သွေးရောင် ခေါင်းလောင်းငယ်။
Vol. 54 Ch. 753
" မင်း အဲ့ဒါကို ဖွင့်နိုင်သလား? "
ဝမ်ဖုန်းသည် သေတ္တာငယ်ကလေးကို စူးစိုက်ကြည့်လိုက်ပြီးလျှင် ယွဲ့ယင်းကို ကြည့်လျက် ကျယ်လောင်စွာ မေးမြန်းခဲ့သည်။
သေတ္တာလေး၏ အပေါ်တွင် သန်မာသော ဖိနှိပ်အားကို သူ ရှင်းလင်းစွာ ခံစားရသည်။ ၎င်းနတ်ဆိုးဘိုးဘေးကြီး နှစ်ပါးသည် ချိတ်စည်းကို နှစ်ထပ်မြောက် ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။ ဒီသေတ္တာလေးထဲမှာ ဘယ်အရာ ရှိနေတာလဲ?။ အဲ့သလောက်တောင် အရေးကြီးသလား?။
ယွဲ့ယင်းသည် ဝမ်ဖုန်းကို စိုက်ကြည့်လျက် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူမ၏ မျက်နှာပေါ်တွင် တုံ့ဆိုင်းနေမှု ရှိနေခဲ့သည်။
" ဘာမှားလို့လဲ? "
ဝမ်ဖုန်းက မျက်ဝန်းကို အနည်းငယ် မှေးကျဥ်းလျက် လေးနက်သော အသံဖြင့် မေးမြန်းခဲ့သည်။
" အမွေဆက်ခံရရှိတဲ့ မှတ်ဉာဏ်ထဲမှာ ဒီရတနာပစ္စည်းနဲ့ ပက်သက်တဲ့ သတင်းအချက်အလက် ရှိပါတယ်။ "
" အို "
ယွဲ့ယင်း၏ စကားကို ကြားသည့်အခါ ဝမ်ဖုန်းက ချက်ချင်းကို စိတ်လှုပ်ရှား လာခဲ့သည်။ သူသည် ယွဲ့ယင်းကို စိုက်ကြည့်လျက် စူးစမ်းလိုသော အကြည့်ဖြင့် မေးမြန်းခဲ့သည်။
ရွှမ်းယွမ်နှင့် ကွေ့ဝူတို့ကလည်း ယွဲ့ယင်းကို ရှုပ်ထွေးသော အမူအရာတို့ဖြင့် စိုက်ကြည့်နေခဲ့သည်။ ကောင်းကင်ကိုယ်စားလှယ်က အဘယ်မျှလောက် ထိတ်လန့်စရာကောင်းကြောင်းကို သူတို့အားလုံး မှန်းဆနိုင်ခဲ့သည်။ ဤရတနာပစ္စည်းကို ထိုကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးက ချန်ထားခဲ့သည် ဖြစ်ရာ ဘယ်သူကမှ တည်ငြိမ်မနေနိုင်မှာကို စိုးရိမ်မိသည်။
" အဲ့ဒီ အချက်အလက်ထဲမှာ ဒီရတနာက ဘယ်ဟာလဲဆိုတာကိုတော့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မကို သတိပေးခဲ့ပါတယ်။ ကျွန်မရဲ့ ကျင့်ကြံမှုက ဟုန်မာန်နတ်ဘုရားနယ်ပယ်ကို မရောက်သေးဘူး ဆိုရင် သေတ္တာကို မဖွင့်ပါနဲ့တဲ့။ "
