← Chapters

(မကောင်းဆိုးဝါး အကြီးအကဲ)

Vol. 54 Ch. 757

(မကောင်းဆိုးဝါး အကြီးအကဲ)

Vol. 54 Ch. 757

ဂိုဏ်းချုပ်ကြီးပြောပြခဲ့တဲ့ အခွင့်ထူးကြီးက ထူးမြတ်တဲ့ရတနာပစ္စည်းတစ်ခုလား။

ဒါက တကယ်ကြီးထူးမြတ်တဲ့ ရတနာပစ္စည်းဟ။

ကုချိုးသည် သူဟာ ထူးမြတ်သည့်ရတနာပစ္စည်းတစ်ခုကို ပိုင်ဆိုင်နိုင်ရန် အင်မတန်ကံကောင်းလိမ့်မည်ဟု ဘယ်တုန်းကမှထင်မထားခဲ့ပါ။ သူသည် ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်း၏ ထူးဆန်းမှုများအားလုံးကို လျစ်လျူရှုထားခဲ့သည်။ သူသိရှိထားသည်မှာ ၎င်းသည် ထူးမြတ်သော မှော်ရတနာဖြစ်ကြောင်းကိုသာ။

ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်း ကို ရရှိပိုင်ဆိုင်သွားပြီးနောက် ကုချိုး၏စိတ်အာရုံတစ်ခုလုံးသည် ကပြောင်းကပြန်ဖြစ်သွားခဲ့သည်။ ကမ္ဘာလောကအတွင်း၌ သူ့ကိုယ်သူပြိုင်ဘက်ကင်းဟူ၍တောင် တွေးထင်လာမိသည်။ ကြည့်လိုက်စမ်းပါ။ ဧကရာဇ်ဘုံလောကကြီးမှာ ဂိုဏ်းချုပ်ကြီးကလွဲလို့ သူ့ရဲ့ပြိုင်ဘက် ဘယ်သူများရှိနိုင်ဦးမှာလဲ။

သူ ဧကရာဇ်ဘုံလောကကြီးကို လွန်မြောက်သွားခဲ့ရင်တောင် နံပါတ်တစ်ပါရမီရှင် ဖြစ်နေဦးမှာပဲကွ။

ဒါက ထူးမြတ်တဲ့မှော်ရတနာရဲ့ ကြောက်လန့်စရာကောင်းပုံပဲ။

"ဒီလိုအခွင့်အရေးမျိုး ပေးအပ်တဲ့အတွက် ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်"

အသိစိတ်ပြန်ဝင်သွားပြီးနောက် ကုချိုးက ဝမ်ဖုန်းကို နက်နက်ရှိုင်းရှိုင်းဂါရဝပြုခဲ့ကာ ကျယ်လောင်သောအသံဖြင့် ပြောဆိုခဲ့သည်။ သူ၏မျက်ဝန်းများသည် ကျေးဇူးတင်မှုတို့ဖြင့် တောက်ပနေခဲ့သည်။ ဘယ်သူကများ ဒီလောက်တောင်ရက်ရောနိုင်ရတာလဲ။ ထူးမြတ်တဲ့မှော်ရတနာမျိုးကို ကိုယ့်အတွက်သိမ်းမထားဘဲ တပည့်ကိုပေးအပ်ခဲ့တယ်။

ဝမ်ဖုန်းလိုဂိုဏ်းချုပ်မျိုးသည် တလောကလုံး၌ တစ်ယောက်တည်းသာရှိလိမ့်မည်ဆိုတာ ကုချိုးတစ်ယောက် အကြွင်းမဲ့သေချာနေခဲ့သည်။

ထူးမြတ်သောမှော်ရတနာ၏ ဆွဲဆောင်မှုနှင့်ရင်ဆိုင်ရသည့်အခါ တပည့်များကိုမဆိုထားဘိ၊ ဆွေမျိုးများကိုတောင် သတ်ဖြတ်နိုင်ကြသည်။ ဤရက်စက်သော ကျင့်ကြံရေးလောကကြီးတွင် တစ်ဦးတစ်ယောက်၏ခွန်အားကသာ ရှင်သန်နိုင်ခွင့်အတွက် အာမခံချက်ပေးစွမ်းသည်။

ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တတ်ရပ်နေခဲ့ကာ တည်ငြိမ်စွာ ခေါင်းညိတ်ခဲ့သည်။ သူ၏လေးနက်တည်ကြည်သော အမူအရာသည် ကုချိုးကို ပိုလို့တောင်အံ့သြလေးစားသွားစေခဲ့သည်။ မျက်နှာတချက်မပျက်ဘဲ တပည့်ကို ထူးမြတ်တဲ့မှော်ရတနာတစ်ခု ပေးအပ်ခဲ့တယ်။ ဂိုဏ်းချုပ်က နတ်ဘုရားလိုလူမျိုးပဲ!

