ဆိုးယုတ်မှု ရှစ်ပါး
Vol. 54 Ch. 754
"အမ်?"
ရွှမ်းယွမ်၏ ပုံမှန်မဟုတ်သော အခြေအနေသည် နက်ရှိုင်းစွာ အတွေးထဲနစ်မြုပ်နေသော ဝမ်ဖုန်းကို လှုပ်နှိုးခဲ့သည်။ သူသည် ရွှမ်းယွမ်ကို လှည့်ကြည့်ခဲ့သည်။ သူ၏မျက်ဝန်းများက စူးစမ်းအကဲဖြတ်လျက်ရှိကာ မေးမြန်းခဲ့၏။ "ဒီ သွေးနီရောင်ခေါင်းလောင်းလေးရဲ့ မူလအရင်းအမြစ်ကို မင်းသိသလား"
ယွဲ့ယင်းနှင့် ကွေ့ဝူတို့ကလည်း ရွှမ်းယွမ်ကို တစ်ချိန်တည်းစိုက်ကြည့်ခဲ့ကြကာ သူတို့၏မျက်နှာများတွင် သိလိုစိတ်များရှိနေခဲ့ကြသည်။
ယွဲ့ယင်းရော ကွေ့ဝူရောကပါ ရွှမ်းယွမ်၏သရုပ်မှန်ကို မသိရှိထားခဲ့ပါ။သို့သော်လည်း ရွှမ်းယွမ်၏ပါရမီသည် သာမန်မဟုတ်ကြောင်းကိုတော့ ခံစားရခဲ့သည်။ ထိုသူသည် အရှင်သခင်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုတစ်ခုဖြစ်သည်။
ဘယ်အရာကများ ရွှမ်းယွမ်ကို ထိတ်လန့်အောင်ပြုလုပ်နိုင်ခဲ့သလဲ။ ဒီသွေးရောင်ခေါင်းလောင်းလေးရဲ့ မူလဇစ်မြစ်ကဘာများလဲ။
"ကျွန်တော်၊ ကျွန်တော့်ရဲ့မှန်းဆမှုသာ မှန်မယ်ဆိုရင် ဒါ၊ ဒါက ကောင်းကင်နတ်ဆိုးခေါင်းလောင်းဖြစ်နိုင်ပါတယ်။ စကြာဝဠာရဲ့ဘုံလောကကြီးထဲမှာရှိတဲ့ ဆိုးယုတ်မှုရှစ်ပါးထဲက တစ်ခုပေါ့" ဝမ်ဖုန်း၏မေးခွန်းကို ကြားခဲ့ရသည့်အခါ ရွှမ်းယွမ်သည် တုန်လှုပ်ခြောက်ချားလျက်ပြောဆိုခဲ့သည်။ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်နေသော အကြည့်တစ်ခုရှိနေခဲ့သည်။
"စကြာဝဠာဘုံလောကတွေထဲက ဆိုးယုတ်မှုရှစ်ပါးလား။ ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်း"
ရွှမ်းယွမ်၏စကား ဆုံးသွားသည့်အခါ ဝမ်ဖုန်းနှင့်ကျန်သူများသည် တစ်ခဏကြာအောင် ထိတ်လန့်သွားခဲ့သည်။ သူတို့အားလုံးသည် ဆိုးယုတ်မှုရှစ်ပါးအကြောင်းကို မကြားဖူးကြပါ။
သို့သော်လည်း ဝမ်ဖုန်းသည် ရွှမ်းယွမ်၏အတွေးအမြင်အပေါ်၌ သံသယမရှိခဲ့ပါချေ။။ ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စု၏ သခင်လေးဖြစ်သည်နှင့်အမျှ ရွှမ်းယွမ်သည် နက်ရှိုင်းသော နောက်ခံကိုပိုင်ဆိုင်ထားကာ ပျတ်သုန်းခြင်းဧကရာဇ်ဘုံလောကအတွင်း၌ ဂုဏ်သိက္ခာအရှိဆုံး လူတစ်ယောက်အဖြစ်မှတ်ယူနိုင်သည်။ သူထိတွေ့ရရှိခဲ့သော လျှို့ဝှက်ချက်များသည် သာမန်လူများ လက်လှမ်းမမီနိုင်သည့်အဆင့်တွင်ရှိနေသည်။
ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စုသည် ဧကရာဇ်ဘုံလောကကြီး၏ ကြီးမြတ်သော နတ်ဘုရားမျိုးနွယ်လေးစုအနက် တစ်ခုဖြစ်သည်။ ထိုမျိုးနွယ်စုကြီးအတွက် ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်အနည်းငယ်ကို ထိတွေ့နိုင်ခြင်းမှာ အံ့ဩစရာမဟုတ်ပါချေ။
"စကြာဝဠာဘုံလောကအသီးသီးရဲ့ ဆိုးယုတ်မှုရှစ်ပါးက ပြင်းထန်တဲ့ဆိုးယုတ်မှုတွေပါ"
"သူတို့တစ်ခုချင်းစီတိုင်းက ထိပ်တန်းအဆင့်မှာရှိနေတဲ့ မှော်ဝင်ရတနာတွေပေါ့။ တစ်ခုချင်းစီတိုင်းမှာ ထူးဆန်းတဲ့လုပ်ဆောင်မှုတွေရှိတယ်။ ဟုန်မန်နတ်ဘုရားနယ်ပယ်မှာရှိတဲ့ အသန်မာဆုံးဖြစ်တည်မှုတွေမဟုတ်ရင် အဲဒီအရာတွေကို မထိန်းချုပ်နိုင်ပါဘူး။ တစ်ခါတစ်လေမှာ သတိလက်လွတ်ဖြစ်တဲ့အခါမျိုးမှာဆိုရင် ဟုန်မန်နတ်ဘုရားနယ်ပယ်ရဲ့ ကျင့်ကြံသူကြီးတွေကတောင် ဒီရတနာပစ္စည်းတွေရဲ့ လှည့်ကွက်ထဲကျဆင်းသွားတတ်ပါတယ်။ အဲ့ဒါက ဆိုးယုတ်မှုရှစ်ပါးရဲ့လမ်းစဉ်ပေါ့"
ဝမ်ဖုန်းမမေးမြန်းသေးခင်တွင် ရွှမ်းယွမ်က ဆက်လက်ရှင်းပြခဲ့သည်။
"ပြောကြတာကတော့ ပထမဆုံးကမ္ဘာလောကကြီး ဖြစ်ပေါ်လာတဲ့အချိန်မှာ ဆိုးယုတ်မှုရဲ့ နတ်ဆိုးနတ်ဘုရားရှစ်ပါးက ဟုန်မန်နတ်ဘုရားနဲ့ပယ်ထဲမှာ မွေးဖွားလာခဲ့တယ်တဲ့။ အဲဒီနတ်ဘုရားရှစ်ပါးက အစတင်ကတည်းက ဟုန်မန်နတ်ဘုရားအဆင့်ကျင့်ကြံမှုကို ပိုင်ဆိုင်ထားကြတယ်။ ကြီးကျယ်တဲ့နိယာမလမ်းစဉ်က သူတို့နဲ့ခြေတစ်လှမ်းအကွာမှာပဲ ရှိခဲ့တာပေါ့"
"ကြီးမားတယ်စွမ်းအားတွေကို ရရှိပြီးတဲ့နောက်မှာ အဲဒီနတ်ဆိုးနတ်ဘုရားရှစ်ပါးက ပိုပိုပြီး ရက်စက်ကြမ်းကြုတ်လာခဲ့တယ်။ သူတို့က ဟုန်မန်နတ်ဘုရားနယ်ပယ်ကို အပိုင်စိုးခြယ်လှယ်ခဲ့ကြတယ်။ နတ်ဘုရားနယ်ပယ်မှာ မွေးဖွားလာခဲ့တဲ့ ကျန်တဲ့နတ်ဘုရားတွေကိုလည်း ရန်စခဲ့တယ်။ သူတို့ရဲ့ မောက်မာမူနဲ့ရက်စက်မှုတွေကြောင့် တခြား ဟုန်မန်နတ်ဘုရားနယ်ပယ်က ကျင့်ကြံသူကြီးတွေက အင်အားစုပေါင်းပြီး တိုက်ခိုက်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ ဆိုးယုတ်တဲ့နတ်ဆိုးနတ်ဘုရားရှစ်ပါးလည်း တစ်ပါးပြီးတစ်ပါး ကြွေလွင့်သွားခဲ့တယ်"
