← Chapters

နတ်ဆိုးဧကရီ

Vol. 54 Ch. 758

နတ်ဆိုးဧကရီ

Vol. 54 Ch. 758

စိတ်ဖိစီးနေသောယွဲ့ယင်းနှင့် နှိုင်းယှဉ်ရလျှင် ဝမ်ဖုန်း၏ အမူအရာကတည်ငြိမ်နေခဲ့သည်။ အံ့အားမှု တစ်စွန်းတစ်စိမှတစ်ပါး ကျန် ပြောင်းလဲမှု မရှိပါ။

သူ့ကိုအံ့အားသင့်စေခဲ့သည်က ယွဲ့ယင်းသည် နတ်ဆိုးမျိုးနွယ်စု၏‌ခေါင်းဆောင်ဖြစ်လာ၍ မဟုတ်ပါ။ ယွဲ့ယင်းတွင် ဘိုးဘေးသွေးမျိုးဆက်ရှိပြီး နတ်ဆိုးဘိုးဘေးနှစ်ပါး၏ အမွေအနှစ်ရရှိထားသည်ဖြစ်ရာ နတ်ဆိုးမျိုးနွယ်ဝင်များ၏ ဦးနှောက်ကောင်းနေသေးသရွေ့ သူမသည် နတ်ဆိုးမျိုးနွယ်၏ ကြီးမြတ်သောခေါင်းဆောင်  ကျိန်းသေပေါက် ဖြစ်လာပေလိမ့်မည်။

သူ့ကိုအံ့အားသင့်စေခဲ့သည်က အကြီးအကဲဝူဖန်တစ်ယောက် တဲ့တိုးဆန်၍ ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယွဲ့ယင်းသည် နတ်ဆိုးမျိူးနွယ်စု၏ခေါင်းဆောင်ဖြစ်လာရန်အတွက် များပြားသောအခက်အခဲနှင့် လှည့်ကွက်များကို ကြုံတွေ့ရမည်ဟု သူ‌ထင်ခဲ့သည်။

အမှန်စင်စစ်မှာတော့ ယွဲ့ယင်း၏ကျင့်ကြံမှု အခြေခံကို အာရုံခံ၍ ရခဲ့ခြင်းကြောင့်သာ အကြီးအကဲဝူဖန်းသည် သူမကိုလေးစားနေရခြင်းဖြစ်သည်။ နတ်‌ဆိုးဘိုးဘေး၏ အမွေအနှစ်ကို ရရှိထားသည်ဖြစ်ရာ သွေးမျှော်စင်ဒုတိယအလွှာရှိ နတ်ဆိုးမျိုးနွယ်ဝင်များကို ဦးဆောင်ရန်မှာ သေးငယ်သော လုပ်ဆောင်မှုမျှသာ ဖြစ်သည်။

ယွဲ့ယင်းကသာ သူတို့ကို ဤမျှော်စင်အတွင်းမှ ခေါ်ထုတ်သွားပေးနိုင်လျှင်၊ သူတို့အား မူလနတ်ဆိုးကမ္ဘာသို့ ပြန်ရောက်အောင် ဆောင်ကျဉ်းပေးနိုင်လျှင် သူမကနတ်ဆိုးမျိုးနွယ်စုရဲ့ခေါင်းဆောင် ဘာကြောင့်ဖြစ်မလာနိုင်ရမှာလဲ။ သူတို့အားလုံးဆန္ဒရှိကြတယ်။

ယွဲ့ယင်း၏အကြည့်ကို အာရုံခံမိတာကြောင့် ဝမ်ဖုန်း၏မျက်ဝန်းများသည် လှုပ်ရှားသွားခဲ့ကာ သူမကို ခေါင်းညိတ်ပြခဲ့သည်။

ဝမ်ဖုန်း၏အတည်ပြုမှုကိုရရှိသည့်အခါ ယွဲ့ယင်းသည် မကောင်းဆိုးဝါးစွမ်းအားရှင်များကို ဝေ့ဝဲကြည့်ရှုလိုက်ကာ အံကိုကြိတ်လျက် ဆုံးဖြတ်ချက်ခိုင်မာသောအသံဖြင့် ပြောဆိုလိုက်သည်။ " ကျွန်မက အရှင်ဝမ်ဖုန်းနောက်ကိုလိုက်ပါဖို့ ဆုံးဖြတ်ပြီးပါပြီ။ ကျွန်မကို နတ်ဆိုးမျိုးနွယ်ရဲ့ ထူးမြတ်တဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုတယ်ဆိုရင် အရှင်ဝမ်ဖုန်းကိုလည်း ကျွန်မနဲ့ထပ်တူ လေးစားရပါမယ်"

