ဖိုင်နယ်ပွဲစဉ် ရောက်ပြီ
Vol. 47 Ch. 696
လက်ရှိအချိန်၌ သူတို့သည် တစ်ခါမှ မခံစားခဲ့ရဖူးသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ပြောရမည်ဆိုလျှင် သူတို့ ထိတ်လန့်နေကြသည်။ ရဲ့လင်းချန်၏ ပထမ သီချင်းကို သူတို့ နားမလည်ခဲ့လျင်တောင်မှ ယခုသီချင်းက သူတို့အား တော်တော်လေး ကြောက်လန့်သွားစေခဲ့သည်။
ပထမဆုံးအကြိမ်အဖြစ် သူတို့၏ ကျော်ကြားမှုကို သူတို့ သံသယ ဝင်လာပြီး အစစ်အမှန် အင်အားနှင့် ရင်ဆိုင်ရ သောအခါ ကြောက်လန့်ခြင်းကို ခံစားလာရသည်။
*ဒီလူက … သန်မာလွန်းတယ်*
သူတို့ကို ထောက်ပံ့ပေးထားသည့် ကျော်ကြားမှုသာ မရှိပါက သူတို့ ဤသို့သော ပြိုင်ဘက်ကို နည်းနည်းလေးမှ အံတုနိုင်မည် မဟုတ်ပါ။
သို့သော် ရဲ့လင်းချန်က မည်မျှ သန်မာနေပါစေ သူတို့၌ အခွင့်အရေး ရှိပေသေးသည်။ ရဲ့လင်းချန်၏ ကျော်ကြားမှုက သူတို့ကို မယှဉ်နိုင်ချေ။ သူတို့၏ ပရိသတ်များထံမှ လုံလောက်သော အားပေးမှု ရနေသရွေ့ ရှုံးနိုင်ချေက နည်းပါးပေသည်။ ၎င်းကား သူတို့ အခိုင်အမာ ယုံကြည်ထားသည့် အရာပင်။
ထိုစဉ် ရိုက်ကူးရေး ဝန်ထမ်းက အခန်းထဲ ဝင်လာ၏။
“မစ္စတာပင်းပင်း၊ ခင်ဗျားအလှည့် ရောက်ပါပြီ”
“အိုကေ၊ ကျေးဇူးပဲ”
ပင်းပင်း ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီးနောက် ယုံကြည်မှုရှိစွာ ရယ်မောလိုက်ပြီး အပြင်သို့ ထွက်လာလိုက်သည်။
…
ရဲ့လင်းချန် စင်အနောက်ဘက်သို့ ပြန်လာချိန်တွင် ဆုမိုက သူ့အား လေးစားမှုတို့နှင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လာသည်။
“မစ္စတာ စူပါမန်း၊ ရှင်…ရှင်…ရှင်က သိပ်တော်လွန်းတာပဲ”
“မင်း အခုမှ သိတာလား”
ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောလိုက်သည်။ ထို့နောက် သူက ဆိုဖာ၌ ထိုင်လိုက်ပြီး အခန်းထဲမှ တီဗွီကို ကြည့်ကာ အခြားအဆိုတော်များ စင်ပေါ်တက်မည်ကို စောင့်နေလိုက်သည်။
“ရှင် ဒီတစ်ပွဲမှာ ထုတ်ပယ်မခံရဘူးလို့ ကျွန်မ ခံစားချက် ရနေတယ်၊ အဲ့ဒီ ငပျော့ကောင် နှစ်ကောင်ရဲ့ အရည်အချင်းက ရှင်နဲ့ တစ်တန်းတည်း မဟုတ်ဘူး”
“အဲ့လို ဟုတ်ချင်မှ ဟုတ်မှာပါ၊ စောင့်ကြည့်ကြတာပေါ့”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။