ဤလောကကြီးထဲမှာ မရေမတွက်နိုင်တဲ့ အင်အားစုတွေရှိပေမဲ့ ဘယ်အင်အားစုရဲ့ဂိုဏ်းချုပ်ကများ ငါတို့ဂိုဏ်းချုပ်လို ပြုလုပ်နိုင်မှာလဲ။ ဒီတစ်သက်မှာ ရှန်ရှန်ကျုံဂိုဏ်းကိုဝင်တဲ့အတွက် ငါတော့နောင်တမရတော့ဘူး။ ဂိုဏ်းချုပ်ကြီးက ငါ့ကိုသနားကြင်နာပြီး အပြင်ထွက်ကစားခွင့်ပြုရင် ပိုလို့တောင်ကောင်းလိမ့်ဦးမယ်။

ကုချိုးသည် ၎င်းအကြောင်းကို နှလုံးသားအတွင်းမှ တွေးတောနေခဲ့သည်။ တစ်ဘက်တွင် မတ်တပ်ရပ်၍ ကျောက်ရုပ်ကြီးကဲ့သို့ထိတ်လန့်နေသော ယွဲ့ယင်းတို့ကို သူဟာ သတိမထားမိခဲ့ပါ။

ဤအခိုက်အတန့်တွင် ယွဲ့ယင်းတို့အုပ်စုသည် ထိတ်လန့်နေကြကာ မျက်ဝန်းများသည်ပြူးကျယ်နေခဲ့သည်။ အမူအရာမှာ ချောက်ချားတုန်လှုပ်နေသည်။ ကုချိုးဟာ နတ်ဆိုးခေါင်းလောင်းကဲ့သို့ ဆိုးယုတ်‌သောပစ္စည်းမျိုးကို အမှန်စင်စစ်ထိန်းချုပ်နိုင်လိမ့်မည်ဟု သူတို့ထင်မထားခဲ့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အမှန်နဲ့မတူဘူးလေ။

ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းက ဒီလောက်အခြေအနေထိ အားပျော့သွားတာများ ဖြစ်နိုင်မလား။ ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်ကျင့်ကြံသူတွေကတောင် အလွယ်တကူထိန်းချုပ်နိုင်တဲ့အထိလေ။

ဤအတွေးအကြံသည် ယွဲ့ယင်းတို့အားလုံး၏စိတ်အာရုံထဲတွင် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း သူတို့ဟာ ၎င်းအကြံကို ချက်ချင်းပိတ်ချခဲ့သည်။ ထိုအရာမှာ ထူးမြတ်သောမှော်ရတနာဖြစ်သည်။ ၎င်း၏အပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မှော်ဝင်သင်္ကေတများရှိနေသည်။ ဘယ်လောက်ပဲ အားအင်ယုတ်လျော့သွားပါစေ ဧကရာဇ်ဘိုးဘေးအဆင့် ကျင့်ကြံသူတစ်ယောက်က ထိန်းချုပ်ဖို့တော့မဖြစ်နိုင်ပါ။

အချည်းအနှီးခန့်မှန်းတွက်ဆပြီးနောက် သူတို့အားလုံးဟာ ကုချိုး၏အောင်မြင်မှုအပေါ် ပဟေဠိဖြစ်နေကြဆဲသာ။ ကုချိုးနှင့်နှိုင်းယှဉ်ရလျှင် လျှို့ဝှက်ဆန်းကြယ်လွန်းသော ဝမ်ဖုန်းသည် သူတို့ကိုပို၍တုန်ယင်စေခဲ့သည်။

"သွားကြရအောင်"

ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်း၏ ဆိုးယုတ်သောအတွေးအခေါ်များသည် ကုချိုးအပေါ် သက်ရောက်မှုမရှိတာကို အတည်ပြုပြီးနောက် ဝမ်ဖုန်းက လက်ကိုဝှေ့ရမ်းလျက် ပြောဆိုခဲ့သည်။

သူဟာ သွေးမျှော်စင်၏ ဒုတိယအလွှာအတွင်း၌ လုံလောက်အောင်နေထိုင်ခဲ့ပြီးဖြစ်သည်။ ပိုမိုမြင့်သောအလွှာများသို့ သွားရောက်ရင်အချိန်ကျခဲ့ပါပြီ။ ဒါအပြင် နတ်ဆိုးဘိုးဘေး၏အမွေအနှစ်ကို ရရှိပြီးနောက် ယွဲ့ယင်းက မကောင်းဆိုးဝါးမျိုးနွယ်များကို ဖိနှိပ်နိုင်မလားဆိုသည်နှင့် ရှန်ချန်ချုပ်ဂိုဏ်းကို ထောက်ပံ့ပေးနိုင်မလားဆိုတာကို သူသိချင်ခဲ့သည်။

ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ယွဲ့ယင်းနှင့်ကျန်သူများအားလုံးသည် ထိတ်လန့်နေရာမှသတိပြန်ဝင်လာခဲ့ကာ တစ်ဦးပြီးတစ်ဦးခေါင်းညိတ်ခဲ့ကြသည်။ ဝမ်ဖုန်းက သူ့ကိုကမ္ဘာဘောလုံးလေးအတွင်း ထည့်သွင်းမယ်ဆိုတဲ့စကား မပြောကြားခဲ့သည်ကို သိရသည့်အခါ ကုချိုးတစ်ယောက် နှလုံးသားအတွင်းမှ တိတ်တဆိတ်ဝမ်းမြောက်လာခဲ့သည်။ သူဟာ အလောသုံးဆယ် ဝမ်ဖုန်း၏အနောက်သို့ ကပ်ပါသွားခဲ့သည်။

ဒီလောက်အစွမ်းထက်တဲ့ ကောင်းကင်ဘုံနတ်ဆိုးနာရီကို ပိုင်ဆိုင်ထားရတာ ကြီးမြတ်ချင်ယောင်မဆောင်ရင် ငါ ကုချိုးရဲ့ပါရမီတွေကို ဖြုန်းတီးနေတာနဲ့တူမနေဘူးလား။

ရှန်ချန်ချုပ်ဂိုဏ်းအတွင်း ပိတ်လှောင်ခံထားခဲ့ရတာကြောင့် သူဘယ်လောက် စိတ်ဓာတ်ကျနေကြောင်းကို မြတ်စွာဘုရားသာသိပါလိမ့်မည်။ သူဟာ နေ့နေ့ညည ကြိုးစားလေ့ကျင့်ခဲ့ရပြီး အိမ်၌လည်း ယောက္ခမကြီး၏နှိပ်စက်ခြင်းကိုခံရပြန်သည်။ ဧကရာဇ်ဘိုးဘေးအဆင့်ကို ရောက်ရှိနေခဲ့၍မဟုတ်လျှင် သူ၏သေးငယ်သော ခန္ဓာကိုယ်ကလေးက ရက်စက်ကြမ်းကြုတ်မှုများကို သည်းခံနိုင်ခဲ့မှာတောင်မဟုတ်ပါ။

နောက်ဆုံးမှာတော့ ဒုက္ခပင်လယ်ထဲက ရုန်းထွက်နိုင်ခဲ့ပြီ။ ဘုရားရှင်က ငါ့ကိုသနားကြင်နာသေးတာပဲ။

ကုချိုးက အရိုင်းဆန်စွာတွေးခေါ်နေသည့်အချိန်တွင် ဝမ်ဖုန်းနှင့်တခြားသူများသည် နတ်ဆိုးဘိုးဘေးဘုရားကျောင်းအပြင်သို့ ထွက်လာခဲ့ကြသည်။

သူတို့တတွေထွက်လာသည့်အခါ ရှိနေကြသော နတ်ဆိုးမျိုးနွယ်ဝင်အားလုံး၏ အကြည့်များသည် သူတို့အပေါ်သို့ ကျရောက်လာခဲ့သည်။