" ဒီချိတ်ပိတ်ထားတဲ့ ရတနာပစ္စည်းက ကျင့်ကြံသူတွေရဲ့ စိတ်အာရုံအပေါ် သက်ရောက်မှု ရှိပါတယ်။ ဟုန်မာန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိပြီးတဲ့ ကျင့်ကြံသူတွေကသာ အဲ့ဒီအရှိန်အဝါကို အန်တု ရင်ဆိုင်နိုင်မှာပါ။ "
" အဲ့ဒီ အရှိန်အဝါရဲ့ သက်ရောက်မှုကို ခံလိုက်ရမယ် ဆိုရင် သက်ရောက်ခံရသူက ရတနာပစ္စည်းရဲ့ ကျေးကျွန် ဖြစ်သွားမှာပါ။ ဘဝတစ်သက်တာလုံး လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ "
ယွဲ့ယင်း၏ စကားကြောင့် ဝမ်ဖုန်း၏ မျက်ဝန်းသူငယ်အိမ်များသည် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ သူ၏ မျက်နှာဟာ တည်ငြိမ် လေးနက်လာခဲ့သည်။ နတ်ဆိုးဘိုးဘေးနှစ်ပါးသည် ဤရတနာပစ္စည်းကို လေးလေးနက်နက် ပိတ်ပင်ခဲ့သည်မှာ အံသြစရာ မဟုတ်တော့ပါ။ ဒီလောက်တောင် သန်မာအားကောင်းတဲ့ ဘေးဥပါဒ်တစ်မျိုး ဖြစ်နေခဲ့တာကိုး။
" ဟစ်! "
မနီးမဝေး တစ်နေရာတွင် ရွှမ်းယွမ်နှင့် ဝေ့ဝူတို့သည် လေးပင်စွာ သက်ပြင်းချခဲ့မိသည်။ သူတို့ဟာ ခြေလှမ်းအနည်းငယ်တောင် နောက်ဆုတ်သွားခဲ့ကာ သေတ္တာငယ်ကလေးကို ထိတ်လန့်နေသော မျက်ဝန်းတို့ဖြင့် စူးစိုက်ကြည့်မိခဲ့ကြသည်။
" ဖွင့်လိုက် "
ဤရတနာပစ္စည်းကြောင့် လူတိုင်းသည် ထိတ်လန့်နေခဲ့သော်လည်း ဝမ်ဖုန်းတွင် အကြောက်တရား မရှိခဲ့ပါ။ သူက ယွဲ့ယင်းကို စိုက်ကြည့်လျက် ထူးမခြားနားစွာ ပြောဆိုခဲ့သည်။
သူ့တွင်ရှိနေသော စနစ်ကြောင့် သူသည် ၎င်းအရှိန်အဝါ၏ လွှမ်းမိုးမှုကို မကြောက်လန့်ပါချေ။ စနစ်ကသာ ကာကွယ်ပေးနေသ၍ ရတနာပစ္စည်း၏ အဆင့်က အဘယ်မျှလောက် မြင့်မားပါစေ စနစ်၏ အကာအရံကို ထွင်းဖောက်လာနိုင်မည် မဟုတ်ချေ။
ဒါ့အပြင် ဝမ်ဖုန်းအနေဖြင့် စနစ်၏ အကာအကွယ်ဒိုင်းကာကို ချိုးဖျက်နိုင်သော ရတနာပစ္စည်း တစ်မျိုးကို တွေ့မြင်ဖူးခဲ့ခြင်းလည်း မရှိပါ။
" အရှင် ဒါက..."
