← Chapters

(ခေါင်းလောင်းလေး၏ပိုင်ရှင်)

Vol. 54 Ch. 755

(ခေါင်းလောင်းလေး၏ပိုင်ရှင်)

Vol. 54 Ch. 755

"စနစ်၊ ငါ ဒီကောင်းကင်ဘုံခေါင်းလောင်းကို ထိန်းချုပ်လို့ရနိုင်မလား"

ဝမ်ဖုန်း၏မျက်ဝန်းများသည် ဝန်းလက်တောက်ပသွားလျက် လျှို့ဝှက်စွာမေးမြန်းခဲ့သည်။

ဝမ်ဖုန်းသည် မိမိကိုယ်ကို ယုံကြည်မှုရှိသော်ငြားလည်း ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းသည် အရမ်းကိုဆိုးယုတ်လွန်းကာ ထူးမြတ်သော မှော်ရတနာတစ်မျိုးဖြစ်သည်။ သူသည် လက်ရှိတွင် ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အထွတ်အထိပ်တွင်သာ ရှိပါသေးသည်။ ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်း၏ ဆိုးယုတ်သောစွမ်းအင်များမှာ သူ့ကို ဝါးမြိုသွားမည်ကို စိုးရိမ်မိသည်။

"ပိုင်ရှင်က မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို ပိုင်ရှင်က အသုံးပြုလို့ရပါတယ်"

အေးစက်သောအသံသည် သူ၏စိတ်အာရုံအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ဝမ်ဖုန်း၏မျက်နှာပေါ်တွင် ယောင်နနအကြည့်တစ်ခုရှိနေခဲ့ကာ ထပ်မံ၍မေးမြန်းလိုက်သည်။

"ဘာကိုဆိုလိုချင်တာလဲ"

"ပိုင်ရှင့်မှာ နဂါးအရိုး၊ကံတရားဝိညာဉ်၊လျို့ယင်းနှလုံးသားနဲ့ လျို့ယင်းရုပ်ခန္ဓာဆိုတဲ့ ဆန်းကြယ်မှုကြီးလေးမျိုးကို ပိုင်ဆိုင်ထားပါတယ်။ ဒီဆန်းကြယ်မှုလေးခုက ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို လွယ်လင့်တကူဖိနှိပ်ထားနိုင်ပါတယ်"

"ဒါပေမဲ့လည်း ပိုင်ရှင်ရဲ့ကျင့်ကြံမှုအဆင့်က မလုံလောက်သေးပါဘူး။ ပြီးတော့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဆန်းကြယ်မှုလေးခုကလည်း ပြီးပြည့်စုံတဲ့ပေါင်းစည်းမှုအခြေအနေမှာ မရှိသေးပါဘူး။ ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကသာ ပြောင်းလဲသွားခဲ့ရင် ပိုင်ရှင့်ကိုယ်ထဲမှာရှိတဲ့ ခန္ဓာကိုယ်ဟန်ချက်ညီမှုကို ဖျက်ဆီးပစ်ပါလိမ့်မယ်"

"အဲဒီအခါကျရင် ပိုင်ရှင်က ရတနာပစ္စည်းတစ်မျိုးကို ရရှိမှာမဟုတ်ဘဲ ကြီးမားတဲ့ဘေးဒုက္ခကြီးကို ရရှိမှာပါ"

"ဒါကြောင့်မလို့ ပိုင်ရှင့်အနေနဲ့ ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို မထိန်းချုပ်ဖို့အတွက် အကြံပြုချင်ပါတယ်။ ဒါပေမယ့်လည်း ရှန်ချန်ကျုံဂိုဏ်းထဲမှာ ဒီခေါင်းလောင်းကို ထိန်းချုပ်နိုင်တဲ့သူတွေရှိနေပါသေးတယ်"

"အို? ဘယ်သူလဲ?"