ယွဲ့ယင်း၏စကားဆုံးသည့်အခါ ဝမ်ဖုန်း၏အမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ သူဟာယွဲ့ယင်းကို စိတ်သက်သာရာရသော အကြည့်ဖြင့်  လှမ်းကြည့်ခဲ့သည်။ ရိုးရိုးသားသားပြောရပါလျှင် ယွဲ့ယင်းသည် နတ်ဆိုးမျိုးနွယ်စုများ၏အရှေ့မှောက်၌ သူ့ကို ဤကဲ့သို့ပြောဆို‌ပေးလိမ့်မည်ဟု ထင်မထားခဲ့ပါ။

အခန့်မသင့်လျှင် နတ်ဆိုးမျိုးနွယ်စုတို့၏ ခေါင်းဆောင်ဖြစ်နိုင်သည့် သူမ၏ အခွင့်အရေးသည် ပျက်စီးသွားပေလိမ့်မည်။ သူမ သူ့ကို အညံ့ခံခဲ့ခြင်းမှာ သူဟာ သွေးသစ်သီးကို ပေးအပ်ခဲ့၍ဖြစ်သည်။ ဒါ့အပြင် သူမ၏အသက်ကိုလည်း ကယ်တင်ခဲ့သေးသည်။ သူမသာ သာမန်နတ်ဆိုးမျိုးနွယ်တစ်ယောက်သာဖြစ်လျှင် လူအများ၏ရှေ့၌ သူ့ထံအညံ့ခံလာမည် မဟုတ်ပါချေ။

သေချာပါပြီ။ ယွဲ့ယင်း၏စကားဆုံးသွားသည့်အခါ နတ်ဆိုးမျိုးနွယ်စွမ်းအားရှင်များအားလုံးသည် ဒေါသထွက်လာခဲ့ကြသည်။

"ရဲတင်းလိုက်တာ!"

"မင်းဘာပြောနေလဲဆိုတာ သိရဲ့လား"

" ငါတို့လို ဂုဏ်သရေရှိတဲ့နတ်ဆိုးမျိုးနွယ်က တခြားသူတွေရဲ့ အစေအပါး ဘာ့ကြောင့် ဖြစ်ရမှာလဲ"

" မင်းကနတ်ဆိုးမျိုးနွယ်ရဲ့ခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်ရဲ့လား။ အကြီးအကဲငါးယောက်ရဲ့ မျှော်လင့်ချက်ဖြစ်ဖို့ရော ထိုက်တန်ရဲ့လား "

နတ်ဆိုးမျိုးနွယ်ဝင်များသည် တစ်ယောက်တစ်ပေါက် ဒေါသတကြီး  အော်ဟစ်ပြောဆိုနေခဲ့သည်။ သူတို့က ယွဲ့ယင်းကို ခက်ထန်ကြမ်းတမ်းသောအကြည့်တို့ဖြင့် စိုက်ကြည့်နေခဲ့ကာ မျက်ဝန်းအိမ်တို့သည် သတ်ဖြတ်လိုသောစိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်လာခဲ့သည်။ ၎င်းသတ်ဖြတ်လိုသော စိတ်ဆန္ဒများသည် ဝမ်ဖုန်းနှင့်သူ့လူများကို ဦးတည်ထားခဲ့သည်။

ဝမ်ဖုန်းတို့က နတ်ဆိုးဘိုးဘေးဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းကတောင် နတ်‌ဆိုးမျိုးနွယ်တို့အတွက် ဂုဏ်သရေ ပျက်ယွင်းစရာ ဖြစ်သည်။ အကြီးအကဲဝူဖန်းက ရှင်းပြခဲ့ခြင်းမပြုလျှင် သူတို့က ဝမ်ဖုန်းကို ထွက်သွားခွင့်ပြုမှာ မဟုတ်ပါ။ လက်ရှိတွင် ယွဲ့ယင်းကလည်း ဝမ်ဖုန်းကိုအညံ့ခံသည်ဟု ပြောဆိုနေပြန်သည်။ ဤသည်ကား နတ်ဆိုးမျိုးနွယ်၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းဖြစ်သည်။