ဝမ်ဖုန်း၏ စကားကြောင့် ယွဲ့ယင်း၏ မျက်ဝန်းသူငယ်အိမ်များသည် လှုပ်ရှားသွားခဲ့ကာ တုံ့ဆိုင်းစွာ ပြောဆိုခဲ့သည်။
သို့သော်လည်း ဝမ်ဖုန်း၏ ထူးမခြားနားသော အမူအရာကို တွေ့မြင်ရသည့်အခါ သူမက ဝမ်ဖုန်းကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ သူမသည် ရတနာသေတ္တာကလေးကို ဖွင့်လှစ်ရန် ပြုမူခဲ့သည်။
ယွဲ့ယင်း၏ အမူအရာမှာ အရမ်းကို လေးနက်နေခဲ့သည်။ သူမသည် သေတ္တာကို လက်တစ်ဖက်ဖြင့် ပွေ့ပိုက်ကာ ကျန်လက်တစ်ဖက်ကို သေတ္တာ၏ အပေါ်ကို ဖိပိတ်လိုက်သည်။ သူမကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်များသည် ရုတ်တရက် ထွက်ပေါ်လာပြီးလျှင် လက်ဖဝါးမှတစ်ဆင့် သေတ္တာငယ်ကလေးအတွင်းသို့ ဝင်ရောက်သွားခဲ့ချေသည်။ သူမ၏ စွမ်းအင်များသည် အလျှံတညီးညီး တောက်လောင်သော နေတစ်စင်းအလား ဝင်းလက်နေခဲ့သည်။
ယွဲ့ယင်းက စွမ်းအင်များကို သေတ္တာကလေးထံ ထည့်သွင်းခဲ့သည့်အခါ သေတ္တာငယ်ကလေးသည် တသိမ့်သိမ့် တုန်ခါသွားခဲ့သည်။ သေတ္တာငယ်ကလေးပေါ်တွင် ထွင်းထုထားသော လျို့ဝှက်ဆန်းကြယ်သည့် သင်္ကေတမျဥ်းကြောင်းများသည် အသက်ဝင်လာသည့်ပုံပေါ်ကာ အလင်းတန်းများ ဝင်းဖြာလာခဲ့ချေသည်။
၎င်းအလင်းတန်းများသည် သေတ္တာ၏ အပေါ်တွင် ငါးထောင့်ကြယ် ပုံသဏ္ဍာန် ပုံဖော်ခဲ့ချေသည်။ ၎င်းအလင်းတန်းများ၏ တောက်ပမှုအောက်တွင် ကြယ်ရောင်သင်္ကေတကြီးသည် တလက်လက် ဝင်းဖြာနေခဲ့ကာ သေတ္တာငယ်ကလေးကလည်း ပို၍ ပို၍ တုန်ခါလာခဲ့သည်။
" စနစ်..သေတ္တာကို ကာကွယ်ပိတ်ဆို့လိုက်ပါ "
ဝမ်ဖုန်း၏ မျက်ဝန်းများသည် အနည်းငယ် မှေးကျဥ်းသွားပြီးလျှင် တောက်ပနေသော သေတ္တာကို စိုက်ကြည့်လျက် လေးနက်စွာ ပြောဆိုခဲ့သည်။
သူ၏အသံ ဆုံးရှုံးသွားသည့်အခါ လျို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော စွမ်းအင်တစ်ရပ်သည် သူထံမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဝမ်းဖုန်းနှင့် အနီးစပ်ဆုံးနေရာတွင် ရှိနေသော ယွဲ့ယင်းကတောင် ၎င်းလျို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကို မခံစားရခဲ့ပါ။
သေတ္တာတစ်ခုလုံးသည် လျို့ဝှက်ဆန်းကြယ်သော စွမ်းအင်၏ ရုတ်ချည်း လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။ သေတ္တာကလေးသည် ဘယ်ပြောင်းလဲမှ မဖြစ်ခဲ့ပုံ ပေါ်သော်လည်း ဝမ်ဖုန်းတစ်ယောက်တည်းကသာ သေတ္တာကို စနစ်က ချိတ်ပိတ်လိုက်ပြီ ဖြစ်ကြောင်း သိရှိခဲ့သည်။ သေတ္တာအတွင်းရှိ ရတနာသည် အဘယ်မျှလောက် ထူးဆန်းပါစေ သူတို့အပေါ် သက်ရောက်မှု မရှိနိုင်တော့ပါ။