စနစ်၏ရှင်းပြမှုကိုကြားတော့ ဝမ်ဖုန်းက ထိတ်လန့်သွားခဲ့သည်။ သူ၏မျက်ဝန်းများသည် တောက်ပလာလျက် ရုတ်တရက်မေးမြန်းခဲ့သည်။

အမှန်ပါပဲ။ သူသည် ဆန်းကြယ်မှုလေးခုကို လက်ရှိတွင်ပိုင်ဆိုင်ထားပြီး စနစ်မှချီးမြှင့်ပေးထားသော မှော်ချပ်ဝတ်တန်ဆာအစုံလိုက်လည်း ရှိသေးသည်။ သူ့အတွက် ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို ထိန်းချုပ်ခြင်းသည် ကိတ်မုန့်စားရသလိုမျိုး လွယ်ကူနေပါလိမ့်မည်။

ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းသည် အရမ်းကို ကြောက်လန့်စရာကောင်းနေလျင်တောင် သူဟာ ၎င်းကို အကြိမ်အနည်းငယ်လောက် အသုံးချဖို့တော့ အခက်အခဲမရှိလောက်ပါ။ သူရရှိထားသော မှော်ဝင်လက်နက်တန်ဆာများသည် ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းလောက် အစွမ်းထက်ခြင်းမရှိသော်လည်း ကံတရား၏မြင့်မြတ်သော လက်နက်များဖြစ်နေဆဲသာ။ လက်ရှိ ရှိနေသော နေရာမှ တစ်ဆင့်ချင်း၊ တစ်လှမ်းပြီးတစ်လှမ်း တိုးတက်သွားလျှင် ၎င်းတို့သည် ပြီးပြည့်စုံ‌သော အခြေအနေသို့ ရောက်ရှိနိုင်ပါလိမ့်မည်။

ဝမ်ဖုန်းဟာ ယုံကြည်ထားသည်။ တစ်နေ့တွင် သူပိုင်ဆိုင်ထားသော မှော်ဝင်လက်နက်အစုံလိုက်သည် ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းထက် ပိုမိုကောင်းမွန်လာလိမ့်မည်။

သို့သော်လည်း သူသည် ၎င်းနတ်ဆိုးခေါင်းလောင်းကို အလျှော့မပေးနိုင်ပါ။ ရှန်ချန်ကျုံဂိုဏ်းထဲမှ တစ်ယောက်ယောက်ကသာ ၎င်းကိုထိန်းချုပ်နိုင်ခဲ့လျှင် ပြည့်စုံသောအခြေအနေတစ်ခု ရောက်ရှိသွားပေလိမ့်မည်။ သူဟာ ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို ကိုယ်ကျိုးအတွက်အသုံးပြုမှာမဟုတ်ဘဲ ဂိုဏ်း၏ခွန်အားကို တိုးမြှင့်ပေးဖို့အတွက်သာ အသုံးပြုချင်သည်။

လက်ရှိအချိန်တွင် နတ်ဆိုးခေါင်းလောင်း၏ချိတ်စည်းမှာ ပျက်စီးသွားပြီဖြစ်တာကြောင့် ဝမ်ဖုန်းတို့အနေဖြင့် ထပ်မံ၍ချိတ်ပိတ်နိုင်ရန် လက်ရှိအနေအထားဖြင့် မဖြစ်နိုင်သေးပါ။

အားနည်းသောခွန်အားဖြင့် ချိတ်ပိတ်ခဲ့ပါလျှင် နတ်ဆိုးခေါင်းလောင်းက ချိတ်စည်းကိုဖျက်ဆီး၍ ထွက်ပြေးလွတ်မြောက်သွားနိုင်သည်။ ဒါက ဘေးဒုက္ခကြီးတွေကို ဖြစ်စေလိမ့်မည်။

စနစ်၏အကာအရံအလွှာကြောင့်သာ မဟုတ်လျှင် ချိတ်စည်းကို ဖယ်ဖျက်လိုက်သည့်အချိန်ကတည်းက နတ်ဆိုးခေါင်းလောင်းသည် လေထုအတွင်း ပျောက်ကွယ်သွားပြီး ဖြစ်ပေလိမ့်မည်။

