပေါက် နားလည်နိုင်စွမ်းသည်လည်း မြင့်တက်လာခဲ့သည်။
မြေကမ္ဘာနတ်ဆိုးရုပ်ခန္ဓာ....
နတ်ဆိုးမျိုးနွယ်၏ အသန်မာဆုံးရုပ်ခန္ဓာများအနက်တစ်ခုဖြစ်သော ၎င်းရုပ်ခန္ဓာကိုနတ်ဆိုးဘိုးဘေးနှစ်ပါးက ပူးတွဲ၍ ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။ ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ်နှင့်ပေါင်းစပ်လိုက်သည့်အခါ ပြိုင်ဘက်ကင်းသော ဆန်းကြယ်သည့်စွမ်းအားတစ်ရပ်ကို ပိုင်ဆိုင်သွားစေခဲ့သည်။
ဤကနေ့တွင်ယွဲ့ယင်းသည် ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ်၏ ပထမအဆင့်သို့ အောင်မြင်စွာ ခြေချနိုင်ခဲ့ကာ သူမ၏ရုပ်ခန္ဓာသည် များစွာ တိုးတက်သွားခဲ့သည်။ လက်ရှိ အဆင့်တူ နတ်ဆိုးမျိုးနွယ်စုများအကြားတွင် သူမကဲ့သို့ နတ်ဆိုးဘိုးဘေးများ၏ အမွေအနှစ်ကိုရရှိထားသောသူ၊ သူမနှင့် အဆင့်တူ ရုပ်ခန္ဓာမျိုးကို ရရှိထားသောသူ မဟုတ်ပါက သူမနှင့် လုံးဝ ယှဥ်ပြိုင်နိုင်တော့မည် မဟုတ်ချေ။
သူမ ပိုင်ဆိုင်ထားသော ရှေးဆန်သည့် သွေးမျိုးဆက်အပြင် သူမခန္ဓာကိုယ်၏ခွန်အားများသည်လည်း ထိတ်လန့်ဖွယ် ကောင်းလောက်သော အဆင့်ထိ မြင့်တက်သွားခဲ့သည်။
"ခရက်!"
ယွဲ့ယင်း၏ခန္ဓာကိုယ်ထံမှ အတားအဆီးကို ချိုးဖျက်လိုက်သည့် အသံသည် ထွက်ပေါ်လာခဲ့သည်။ သူမ၏ကျင့်ကြံမှုသည် လောင်ထျန်းဧကရာဇ် အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြင်းထန်သော အရှိန်အဝါတို့ ပြည့်နှက်လျက်ရှိကာ ဧရာမကြာပွင့်ကြီးကို အနည်းငယ် တုန်ခါသွားစေခဲ့သည်။
ဤအခိုက်အတန့်တွင် ယွဲ့ယင်း၏ကျင့်ကြံမှုသည် လောင်ထျန်းဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိသွားရုံတင်မကသေးဘဲ သူမ၏ တိုက်ပွဲဝင် စွမ်းအားသည် အရပ်ငါးမျက်နှာအကြီးအကဲများနှင့် ရင်ဆိုင်ရန်တောင် လုံလောက်လာခဲ့သည်။ သို့တည်းမဟုတ် ပို၍တောင်သန်မာနိုင်သေးသည်။ ၎င်းသည် နတ်ဆိုးဘိုးဘေးနှစ်ပါးခြွင်းချန်ထားခဲ့သော အမွေအနှစ်၏ ကြောက်လန့်ဖွယ်ကောင်းပုံဖြစ်သည်။
ယွဲ့ယင်းသာ မသေဆုံးသွားသေးသ၍ သူမသည် နတ်ဆိုးဘိုးဘေးတစ်ပါးဖြစ် မလာခဲ့ဘူးဆိုလျှင်တောင် ဟုန်မန်နတ်ဘုရားနယ်ပယ်သို့ ကျိန်းသေပေါက် တက်လှမ်းနိုင်ပါလိမ့်မည်။
ကျင့်ကြံမှုသည် လောင်ထျန်းဧကရာဇ်အထွတ်အထိပ်သို့ရောက်ရှိသွားပြီးနောက် ယွဲ့ယင်းကိယ်တွင်းရှိ ပွက်ပွက်ဆူနေသော စွမ်းအားများသည် တဖြည်းဖြည်းငြိမ်သက်သွားခဲ့သည်။ သူမသည် နတ်ဆိုးဘိုးဘေးနှစ်ပါး၏ အမွေအနှစ်ကို ပြီးပြည့်စုံစွာလက်ခံနိုင်ခဲ့ကာ ကောင်းကင်နှင့် ကမ္ဘာမြေပြင်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်သိမြင်သွားခဲ့သည်။
"ဘုန်း!"
