ဘာဘီကျူးပါတီ (၁)
Vol. 8 Ch. 133
ရှောင်လင်းယွီသည် အတော်လေးချောင်ကျသည့်နေရာတွင် နေထိုင်တာကြောင့် ဝမ်ကျီမင်သည် နေ့တိုင်း သုံးဘီးတစ်စီးမောင်းကာ သွားလာနေရသည်။ သူ့အတွက်ခွဲတမ်းဟင်းသီးဟင်းရွက်များကို ယူပြီးနောက်တွင် အနည်းငယ်ကျန်နေသေးလေသည်။ ထိုကျန်သည့်ဟင်းသီးဟင်းရွက်များကိုတော့ ကျန်းဟိုင်ယန်နှင့် သူ့သူငယ်ချင်းနှစ်ယောက်၊ ဦးလေးချန်း၊ အဘွားစုန့်နှင့် ကျန်လူအနည်းငယ်အတွက် သီးသန့်ဖယ်ပေးထားခြင်းပင်။
ကျန်းဟိုင်ယန်ရော ယွမ်ရွှမ်ဟောက်ပါ သူမကို ကူညီကြသည်၊ သူတို့နှစ်ယောက်လုံး အပြန်တွင် ဟင်းသီးဟင်းရွက်အနည်းငယ် အပါယူချင်သွားကြတာကြောင့် ဘာလို့ သူမကို မနာခံဘဲနေမှာတဲ့လဲ။ ဒါပေါ့ ချန်ယီဖန်းကိုလည်း သူမချန်မထားသင့်ပါဘူး၊ မဟုတ်ရင် ခွဲခြားတာဖြစ်သွားမှာပေါ့။ သူမကို ကောင်းကောင်းဆက်ဆံသူမှန်သမျှကို သူမက ပြန်ဆပ်မည်ဖြစ်သလို သူမကို ဒုက္ခပေးချင်သူများကိုလည်း လက်စားချေဖို့ ဝန်လေးမည်မဟုတ်ပေ။
….
ရှောင်လင်းယွီ မနက်စာစားပြီးနောက် ရှောင်လင်းယဲ့နှင့် သူ့သူငယ်ချင်းကောင်း သုံးယောက်တို့ ရောက်ရှိလာကြသည်။
“အစ်မ။” လေးယောက်လုံး ပြိုင်တူ နှုတ်ဆက်လာကြလေသည်။
ရှောင်လင်းယွီ ရယ်လိုက်မိသည်။ “ဘယ်လိုလုပ် လေးယောက်လုံးရောက်လာကြတာလဲ။”
ခမ်းလဲ့က၊ “ယဲ့ဆီကနေ အစ်မ ကားအသစ်ဝယ်လိုက်တယ်ကြားလို့ ကျွန်တော်တို့ လာကြည့်ကြတာ။”
“ဟုတ်ပါပြီ။ မနက်စာရောစားပြီးကြပြီလား။ မစားရသေးရင် အစ်မလိုက်ကြွေးမယ်လေ။” ရှောင်လင်းယွီက ကမ်းလှမ်းလိုက်သည်။
“ကျေးဇူးပါ၊ ဒါပေယ့် ကျွန်တော်တို့ စားလာကြပါပြီ။”
“ကောင်းပြီလေ၊ ဒါဆိုလည်း ကားသွားယူကြတာပေါ့” ရှောင်လင်းယွီက ရှေ့ကနေ ဦးဆောင်ခေါ်သွားလိုက်သည်။
ရှောင်လင်းယဲ့တို့အဖွဲ့ ရှောင်လင်းယွီနောက်ကလိုက်ကာ ထန်းဖေးသို့ ချီတက်လာကြလေသည်။ နဉ်ဝေ့ယီက အံ့ဩတကြီး မေးလာခဲ့သည်။ “အစ်မကား ဒီကဝယ်တာလား။”
“ဟုတ်တယ်လေ။”
“ဒါ ကျွန်တော့်ဝမ်းကွဲရဲ့လုပ်ငန်းလေ။”
“မင်းဝမ်းကွဲက ဥက္ကဌယွမ်ရွှမ်ဟောက်လား။”
“အစ်မ၊ ကျွန်တော့်ဝမ်းကွဲကိုသိတာလား။” နဉ်ဝေ့ယီ အံ့အားသင့်သွားခဲ့သည်။