"ကုမိသားစုက ညီနောင်နှစ်ယောက်ပါ"

"အမ်"

စနစ်၏အသံကိုကြားတော့ ဝမ်ဖုန်း၏အမူအရာက အေးခဲသွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင်အံ့ဩနေသောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အဲဒီအရူးနှစ်ယောက်က ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို ထိန်းချုပ်နိုင်တာလား။

စနစ်၏နှုတ်ဖျားမှ ထွက်ပေါ်လာခြင်းမဟုတ်လျှင် ဝမ်ဖုန်းကလည်း ယုံကြည်နိုင်မှာမဟုတ်ပါ။

"ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို မရေမတွက်နိုင်တဲ့ အမျက်ဒေါသ၊နာကြည်းမုန်းတီးမှုတွေနဲ့ ပြုလုပ်ထားခဲ့တာပါ။ အဲဒီရဲ့အထဲမှာ နတ်ဆိုးနတ်ဘုရားရဲ့ ကြွင်းကျန်ရစ်တဲ့ဝိညာဉ်လည်း ပါဝင်ပါသေးတယ်။ ဒါကြောင့်မလို့ အရမ်းကိုဆိုးယုတ်ပါတယ်။ ဒီလောကကြီးထဲမှာ အဲဒါကို ထိန်းချုပ်ထားနိုင်တဲ့လူဆိုလို့ လူနည်းစုပဲရှိတာပါ"

"ပိုင်ရှင်ကလွဲပြီးတော့ ရှန်ချန်ကျုံဂိုဏ်းတစ်ခုလုံးမှာ ကုမိသားစုရဲ့ညီနောင်နှစ်ယောက်ကသာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံရေးလမ်းစဉ်ကို ပိုင်ဆိုင်ထားတာပါ။ အဲဒါက လုယက်ခြင်းလမ်းစဉ်ပေါ့"

"အခု ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းက မြင့်မြတ်တဲ့မှော်ရတနာတစ်ခု ဖြစ်နေပေမယ့်လည်း နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ချိတ်ပိတ်ခံထားရတာမလို့ အတွင်းမှာရှိတဲ့ နာကြည်းမုန်းတီးမှုတွေက အတော်လေးပြယ်လွင့်နေပါပြီ။ ဒါကြောင့်မလို့ နတ်ဆိုးခေါင်းလောင်းရဲ့စွမ်းအားကလည်း လျော့ကျသွားခဲ့ပါတယ်။ ထူးချွန်ထက်မြက်တဲ့ ကျင့်ကြံရေးလမ်းစဉ်ကို ကျင့်ကြံသူဘယ်သူမဆို ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို ကိုင်တွယ်နိုင်ပါလိမ့်မယ်"

"သူတို့ရဲ့ တာအိုလမ်းစဉ်အပေါ် နားလည်မှုက ပိုပြီးနက်ရှိုင်းလေလေ နတ်ဆိုးခေါင်းလောင်းအပေါ်ထိန်းချုပ်နိုင်မှုက ပိုပြီးကောင်းမွန်လေလေပါ။ တဖြည်းဖြည်းနဲ့ သူတို့က ပြီးပြည့်စုံတဲ့အထိ ထိန်းချုပ်နိုင်လာပါလိမ့်မယ်"

စနစ်၏ရှင်းပြမှုကြောင့် ဝမ်ဖုန်းက ရုတ်တရက်နားလည်သွားခဲ့သည်။ သူ၏မျက်ဝန်းများက ဝင်းလက်တောက်ပသွားချေသည်။ ယုံကြည်၍မရနိုင်သော ထိုအရူးနှစ်ကောင်သည် ဤအချိန်၌ အရမ်းကိုအရေးပါနေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။

ထိုကောင်နှစ်ကောင်က သိပ်ကိုကံကောင်းလွန်းနေသည်။ မြင့်မြတ်သောရတနာကို အကျိုးစိုက်ထုတ်ခြင်းမရှိဘဲ ရရှိခဲ့လေသည်။

တွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို ကုချိုးထံသို့ လွှဲပြောင်းပေးရန်ဆုံးဖြတ်လိုက်သည်။ အကိုကြီးတစ်ယောက်အနေဖြင့် ကုကန်ချိုးက သူညီလေးကို ရတနာပစ္စည်းပေးသင့်တယ် မဟုတ်လား။

လက်တစ်ချက်အဝှေ့နှင့်အတူ သူသည် ကုချိုးကို ကမ္ဘာဘောလုံးလေးအတွင်းမှ ဆင့်ခေါ်ခဲ့သည်။

"!"