…
စင်မြင့်ထက်၌ ပင်းပင်းသည် သူ၏ ဖျော်ဖြေမှုကို စနေပြီ ဖြစ်သည်။ သူ၏အသံကို တီဗွီမှ ကြားနေရသည်။
Weibo ၌ ပင်းပင်း၏ ပရိသတ်များက သူ မဲပိုရနိုင်ရန် စ၍ ကူညီနေကြသည်။
[ကျေးဇူးပြုပြီး မဲပေးပေးကြပါ]
[ပင်းပင်းအတွက် မဲပေးကြပါ]
[အားလုံးပဲ Masked Singer ကို သွားကြည့်ကြပါ၊ ပင်းပင်း သီချင်းဆိုတာက သိပ်အံ့ဩဖို့ ကောင်းတာနော်]
[ဒါ ရော့ခ်ဂီတာနော်၊ ငါတို့ပင်းပင်းကို အားပေးကြပါ]
[ဒီတစ်ပွဲက အရေးကြီးတယ်၊ ပင်းပင်းရဲ့ ပရိသတ်အဖွဲ့တွေ ဖြစ်တာမို့လို့ ငါတို့ အတူတူ မြန်မြန် ကြိုးစားရမယ်]
…
သူ့သီချင်း ပြီးသွားသည်နှင့် ကျန်းထောင် ဖျော်ဖြေရမည့် အလှည့်သို့ ရောက်လာသည်။
Weibo နှင့် Tieba တွင် ချက်ချင်းဆိုသလို ပို၍ အသက်ဝင်လာသည်။
[ပင်းပင်းက ဘာတွေဆိုသွားတာလဲ၊ ထောင်ထောင်က ပိုတော်တဲ့ အဆိုတော်ပဲ]
[ပိုတော်တာက ငါတို့ပင်းပင်းပဲ]
[ထောင်ထောင် ကြိုးစားထား၊ ရှင်က အံ့ဩဖို့ကောင်းတယ်]
[အားလုံးပဲ၊ ငါတို့ ပင်းပင်းနဲ့ ထောင်ထောင်အတွက် မဲပေးဖို့ လိုတယ်၊ အဲ့ဒီ စူပါမန်းကို နိုင်ခွင့်မပေးကြနဲ့]
[အဲ့လောက် ခက်လိမ့်မယ်လို့ ငါ မထင်ဘူး၊ ငါတို့မှာ ပရိသတ်တွေ သန်းနဲ့ချီ ရှီတာလေ၊ ဆယ်ယောက်ထဲက တစ်ယောက်ပဲ မဲပေးရင်တောင်မှ ငါတို့ နိုင်နေဦးမှာပဲ]
[ဟုတ်တယ်]
[ဟို … ငါ စူပါမန်းကို တကယ် မဲပေးချင်နေတယ်၊ သူ ဆိုသွားတာက စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတယ်]
[င…င…ငါရောပဲ]
[ချီးပဲ၊ ငါတို့မှာ သစ္စာဖောက် နှစ်ယောက် ရှိနေပြီ၊ ငါတို့ မဟာမိတ်တွေက ရန်သူတွေ ဖြစ်သွားပြီ၊ မကောင်း တော့ဘူး]
…
ဒုတိယပွဲစဉ် ပြီးသွားလေသည်။
ရဲ့လင်းချန်နှင့် ငပျော့ကောင် နှစ်ကောင်က စင်နောက်၌ ရှိကြေသည်။
သူတို့ သုံးယောက်က အချင်းချင်း သတိနှင့် နှုတ်ဆက်နေကြသည်။ သူတို့သည် အပေါ်ယံ၌ ဖော်ရွေနေသော်လည်း သူတို့စိတ်ထဲ၌ ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို သူတို့သာ သိပေလိမ့်မည်။
သို့သော် ငပျော့ကောင် နှစ်ကောင်၏ ဆက်ဆံရေးက အတော်လေး ကောင်းမွန်ကြောင်း ရဲ့လင်းချန် ခံစားမိသည်။ သူတို့က တူညီသော အသိုင်းအဝိုင်းထဲမှ ဖြစ်နေသောကြောင့်ပင်။ ရဲ့လင်းချန်ကိုမူ သူတို့က အလိုလို ဘေးပို့ ထားကြသည်။