အလင်းတန်းကြီးနှစ်တန်းသည် သူမ၏ လှပသော မျက်ဝန်းများအတွင်း ပေါက်ကွဲထွက်ပေါ်လျက်ရှိကာ လေဟာပြင်ကို တိုက်ရိုက် ပိုင်းဖြတ်လျက် လူများကို ထိတ်လန့်စေခဲ့သည်။
သူမကို ဝန်းရံထားသော ကြာပွင့်ကြီးသည် ရုတ်တရက် ပွင့်လန်းသွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော ကြာပွင့်ချပ်များသည် ပြိုင်ဘက်ကင်းသော ပုံရိပ်လေးတစ်ခုကို ဖော်ပြခဲ့သည်။ ယွဲ့ယင်း၏လှပသော ပုံရိပ်ကလေးသည် တင့်တယ်လျက် ရှိသည်။ အဓိက ခန်းမကြီးထဲတွင်ရှိနေသော ရွှမ်းယွမ်နှင့် ကွေ့ဝူတို့သည် အသက်ရှူ အောင့်လိုက်မိကြသည်။ သူတို့သည် ယွဲ့ယင်းကဲ့သို့ပြိုင်ဘက်ကင်းသော အလှကလေးကိုနှောင့်ယှက်မိမည်ကို စိုးရိမ်မိခဲ့သည်။ သူတို့၏နှလုံးသားများသည် အရိုင်းဆန်စွာခုန်ပေါက်လျက်ရှိသည်။
မူလကတည်းက သွေးမျိုးဆက်အသွင်ပြောင်းလဲပြီးသော ယွဲ့ယင်းသည် ပြိုင်ဘက်ကင်းသော အလှမယ်တစ်ယောက်ဖြစ်နေခဲ့သည်။ လက်ရှိတွင်နတ်ဆိုးဘိုးဘေးနှစ်ပါး၏အမွေအနှစ်ကို လက်ခံရရှိခဲ့သည်ဖြစ်ရာ ပိုမို၍တောင် ချောမောလှပလာခဲ့သည်။ အတိုင်းတိုင်းအပြည်ပြည်တွင် သူမကဲ့သို့ အလှအပမျိုးကို ရှာဖွေတွေ့ရှိရန် မလွယ်ကူတော့ပါ။
သူမသည် ဆွဲဆောင်မှုပြည့်နေသော နတ်ဆိုးမလေးတစ်ယောက် ဖြစ်လာခဲ့သည်။ သူမ၏မျက်မှောင်ကြုတ်မှု ၊အပြုံးလှလှကလေးများက လူအများ၏နှလုံးသားကို ခိုးယူနိုင်သည်။ ဝမ်ဖုန်း၏နှလုံးသားကတောင် တုန်လှုပ်သွားခဲ့ကာ မျက်ဝန်းသည် မှေးကျဥ်းသွားခဲ့သည်။ သူ့ကိုထိတ်လန့်ခဲ့စေသည်က ယွဲ့ယင်း၏အလှအပ မဟုတ်ပါ။ ယွဲ့ယင်းခန္ဓာကိုယ်ပေါ်က ခမ်းနားသောအရှိန်အဝါတို့သည် ပြိုင်ဘက်ကင်းနေခဲ့သည်။ သူကတောင်မှ ယွဲ့ယင်းထံမှ ခြိမ်းခြောက်မှု တစ်စုံတစ်ရာကို ခံစားနေခဲ့ရသည်။
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်"
ဝမ်ဖုန်းတစ်ယောက် ထိတ်လန့်နေသည့်အချိန်တွင် သာယာလှပသော အသံကလေးသည် နားစည်အတွင်းသို့ ရိုက်ခတ်သွားခဲ့ကာ လေတစ်ချက်အဝှေ့နှင့်အတူ ယွဲ့ယင်း၏ပုံရိပ်သည် သူ၏အရှေ့တွင်ထွက်ပေါ်လာခဲ့သည်။ ယွဲ့ယင်းက သူ့ကို ရိုသေလေးစွာ ဂါရဝပြုခဲ့သည်။ နွဲ့နောင်းပျော့ပျောင်းသော ခန္ဓာကိုယ်ကလေးသည် တင့်တယ်လှသည်ဖြစ်ရာ ဘေးတွင်ရှိနေသော ရွှမ်းယွမ်နှင့်ကွေ့ဝူတို့သည် ပိုမို၍ အားအင်တက်ကြွလာခဲ့သည်။