"ဒါပေမဲ့ သူတို့ရဲ့အစွမ်းထက်တဲ့ အမုန်းတရားနာကြည်းမှုတွေက ဟုန်မန်နတ်ဘုရားနယ်ပယ်ထဲမှာ အစဉ်အမြဲလှည့်လည်သွားလာနေခဲ့တယ်။ နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် ပမာဏများပြားတဲ့စွမ်းအင်တွေကို စုပ်ယူပေးတဲ့နောက်မှာ သူတို့ရဲ့ခြွင်းချန်ရစ်ခဲ့တဲ့ အမုန်းတရားနဲ့အတွေးအစတွေက ဆိုးယုတ်မှုရှစ်ပါးအဖြစ် ဖွဲ့စည်းသွားခဲ့တယ်"
ဝမ်ဖုန်းနှင့်ကြွင်းကျန်ရစ်သူများသည် ရွှမ်းယွမ်၏ရှင်းပြမှုကို နားစွင့်နေခဲ့ကြသည်။ သူတို့၏မျက်နှာများသည် ထိတ်လန့်လျက်ရှိသည်။
မွေးဖွားလာစဉ်ကတည်းက ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံမှုကို ရရှိခဲ့တာလား။ ဒါက ဘယ်လောက်တောင် ထိတ်လန့်ဖို့ကောင်းလိုက်ပါလဲ။ ဝမ်ဖုန်းကတောင် ထိုအရာများ၏ မြင့်မားသောပါရမီစွမ်းအင်ကို မတွေးစနိုင်ခဲ့ချေ။
ဤကနေ့ခေတ်၏ စင်္ကြာဝဠာဘုံလောကအသီးသီး၌ ဟုန်မန်နတ်ဘုရားနယ်ပယ်သည် ကျင့်ကြံမှု၏ အထွဋ်အထိပ်နယ်ပယ်ကြီးဖြစ်သည်။ ထိုနယ်ပယ်သို့ ရောက်ရှိနိုင်သူများသည် ကောင်းကင်ကိုဆန့်ကျင်သော ပါရမီရှင်များသာဖြစ်ကြပါသည်။
ဝမ်ဖုန်းတို့အားလုံးသည် ထိုပုဂ္ဂိုလ်များသေဆုံးသွားပြီးနောက် ထွက်ပေါ်လာခဲ့သည့် အမျက်ဒေါသများနှင့် အမုန်းတရားများက အဘယ်မျှလောက် ကြောက်လန့်ဖွယ်ကောင်းမလဲဆိုတာကို မတွေးဆရဲခဲ့ကြပါ။ နတ်ဆိုးဘိုးဘေးနှစ်ပါးက ဒီကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို ကြောက်လန့်နေတာ အံ့ဩစရာမဟုတ်တော့ပါဘူး။ ဒီအရာကိုကာကွယ်ဖို့ ချိတ်စည်းကိုတောင် နှစ်ထပ်တိတိပိတ်သိမ်းခဲ့သေးတယ်။