သူတို့ထဲမှ တစ်ယောက်က Masked Singer အစီအစဉ်၏ အနိုင်ရသူ ဖြစ်လိမ့်မည်ဟု သူတို့ ခန့်မှန်းထားပြီးပုံ ရသည်။
သူတို့သုံးယောက်လုံး တိတ်တိတ်နေ၍ အတူတူ ထိုင်ကာ နောက်ဆုံးရလဒ်များကို စောင့်ရင်း တီဗွီကို ကြည့်နေကြသည်။
ထိုအခိုက်တွင် ပွဲကြည့်ပရိသတ်များက အစီအစဉ် တင်ဆက်သူကို စိုက်ကြည့်နေကြသည်။ တိုက်ရိုက် ထုတ်လွှင့်မှုများထဲမှ ကြည့်ရှုသူများကမူ ဖန်သားပြင်ကို ကော်နှင့် ကပ်ထားသကဲ့သို့ မခွာစတမ်း ကြည့်နေ ကြလေသည်။
…
အစီအစဉ် တင်ဆက်သူ လော့စီစီက ကဒ်တစ်ကဒ်နှင့်အတူ စင်ပေါ် ရောက်နေလေပြီ။ သူမက ဖြည်းဖြည်းချင်း ပြောလာသည်။
“အားလုံး စိုးရိမ်ပြီး စိတ်လှုပ်ရှားနေကြလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်၊ ကျွန်မ လိုရင်းကိုပဲ ပြောလိုက်ပါမယ်၊ အခု ကျွန်မ Masked Singer အစီအစဉ်ရဲ့ ဒုတိယပွဲစဉ်က မဲပေးခြင်း အစီအစဉ် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာ ချင်ပါတယ်၊ နောက်ဆုံး မဲအရေအတွက်ကို တွက်ပြီးသွားပါပြီ”
“အခု ကျွန်မက ဒီဒုတိယပွဲစဉ်ကနေ ထွက်ခွာသွားရမယ့် အဆိုတော်ကို ကြေညာပေးပါမယ်၊ စိတ်မကောင်းစွာနဲ့ပဲ သူက အဆိုတော်ဘုရင်ဖြစ်ဖို့ ယှဉ်ပြိုင်ဖို့ အရည်အချင်း မပြည့်မီတော့ပါဘူး”
တိတ်ဆိတ်သွားလေ၏။
လူတိုင်း အသက်မရှူနိုင်ဘဲ လော့စီစီကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။ သူတို့ထဲမှ အချို့ဆိုလျင် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။
ပရိသတ်များ၊ စင်နောက်မှ အဆိုတော်များ၊ တိုက်ရိုက် ထုတ်လွှင့်မှုမှ ကြည့်ရှုသူများနှင့် အခြားသော အနုပညာရှင်များနှင့် အနုပညာလောကရှိ မီဒီယာများအားလုံးက စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
လော့စီစီ ကြေညာလာသည်ကို သူတို့ ကြားလိုက်ရသည်။
“ဒုတိယပွဲစဉ်ကနေ ထွက်ခွာသွားရမယ့် အဆိုတော်ကတော့ …”
တစ်ခဏမျှ ရပ်လိုက်ပြီးမှ သူမက နာမည်ကို ဆက်ကြေညာသည်။
“ပင်းပင်း”
စင်အနောက်၌ …
ဆုမိုက ချက်ချင်း ထခုန်လေသည်။
“အား … ကျွန်မတို့ အောင်သွားပြီ၊ ကျွန်မတို့ နိုင်ပြီ”
ဆရာထန့်နှင့် အခြား အဆိုတော်များသည်လည်း စိတ်အေးသွားသည့် အပြုံးမျိုး ပြုံးလာကြသည်။