တစ်ချိန်တည်းမှာပဲ ငါးထောင့်ပုံသဏ္ဍာန် စွမ်းအင်သည် တလက်လက် တောက်ပလာခဲ့ကာ သေတ္တာလေးသည်တဖြည်းဖြည်း ပွင့်ဟ သွားခဲ့သည်။
" ဘုန်း! "
သေတ္တာ၏ အပေါ်တွင် တောက်ပသော အလင်းတန်းသည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့ကာ မဲမှောင်နေသော ခန်းမကြီးသည် နေ့ဘက်အလား ထိန်လင်းသွားခဲ့သည်။ မရေမတွက်နိုင်သော အလင်းတန်းများသည် သေတ္တာထံသို့ ပြေးဝင်သွားခဲ့ချေသည်။ နတ်ဆိုးဘုရားကျောင်း တစ်ခုလုံးသည် တသိမ့်သိမ့် ခါရမ်းသွားခဲ့သည်။
သေတ္တာအပေါ်တွင် တောက်ပနေသော အလင်းတန်းသည် မျက်စိကျိန်းလွန်းတာကြောင့် ယွဲ့ယင်းတို့ကတောင် မျက်ဝန်းကို ဖိမှိတ်ခဲ့ရသည်။ သူမသည် သေတ္တာကို ရုတ်တရက် လွှတ်ချမိခဲ့ကာ အနောက်ဖက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာခဲ့ရသည်။ သို့သော်လည်း ယွဲ့ယင်းလက်မှ ပြုတ်ကျသွားသော သေတ္တာကလေးသည် မြေပြင်ပေါ်သို့ ရောက်ရှိမသွားခဲ့ပါ။ ၎င်းအစား လေဟာပြင်အတွင်း၌ ဝဲလွှင့် နေခဲ့သည်။
လက်ရှိတွင် ဝမ်ဖုန်းမှတစ်ပါး ကျန်နေသောလူများ အားလုံးသည် အနောက်ဖက်သို့ ဆက်တိုက် ဆုတ်ခွာခဲ့ရသည်။
" ဘုန်း! "
တောက်ပသော အလင်းတန်း၏ အောက်တွင် ခန်းမကြီးတစ်ခုလုံး၏ လေဟာပြင်သည် ပွက်ပွက်ဆူ လာခဲ့သည်။ ခန်းမကြီးသည် ဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါကြီး၏ အောက်သို့ ကျဆင်းသွားခဲ့သည်။
အလင်းတန်းများ၏ အကြားတွင် မြူခိုးမြူငွေ့များလည်း ထွက်ပေါ်လာခဲ့သည်။ မြူငွေ့များအတွင်း၌ သေးငယ်သော သွေးနီရောင် ခေါင်းလောင်းကလေး တစ်လုံးသည် အထက်အောက် ဝဲလွှင့်နေခဲ့သည်။ ခေါင်းလောင်းကလေး၏ ပတ်လည်တွင် မရေမတွက်နိုင်သော တာအိုနိယာမ၏ လမ်းစဥ်များကို ထွင်းထုထားခဲ့သည်။ ခေါင်းလောင်းလေးသည် လျို့ဝှက်ဆန်းကြယ်၍ ရှိခဲ့သည်။
" ခေါင်းလောင်းလေး တစ်လုံးလား?... "
အလင်းတန်းနှင့် ရှိနေသော အရာကို တွေ့မြင်ခဲ့ရသည့်အခါ ဝမ်ဖုန်းက အံ့သြနေသော အမူအရာဖြင့် တီးတိုး ရေရွတ်ခဲ့သည်။
" အမ် "
အဝေးသို့ ဆုတ်ခွာသွားရသော ယွဲ့ယင်းနှင့် အခြားသူများကလည်း ထိတ်လန့် အံ့သြသွားခဲ့သည်။ သူတို့သည် ဘယ်မသက်မသာမှုကိုမှ မခံစားခဲ့ရပါ။ ရတနာပစ္စည်းက အရှိန်အဝါပတ်ပတ်နှင့်တင် လူတွေရဲ့ စိတ်အာရုံကို ထိခိုက်စေနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။
ဖြစ်နိုင်တာက....