"ပြီးတော့ ဒီကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းက ဆိုးယုတ်မှုရှစ်ပါးထဲမှာ နံပါတ်ရှစ်ပါ။ လူသားတွေရဲ့နှလုံးသားကို ဆွဲဆောင်နိုင်တဲ့စွမ်းရည်ရှိပြီးတော့ လူသားတွေကို ကျေးကျွန်အဖြစ်ပြောင်းလဲစေနိုင်ပါတယ်။ ခေါင်းလောင်း စတင်မြည်ဟီးတဲ့အခါမှာ ကျင့်ကြံမှုမလုံလောက်တဲ့လူသားတွေက ခေါင်းလောင်းရဲ့ဝါးမျိုခြင်းကို ခံရလိမ့်မယ်။ အသေခံ နတ်ဆိုးစစ်သားတွေဖြစ်လာပြီးတော့ ခေါင်းလောင်းပိုင်ရှင်ရဲ့ အကြွင်းမဲ့ကျေးကျွန်တွေဖြစ်လာမှာပါ"
"မှတ်တမ်းမှတ်ရာတွေအရ ဆိုးယုတ်တဲ့တိုက်ပွဲကြီးဖြစ်ပျက်ခဲ့စဉ်က ဒီကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းက ကမ္ဘာလောကတစ်ခုက ကျင့်ကြံသူတွေအားလုံးရဲ့စိတ်ဝိညာဉ်ကို ဝါးမျိုခဲ့တယ်လို့သိရပါတယ်။ ကျင့်ကြံသူတိုင်းရဲ့စိတ်ဝိညာဉ်တွေကို အကြွင်းမဲ့ကျေးကျွန်ဖြစ်စေပြီးတော့ အမြောက်စာအဖြစ် အတိုက်ပွဲမှာအသုံးချခဲ့တယ်"
"ထိတ်လန့်စရာအကောင်းဆုံးအရာကတော့ ဒီခေါင်းလောင်းက သက်ရှိလူသားတွေရဲ့အတွေးစတွေကို ပိုပြီးစားသုံးလေလေ ခေါင်းလောင်းထဲမှာရှိနေတဲ့ အမျက်ဒေါသမုန်းတီးမှုတွေက ပိုပြီးကြီးမားလာလေလေပါ။ ခေါင်းလောင်းကလည်း ပိုပိုပြီး သန်မာလာပါလိမ့်မယ်။ ရှေးဦးခေတ်ရဲ့ မှတ်တမ်းမှတ်ရာတွေထဲမှာတော့ ဒီဆိုးယုတ်မှုခေါင်းလောင်းက ထောင်သောင်းချီတဲ့ကမ္ဘာလောကတွေထဲက လူပုဂ္ဂိုလ်အများရဲ့စိတ်အာရုံကို စားသုံးပြီးရင် မဟာတာအိုရဲ့ကြီးမြတ်တဲ့ဒဏ္ဍာရီလာ မှော်ဝင်ရတနာအဖြစ် ပြောင်းလဲသွားမယ်လို့ဆိုပါတယ်"
"ဟူး…"
ရွှမ်းယွမ်၏စကား ဆုံးသွားသည့်အခါ လေအေးကို ရှူရှိုက်လိုက်သည့်အသံသည် တစ်ပြိုင်နက်တည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း၏မျက်ဝန်းများသည် ပြူးကျယ်လျက်ရှိကာ အမူအရာသည် တုန်လှုပ်ချောက်ချားနေခဲ့သည်။ သူသည် ထိတ်လန့်တုန်လှုပ်မှုတို့ကြောင့် ကိုယ်ခန္ဓာကတောင် ခါရမ်းနေခဲ့သည်။
ကမ္ဘာတစ်ခုလုံးအတွင်းရှိ သက်ရှိသတ္တဝါများကို ဝါးမျိုခြင်း။
ဒါက ဘယ်လောက်တောင် ကြောက်လန့်ဖို့ကောင်းတဲ့အရာမျိုးလဲ။ ကမ္ဘာလောကတစ်ခုက ဘယ်လောက်ပဲသေးငယ်ပါစေ အဲဒီရဲ့အထဲမှာ ဘီလီယံနဲ့ချီတဲ့သက်ရှိလူသားတွေ ရှိနေမှာလေ။ ဒီခေါင်းလောင်းကို ဆိုးယုတ်မှုရဲ့နတ်ဆိုးခေါင်းလောင်းလို့ခေါ်တာ အံ့ဩစရာမဟုတ်တော့ပါဘူး။