ဝမ်ဖုန်းက တွေးတောနေသည့်အချိန်တွင် ယွဲ့ယင်းနှင့်တခြားသူများသည် ဝမ်ဖုန်းကို စိတ်ဖိစီးစွာ စိုက်ကြည့်နေခဲ့သည်။ ဝမ်ဖုန်းက ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို အတင်းအကြပ်ထိန်းချုပ်မှာကို သူတို့စိုးရိမ်နေကြသည်။ ဤအခိုက်အတန့်တွင် လေဟာပြင်၌ လှိုင်းတွန့်များဖြစ်ပေါ်လာခဲ့သည်။

ယွဲ့ယွင်းတို့အားလုံးသည် ခွဲဝေမရဖြစ်နေသော အမူအရာများဖြင့် တုန်လှုပ်နေသောလေဟာပြင်ကို စိုက်ကြည့်နေခဲ့သည်။ လူတိုင်း၏အကြည့်များအောက်တွင် ကုချိုးသည် နတ်ဆိုးဘိုးဘေးဘုရားကျောင်းအတွင်း၌ ထွက်ပေါ်လာခဲ့သည်။

ထွက်ပေါ်လာပြီးသည့်နှင့်တပြိုင်နက် ကုချိုးသည် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ကာ လောကကြီးကို ပွေ့ပိုက်သည့်အမူအရာဖြင့် ပြုံးပျော်ပျော်ရှိနေခဲ့သည်။

သူဒီအတောအတွင်း၌ အဘယ်မျှလောက် စိတ်ညစ်ခဲ့ရကြောင်းကို မြတ်စွာဘုရားကသာသိပါလိမ့်မည်။ သူဟာ နေ့နေ့ညည ခွေးလိုဝက်လိုကျင့်ကြံခဲ့ရသည်။ အဲဒါက အကျဉ်းထောင်တစ်ခုလိုပါပဲ။

သူ ခိုးချင်တယ်။ သူ လုယက်ချင်တယ်။ လက်တွေထိန်းလို့မရတော့ဘူး!

ကမ္ဘာဘောလုံးလေးထဲမှာ သူဘယ်သူ့ကို သွားပြီးလုယက်ရမှာလဲ။ ဘယ်သူ့ကိုသွားပြီး လုယက်ရဲမှာလဲကွာ။

လက်ရှိတွင် ဂိုဏ်းချုပ်က သူ့ကိုအမှတ်ရသွားပြီး သနားကြင်နာခဲ့သည်။ ငါ ကုချိုး နောက်ဆုံးမှာတော့ ကမ္ဘာလောကကို ပြန်လည်ထွက်ခွာခွင့်ရခဲ့ပြီ။

"လာခဲ့စမ်း"

ကုချိုးက အဆုံးအစမဲ့စွာ တွေးတောနေသည့်အချိန်တွင် နက်ရှိုင်းသောအသံကြီး ပဲ့တင်ထပ်သွားခဲ့ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ခါသွားခဲ့သည်။ သူသည် အပြုံးကိုထိန်းသိမ်းလျက် ဝမ်ဖုန်း၏ဘေးသို့ အပြေးရောက်သွားကာ ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ် တပည့်ကို ဘာကြောင့်ခေါ်ထုတ်လိုက်ရတာလည်းမသိဘူး။ တပည့် ဘာများပြုလုပ်ပေးရမလဲ"

အပြင်လောက၌ ထပ်မံ၍ ကြာကြာနေနိုင်စေရန်အလို့ငှာ ကုချိုးသည် သရုပ်ဆောင်စွမ်းရည်ကိုသုံးလျက် ယဉ်ကျေးလိမ္မာစွာပြုမူနေခဲ့သည်။

ဝမ်ဖုန်း၏အမူအရာက တည်ငြိမ်နေခဲ့ကာ ကုချိုးကိုစိုက်ကြည့်လျက် တိုးဖွစွာပြောဆိုလိုက်သည်။ "ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်"

"အမ်?"

