ဖိုမင်။
Vol. 54 Ch. 759
" မင်းတို့ရဲ့ မျိုးနွယ်စုဝင်တွေကို စုရုံးဖို့အတွက် ငါ တစ်ရက် အချိန် ပေးမယ်။ "
မကောင်းဆိုးဝါးမျိုးနွယ်များ လက်သင့်ခံသွားသည့်အခါ ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လျက် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
ဤမကောင်းဆိုးဝါးမျိုးနွယ် စွမ်းအားရှင်များဖြင့် ဆိုပါက သူ၏ ရှန်ရှန်ကျုံ့ဂိုဏ်း စွမ်းအားသည် ပို၍ သန်မာအားကောင်း လာလိမ့်မည်။ ဤမကောင်းဆိုးဝါးများ အတွင်း၌ လောင်ထျန်းဧကရာဇ် အထွတ်အထိပ်ကို ရောက်ရှိနေသော စွမ်းအားရှင်များ ရှိကြသည်။ ဒါ့အပြင် လောင်ထျန်းဧကရာဇ်အဆင့် စွမ်းအားရှင်များလည်း ပါဝင်နေသည်။
" ကောင်းပြီ။ "
ဝမ်ဖုန်း၏ စကားကို ကြားသည့်အခါ မျိုးနွယ်စု အကြီးအကဲများသည် လျစ်လျူရှု့ရဲခြင်း မရှိဘဲ ခေါင်းညိတ်ခဲ့ကြသည်။ သူတို့က အခြားသော မျိုးနွယ်စုဝင်များကို သွားရောက်ခေါ်ဆိုရန် စွမ်းအားရှင်များကို အမိန့်ပေးခဲ့ကြသည်။ သူတို့သည် ယွဲ့ယင်း၏နောက်သို့ လိုက်ပါရန် ဆုံးဖြတ်ခဲ့တာကြောင့် ပြသနာများကို ထပ်မံ မဖြစ်စေတော့ပေ။
အကြီးအကဲ ဝူဖန်း တွေးထားသကဲ့သို့ပင်။ သူတို့သာ သွေးမျှော်စင်၏ ဒုတိယအလွှာမှ ထွက်ခွာသွားနိုင်ခဲ့လျှင် သူတို့ ဝန်ဖုန်းကို အညံ့ခံရရင်ရော ဘာအရေး ရှိပါလိမ့်မည်နည်း။
သူတို့က သိပ်ကို လွတ်မြောက်ချင် နေသည်။ ပို၍ သန်မာချင်နေသည်။ ဤသွေးမျှော်စင်၌ ဆက်လက် ပိတ်မိ မနေချင်တော့ပါ။
နတ်ဆိုးဘိုးဘေးများ၏ အမွေအနှစ်ကို ရရှိထားသော ယွဲ့ယင်းနှင့် ခန့်မှန်း၍ မရသော ဝမ်ဖုန်းတို့ဖြင့် ဆိုပါက သူတို့၏ မျှော်လင့်ချက်သည် စတင် ရောင်နီသန်းလာခဲ့သည်။
...