ယွဲ့ယင်းနှင့် ကျန်သူများသည် တစ်စုံတစ်ရာကို မှန်းဆမိခဲ့ကာ ဝမ်ဖုန်း၏ မြင့်မားရှည်သွယ်သော ကျောပြင်ကို ထိတ်လန့်သော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်မိခဲ့သည်။ သူတို့သည် ဝမ်ဖုန်းထံသို့ တရွေ့ရွေ့ လမ်းလျှောက်သွားမိခဲ့သည်။
လူပေါင်းများစွာ၏ နှလုံးသားများသည် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်လျက် ရှိသည်။ အထူးအားဖြင့် ယွဲ့ယင်း ဖြစ်သည်။ သူမသည် ဝမ်ဖုန်းအကြောင်းကို အကုန်အစင်သိခဲ့ပြီဟု ထင်ခဲ့သည့် အခိုက်အတန့်တွင် ဝမ်ဖုန်းသည် သူမနှင့် ထပ်မံ၍ ဝေးကွာသွားပြန်သည်။ ဝမ်ဖုန်းအပေါ် သူမ၏ အမြင်သည် အနည်းအကျဥ်းမျှသာ ရှိပါသေးသည်။ ရေခဲတောင်ကြီး၏ ထိပ်ဖျားမျှသာ ရှိပေလိမ့်မည်။
အကြင်အမျိုးသားသည် လျို့ဝှက်ဆန်းကြယ်လှကာ မှန်းဆရန် မဖြစ်နိုင်ပါ။
ဝမ်ဖုန်းသည် ယွဲ့ယင်းနှင့် အခြားသူများ၏ အကြည့်များကို လျစ်လျူရှု့ ထားခဲ့သည်။ သူသည် သေတ္တာလေး၏ အပေါ်တွင် ဝဲလွှင့်နေသော ခေါင်းလောင်းငယ်ကလေးကို စူးစိုက်ကြည့်လျက် တိုးညင်းစွာ တွေးတောခဲ့သည်။ ယင်းနောက် သူ၏ စိတ်အာရုံအတွင်းရှိ မှတ်ဉာဏ်များကို အပြန်ပြန်အလှန်လှန် စစ်ဆေးခဲ့သည်။ ၎င်းခေါင်းလောင်းကလေးနှင့် ပက်သက်သည့် သတင်းအချက်အလက် ရှိနေမည်လား ဆိုတာကိုပေါ့။
အချိန်အတော်ကြာသည့်အခါ ယွဲ့ယင်းနှင့် ကျန်သူများသည် ဝမ်ဖုန်း၏ အနောက်ဖက်သို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့သည် သေတ္တာလေးကို ထူးဆန်းသော မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေခဲ့သည်။
သေတ္တာကလေး၏ အတွင်းဘက်တွင် သွေးနီရောင် ခေါင်းလောင်းလေးတစ်လုံး ရှိနေသည်ကို တွေ့မြင်ခဲ့ရသည့်အခါ ယွဲ့ယင်းတို့အားလုံး၏ အမူအရာများသည် သံသယ ဝင်လာခဲ့သည်။ ဒါပဲလား?။ ဒါလေးက နတ်ဆိုးဘိုးဘေးတွေကို သတိကြီးကြီး ထားစေခဲ့တာလား?။ ဟုန်မာန်နတ်ဘုရား နယ်ပယ်ကို မရောက်မချင်း မဖွင့်ရဘူးဆိုတဲ့ သတိပေးစကားကိုတောင် ချွင်းချန်ထားစေခဲ့တာလား?။
" ဒါ..ဒါက..."
ရုတ်တရက် ဆိုသလို ရွှမ်းယွမ်သည် တစ်စုံတစ်ရာကို မှတ်မိသွားခဲ့ကာ မျက်ဝန်းများသည် ပြူးကျယ်သွားခဲ့သည်။ သူ၏ ကိုယ်ခန္ဓာသည် ထိတ်လန့်စရာကောင်းသည့် အရာတစ်မျိုးနှင့် ရင်ဆိုင်ခဲ့ရသည့်အလား တသိမ့်သိမ့် ခါရမ်းသွားခဲ့သည်။ နဖူးပြင်မှ ချွေးအေးများ ထွက်လာခဲ့ကာ ထိတ်လန့်လွန်းသည်ကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာခဲ့ရ၏။ ...