လူချမ်းသာတို့၏လောက
Vol. 8 Ch. 132
ရှောင်လင်းယွီက သူမမိသားစုကို ရှင်းပြပေးလာခဲ့သည်။ “အိမ်တစ်လုံးဝယ်တော့မယ်ဆိုရင် အရစ်ကျပေးချေနိုင်သလိုပဲလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သမီး ကားသွားဝယ်တဲ့ ကားအရောင်းအဝယ်လုပ်ငန်းက သမီးသူငယ်ချင်းတစ်ယောက်ပိုင်တာလေ။ ဒါကြောင့် သမီးကို အများကြီးဈေးလျှော့ပေးလိုက်တာ။”
“အိုး.. အဲ့လိုလုပ်လို့ရမှန်း မသိခဲ့ဘူး။” ရှောင်လင်းယွီ၏ စတုတ္ထဦးလေးနှင့် ဒေါ်လေးက ခေါင်းတညိတ်ညိတ်ဖြင့် ပြောလာခဲ့သည်။
သို့သော်လည်း မေမေရှောင်ကတော့ စိုးရိမ်နေသေးလေသည်။ “ဒါပေမယ့် ယွီအာ၊ တစ်လကို ယွမ်၂ထောင်ပေးရဦးမှာပဲမလား။ အမေတို့မှာ ငွေလောက်ရဲ့လား။”
ကျေးလက်ဒေသဘက်တွင် သာမာန်မိသားစုတစ်စုသည် တစ်နှစ်လုံးနေရင်တောင်မှ ယွမ်၁ထောင်လောက် ဝင်ငွေရှိတာဖြစ်သည်။ တချို့ဆိုလျှင် ဆင်းရဲတွင်းနက်နေကြတုန်းပင်။ ကားတစ်စီးကို တစ်လယွမ်၂ထောင်ပေးသွင်းရမည်ဆိုလျှင်တောင် အတော်လေးဝန်ထုပ်ဝန်ပိုးဖြစ်နေရတုန်းပင်။
ရှောင်လင်းယွီက၊ “အမေ စိတ်မပူပါနဲ့။ သမီး ခရိုင်မြို့ပေါ်က ဟိုတယ်ကြီးတစ်ခုနဲ့ ညှိနှိုင်းပြီး လက်တွဲထားတာရှိတယ်။ သူတို့ကို နေ့စဉ် ဟင်းသီးဟင်းရွက် ကတ်တီ ၃၀၀ ပို့ပေးရမှာ။ ဒီလိုဆို သမီးတို့ဝင်ငွေက နေ့စဉ်မပြတ်ရှိနေတော့မှာလေ။”
မေမေရှောင်က သင်္ကာမကင်းမေးလာခဲ့ပြန်သည်။ “ဒါပေမယ့်ယွီအာ၊ သမီး ပြန်ပေးရမယ့် ကုန်ဖိုးတွေကရော။ သမီးသူငယ်ချင်းကို ပေးဖို့ မလိုတော့ဘူးလား။”
ဟင်းသီးဟင်းရွက်များကို ဈေးမြင့်မြင့်ဖြင့် ရောင်းနိုင်သော်လည်း အားလုံးက အမြတ်တွေချည်းပဲမဟုတ်ပေ။ ထို့အပြင် သယ်ယူပို့ဆောင်ခနှင့် အခြားအခြားသောအခကြေးငွေများကိုလည်း နှုတ်ဖို့လိုသေးသည်။
ရှောင်လင်းယွီ၊ “….” တကယ်ကိုပဲ တစ်ခါလိမ်လိုက်တာနဲ့ အဲ့ဒါကိုဖုံးဖို့ အလိမ်တွေ ထပ်ထပ်ဆင့်နေရတော့တာပဲ။
ရှောင်လင်းယွီသည် သူမအနာဂါတ်က အနည်းငယ်မှောင်မိုက်နေသည်ဟု ခံစားသွားရသည်။ သို့သော်လည်း အချိန်တစ်ခုအထိတော့ သူမ၏ စိုက်ပျိုးရေးနေရာလွတ်အကြောင်း ဖွင့်ပြောဖို့ စိတ်ကူးမရှိသေးပေ။
ရှောင်လင်းယွီက၊ “အမေ၊ လောလောဆယ် သူ့ငွေကို အကြွေးထားလို့ရတယ်လို့ သမီးသူငယ်ချင်းက ပြောထားတယ်။ နောက်မှ ပေးတာပေါ့။ ဘာပဲဖြစ်ဖြစ် ကားအရစ်ကျငွေပေးချေဖို့အတွက်ကိုတော့ အမေတို့ ဘာမှစိတ်ပူနေဖို့မလိုပါဘူး။”