အဲဒါက သက်ရှိလူသားတွေလေ။ လူတစ်ယောက်က ဘယ်လောက်ပဲရက်စက်ကြမ်းကြုတ်ပါစေ ကမ္ဘာလောကတစ်ခုလုံးရဲ့လူသားတွေကို သတ်ဖြတ်ပစ်ဖို့တော့မလုပ်သင့်ပါဘူး။ ဒီလိုပြုလုပ်လို့ရရှိလာတဲ့ ကောင်းကင်ကံတရားကိုလည်း ဘယ်သူကမှ သည်းမခံနိုင်ကြဘူးလေ။
ဤကဲ့သို့ ဆိုးယုတ်သောအရာမျိုးကို လောကအသီးသီးရှိ လူပုဂ္ဂိုလ်များသည် သည်းငြီးခံနိုင်လိမ့်မည်မဟုတ်ပါချေ။
သို့သော်လည်း ကောင်းကင်ကိုယ်စားလှယ်ဟုအမည်ရသော ပုဂ္ဂိုလ်တစ်ယောက်ကတော့ ထိုအရာကိုပိုင်ဆိုင်ခဲ့ကာ ဆိုးယုတ်သောအရာများကို ပြုလုပ်ခဲ့ခဲ့ချေသည်။
"ဂိုဏ်းချုပ် ဒီလိုဆိုးယုတ်တဲ့အရာမျိုးက နက်ရှိုင်းတဲ့ကျင့်ကြံမှုမရှိဘူးဆိုရင် ထိန်းချုပ်ဖို့မဖြစ်နိုင်ပါဘူး။ သာမန် ဟုန်မန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူတွေကတောင် ဒီအရာရဲ့ဆွဲဆောင်မှုကို တားဆီးပိတ်ပင်နိုင်မှာမဟုတ်ဘူး။ စိတ်အာရုံကို ဆိုးယုတ်တဲ့အရာက ထိခိုက်သွားတာနဲ့တစ်ပြိုင်နက် ရုပ်သေးရုပ်တရုပ်အဖြစ် ပြောင်းလဲသွားလိမ့်မယ်"
"ဒါကို ပြန်ပြီးချိတ်ပိတ်လိုက်ကြရင် ကောင်းပါလိမ့်မယ်"
ရှင်းပြပြီးနောက် ရွှမ်းယွမ်သည် အကြောက်တရားများကိုဖိနှိပ်လိုက်ပြီး ဝမ်ဖုန်းကို ကျယ်လောင်စွာတောင်းဆိုလိုက်သည်။
သူသည် ဝမ်ဖုန်းအပေါ် အစဉ်အမြဲယုံကြည်ကိုးစားမှုရှိခဲ့ပြီး ဝမ်ဖုန်းကို စံပြပုဂ္ဂိုလ်အဖြစ်မှတ်ယူခဲ့သော်လည်း ဝမ်ဖုန်းသည် ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို ထိန်းချုပ်နိုင်လိမ့်မည်ဟုတော့ မတွေးထားပါ။
ဤသည်မှာ ဆိုးယုတ်မှုတို့၏ အထွဋ်အမြတ်ပစ္စည်းကြီးဖြစ်သည်။
တစ်ကြိမ်တခါ ထွက်ပေါ်လာသည်နှင့်အမျှ ၎င်းသည် မရေမတွက်နိုင်သော လူအပေါင်း၏အသက်နှင့်စိတ်ဝိညာဉ်တို့ကို ဝါးမျိုလိမ့်မည်။ ၎င်း ကောင်းကင်ဘုံနတ်ဆိုခေါင်းလောင်းသည် အချိန်နှင့်အမျှ ပိုမိုသန်မာလာပြီးလျှင် ဆိုးယုတ်မှုရှစ်ပါးအနက် ထိပ်ခေါင်အဖြစ်တောင် ပြောင်းလဲသွားနိုင်သည်။
အခြားသော ဆိုးယုတ်မှုခုနှစ်ပါးသည် ထိတ်လန့်ကြသည်မှာ မှန်သော်လည်း ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကဲ့သို့ စွမ်းဆောင်ရည်မျိုးတော့မရှိကြပါ။