တိုက်ရိုက် ထုတ်လွှင့်မှု၌ …
[လခွမ်း စူပါမန်းက ထပ်ပြီး ကျန်ခဲ့ပြန်ပြီ]
[မြတ်စွာဘုရား၊ ဒါက ကောင်းကင်ဘုံကို ဆန့်ကျင်တော့မှာပဲ]
[ဒီအင်အားက တကယ် ကြောက်ဖို့ကောင်းတယ်၊ သူက ကံတရားကို ဆန့်ကျင်နိုင်တာပဲ]
[ဒီလူက နောက်ထပ် ငပျော့ကောင်ကို ထုတ်ပယ်နိုင်လိုက်တာလား၊ အနုပညာလောကထဲမှာ အဲ့လို အရည် အသွေးမျိုးနဲ့လူမျိုး များများစားစား မရှိဘူး]
[ငါ့နားတွေက ငါ့ကို လှည့်စားနေတာလား၊ စူပါမန်း ထပ်နိုင်သွားတာလား]
[ဒါ သန်မာလွန်းတယ်၊ ဒါက အင်အားအစစ်ပဲ၊ ငပျော့ကောင်တွေ ရိုက်ချခံရတာကို ငါ ပထမဆုံး မြင်ဖူးတာပဲ]
ပင်းပင်း၏ စတူဒီယိုသည်လည်း နားဝေတိမ်တောင် ဖြစ်နေ၏။
“ချီးပဲ၊ ဒ…ဒ…ဒါက …”
“ဒီလို မဖြစ်သင့်ဘူး၊ စူပါမန်းက ဒီရေပန်းစားမှုတွေအားလုံးကို ဘယ်ကနေ ရလာတာလဲ၊ ပင်းပင်းရဲ့ ပရိသတ်တွေ ဘယ်ရောက်သွားတာလဲ”
…
ပရိသတ်များ ဆူဆူညံညံ ဖြစ်နေသည်။ တော်တော်များများက အော်ဟစ်နေကြသည်။ ရလဒ်က သူတို့ ထင်ထားသည်နှင့် တခြားစီ ဖြစ်နေသော်လည်း နားလည်နိုင်ပါသည်။ စူပါမန်း၏ အနိုင်ရမှုက လူအများ၏ စိတ်ဆန္ဒဟု ဆိုနိုင်ပေသည်။
ထိုအခိုက်တွင် တုန်းချိုးနှင့် အခြားဒိုင်များတောင်မှ ဆက်လက်၍ လက်ခုပ်တီးနေကြသည်။
လော့စီစီက ခန်းမကြီး တိတ်သွားသည်ကို စောင့်ပြီးမှ ဆက်ပြောလေသည်။
“ဒီလိုဆိုတော့ ကျွန်မတို့ ဖိုင်နယ်အတွက် နာမည်တွေ ရလာပါပြီ၊ Masked Singer ရဲ့ အဆိုတော်ဘုရင် နေရာအတွက် ယှဉ်ပြိုင်သွားကြမယ့်သူတွေကတော့ … စူပါမန်း၊ လန်ထောင်”
“ဖိုင်နယ်အတွက် သူတို့ ဖျော်ဖြေမှုကို စောင့်လိုက်ရအောင်”
“ဒီည အဆိုတော်တွေရဲ့ဘုရင် မွေးဖွားလာတော့မှာပါ၊ ဘယ်သူက အဆိုတော်တွေရဲ့ဘုရင် နေရာကို ယူနိုင်မလဲ”
ဤသည်က သူတို့၏ နားချိန် ဖြစ်သည်။
ဖိုင်နယ်ပွဲစဉ်သည် အစီအစဉ်၏ အရေးပါဆုံး အပိုင်း ဖြစ်ပြီး သင့်တော်စွာ လုပ်ဆောင်သင့်သည်။ နောက်ဆုံး ပြိုင်ပွဲ ဖြစ်သဖြင့် တိုးတက်နိုင်ရန် လုံလောက်သည့်အချိန် ရှိဖို့ လိုအပ်ပေသည်။
ထိုည၌ သတင်းဌာနကြီးများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာ၏။
[Masked Singer ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု ကြည့်ရှုသူ အရေအတွက်က စံချိန်သစ် တင်နိုင်ခဲ့ပြီ]