“ကောင်းပြီလေ။” မေမေရှောင်က ခေါင်းညိတ်လိုက်သည်။ “ယွီအာ၊ တကယ်လို့ သမီးမှာ ငွေလိုလာပြီဆိုရင်တော့ အဖေနဲ့အမေကို ပြောရမယ်နော်၊ ဟုတ်ပြီလား။ အမေတို့က မိသားစုတွေပဲ၊ စည်းစည်းလုံးလုံးနဲ့ နည်းလမ်းကို အတူတူစဉ်းစားကြတာပေါ့။”
“ကျေးဇူးပါ၊ အမေ။” ရှောင်လင်းယွီရင်ထဲ နွေးထွေးသွားရသည်။ မိဘများသည် သူတို့သားသမီးတွေအတွက်တော့ လုံခြုံနွေးထွေးမှုပေးနိုင်သည့် ကောင်းကင်ကြီးတစ်ခုပင်။
လျိုချွမ်းဟွာကလည်း ထပ်ပြောလာလေသည်။ “ယွီအာ၊ စတုတ္ထဦးလေးနဲ့ဒေါ်လေးလည်း သမီးဘက်မှာ အမြဲရှိတယ်နော်။ တစ်ခုခုလိုအပ်တာရှိရင် ပြော၊ ကြားလား။”
“ကျေးဇူးပါ၊ စတုတ္ထဦးလေး၊ စတုတ္ထဒေါ်လေး” ရှောင်လင်းယွီသည် အားလုံးကို ကျေးဇူးတင်လိုက်ပြီးနောက် ဆက်ပြောလာခဲ့သည်။ “အမေ၊ အဖေ၊ သမီး မနက်ဖြန် ကားပြန်မောင်းလာဖို့ သွားရမယ်။ သမီးသူငယ်ချင်း ကားလုပ်ငန်းပိုင်ရှင်က စာရွက်စာတမ်းတွေအကုန် ပြင်ဆင်ပေးတယ်။ သမီး လိုင်စင်ယူပြီးတာနဲ့ ချက်ချင်း ကားကိုမောင်းလာရုံပဲ။”
မေမေရှောင်က စိုးရိမ်နေတုန်းပင်။ “ယွီအာ၊ တကယ်ပဲ ကားမောင်းတတ်တာ ဟုတ်ရဲ့လား။”
“အမေ၊ စိတ်မပူပါနဲ့။ သမီး အရင်ကလည်း မောင်းဖူးပါတယ်။ ဖြည်းဖြည်းမှန်မှန်မောင်းသ၍ အဆင်ပြေပါတယ်။”
“ဒါဆိုလည်း သေချာ ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ မောင်းရမယ်နာ်။ ထောင်ယွမ်ရွာရဲ့လမ်းတွေက တွင်းတွေ ချိုင့်တွေနဲ့ ပြည့်နေတာ။” မေမေရှောင်က သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ။” ရှောင်လင်းယွီ ခေါင်းညိတ်လိုကသ်ည်။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ မေးလိုက်ပြန်သည်။ “အမေ၊ လွန်ခဲ့တဲ့နှစ်ရက်တုန်းက သမီးတို့ဆီ ဧည့်သည်နှစ်ယောက်လာတယ်ဆို။ သူတို့ကိုယ်တိုင် သမီးသူငယ်ချင်းတွေလို့ ပြောတာလား။”
မေမေရှောင်က ပြုံးလိုက်မိသည်။ “အဲ့လိုတော့မဟုတ်ဘူး။ သူတို့က သူတို့အဘိုး ကျန်းမာရေးပြန်ကောင်းအောင် အနားယူဖို့အတွက် နေရာရှာဖို့ မြို့ကြီးပေါ်ကနေ လာကြတယ်။ သူတို့က ထောင်ယွမ်ရွာနဲ့ မရင်းနှီးဘူးလေ။ သူတို့ရောက်တော့ နေ့လည် ၂နာရီတောင်ကျော်ပြီ။ သူတို့ အရမ်းလည်းဗိုက်ဆာနေပြီး၊ သူစိမ်းတွေဆီက စားစရာတောင်းဖို့လည်း ရှက်နေကြတာနဲ့ သမီးသူငယ်ချင်းတွေလို့ ပြောလိုက်ကြတာ။”