နောက်တစ်နေ့တွင် နတ်ဆိုးဘိုးဘေး ဘုရားကျောင်း တည်ရှိသော နေရာသည် ပို၍ တိတ်ဆိတ် ငြိမ်သက်လာခဲ့သည်။ လောကကြီးတစ်ခုလုံးသည် ပြင်းထန်သော အရှိန်အဝါတို့ဖြင့် သက်ရောက်လျက် ရှိသည်။ ဤနေရာ၌ ရာထောင်သောင်းချီသော နတ်ဆိုးမျိုးနွယ်ဝင်များက စုရုံးရောက်ရှိ လာခဲ့သည်။
သန်မာသော လောင်ထျန်းဧကရာဇ်အဆင့် စွမ်းအားရှင်ကတောင် ဤနေရာ၌ ဖိအား ကြီးကြီးမားမား ခံစားရပေလိမ့်မည်။
နတ်ဆိုးမျိုးနွယ်၏ စွမ်းအားရှင်များ အားလုံးသည် တည်ကြည် လေးနက်သော အမူအရာဖြင့် ဆူညံသံတစ်ခုကိုတောင် မပြုလုပ်ကြပါ။ သူတို့၏ ရှေ့တွင် နတ်ဆိုးမျိုးနွယ်၏ စွမ်းအားကြီးသော ပုဂ္ဂိုလ်များ ရှိနေကြသည်။ ထို့အတွက်ကြောင့် သံသယများ ရှိနေရင်တောင် အော်ဟစ် မဆူပူရဲကြချေ။
သူတို့ စောင့်မျှော်နေသည့်အချိန်တွင် ဝမ်ဖုန်းနှင့် သူ၏ အုပ်စုသည် နတ်ဆိုးမျိုးနွယ်ဝင်များ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဝမ်ဖုန်းသည် လေဟာပြင်၌ လက်ကို နောက်ပစ်လျက် မတ်တပ်ရပ် နေခဲ့သည်။ နတ်ဆိုးမျိုးနွယ်ဝင်များ၏ နှလုံးသားများ အားလုံးသည် တုန်လှုပ်သွားခဲ့သည်။
ဝမ်ဖုန်းသည် နတ်ဆိုးမျိုးနွယ်၏ စွမ်းအားရှင်များကို စိုက်ကြည့်လိုက်ကာ ဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်သည်။ နတ်ဆိုးမျိုးနွယ်သည် သွေးမျှော်စင်၏ ကန့်သတ်ချက်ကို ခံထားရသော်လည်း သူတို့၏ ခွန်အားဟာ အထင်သေး၍ မရနိုင်ခဲ့ပါ။ ထာဝရညဥ့်ဦးယံမြို့၌ သူတို့ ရောက်ရှိသွားလျှင် ထိပ်တန်းအင်အားစုကြီးတစ်စု ဖြစ်သွားပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် သူ ပိုင်ဆိုင်ထားသော ကမ္ဘာဘောလုံးကလေးသည် အခြားလောကများနှင့် ရင်ဆိုင်နိုင်သော လျို့ဝှက်ကမ္ဘာငယ်လေး ဖြစ်သည်။ ဤသို့ မဟုတ်ပါလျှင် ထိုမျှ များပြားသော နတ်ဆိုးမျိုးနွယ်ဝင်များကို ဝင်ဆံ့မည် မဟုတ်ပါ။
" စနစ်..အရှိန်အဝါကို ပိတ်ဆို့ထားလိုက် "
ဝမ်ဖုန်းသည် မျက်ဝန်းကို မှေးကျဥ်းလိုက်ပြီးလျှင် လျို့ဝှက်စွာ ပြောဆိုလိုက်သည်။ သွေးမျှော်စင်၏ ဒုတိယအလွှာအတွင်း၌ သူသည် အစဥ်အမြဲ ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားနေရသည်။ ၎င်းမှာ မျက်ဝန်းတစ်စုံက သူ့ကို အစဥ်အမြဲ စောင့်ကြည့်နေခဲ့သည့် အလားပင်။