သန်မာသော ဟုန်မန်နတ်ဘုရားများမှ ထုလုပ်ထားသော ကြီးမြတ်သည့်မှော်ဝင်ရတနာများသည် ကြွင်းကျန်ရစ်သော ဆိုးယုတ်မှုခုနှစ်ပါးကို ရင်ဆိုင်ရန်ဖြစ်နိုင်သော်လည်း မှော်ဝင်ပစ္စည်းအနည်းငယ်ကသာ ဤကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို ယှဉ်ပြိုင်နိုင်ပါလိမ့်မည်။
"ဟုတ်ပါတယ်အရှင်။ ဒီလိုရတနာပစ္စည်းမျိုးကို အတင်းအကြပ်အသုံးပြုမယ်ဆိုရင် အခြားသူတွေကိုသာမက အရှင့်ကိုလည်း ထိခိုက်စေမှာကို စိုးရိမ်မိပါတယ်။ အကျိုးအမြတ်က ဆုံးရှုံးမှုနှင့်ကာမိမှာမဟုတ်ပါဘူး"
ယွဲ့ယင်း၏မျက်နှာကလေးကလည်း ထိတ်လန့်နေခဲ့သည်။ သူမ၏အသံကတောင် တုန်ယင်နေခဲ့၏။
သူမသည် ဝမ်ဖုန်း၏စွမ်းဆောင်ရည်အပေါ် ဘယ်တုန်းကမှသံသယမဖြစ်ခဲ့ပါ။ သို့သော်လည်း ဤဆိုးယုတ်သောအရာသည် အင်မတန်ထိတ်လန့်စရာရှိခဲ့သည်။ ဝမ်ဖုန်းက အဘယ်မျှလောက် လျှို့ဝှက်ဆန်းကြယ်ပြီးကြောက်လန့်စရာကောင်းနေပါစေ ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အထွဋ်အထိပ်တွင်သာ ရှိနေဆဲသာ။ သူဟာ လောင်ထျန်းဧကရာဇ်အဆင့်သို့တောင် မရောက်သေးပါ။ ဒီလိုရတနာမျိုးကို ဘယ်လိုလုပ်ထိန်းချုပ်နိုင်ပါလဲ။
ကွေ့ဝူက ဘာကိုမှဝင်မပြောခဲ့သော်လည်း သူသည် ဝမ်ဖုန်းကို မမှိတ်မသုန်စိုက်ကြည့်နေခဲ့သည်။ သူကိုယ်တိုင်ကလည်း ဤဆိုးယုတ်သောအရာအပေါ် ထိတ်လန့်လျက်ရှိစေသည်။ ဝမ်ဖုန်းကို ထိုအရာကို အတင်းအကြပ်အသုံးမပြုစေချင်ခဲ့ပါ။
ဝမ်ဖုန်းသည် မျက်ဝန်းကိုမှေးကျဥ်းလျက် စတင်တွေးခေါ်ခဲ့သည်။ ဤဆိုးယုတ်သောပစ္စည်းသည် သူ၏စိတ်အစဉ်ကို အမှန်စင်စစ်တုန်လှုပ်စေခဲ့သည်။ သို့သော်လည်း သူသည် ဤကဲ့သို့လက်လျှော့အရှုံးမပေးနိုင်ပါ။ ရှန်ချန်ကျုံ့ဂိုဏ်းအတွက် ဤရတနာပစ္စည်းသည် များပြားသောအကျိုးအမြတ်တို့ကို ယူဆောင်ပေးနိုင်သည်။
ဤကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို တစ်စုံတစ်ယောက်ကသာ အပြည့်အဝထိန်းချုပ်နိုင်ခဲ့လျှင်၊ အမှန်တရားနည်းလမ်းအတိုင်း ကောင်းမွန်စွာအသုံးပြုလျှင် ဤသည်က ဆိုးယုတ်သောပစ္စည်းတစ်ခုဆိုရင်တောင် ဘယ်ပြဿနာရှိပါလိမ့်ဦးမည်နည်း။