“အာ?” ရှောင်လင်းယွီ အံ့ဩလွန်းလို့ မျက်လုံးပင်ပြူးသွားလေသည်။ “အဲ့လိုလုပ်ဖို့အထိ လိုလို့လား။”
‘ဒီလူတွေ သူတို့မျက်နှာပျက်မှာ တော်တော်ကြောက်ကြတာပဲ။ သူတို့ဗိုက်ဆာနေတာများ ဒီအတိုင်းဆာတယ်ပြောလိုက်ပေါ့၊ ဘာကိစ္စ ငါ့သူငယ်ချင်းဆိုပြီး ညာနေသေးတာလဲ။ နေပါဦး၊ တစ်ခုခုတော့ မှားနေသေးတယ်။’
“သူတို့က သမီးသူငယ်ချင်းတွေ မဟုတ်ဘူးဆိုမှတော့ ဘယ်လိုလုပ် သမီးနာမည်ကို သိကြတာလဲ။” ရှောင်လင်းယွီ မေးလိုက်သည်။
မေမေရှောင်က ရယ်မောလိုက်ပြန်သည်။ “အမေလည်း အဲ့လိုတစ်ပုံစံတည်း မေးလိုက်ပါ့။ ဒီလိုနဲ့ပဲ အဲ့ကောင်လေးတွေရဲ့ အလိမ်အညာကို မြန်မြန်ဖော်ထုတ်နိုင်သွားတာလေ။ ဒီတော့မှ နောက်ထပ်လူငယ်တစ်ယောက်က ကားပေါ်က ဆင်းလာပြီး အခြေအနေကို ရှင်းပြလာတာ။ သူတို့သူငယ်ချင်းဆီက သမီးနာမည်ကိုကြားထားတဲ့၊ တကယ်တော့ သူတို့ သမီးသူငယ်ချင်းရဲ့ သူငယ်ချင်းတွေဖြစ်နေတယ်လေ။ ပြီးတော့ သူဗိုက်ဆာနေတဲ့အကြောင်း ဝန်ခံခဲ့တယ်။ အဲ့ဒီမျက်နှာတည်တည်၊ အရပ်ရှည်ရှည်နဲ့ သူဘယ်လိုဗိုက်ဆာနေတဲ့အကြောင်း ဝန်ခံလာတဲ့ လူငယ်ကိုကြည့်ပြီး အမေတောင် ရယ်ချင်သွားတယ်။ ဒါကြောင့်ပဲ သူတို့ကို အိမ်ထဲဖိတ်လိုက်တာ။”
ရှောင်လင်းယွီလည်း အကျယ်ကြီးအော်ရယ်မိတော့သည်။ ထိုအခြေအနေက ဘယ်လိုဖြစ်မယ်မှန်း စိတ်ကူးရပင်ခက်လှသည်။ “အမေ၊ သူတို့ကို အိမ်ထဲဝင်ခွင့်ပေးပြီး နေ့လည်စာချက်ကျွေးလိုက်တယ်ပေါ့?” ရှောင်လင်းယွီ ထပ်ရယ်လိုက်ပြန်သည်။ “ဒါပေမယ့် ဘာလို့ သူတို့ ဒီလို ရွာတွေဘက်လာရမယ်ဆိုကတည်းက စားစရာသောက်စရာတွေ ဆောင်မလာကြတာလဲ။”
“သူတို့က တစ်မနက်တည်းနဲ့ ပြီးမယ်ထင်ပေမယ့် လမ်းတစ်ဝက်မှာ လမ်းကလည်းပျောက်၊ လမ်းကလည်း ဆိုးတာနဲ့ ကြုံသွားကြတယ်လေ။ သူတို့လည်း ဒီရောက်ရော၊ ဗိုက်ထဲက အသံပေါင်းစုံထွက်ကုန်ရော။ ပြောကာမှ၊ အဲ့ဒီလူငယ်နှစ်ယောက်က ကောင်းကောင်းမွန်မွန်ဝတ်စားထားပြီး အတော်လေးလည်း ချောကြတယ်။ သမီးအမေသာ အသက်၂၀လောက် ငယ်နေရင် သေချာပေါက် သူတို့ကို ဆွဲဆောင်ကြည့်ဦးမှာ။”
“ဟေ့..” ဖေဖေရှောင်က လှမ်းဟန့်လိုက်သည်။ “ငါကရော ငယ်တုန်းက မချောခဲ့လို့လား။” သူ့အသံက အတော်လေး သဝန်တိုနေပုံပင်။
“ချောတာပေါ့၊ အခုတော့မှ ချောမောတဲ့အဘိုးကြီးဖြစ်နေတုန်းလေ။”