[Masked Singerက တရုတ်နိုင်ငံရဲ့ Top Voice အစီအစဉ် ပြီးရင် အဆိုတော်ဘုရင် ရွေးချယ်တဲ့ အစီအစဉ်သစ် တစ်ခုပဲ]
[ငပျော့ကောင် နှစ်ယောက်ကို ဆက်တိုက် ဖယ်ထုတ်ခဲ့တယ်၊ မယုံနိုင်စရာပဲ၊ ဒီထူးဆန်းတဲ့ စူပါမန်းက ဘယ်သူ များပါလိမ့်]
[သီချင်းသစ်တွေ တစ်ပုဒ်ပြီး တစ်ပုဒ်ပဲ၊ စူပါမန်းက ဘယ်လောက်တောင် အရည်အချင်း ရှိနေတာလဲ]
[ဒီည စူပါမန်းက နောက်ထပ် သီချင်းသစ်တစ်ပုဒ် ပေးလာဦးမှာလား]
အင်တာနက်ပေါ်၌ စူပါမန်းက ဘယ်သူလဲဆိုသည်ကို ခန့်မှန်းချက် ပေးနေခြင်းက ရေပန်းစားနေသော ရှာဖွေမှု စာရင်းသို့ ရောက်သွားလေသည်။ နာမည်ကြီး အဆိုတော် တော်တော်များများကို ဖြစ်နိုင်ချေရှိသော လူများအဖြစ် နာမည်တပ်ကြသည်။ အချို့ဆိုလျင် နာမည်ပင် တပ်ပြောလာကြသော်လည်း ထိုအပြောခံရသည့်လူများ၏ ငြင်းပယ်ခြင်းကို ခံရလေသည်။
[သေရောကွာ … ဒီစူပါမန်းက ဘယ်သူများပါလိမ့်]
[ငါတို့ ဂီတလောကထဲက အဆိုတော် တစ်ဝက်လောက်ကို ပြောပြီးနေပြီ အခုထိ မမှန်သေးဘူး]
[ဟုတ်တယ်၊ ဒါ မတရားဘူး၊ Masked Singer ရဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေတောင်မှ စူပါမန်းက ဘယ်သူလဲဆိုတာ မသိကြဘူး]
[ဖိုင်နယ်မှာ နောက်ထပ် သီချင်းသစ် ရှိလာလိမ့်မယ်လို့ မင်းတို့ ထင်လား]
[တော်တော်လေး ဖြစ်နိုင်ချေ ရှိတယ်၊ ဒီညက ပွဲရဲ့ အရေးအကြီးဆုံး အပိုင်းပဲလေ]
[ဒီလို အရည်အချင်းရှိတဲ့ အဆိုတော်က တကယ် ရှားတယ်၊ ငါတို့ ဘာလို့ မခန့်မှန်းနိုင်ရတာလဲ]
[စူပါမန်းက တကယ်ကို ဖျက်မြင်းပဲ]
[သူ ကျန်းထောင်ထက် သာနိုင်မလားလို့ ငါ သိချင်မိသား]
[ငါတော့ စူပါမန်း နိုင်လိမ့်မယ်လို့ ထင်တယ်၊ နာမည်ကြီးတာက လွဲရင် ကျန်းထောင်ရဲ့ အရည်အချင်းတွေက နောက်ကောက်ကျနေပြီ]
[ထွက်သွားစမ်း၊ အနိုင်ရသူက ငါ့ထောင်ထောင်ပဲ ဖြစ်ရမယ်]
ထိုအခိုက်တွင် ရိုက်ကူးရေး၏ တံခါးဝများ၌ သတင်းထောက်များစွာက ရဲ့လင်းချန်နှင့် တွေ့လေမလားဟူသည့် မျှော်လင့်ချက်နှင့် စူဝေးနေကြသည်။ လက်ရှိတွင် စူပါမန်း၏ ပုံစံအစစ်အမှန်က အင်တာနက်ပေါ်၌ ရေပန်း အစားဆုံး ခေါင်းစဉ် ဖြစ်သည်။ သို့သော် ညအချိန် ရောက်သည်အထိ ဘယ်သူမှ စူပါမန်းကို မတွေ့လိုက်ရသဖြင့် သူတို့ စိတ်ပျက်သွားကြသည်။