တစ်ဖက်တွင်ရှိနေသော အကြီးအကဲဝူဖန်း၏အမူအရာကတော့ ပြောင်းလဲခြင်းမရှိပါ။ ဒါကိုအရင်ကတည်းက မျှော်လင့်ထားခဲ့သည့်အတိုင်းဖြစ်နေခဲ့သည်။ ဝမ်ဖုန်းပေါ်ထားရှိသော ယွဲ့ယင်း၏ စိတ်နေသဘောထားမှတစ်ဆင့် ယွဲ့ယင်းသည် နတ်ဆိုးဘိူးဘေး၏အမွေအနှစ်ကိုရရှိခဲ့ရင်‌တောင် ဝမ်ဖုန်းအပေါ် အညံ့ခံလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားခဲ့သည်။

သူ့ကိုသတ်ဖြတ်ရန် ကြုံးဝါးပြောဆိုနေသော နတ်ဆိုးမျိုးနွယ်ဝင်များ၏ အကြည့်ဖြင့်ရင်ဆိုင်နေရသော်လည်း ဝမ်ဖုန်းကတော့ ထူးမခြားနားစွာရှိနေခဲ့သည်။ သူဟာတည်ငြိမ်သောအမူအရာကိုထိန်းသိမ်းထားခဲ့ပြီး ဒေါသထွက်နေသောနတ်ဆိုးများကို ဂရုပြုခဲ့ခြင်းမရှိပါ။

ဝမ်ဖုန်း၏အမူအရာသည် နတ်ဆိုးမျိုးနွယ်ဝင်များကို ပို၍ဒေါသထွက်သွားစေခဲ့သည်။ သတ်ဖြတ်လိုသောစိတ်ဆန္ဒသည် သူတို့ထံမှပေါက်ကွဲထွက်ပေါ်လာလျက်ရှိသည်။ သူတို့က လှုပ်ရှားမှုပြုလုပ်တော့မည့်အချိန်၌ အကြီးအကဲချုံးမင်ကတားဆီးခဲ့သည်။

အကြီးအကဲချုံးမင်က မျက်ဝန်းကို‌မှေးကျဉ်းလျက် ဝမ်ဖုန်းကို လေးလေးနက်နက်စိုက်ကြည့်ကာ နက်ရှိုင်းသောအသံဖြင့်ပြောဆိုလိုက်သည်။ " နတ်ဆိုးမျိုးနွယ်ကို ကြင်ကြင်နာနာ ဆက်ဆံပေးလို့ ရမလား"

ဤအတိုင်းသာဆက်ဖြစ်နေလျှင် နောက်ဆုံးရလဒ်မှာဆိုးရွားခြင်းဖြင့်သာ အဆုံးသတ်ရပေမည်။ ဤကနေ့ နတ်ဆိုးမျိုးနွယ်ဝင်များသည် ယွဲ့ယင်းကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင်မျိုးကို အဆုံးရှုံးမခံနိုင်ပါ။ သူမဟာတစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်၏။

သို့ဖြစ်ရာ အကြီးအကဲချုံးမင်သည် ခွင့်တောင်းဖို့သာ တတ်နိုင်ခဲ့သည်။

ဟုတ်ပါပေသည်။ အားလုံးထဲမှာမှ ဝမ်ဖုန်း၏ခွန်အားကလည်း ပြောစမှတ်ပြုဖွယ်ရာဖြစ်သည်။ ဝမ်ဖုန်းက လုံလောက်အောင် မသန်မာပါလျှင် ယွဲ့ယင်းသည်လည်း ဝမ်ဖုန်းထံ အညံ့ခံလိမ့်မည် မဟုတ်ပါ။

ယွဲ့ယင်းနှင့်ဝမ်ဖုန်းတို့ကဲ့သို့ ပြိုင်ဘက်ကင်းသည့် ပါရမီရှင်များနှင့်တွေ့ဆုံရသည့်အခါ သွေးမျှော်စင်အတွင်းမှ လွတ်မြောက်လိုသည့် သူတို့၏ဆန္ဒသည်  ပိုမို၍ အားပြင်း သန်မာလာခဲ့သည်။

" အကြီးအကဲ"

အကြီးအကဲချုံးမင်စကားဆုံးသည့်အခါ ဝမ်ဖုန်းစကားမပြောရသေးခင်တွင် နတ်ဆိုးမျိုးနွယ်ဝင်များအားလုံး ကြောင်အ ထိတ်လန့်ကုန်လျက် မယုံကြည်နိုင်ဖြစ်နေခဲ့ကြသည်။ ဒါဆိုရင် အကြီးအကဲချုံးမင်က သဘောတူဖို့ ဆုံးဖြတ်လိုက်ပြီလား။