“သိတယ်လေ။” ကမ္ဘာကြီးက တကယ်ကို ကျဉ်းကျဉ်းလေးပဲ။ “ဥက္ကဌယွမ်က အစ်မကို အများကြီးဈေးလျှော့ပေးလိုက်တာ။ အစ်မ သူ့အပေါ် အကြွေးတင်နေတယ်။”
“လင်းယွီ၊ ရောက်ပြီလား။” ကျန်းဟိုင်ယန်တို့အဖွဲ့ကလည်း ထွက်လာကာ နှုတ်ဆက်ကြလေသည်။ နဉ်ဝေ့ယီနှင့် ယန်ပေါင်လင်းကိုတွေ့သည်နှင့် သူတို့ စိတ်ရှုပ်ထွေးသွားကြသည်။
“ဝေ့ယီ၊ ပေါင်လင်း၊ မင်းတို့ ဘယ်လိုလုပ် ဒီရောက်နေကြတာလဲ။”
ငါးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြကာ သူတို့အချင်းချင်းသိနေကြသည့်ပုံပင်။
“ကျန်းကော၊ ရွှမ်ဟောက်ကော၊ ကျွန်တော်တို့ အစ်မလင်းယွီနဲ့ လိုက်လာကြတာ။” နဉ်ဝေ့ယီက ရှင်းပြလာခဲ့သည်။
ကျန်းဟိုင်ယန်က သိချင်သွားကာ၊ “လင်းယွီ၊ မင်း ဒီကလေးတွေနဲ့ သိတာလား။”
ရှောင်လင်းယွီက ပြုံး၍ပြောလိုက်လေသည်။ “သူတို့တွေက ကျွန်မမောင်လေးရဲ့အခန်းဖော်တွေလေ။ ဟုတ်သား၊ ဒါ ကျွန်မမောင် ရှောင်လင်းယဲ့ပါ။ လင်းယွီ၊ ဒါက ကျန်းကော၊ ယွမ်ကောနဲ့ ချန်ကောတဲ့။”
ရှောင်လင်းယဲ့က ချက်ချင်းပင် သူ့အစ်မကို သူ့နောက်တွင် ကာကွယ်ထားလိုက်သည်။ ပြီးနောက်ကာမှ သူက ပြန်နှုတ်ဆက်လေသည်။ “ကျန်းကော၊ ယွမ်ကော၊ ချန်ကော၊ ကျွန်တော်က ရှောင်လင်းယဲ့၊ ဝေ့ယီနဲ့ ပေါင်လင်းတို့ရဲ့ အခန်းဖော်ပါ။”
ရှောင်လင်းယဲ့က ရှောင်လင်းယွီကို သူတို့ဆီကနေ ကာကွယ်လိုဟန် အနေအထားရွှေ့သွားတာကြောင့် ကျန်းဟိုင်ယန်၏နှုတ်ခမ်းများ ရွဲ့သွားရသည်။ ‘ငါတို့က သူ့အစ်မကို ခိုးယူသွားမယ့် လူတွေလို့များ ထင်နေတာလား။’
ကျန်းဟိုင်ယန်က ရှောင်လင်းယွီကိုပြုံး၍ ကြည့်လိုက်ကာ၊ “လင်းယွီ၊ တကယ်ကို တိုက်ဆိုင်မှုတွေများတာပဲ။ မင်းရဲ့အိမ်ရှင်က ငါ့အဖွား၊ မင်းရဲ့မောင်လေးကကျတော့ ရွှမ်ဟောက်ဝမ်းကွဲရဲ့ အခန်းဖော်။ မင်းနားမှာ သူငယ်ချင်း၊ မိတ်ဆွေကောင်းတွေ ဝန်းရံနေတာပဲ။”
ရှောင်လင်းယွီလည်း ရယ်လိုက်မိသည်။ “ဟဟ၊ ကျွန်မလည်း မထင်ထားမိဘူး။”
နဉ်ဝေ့ယီက စိတ်လှုပ်ရှားစွာဖြင့် ဝင်မေးလာခဲ့လေသည်။ “ရွှမ်ဟောက်ကော၊ အစ်မက အစ်ကို့ဆီကနေ ကားအသစ်တစ်စီးဝယ်ထားတယ်ဆို။ အဲ့ဒါ ဘယ်မှာလဲ။”
‘အစ်မ?’ နာမည်တောင်မတပ်ဘဲ ရင်းနှီးလှသည့်အခေါ်အဝေါ်ကြောင့် ကျန်းဟိုင်ယန်တို့အဖွဲ့၏ ပါးစပ်များမဲ့ရွဲ့သွားကြပြန်လေသည်။ ‘ရှောင်လင်းယွီက ဘယ်တုန်းက သူတို့အစ်မဖြစ်သွားတာလဲ။ အမေနဲ့အဘွားကလွဲပြီး ဒီနဉ်ဝေ့ယီက ဘယ်တုန်းက တခြားအမျိုးသမီးတစ်ယောက်နဲ့ ဒီလောက်ရင်းနှီးဖူးလို့လဲ။’