ဖေဖေရှောင် ရှက်သွားတော့သည်။ “မင်းလည်း အရမ်းလှနေတုန်းပါပဲ။”
လျိုချွမ်းဟွာရော အားလုံးပါ ရယ်မိကြတော့သည်။ နောက်ဆုံး အူတက်မတတ်ရယ်နေသည်ကို ရပ်လိုက်ကြပြီးနောက် ရှောင်လင်းယွီက မေးလိုက်လေသည်။ “အမေ၊ သူတို့က သမီးသူငယ်ချင်းရဲ့ သူငယ်ချင်းတွေလို့ပြောတယ်ဆို။ ဘယ်သူငယ်ချင်းလဲဆိုတာ ပြောသွားသေးလား။”
မေမေရှောင်က ခေါင်းညိတ်လိုက်သည်။ “ကျန်းထောင်လို့ ခေါ်တယ်တဲ့။ သမီး သိလား။”
“သိတာပေါ့။” ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “သူက ရှင်းယင်ခရိုင်မြို့ပေါ်က သမီးသူငယ်ချင်းလေ။” ဒီတော့မှ ရှောင်လင်းယွီတစ်ယောက် အမှန်တကယ်စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။ ယန်စစ်မင်က ကျန်းထောင်ကိုမသိသလို၊ ယန်စစ်မင်သာ သူမကို လာရှာလျှင် ကျန်းထောင်က သူမကို အရင်သတင်းပေးပေလိမ့်မည်။ ဒါ့အပြင် ယန်စစ်မင်သည်လည်း ကျန်းထောင်က ရှောင်လင်းယွီ၏သူငယ်ချင်းဖြစ်နေမှန်းလည်း မသိပေ။
မေမေရှောင်က ထပ်ပြောလိုက်သည်။ “ပြောရရင်တော့ ဒီ လီယွမ်ဟန်နဲ့ ကုန်းထျန်းဟောက်ဆိုတဲ့ ကောင်လေးနှစ်ယောက်က တကယ်ကို ချောချောမောမောလေးတွေ၊ အထူးသဖြင့် ထျန်းဟောက်ပေါ့။ သူက ချောရုံတင်မကဘူး သူ့ရဲ့အငွေ့အသက်က တော်ဝင်ဆန်သေးတယ်။ တစ်ချက်ကြည့်ရုံနဲ့ အဲ့ကောင်လေးက ထူးခြားတဲ့နောက်ခံတစ်ခုခုကနေ လာတယ်ဆိုတာ သေချာတယ်။” ထို့နောက် သူမက အသံတိုးတိုးနှင့် ဆက်ပြောလိုက်သည်။ “တကယ်တော့ ကုန်းထျန်းဟောက်ကပြောသွားသေးတယ်။ သူပြန်သွားပြီးရင် မြို့နဲ့ ထောင်ယွမ်ရွာကြားက လမ်းမကို ပြင်ဖို့အတွက် လူလွှတ်လိုက်မယ်တဲ့။ လမ်းကို အင်္ဂတေကိုင်ပြီး ကြာရှင်ခံအောင် ခင်းမှာတဲ့။”
“မရီး သေချာရဲ့လား။” ရှောင်မင်ယန်း အံ့ဩထိတ်လန့်လို့သွားသည်။ “သူက လမ်းခင်းချင်တာလား။” အင်္ဂတေလမ်းသာ ခင်းလိုက်မည်ဆိုလျှင် သူတို့လည်း နောက်ဆို မြို့နှင့် သွားလာရေး ပိုလို့အဆင်ပြေသွားမည်ဖြစ်သည်။ ဆိုင်ကယ်ဖြင့်သွားပါက မိုးမရွာခဲ့လျှင်ပင် လမ်းပေါ်ရှိ ချိုင့်ခွက်များကို ရှောင်ရှားနေရသေးတာကြောင့် ရှင်းအန်းမြို့သို့ နာရီဝက်မောင်းနှင်ရသည်။ လမ်းကိုသာ ပြင်လိုက်လျှင်တော့ ဆယ်မိနစ်လောက် ပိုသက်သာသွားလိမ့်မည်။