ဤခံစားချက်က အစစ်အမှန်လား?၊စိတ်ထင်တာလား ဆိုတာကို သူ မသိပါ။ ဒါပေမယ့် ဂရုတစိုက် ပြုမူတာနဲ့ ပက်သက်ပြီး မှားယွင်းတာ မရှိပါဘူးလေ။ ကမ္ဘာဘောလုံးကလေးသည် ရှန်ရှန်ကျုံ့ဂိုဏ်း၏ အခြေစိုက်ရာနေရာ ဖြစ်သည်။ ထို့အတွက်ကြောင့် အမှားအယွင်း ဖြစ်ပါ်စေ၍ မရနိုင်ပါ။
" ဘုန်း! "
သူ၏အသံ ဆုံးသည်နှင့် တစ်ပြိုင်နက် တောက်ပသော အလင်းတန်းများသည် ဝမ်ဖုန်း၏ မျက်ဝန်းအိမ်အတွင်း ပေါက်ကွဲ ထွက်လာခဲ့သည်။ ယင်းနောက် ကျယ်ပြော၍ ခမ်းနားထည်ဝါသော အရှိန်အဝါကြီးသည် သူ့ထံမှ ပျံလွှင့်လာပြီးလျှင် ကမ္ဘာလောကတစ်ခွင် ပျံလွှင့်သွားခဲ့သည်။
ယင်း ကျယ်ပြန့်နက်ရှိုင်းသော စွမ်းအင်ကြီးကြောင့် နတ်ဆိုးမျိုးနွယ်ဝင်များ၏ မျက်ဝန်းသူငယ်အိမ်များသည် တုန်လှုပ်သွားခဲ့သည်။ သူတို့၏ မျက်နှာပေါ်တွင် အံ့သြနေသော အမူအရာ ရှိနေခဲ့သည်။ အကြီးအကဲ ဝူဖန်းတို့ကတောင် ချွင်းချက် မဟုတ်ခဲ့ပါ။ ကြည့်ရတာ ဝမ်ဖုန်းက သူတို့ ထင်ထားတာထက် ပိုပြီး လျို့ဝှက်ဆန်းကြယ် နေတာပဲ။ ဒီစွမ်းအားကတောင် သူတို့ကို ကြီးကြီးမားမား ဖိအားပေးနိုင်ခဲ့တယ်။ သူတို့၏ စိတ်ဝိညာဉ်များသည် အစဥ်အမြဲ တုန်လှုပ်လျက် ရှိကာ လောကကြီးတစ်ခုက သူတို့ကို ဖိနှိပ်ထားခဲ့သည့် အတိုင်းသာ။
" ဘုန်း! "
ယင်း အရှိန်အဝါကြီး ဖြတ်သန်းသွားခြင်းနှင့်အတူ ကမ္ဘာလောကတစ်ခု၏ ကြီးမားသော သုံးဘက်မြင် ပုံရိပ်ယောင် တစ်ခုသည် ဝမ်ဖုန်း၏ အနောက်ဘက်၌ ရုတ်တရုတ် ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် ဝမ်ဖုန်းအရှေ့ရှိ လေဟာပြင်သည် ခါရမ်းလာခဲ့ကာ အာကာပြင်တံခါးသည် ဟင်းလင်းပွင့်သွားခဲ့သည်။
" ဟာ! "
ဝမ်ဖုန်း၏ နောက်ကျောတွင်ရှိသော ကြီးမားသည့် ကမ္ဘာလုံးပုံရိပ်ကြီးကို တွေ့မြင်ခဲ့ရသည့်အခါ လေအေးကို ရှုရှိိုက်လိုက်သည့် အသံများ ထွက်ပေါ်လာခဲ့သည်။ အရပ်ငါးမျက်နှာ အကြီးအကဲများနှင့် နတ်ဆိုးမျိုးနွယ်၏ စွမ်းအားရှင်များသည် ဝမ်းဖုန်းအနောက်ရှိ ကမ္ဘာဘောလုံးကြီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။
ဝမ်ဖုန်း၏ ကိုယ်ခန္ဓာထဲတွင် ကျယ်ပြောနက်ရှိုင်းသော ကမ္ဘာလောကတစ်ခု ဖုံးကွယ်ထားလိမ့်မည်ဟု သူတို့ ထင် မထားခဲ့ပါ။ ၎င်း ပုံရိပ်ယောင် တစ်ခုတည်းကတောင် သွေးမျှော်စင်ဒုတိယအလွှာထက် ပို၍ သာလွန်နေခဲ့သည်။ တကယ့် လျို့ဝှက်ကမ္ဘာလောကဆို ဘယ်လိုတောင် ခမ်းနားကြီးကျယ်လိုက်မလဲ?။