ယွဲ့ယင်း၏အပြုအမူသည် ဝမ်ဖုန်းကိုစိတ်ကျေနပ်သွားစေခဲ့သည်။ နတ်ဆိုးဘိုးဘေးနှစ်ပါး၏ အမွေအနှစ်ကို ရရှိပြီးနောက် ယွဲ့ယင်းက သူ့ကို ခြေရာတိုင်းချင်လာလျှင် သူကလည်း အလှပန်းပွင့်လေးတစ်ခုကို ဖျက်ဆီးပစ်ရန် စိတ်မရှိပါ။
ဝမ်ဖုန်း၏တိတ်ဆိတ်ငြိမ်သက်မှုကို တွေ့မြင်ရသည့်အခါ ယွဲ့ယင်း၏နှုတ်ခမ်းထောင့်ကလေးများသည် မြောက်တက်သွားလျက် လူအများကို ဖမ်းစားနိုင်သည့်လှပသော အပြုံးတစ်ပွင့်ကို ဖြစ်ပေါ်စေခဲ့သည်။
ယင်းနောက်သူမ၏ရှည်သွယ်လှပသောလက်ကလေးသည် ဆန့်တန်းထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ်၏အရှိန်အဝါများသည် သူမထံမှပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ စွမ်းအင်များသည်သူမ၏ လက်ချောင်းများအတွင်းသို့ ဝင်ရောက်သွားခဲ့ကာ သူမ၏လက်ချောင်းကလေးများကို ကျိန်းစက်သော အလင်းတန်းကလေးများဖြင့် တောက်ပသွားစေခဲ့သည်။
"ဘုန်း!"
ဝမ်ဖုန်းနှင့်အခြားသူများ ကြောင်အနေချိန်တွင် နတ်ကွန်းအတွင်းမှနေ၍ ထိတ်လန့်စရာကောင်းသော အရှိန်အဝါနှစ်ရပ်သည် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ယင်းနောက်ယခင်က ကျောက်ရုပ်တုနှစ်ခုဘေးတွင်ရှိခဲ့ဖူးသော ကျောက်တိုင်လုံးကြီးနှစ်လုံးသည် ရုတ်တရက်ခါယမ်းလာခဲ့သည်။ အက်ကွဲကြောင်းများသည် ထွက်ပေါ်လျက်ရှိသည်။
"ဘုန်း!"
ကျောက်တုံးကြီးနှစ်တုံး၏ အက်ကြောင်းရာများမှနေ၍ အဆုံးအစမဲ့သောအလင်းတန်းများဖြာစင်းထွက်ပေါ်လျက်ရှိသည်။ ၎င်းအလင်းတန်းများနှင့်အတူ ထိတ်လန့်စရာကောင်းသော အရှိန်အဝါသည် ပို၍ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။ အတွင်း၌ရှိနေသောအရာသည် ထွက်ပေါ်လာခြင်းမရှိသေးသော်လည်း ဝမ်ဖုန်းတို့အားလုံး၏ စိတ်ဝိညာဥ်များသည် အေးခဲသွားခဲ့သည်။ သူတို့အားလုံးသည် ပြင်းထန်သော အရှိန်အဝါကြောင့် တသိမ့်သိမ့်တုန်ယင်နေခဲ့သည်။
"ဘုန်း!"
ကျောက်တိုင်လုံးကြီးများသည် ပေါက်ကွဲထွက်သွားပြီလျှင် ထက်မြက်သော လက်နက်တစ်ခုကို ထွက်ပေါ်လာစေခဲ့သည်။