လူအုပ်ကြီးတစ်အုပ်က နတ်ဆိုးဘိုးဘေးဘုရားကျောင်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်ကို တွေ့မြင်ခဲ့ရသည့်အခါ နတ်ဆိုးမျိုးနွယ်ဝင်များအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ အထူးအားဖြင့် ဝမ်ဖုန်းတို့က နတ်ဆိုးမျိုးနွယ်မဟုတ်ကြောင်း အာရုံခံရခဲ့သည့်အချိန်၌ဖြစ်သည်။ အမျက်ဒေါသများသည် မြင့်တက်လာခဲ့ကာ မျက်ဝန်းထဲ၌ မီးတောက်တို့တောက်ပလာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

နတ်ဆိုးမျိုးနွယ်၏ ခေါင်းဆောင်များအားလုံးသည် ဝူဖန်းတို့အကြီးအကဲများကို မေးခွန်းမေးမြန်းခဲ့ကြသည်။

နတ်ဆိုးဘိုးဘေးဘုရားကျောင်းသည် ကမ္ဘာလောကအတွင်းရှိ နတ်ဆိုးမျိုးနွယ်ဝင်များအတွက် အထွတ်အမြတ်နေရာဖြစ်သည်။ နတ်ဆိုးမျိုးနွယ်များအတွက်တောင် စိတ်ရှိသလို ဝင်ရောက်၍မရနိုင်ပါ။ ယခုအချိန်၌တော့ အပြင်လူများက ဘိုးဘေးဘုရားကျောင်းအတွင်းသို့ ခြေချသွားခဲ့သည်။ ဤသည်မှာ နတ်ဆိုးမျိုးနွယ်အတွက် မလေးမစားပြုမူခြင်းဖြစ်၏။

"သူ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ ငါတို့ငါးယောက်ပူးပေါင်းတိုက်ခိုက်တာကို သည်းခံနိုင်ခဲ့တယ်။ အဲဒီမိန်းကလေးရဲ့တောင်းဆိုမှုကြောင့် ငါတို့ကလည်း သူတို့အားလုံးကို အတွင်းကိုဝင်ခွင့်ပြုခဲ့တာ"

မျိုးနွယ်စုအကြီးအကဲများ၏ မေးခွန်းထုတ်ခြင်းနှင့်ရင်ဆိုင်ခဲ့ရသည့်အခါ အကြီးအကဲဝူဖန်းသည် တည်ငြိမ်သောအမူအရာဖြင့် ဝမ်ဖုန်းတို့ကို လက်ညှိုးညွှန်ပြကာရှင်းပြခဲ့သည်။

"ဟာ!"

၎င်းစကားကို ကြားသိခဲ့ရသည့်အခါ လေအေးကို ရှူရှိုက်လိုက်သည့်အသံများသည် လောကတစ်ခွင်ပြန့်လွင့်သွားခဲ့သည်။ အကြီးအကဲဝူဖန်းတို့ကိုယ်တိုင် ပြောဆိုနေရင်မဟုတ်လျှင် ဘယ်သူကမှ ယုံကြည်နိုင်မှာမဟုတ်ပါ။ ဝမ်ဖုန်း၏ကျင့်ကြံမှုက ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ် အထွဋ်အထိပ်၌သာ ရှိနေသေးကြောင်းသိရှိခဲ့ရသည့်အခါ နတ်ဆိုးမျိုးနွယ်စုဝင်များ၏နှလုံးသားများသည် ပိုမို၍ချောက်ချားခဲ့ရသည်။ ဒီလောက်အဆင့်ရှိတဲ့ကျင့်ကြံသူလေးက အရပ်ငါးမျက်နှာအကြီးအကဲတွေရဲ့တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့တာလား။

သိရှိထားရသည်မှာ ဝူဖန်းတို့အကြီးအကဲငါးယောက်သည် နတ်ဆိုးမျိုးနွယ်အတွင်း၌ အစွမ်းထက်ဆုံးဖြစ်ကြသည်။ သက်ဆိုင်ရာ နတ်ဆိုးမျိုးနွယ်စု ခေါင်းဆောင်များကတောင် သူတို့နှင့်မရင်ဆိုင်ရဲကြပါ။