ဒါကနတ်ဆိုးမျိုးနွယ်တို့ ကြီးထွားရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သော  အကြီးအကဲချုံးမင်မှ ဟုတ်ပါလေစ။

အကြီးအကဲချုံးမင်က လက်ကို‌ဝှေ့ယမ်းကာ သန်မာသောနတ်ဆိုးမျိုးနွယ်ဝင်အားလုံးကို လျစ်လျူရှုထားခဲ့သည်။ သူ၏အကြည့်က ဝမ်ဖုန်းထံ၌သာအမြစ်တွယ်နေခဲ့သည်။

"နတ်ဆိုးမျိုးနွယ်ကသာ ဒီဂိုဏ်းချုပ်ရဲ့သတ်မှတ်ချက်တွေနဲ့အညီ နေထိုင်မယ်ဆိုရင် ဒီဂိုဏ်းချုပ်ကလည်း နတ်ဆိုးမျိုးနွယ်ကို မြှင့်တက်စေရပါမယ်"

ဝမ်ဖုန်းသည် မျက်ဝန်းကိုအနည်းငယ်မှေးကျဉ်းခဲ့ကာ အကြီးအကဲချုံးမင်ကိုကြည့်လျက် နက်ရှိုင်းသောအသံဖြင့်ပြောဆိုခဲ့သည်။

ဝမ်ဖုန်း၏အနောက်တွင် မတ်တတ်ရပ်နေသောကုချိူးသည် အစွမ်းထက်သောနတ်ဆိုးမျိုးနွယ်ဝင်များ၏ ဒေါသထွက်နေသောမျက်နှာများကို စိုက်ကြည့်နေခဲ့သည်။ သူ၏နှုတ်ဖျားပေါ်တွင် လှောင်ပြုံးတစ်ခုရှိနေခဲ့သည်။ အရူးတစ်သိုက်က ဂိုဏ်းချုပ်ကိုဘယ်လို ကျေနပ်အောင်ပြုမူရမလဲ မသိဘူးပဲ။ ဂိုဏ်းချုပ်ဆီ အညံ့ခံရတာက ဘဝအဆက်ဆက်ပြုလုပ်ခဲ့တဲ့ကောင်းမှုကြောင့်ဆိုတာ မသိပါလား။

ဂိုဏ်းချုပ်၏အမိန့်ကို မရရှိခဲ့၍ မဟုတ်လျှင် သူသည် ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်း၏ စွမ်းအင်ကိုအသုံးပြုကာ ထိုလူတစ်စုကို ရိုက်နှက်ဆုံးမချင်မိသည်။

ကောင်းကင်ဘုံနတ်ဆိုးခေါင်းလောင်းကဲ့သို့ အထွတ်အမြတ်ရတနာပစ္စည်းကိုရရှိထားလေရာ ကုချိုး၏စိတ်အစဉ်သည် တည်ငြိမ်၍ မနေနိုင်ခဲ့ပါ။ ဧကရာဇ်ဘိုးဘေးမျှသာ ကျင့်ကြံမှုရှိသော်လည်း သူသည်သန်မာသော ဧကရာဇ်စွမ်းအားရှင်များကိုတောင် မျက်ဝန်းထဲ ထည့်မထားခဲ့ချေ။

အကြီးအကဲချုံးမင်နှင့် ဝမ်ဖုန်းတို့သည် တစ်ဦးကိုတစ်ဦး အတော်လေးကြာအောင် စူးစိုက်ကြည့်နေခဲ့သည်။ ယင်းနောက်မှ အကြီးအကဲချုံးမင်သည် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ပြောဆိုလိုက်သည်။ " ငါတို့ အရပ်ငါးမျက်နှာအကြီးအကဲတွေက နတ်ဆိုးမျိုးနွယ် မဟာခေါင်းဆောင်ရဲ့ စိတ်ဆန္ဒကိုနာခံပါတယ်"

ယင်းစကားလုံးများ ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးမျိုးနွယ်စွမ်းအားရှင်များအားလုံး၏မျက်ဝန်းများသည် တုန်လှုပ်ချောက်ချားသွားကြသည်။ မျက်နှာများ၌ မယုံကြည်နိုင်ဖြစ်နေခဲ့ကြသည်။ အကြီးအကဲချုံးမင်က တကယ်ပဲလက်ခံခဲ့သလား။