မေမေရှောင်က ခေါင်းညိတ်လိုက်သည်။ “ကုန်းထျန်းဟောက်က အဲ့လိုပြောသွားတာပဲ။ ဒါပေမယ့် မကြာခင်သေချာသိရတော့မှာပါ။ သူက ရွာလူကြီးဆီကနေ အိမ်တစ်လုံးဆောက်ခွင့်တောင်းထားတယ်၊ လိုအပ်တဲ့ကုန်ကြမ်းတွေရောက်တာနဲ့ ဆောက်လုပ်ရေးကို စလုပ်ကြတော့မှာ။ တစ်ချိန်တည်း လမ်းကိုလည်း စခင်းသွားလိမ့်မယ်။”
“ဒါပေမယ့် လမ်းတစ်လမ်းခင်းတာ ဘယ်လောက်တောင် ကုန်မှာလဲ။ ဒီလမ်းက မိုင် ၄၀လောက်ရှိတာလေ။” လျိုချွမ်းဟွာက အံ့အားသင့်နေခဲ့သည်။
“အားလုံးတွက်ကြည့်လိုက်ရင်တော့ အနည်းဆုံး ယွမ်၄သိန်းလောက်တော့ ကျမယ်။” ရှောင်မင်ယန်းက စိတ်တွက်ဖြင့် အကြမ်းဖျင်းတွက်ကြည့်လိုက်သည်။
“သူတို့က ဒီလောက်အများကြီး အကုအကျခံဖို့ ဆန္ဒရှိတယ်လား။” လျိုချွမ်းဟွာ သံသယဝင်နေမိတုန်းပင်။
မေမေရှောင်လည်း သေချာတော့ မပြောနိုင်ပေ။ “သူကတော့ အဲ့လိုပြောတာပဲလေ။ ဒါပေမယ့် အမှန်ဖြစ်မယ်လို့တော့ထင်တယ်။ လူချမ်းသာတွေရဲ့လောကအကြောင်း ငါတို့နားလည်နိုင်တာမှမဟုတ်တာ။”
“ဟုတ်ပါတယ်လေ။” လျိုချွမ်းဟွာလည်း ထောက်ခံလိုက်သည်။
ရှောင်လင်းယွီက ပြုံးလိုက်ကာ၊ “စတုတ္ထဦးလေး၊ ယွမ် ၄သိန်းဆိုတာ ကျွန်မတို့အတွက် အရမ်းများတဲ့ပမာဏကြီးဆိုပေမယ့် တကယ်ချမ်းသာတဲ့လူတွေအတွက်တော့ ထမင်းတစ်နပ်နှစ်နပ်လောက် ဝယ်စားသလောက်ပဲရှိတာ။”
မြို့ကြီးပေါ်တွင် နေထိုင်ခဲ့ဖူးတာကြောင့် သူမသည် ချမ်းသာသည့်လူများအကြောင်း အနည်းအကျဉ်းသိပေသည်။
“နည်းနည်းလေးတဲ့လား။” လျိုချွမ်းဟွာနှင့် မေမေရှောင်တို့ ထိတ်လန့်သွားကြတော့သည်။ “ယွမ်၄သိန်းက ထမင်းတစ်နပ်နှစ်နပ်စာပဲရှိတယ်ပေါ့။ ဘယ်လိုအစားအသောက်မျိုးမလို့ ဒီလောက် ဈေးကြီးရတာလဲ။”
“ဒါကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးပါဝင်ပစ္စည်းတွေကို အများဆုံးသုံးထားလို့ပေါ့။ သူတို့က ပုံမှန်ဆို အရမ်းကိုဈေးကြီးကြတာလေ။ သမီးတို့လို သာမာန်လူတွေ ဘယ်တော့မှ မရနိုင်မယ့်အရာမျိုးပေါ့။ ဒါကြောင့် ယွမ်၄သိန်းဆိုတာ သူတို့အတွက်တော့ ဘာမှမဟုတ်ဘူး။ ပြီးတော့ သမီးအထင်၊ သူက သူအဆင်ပြေဖို့အတွက် လုပ်နေတာပါ။” လူကြီးတစ်ယောက်သာ တကယ်ပဲ ဒီနေရာကို ပြောင်းလာမည်ဆိုလျှင် ထိုလမ်းကို မကြာခဏအသုံးပြုကြရမည်ဖြစ်သည်။ လက်ရှိ လမ်းအခြေအနေက အလွန်ကိုမှဆိုးလှသည်။ ထိုသို့သော လူချမ်းသာများအတွက်တော့ အချိန်ဆိုတာ အလွန်တန်ဖိုးရှိတာကြောင့် လမ်းဆိုးဆိုးပေါ်တွင်ပဲ သူတို့အချိန်ကို မဖြုန်းပစ်ချင်ကြသည်မှာ ပုံမှန်သာဖြစ်လေသည်။