ယွမ်ရွှမ်ဟောက်က ငွေဖြူရောင်SUVတစ်စီးကို ညွှန်ပြကာ ပြောလိုက်သည်။ “အဲ့တစ်စီးပဲ။”
ကောင်လေး၄ယောက်သည် ချက်ချင်းပင် ကားကို စူးစမ်းလေ့လာဖို့ ထွက်သွားတော့သည်။ “အစ်မ၊ ဘာလို့ SUVဝယ်တာလဲ၊ ပိုသေးတာမဝယ်ဘူးလား။”
ခမ်းလဲ့ကလည်း၊ “ဟုတ်သားပဲ၊ ပိုသေးတဲ့ကားကမှ ပိုပြီးသွားလာလို့ အဆင်ပြေတာမဟုတ်ဘူးလား။”
ရှောင်လင်းယဲ့ကတော့ သူ့အစ်မကို သံသယမျက်ဝန်းများဖြင့် ကြည့်ကာ မေးလာသည့်စကားကတော့၊ “အစ်မ၊ နင် ကားဘယ်လိုမောင်းရမလဲရော သိရဲ့လား။”
“….”
“သိတာပေါ့၊ မဟုတ်ရင် ငါဘာလို့ ကားဝယ်နေမှာလဲ။ အလှထိုင်ကြည့်ဖို့လား။”
နဉ်ဝေ့ယီက၊ “အစ်မ၊ ဒီကားဘယ်လောက်ပေးရလဲ။ ကျွန်တော့်အစ်ကို ယွမ်ဟောက်က အစ်မကို ဘယ်လောက်လျှော့ပေးလဲ။”
ထိုအခါ ယွမ်ရွှမ်ဟောက်က အနားသို့လျှောက်လာကာ သူ့နဖူးကို ပိတ်ရိုက်လိုက်ပြီး မပျော်မရွှင်ပြောလိုက်လေသည်။ “ဘာလို့လဲ။ မင်းအစ်ကိုက မင်းအစ်မကို လှည့်စားမှာစိုးလို့လား။”
နဉ်ဝေ့ယီက သူ့နဖူးကို ပွတ်လိုက်ပြီး၊ “ဟုတ်တယ်လေ။”
“ဒီကောင်စုတ်လေးကတော့။” ယွမ်ရွှမ်ဟောက် သူ့ကို ဆူလိုက်လေသည်။ “မင်း နာချင်နေတာပဲ။” ယွမ်ရွှမ်ဟောက်က ကောင်လေး၏နားရွက်ကို လှမ်းဆွဲဖို့ကြိုးစားနေကာ နဉ်ဝေ့ယီကလည်း ယိမ်းယိုင်ကာ ရှောင်တိမ်းနေလေသည်။
“အစ်ကိုက အမြတ်ကြီးစားတဲ့ကုန်သည်လေ။ သေချာပေါက် ကျွန်တော့်အစ်မဘက်က ရပ်တည်ပေးရမှာပေါ့။”
“အဓိပ္ပါယ်မရှိလိုက်တာ။”
ရှောင်လင်းယွီက ကြားဝင်ဖျန်ဖြေလာခဲ့သည်။ “ဝေ့ယီ၊ အစောကတင် ဥက္ကဌယွမ်က အစ်မကို ဈေးအများကြီးလျှော့ပေးတယ်လို့ မပြောခဲ့ဘူးလား။ အစ်မကတောင် သူ့ကို ကျေးဇူးတင်ရမှာ။”
ယွမ်ရွှမ်ဟောက်က၊ “ငါတို့က သူငယ်ချင်းတွေပဲလေ။” ထို့နောက် သူက စာရွက်စာတမ်းတချို့ကို ရှောင်လင်းယွီကို ကမ်းပေးလိုက်ပြီး၊ “ငါ မင်းအတွက် အားလုံးပြင်ဆင်ပေးထားပြီးပြီ။ အချိန်တန်ရင် ငွေကို ဒီအကောင့်ထဲ ထည့်သွားပေးရုံပဲ။ အခု ၊ ဒီကားက မင်းအပိုင်ဖြစ်သွားပြီ။”