အကြီးအကဲ ဝူဖန်းတို့တစ်တွေက အဘယ့်ကြောင့် ဝမ်ဖုန်းကို ကြောက်လန့်နေရကြောင်းကို နတ်ဆိုးမျိုးနွယ်စုဝင်များ အားလုံး နားလည်သွားကြသည်။ ဘယ်လိုတည်ရှိမှုမျိုးက လောကတစ်ခုကို ထိန်းချုပ်နိုင်ရတာလဲ?။ ဒါက သာမန်လူသား မဖြစ်နိုင်ဘူး။
ဝမ်ဖုန်း၏ ဘေးတွင်ရှိနေသော ယွဲ့ယင်းနှင့် ကွေ့ဝူတို့ကလည်း ထိတ်လန့်နေခဲ့သည်။ ဤသည်မှာ သူတို့အနေဖြင့် ကမ္ဘာဘောလုံး၏ ပုံရိပ်ယောင်ကို ပထမဆုံး တွေ့မြင်ဖူးခြင်း ဖြစ်သည်။ သူတို့အားလုံး ကြောက်လန့်နေကြကာ ထိတ်လန့်တကြားဖြင့် ဝမ်ဖုန်းကို စိုက်ကြည့်နေခဲ့သည်။
ယွဲ့ယင်းသည် သူမ၏ ရွေးချယ်မှုအပေါ် ကျေနပ်နေမိသည်။ ဝမ်ဖုန်းကို သစ္စာရှိခဲ့ခြင်းမှာ ကြီးမားသော အခွင့်ရေးကြီး ဖြစ်ခဲ့သည်။
" မင်းတို့တွေ ဒီလျို့ဝှက်ကမ္ဘာထဲကို ပထမဆုံးအကြိမ် ဝင်ရောက်ကြရမယ်။ "
ဝမ်ဖုန်းသည် နတ်ဆိုးမျိုးနွယ်၏ စွမ်းအားရှင်များကို စိုက်ကြည့်ကာ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ သူ၏ အသံသည် မိုးချိန်းသံကဲ့သို့ ပဲ့တင်ထပ်သွားခဲ့သည်။
" ဟုတ်ကဲ့ပါ။ "
ဝမ်ဖုန်း၏ စကားကို ကြားလိုက်ရသည့် နတ်ဆိုးမျိုးနွယ်ဝင်များသည် လျစ်လျူမရှု့ရဲဘဲ အကြီးအကဲ ငါးယောက်၏ စီစဥ်မှုအောက်တွင် ကမ္ဘာဘောလုံးလေးအတွင်းသို့ စနစ်တကျ တန်းစီ ဝင်ရောက်သွားခဲ့သည်။ ကမ္ဘာဘောလုံးလေးအတွင်းတွင် ရှန်ရှန်ကျုံ့ဂိုဏ်း၏ အကြီးအကဲများသည် လေဟာပြင်ဂိတ်တံခါး တစ်ဖက်တစ်ချက်စီကို ရှင်းလင်းပေးခဲ့ကာ နတ်ဆိုးမျိုးနွယ်ဝင်များကို လမ်းပြပေးနေခဲ့သည်။
ဝမ်ဖုန်းသည် နတ်ဆိုးမျိုးနွယ်များကို ရှန်ရှန်ကျုံ့ဂိုဏ်းအတွင်း ဝင်ရောက်ခွင့် မပြုခဲ့ပါ။ သူတိုကို လီထျန်းမျိုးနွယ်စု၏ ဘေး၌ ယာယီနေရာချထား ပေးခဲ့သည်။
အချိန်အတော်ကလေး ကြာသည့်အခါ နတ်ဆိုးမျိုးနွယ်ဝင်များ အားလုံး ကမ္ဘာဘောလုံးအတွင်း ဝင်ရောက်သွားပြီးကြသည်။ ဝမ်ဖုန်းက လေဟာပြင်တံခါးကို ပိတ်လိုက်ပြီးလျှင် ကမ္ဘာဘောလုံးကလေးသည် ပြန်၍ တည်ငြိမ်သွားခဲ့သည်။ ပြင်ပလောက၌ ဝမ်ဖုန်းနှင့် အခြားသူများသာ ကျန်ရစ်တော့သည်။
" ငါတို့ ဒီအလွှာမှာ နောက်ကျ ကျန်ရစ်ခဲ့ပြီ။ မြန်မြန်သွားကြရအောင်။ "
ဝမ်ဖုန်းသည် ယွဲ့ယင်းတို့ကို ကြည့်ရှုလိုက်ပြီး နက်ရှိုင်းသော အသံဖြင့် ပြောဆိုလိုက်သည်။