မေမေရှောင် တကယ်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။ သူမက တွေးတွေးဆဆနှင့် ပြောလာခဲ့လေသည်။ “ဟုတ်တယ်၊ ကုန်းထျန်းဟောက်က သူ့အိမ်ဆောက်ဖို့အတွက် မင်ယန်းတို့အိမ်ရှေ့က မြေကိုရွေးသွားတယ်။ အဲ့ဒီနေရာက တိတ်ဆိတ်ပြီး လူတွေလည်း အဲ့ဘက်က သိပ်မဖြတ်ကြဘူးလေ။”
လျိုချွမ်းဟွာက ခေါင်းညိတ်လိုက်သည်။ “အဲ့ဒီမြေက ရှောင်ချန်ချင်း ပိုင်တာမဟုတ်လား။”
“ကုန်တယ်၊ ကုန်းထျန်းဟောက်က အဲ့မြေကို ယွမ်၃သိန်းပေးပြီး ဝယ်လိုက်တယ်။” မေမေရှောင်က အချက်အလက်များကို ဆက်လက်ဖော်ထုတ်နေလေသည်။
“ဘာ?” လျိုချွမ်းဟွာ ထပ်ပြီးထိတ်လန့်သွားရပြန်သည်။ “ဘာလို့ အဲ့လောက်တောင် ဈေးကြီးရတာလဲ။ အဲ့မြေက ယွမ် ၅ထောင်လောက်ပဲ တန်တာလေ။ ရှောင်ချန်ချင်း သူ့ကို တစ်ပတ်ရိုက်သွားတာလား။”
မေမေရှောင်က ပြန်ဖြေလိုက်သည်။ “ကုန်းထျန်းဟောက်က စိတ်ထဲမထားဘူးလေ။ သူက ဈေးတောင်မဆစ်ဘူး။ ချန်ချင်းက သူ နောက်တာပါလို့ပြောတာတောင် ကုန်းထျန်းဟောက်က နေရာမှာပဲ ချက်ချင်းငွေချေသွားတာ။ တချို့လူတွေကိုဆို မနာလိုလွန်းလို့ သေတောင် သေစေနိုင်တယ်။”
လျိုချွမ်းဟွာ သက်ပြင်းချလိုက်မိသည်။ “ကျွန်မလည်း မနာလိုဖြစ်တာပဲ။ ယွမ်၅ထောင်လောက်ပဲ တန်တဲ့မြေကို ယွမ်၃သိန်းနဲ့တောင် ရောင်းထွက်သွားတာလေ။”
ဒါပေါ့၊ ဈေးက အလွန်မြင့်နေတယ်။ ဒါပေမယ့် ဝယ်တဲ့လူက လိုလိုလားလားပေးကာ ယူတဲ့လူကလည်း ဆန္ဒရှိနေမှတော့ အပြင်လူတွေအနေနဲ့ ဘာများပြောနိုင်တော့မှာလဲ။
ရှောင်လင်းယွီလည်း ထိုလူတွေက တကယ်ကိုချမ်းသာကြတာပဲဟု တွေးလိုက်မိလေသည်။ ရှောင်လင်းယွီသည် နေ့လည်စာစားပြီးနောက် ခဏနားနေတုန်းမှာပဲ မေမေရှောင်၏ မောင်းထုတ်ခြင်းကို ခံလိုက်ရလေသည်။ သူမသမီးကို မမှောင်ခင် ထွက်ခွာစေလိုနေခြင်းဖြစ်သည်။
ယနေ့သည် သောကြာနေ့ဖြစ်တာကြောင့် ရှောင်လင်းယွီသည် ရှောင်လင်းယဲ့ကို ဆက်သွယ်ကာ အိမ်ပြန်လာမှာလား မေးလိုက်သည်။ သူသာ ပြန်လာမည်ဆိုလျှင် သူမသူ့ကို ကားနှင့်လာကြိုမည်ဟု ပြောလိုက်လေသည်။
ရှောင်လင်းယဲ့သည်လည်း ရှောင်လင်းယွီက ကားအသစ်တစ်စီးဝယ်ထားကြောင်း သိလိုက်သည်နှင့် ချက်ချင်းပင် သဘောတူလိုက်တော့သည်။ သူ့အစ်မ၏ကားသစ်လေးနှင့် အိမ်ပြန်နိုင်မည့် အခွင့်အရေး မဟုတ်လား။
***