ဤအခိုက်အတန့်တွင် ဝမ်ဖုန်းနှင့်ယွဲ့ယင်းတို့သည် ရှိရှိသမျှ နတ်ဆိုးမျိုးနွယ်ဝင်တိုင်း၏ အံ့သြတုန်လှုပ်နေသော အကြည့်များကို ရင်ဆိုင်ခဲ့ရသည်။ ယွဲ့ယင်းသည်တော့ နတ်ဆိုးဘိုးဘေး၏အမွေအနှစ်ကို ရရှိခဲ့သောကြောင့်ဖြစ်ပြီး ဝမ်ဖုန်းကတော့ ထိတ်လန့်ချောက်ချားစရာ တိုက်ခိုက်ရေးစွမ်းအင်ကြောင့်ဖြစ်သည်။

"ကောင်မလေး အခုချိန်ကစပြီး မင်းက ယွဲ့ရွှမ်းနတ်ဆိုးမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ဖြစ်သွားပြီ"

"ဒါအပြင် ငါအကြီးအကဲဝူဖန်းကလည်း မင်းရဲ့အမိန့်ကိုအခုကစပြီး နာခံမယ်။ နတ်ဆိုးမျိုးနွယ်စုရဲ့ စွမ်းအားရှင်တွေအားလုံးက မင်းရဲ့အမိန့်ကို နာခံပါလိမ့်မယ်"

အကြီးအကဲဝူဖန်းသည် တောက်ပသောမျက်ဝန်းတို့ဖြင့် ယွဲ့ယင်းကိုစိုက်ကြည့်ကာ ကျယ်လောင်စွာပြောဆိုလိုက်သည်။ သူ၏အသံများသည် မိုးခြိမ်းသံကဲ့သို့ပဲ့တင်ထပ်သွားခဲ့သည်။

ယင်းစကားများကို ကြားသိခဲ့ရသည့်အခါ နတ်ဆိုးမျိုးနွယ်စုများ၏ ခေါင်းဆောင်များသည် တစ်စုံတစ်ခုပြောကြားချင်ခဲ့သော်လည်း နှုတ်ဖျားမှစကားများကို ပြန်၍မြိုချခဲ့ရသည်။ ယွဲ့ယင်းက ရည်ရွယ်ချက်ရှိရှိ ဖော်ပြခြင်းမပြုခဲ့လျှင်တောင် သူတို့ရှင်းလင်းစွာသိရှိပါသေးသည်။ ယွဲ့ရွှမ်မျိုးနွယ်စုသည် နတ်ဆိုးဘိုးဘေး၏အမွေအနှစ်ကို လက်ဆင့်ကမ်းရရှိခဲ့သည်။

သူမထံမှ ခမ်းနားကြီးကျယ်သော စွမ်းအင်တို့ထွက်ပေါ်နေခဲ့ကာ လူအများကိုထိတ်လန့်စေခဲ့သည်။ နတ်ဆိုးဘိုးဘေး၏အမွေအနှစ်ကို ရရှိခဲ့၍မဟုတ်လျှင် ယွဲ့ယင်းအနေဖြင့် အသက်ငယ်ငယ်ဖြင့် ဤမျှလောက်ခွန်အားကို ထုတ်ဖော်ရန်မဖြစ်နိုင်ပါ။

အကြီးအကဲ၏စကားကို ကြားသည့်အခါ ယွဲ့ယင်း၏မျက်နှာသည် အေးခဲသွားခဲ့ကာ ထိတ်ထိတ်ပြာပြာဖြစ်လာခဲ့သည်။ သူမဟာ နတ်ဆိုးဘိုးဘေးနှစ်ပါး၏အမွေအနှစ်ကို လက်ခံရရှိခဲ့သော်လည်း သူမ၏အမူအကျင့်များကတော့ မြင့်တက်မသွားသေးပါ။အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ဤကဲ့သို့ကြီးမားသောအပြောင်းအလဲကို တွေ့မြင်ခဲ့ရသည့်အခါ စိတ်ဖိစီးသွားခဲ့ရသည်။

သူမသည် အကူအညီတောင်းသောမျက်ဝန်းတို့ဖြင့် ဘေးနားတွင်ရှိနေသော ဝမ်ဖုန်းကို လှမ်း၍ကြည့်ရှုလိုက်မိသည်။

All Chapters