နဉ်ဝေ့ယီက အတင်းတိုးကြည့်ကာ မျက်နှာချိုသွေးသည့်အပြုံးဖြင့် မေးလာခဲ့သည်။ “အစ်မ၊ ဒီကားကို အစ်မအတွက် ကျွန်တော်အရင်စမ်းမောင်းပေးရင်ရော။”
ယွမ်ရွှမ်ဟောက်၏မျက်နှာက မည်းမှောင်သွားကာ၊ “နဉ်ဝေ့ယီ၊ မင်းမှာ လိုင်စင်ရှိလို့လား။ မင်းအဖမ်းခံချင်နေတာလား။”
နဉ်ဝေ့ယီတစ်ယောက် ငုံးတစ်ကောင်လို ဇက်ကိုပုလိုက်ကာ၊ “ဟုတ်ပါပြီ၊ အဲ့လောက်အတည်ကြီးဖြစ်မနေပါနဲ့။”
ရှောင်လင်းယွီသည် ထိုဝမ်းကွဲနှစ်ယောက်မှာ အတော်လေးချစ်ဖို့ကောင်းသည်ဟု တွေးမိလေသည်။ ရှောင်လင်းယွီလည်း ကားထဲသို့ဝင်ကာ ကားဂိုဒေါင်ထဲမှ မောင်းထုတ်လိုက်ပြီး ရှောင်လင်းယဲ့ကို ပြောလိုက်လေသည်။ “တက်လေ။ ကားတစ်ပတ်လျှောက်စီးရအောင်။”
“အစ်မ ကျွန်တော်လည်း လိုက်ချင်တယ်။”
“ကျွန်တော်ရောပဲ။”
ရှောင်လင်းယဲ့တောင် မဝင်ရသေးခင်မှာပဲ ကျန်သုံးယောက်က နေရာယူပြီးနေကြလေပြီ။
ကျန်းဟိုင်ယန်တို့ သူငယ်ချင်းတစ်ဖွဲ့၏နှုတ်ခမ်းများ ထပ်ပြီး ရွဲ့သွားရပြန်သည်။
ရှောင်လင်းယဲ့ကတော့ သူ့အစ်မကားထုတ်လိုက်ပုံကိုကြည့်ပြီး အံ့ဩနေတုန်းပင်။ “အစ်မ၊ နင်တကယ် ကားဘယ်လိုမောင်းရမလဲသိတယ်ပေါ့။”
ရှောင်လင်းယွီ ပြုံးလိုက်မိသည်။ “သိတာပေါ့၊ ဒီမှာ ငါ့အမောင်းလိုင်စင်။” ရှောင်လင်းယွီက သူမကားမောင်းလိုင်စင်ကိုထုတ်ကာ ရှောင်လင်းယဲ့ကို ပြလိုက်လေသည်။
“တကယ်အစစ်ပဲ။” နဉ်ဝေ့ယီနှင့်သူငယ်ချင်းများက ရှေ့ကို မှီချကာ အတင်းဝိုင်းကြည့်ကြသည်။ “အစ်မ၊ မနှစ်က လိုင်စင်ရထားတာပဲ။ အရင်ကရော ကားမောင်းဖူးလား။”
ရှောင်လင်းယွီက ပြန်ဖြေလေသည်။ “ဒါပေါ့၊ ကားမမောင်းဖူးဘဲနဲ့ ဘယ်ကနေ လိုင်စင်ကရလာပါ့မလဲ။ လာစမ်းပါ။ ငါက တကယ်စိတ်ချရတဲ့ယာဉ်မောင်းပါ။”
“လင်းယွီ၊ ငါတို့ မြို့စွန်သွားပြီး ဘာဘီကျူးပါတီလုပ်ကြရင်မကောင်းဘူးလား။” ကျန်းဟိုင်ယန်က အကြံပေးလာခဲ့သည်။
“ကောင်းတယ်၊ ကောင်းတယ်၊ သွားကြရအောင်။” နဉ်ဝေ့ယီက ပျော်ရွှင်သွားလေသည်။ “အစ်မ၊ ကျွန်တော်တို့ သွားလို့ရလား။”
ရှောင်လင်းယွီက ပြုံးလိုက်ကာ၊ “ဒါပေမယ့် အန္တရာယ်မများဘူးလား။ မီးတွေပါတွေလောင်ကုန်ရင်ရော။”
နဉ်ဝေ့ယီက ရယ်လိုက်လေသည်။ “ဘာဘီကျူးလုပ်ဖို့ စခန်းချနေရာတစ်ခု ကျွန်တော်တို့သိထားတယ်။ အဲ့ဒီမှာဆို စွန့်လွှတ်တာတွေရော တခြားဟာတွေပါ ကစားလို့ရတယ်။”