ဒီလိုလူမှာ ဘယ်လိုစွမ်းဆောင်ရည်တွေရှိနေလို့ အကြီးအကဲကတောင် ကြောက်လန့်နေရတာလဲ။

သူတို့ဟာထိတ်လန့်နေသော်လည်း ဝမ်ဖုန်းအပေါ်မစပ်စုဘဲ မနေနိုင်ခဲ့ပါ။ သူတို့အားလုံးသည် အကြီးအကဲငါး‌ယောက်၏ စိတ်သဘောထားကို ကောင်းစွာသိကြ၏။ ဝမ်ဖုန်းကိုကြောက်လန့်၍ မဟုတ်ပါက သူတို့အဘယ့်ကြောင့် လက်ခံခဲ့ပါမည်နည်း။

" ကျုပ်တို့ယွဲ့ရွှမ် နတ်ဆိုးမျိုးနွယ်စုကလည်း နတ်ဆိုးမျိုးနွယ်မဟာခေါင်း‌ဆောင်ရဲ့အမိန့်ကို နာခံပါတယ်"

အကြီးအကဲချုံးမင်၏စကားဆုံးပြီး မကြာမီတွင် ယွဲ့ရွှမ်နတ်ဆိုးမျိုးနွယ်စု၏ ယခင်ခေါင်းဆောင်က ချက်ချင်းပြောဆိုခဲ့သည်။

အရပ်ငါးမျက်နှာအကြီးအကဲများက ငြင်းဆန်ခဲ့လျှင်‌တောင် သူတို့ယွဲ့ရွှမ်နတ်ဆိုးမျိုးနွယ်စုကတော့ ကျိန်းသေပေါက်လက်ခံပေလိမ့်မည်။ ယွဲ့ယင်းလိုမကောင်းဆိုးဝါးပါရမီရှင်မျိုးကို ဘယ်သူက ယွဲ့ရွှမ်နတ်ဆိုးမျိုးနွယ်မှာ မွေးဖွားလာခွင့်ပေးခဲ့လို့လဲ။ ယွဲ့ရွှမ်နတ်ဆိုးမျိုးနွယ်ကို မြင့်မားအောင် ဆောင်ကျဉ်းပေးနိုင်မဲ့ပါရမီရှင်တစ်‌ယောက် အခက်အခဲတွေ့နေမှာကို သူထိုင်ပြီး ကြည့်မနေနိုင်ဘူးလေ။

များမကြာမီတွင် အရပ်ငါးမျက်နှာအကြီးအကဲများနှင့် ယွဲ့ရွှမ်နတ်ဆိုးမျိုးနွယ်စုတို့၏ စွမ်းအားရှင်များအားလုံးသည် ကျန်မျိုးနွယ်စုကိုးစုတို့၏ စွမ်းအားရှင်များတို့ထံ အကြည့်ပို့ခဲ့ကြသည်။ သူတို့အားလုံး၏အမူအရာများသည် ထူးမခြားနားဖြစ်နေခဲ့ကာ ကျန်သူများကငြင်းဆန်လျှင် တိုက်ခိုက်ရန်အသင့်ရှိနေခဲ့သည်။

ကျန်သောနတ်ဆိုးမျိုးနွယ်ကိုးခုသည် ကြီးမား၍အစွမ်းထက်သော်ငြားလည်း အရပ်ငါးမျက်နှာအကြီးအကဲများ၏ခွန်အားနှင့် ယွဲ့ရွှမ်နတ်ဆိုးမျိုးနွယ်၏ခွန်အားသည် အားနည်းနေခြင်း မရှိပါ။ ခန့်မှန်း၍မရနိုင်သော ဝမ်ဖုန်းကဲ့သို့ တည်ရှိမှုမျိုးကိုတောင် ထည့်မတွက်ရသေးချေ။ အရေးအကြီးဆုံးအရာမှာ သူတို့သာငြင်းဆန်လိုက်လျှင် အရပ်ငါးမျက်နှာအကြီးအကဲများက သူတို့ကိုချက်ချင်းကန်ထုတ်ပေလိမ့်မည်။ ဒါအပြင် နောက်ထပ်သွေးမျိုးဆက်သန်မာသောပါရမီရှင်တစ်ယောက်ကို စောင့်ဆိုင်းပြီး ဤနေရာမှလွတ်မြောက်ဖို့ဆိုသည်ကား ဘယ်လောက်တောင်အိပ်မက်ဆန်နေပါလိမ့်။

အတော်ကလေးကြာအောင် တိတ်ဆိတ်နေပြီးနောက် နတ်ဆိုးမျိုးနွယ်ဝင်များသည် ကူကယ်ရာမဲ့စွာခေါင်းညိတ်ဖို့သာ တတ်စွမ်းနိုင်ခဲ့ကြသည်။

All Chapters