ယင်းသို့ ပြောဆိုလိုက်ပြီးနောက် သူသည် ယွဲ့ယင်းတို့အုပ်စုကို ဦးဆောင်ကာ သွေးမျှော်စင် ဒုတိယအလွှာ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဒုန်းစိုင်း ပြေးသွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ဝမ်ဖုန်းနှင့် အခြားသူများသည် ဘယ်အန္တရာယ်ကိုမှ မကြုံတွေ့ခဲ့ရပါ။ သူတို့ဟာ သွေးမျှော်စင် ဒုတိယအလွှာ၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရှိသွားခဲ့သည်။ သူတို့အရှေ့ရှိ ကျောက်စိမ်းလှေကားထစ်များကို စိုက်ကြည့်လိုက်ပြီးနောက် ဝမ်ဖုန်းတို့အားလုံးသည် တုံ့ဆိုင်းခြင်း မရှိဘဲ လှေကားများပေါ် တက်၍ တတိယအလွှာစီ ဦးတည်သွားခဲ့ကြသည်။
...
တစ်ချိန်တည်း၌ သွေးမျှော်စင်၏ စတုတ္ထအလွှာပေါ်ရှိ တစ်ခုသော တောင်တန်းတောအုပ်ကြီး အတွင်း၌ ဝမ်းနည်းစရာ တိုက်ပွဲတစ်ခု ဖြစ်နေခဲ့သည်။ တစ်ဖက်တွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသောအဖွဲ့ ရှိနေပြီး အခြားတစ်ဖက်တွင် မတူညီသော အဝတ်စားပုံစံများကို ဝတ်ဆင်ထားသည့် စုပေါင်းအင်အားတစ်ခု ရှိနေခဲ့သည်။
" ဖိုမင်.. မင်း ဘာလို့ ငါတို့ကို တိုက်ခိုက်ရတာလဲ? "
" မင်း အပြင်ပြန်ထွက်သွားရင် အင်အားစုတွေ စုပေါင်းပြီး မင်းတို့ရဲ့ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို တိုက်ခိုက်မှာ မစိုးရိမ်ဘူးလား?။ "
လူငယ်ပါရမီရှင် ဖုန်းရိ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေခဲ့သည်။ သူဟာ သနားစရာ ကောင်းနေခဲ့သည်။ သူ၏ မျက်ဝန်းများက အနီရောင် ဝတ်ဆင်ထားသော လူငယ်တစ်စုကို စူးစိုက် ကြည့်ရှုနေခဲ့သည်။ ပေါက်ကွဲ အော်ဟစ်သံများသည် ကမ္ဘာအတွင်း ပဲ့တင်ထပ်လျက် ရှိသည်။
နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ ထိပ်တန်းပါရမီရှင် ဖြစ်သော ဖိုမင်သည် ကျောင်းတော်၏ ကြွေလွင့်သွားသော သခင်ငယ်လေးထက်တောင် ပို၍ အစွမ်းထက် နေသေးသည်။ ကြွေလွင့်သွားသော သခင်ငယ်လေးတွင် ကောင်းမွန်သော ဖခင်တစ်ယောက် ရှိမနေပါက ဖိာမင်ကိုကျော်၍ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ သခင်လေးရာထူးကို ရရှိနိုင်ခဲ့မှာ မဟုတ်ပေ။
" လူသေတွေက စကားမပြောနိုင်ဘူးကွ.."
ဖိုမင်၏ နှုတ်ခမ်းထောင့်များသည် မြှောက်တက်သွားခဲ့သည်။ သွေးဆာလောင်နေသော အကြည့်သည် သူ၏ မျက်နှာအပေါ်၌ ဖြစ်ပေါ်လာခဲ့ကာ ရူးနှမ်းသော အပြုံးဖြင့် ပြောဆိုလိုက်လေသည်။