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

"ဒီတစ်သက်မှာ ဒီတပည့်က မီးပင်လယ်နဲ့ဓားတောင်ကို ဖြတ်ရရင်တောင် ရှန်ရှန်ကျုံဂိုဏ်းအတွက် မမှုပါဘူး။ အသက်ကိုတောင် အဆုံးရှုံးခံနိုင်ပါတယ်"

ကုချိုးသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဝမ်ဖုန်းထံသို့ တစ်လေးတစ်စားဦးညွတ်လိုက်ကာ ကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်သည်။ ဝမ်းဖုန်း၏ စူးရဲသောအကြည့်ကြောင့်သာ မဟုတ်လျှင် လေးနက်သောစကားများကို တသီတတန်းကြီး ထပ်မံပြောဆိုလောက်သည်။

တစ်ဖက်တွင်ရှိနေသော ယွဲ့ယင်းနှင့်အခြားသူများသည် ကုချိုးကို ထူးဆန်းသောအကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။

ဒီလူက ဘာလို့အရမ်းထူးဆန်းနေရတာလဲ။

"‌ဒါက မင်းရဲ့အခွင့်အရေးပဲ။ လုယက်ခြင်းရဲ့နိယာမလမ်းစဉ်ကို အသုံးပြုပြီး ဒါလေးကို ခွန်အားအကုန်နဲ့ထိန်းချုပ်လိုက်စမ်းကွာ"

ဝမ်ဖုန်းသည် မနီးမဝေးတွင်တည်ရှိနေသော ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကို ညွှန်ပြကာ နက်ရှိုင်းသောအသံဖြင့်ပြောဆိုခဲ့သည်။

ထိုအခါမှသာ ကုချိုးသည် ခေါင်းလောင်းကလေး၏တည်ရှိမှုကို သတိထားမိသွားခဲ့သည်။သူကမျက်မှောင်ကြုံ့လျက် နတ်ဆိုးခေါင်းလောင်းကို စိုက်ကြည့်နေခဲ့သည်။ သူဘယ်လောက်ပဲစိုက်ကြည့်ပါစေ ၎င်းနတ်ဆိုးခေါင်းလောင်းက ဘာဖြစ်ကြောင်းကိုတော့ မပြောနိုင်ခဲ့ပါ။

ဝမ်ဖုန်းက ဒီလိုပြောနေပြီဆိုမှတော့ ထိုအရာသည် သာမည မဟုတ်ကြောင်းကိုတော့ ကုချိုးတစ်ယောက် ယုံကြည်နေမိသည်။ ဂိုဏ်းချုပ်ကြီးက သာမန်ပစ္စည်းတစ်ခုကို ဘယ်လိုလုပ် အခွင့်ထူးကြီးလို့ သုံးနှုန်းပါ့မလဲ။

ကုချိုးသည် ထပ်မံတွေးတောနေခြင်းမရှိတော့ဘဲ ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းရှိရာသို့ တိုးကပ်သွားခဲ့ကာ အသက်ကိုပြင်းပြင်းရှုလိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် အလင်းတန်းတစ်ခု တောက်ပသွားခဲ့သည်။ သူဟာ နတ်ဆိုးခေါင်လောင်၏အရှေ့၌ တင်ပျဉ်ချိတ်၍ထိုင်လိုက်ကာ မျက်ဝန်းများကို တင်းကျပ်စွာပိတ်ဖိလျက် လုယက်ခြင်း၏လမ်းစဉ်များကို စတင်ရွေ့လျားစေလိုက်သည်။

All Chapters