ရှောင်လင်းယဲ့လည်း စိတ်ဝင်စားသွားလေသည်။ “အစ်မ၊ သွားကြရအောင်။”
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီလေ။”
ထိုအခါ ကျန်းဟိုင်ယန်က ချက်ချင်းပြောလာခဲ့သည်။ “ငါ ကျီယဲ့ကို အကင်စက်ယူလာခိုင်းလိုက်ရမလား၊ ဒါမှမဟုတ် ဟိုရောက်မှ တစ်ခုလောက်ငှားလိုက်မလား။ ဒါပေမယ့် ပါဝင်ပစ္စည်းတွေကတော့ ကိုယ့်ဘာသာပဲပြင်ဆင်သင့်တယ်။ အဲ့ဒီမှာလည်း အစားအသောက်တွေရပေမယ့် မလတ်ဆတ်ကြဘူး၊ အထူးသဖြင့် အသားတွေပေါ့။” ထိုအချက်အရောက် ကျန်းဟိုင်ယန်၏မျက်လုံးများက တလက်လက်တောက်လာကာ၊ “လင်းယွီ၊ ငါကျီယဲ့ကို အသားနဲ့ပင်လယ်စာတွေ ယူခဲ့ခိုင်းလိုက်မယ်။ မင်း အသီးအရွက်တွေ ယူလာလို့ရလား။”
ရှောင်လင်းယွီ ဆွံ့အသွားရသည်။ ဒီလူက သူမရဲ့အသီးအရွက်တေရဖို့ အကြောင်းအမျိုးမျိုးရှာနေတာပဲ။
“ကောင်းပြီလေ။” ရှောင်လင်းယွီ ပြန်ဖြေလိုက်သည်။ “ကျွန်မငှားထားတဲ့အိမ်ကို ခဏဝင်ပြီး အသီးအရွက်တွေယူလိုက်မယ်။ ပြီးမှ စခန်းချနေရာမှာ ဆုံကြတာပေါ့။”
“ကောင်းတယ်၊ ကောင်းတယ်။” ကျန်းဟိုင်ယန်က ခေါင်းညိတ်လိုက်သည်။ “ဒါနဲ့ များများလေးယူလာဖို့ မမေ့နဲ့နော်။”
ရှောင်လင်းယွီ၊ “…” ယောက်ျားတွေဆိုတာ အသားပိုကြိုက်သင့်တာမဟုတ်ဘူးလား။
ရှောင်လင်းယွီသည် ရှောင်လင်းယဲ့နှင့် သူ့သူငယ်ချင်းသုံးယောက်ကိုခေါ်ကာ အငှားအိမ်သို့ မောင်းလာခဲ့လေသည်။ လမ်းကြားထဲဝင်ဖို့ရာ ကားက ကြီးနေတာကြောင့် ရှောင်လင်းယွီသည် ကားကို လမ်းဘေးတွင်သာ ရပ်ခဲ့လိုက်သည်။
ကောင်လေးသုံးယောက်သည်လည်း ရှောင်လင်းယွီ၏အိမ်သို့ လိုက်လာလေသည်။ ရှောင်လင်းယွီက သူတို့ကို အထဲဝင်ဖို့ ဖိတ်လိုက်ချိန်တွင်တော့ နဉ်ဝေ့ယီတစ်ယောက် စိတ်ရှုပ်ထွေးစွာမေးလိုက်လေသည်။ “ဒါ အဘိုးစုန့်ရဲ့အိမ်မဟုတ်ဘူးလား။ အစ်မ အဘိုးစုန့်ရဲ့အိမ်ကို ငှားထားတာလား။”
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်လေ။”
“ဝိုး..” နဉ်ဝေ့ယီ အတိတ်ကို ပြန်သတိရသွားကာ ပြောလာခဲ့သည်။ “ကျွန်တော် ငယ်ငယ်တုန်းက ဒီကိုအမြဲလာနေကျ။ အဘိုးစုန့်နဲ့ အဘွားစုန့်တို့ပြောင်းသွားတဲ့နောက်ပိုင်း ကျွန်တော်လည်း မလာဖြစ်တော့တာ။ အခုတော့ အစ်မနဲ့အတူပြန်လာဖြစ်ပြီ။ တကယ်ကို အချိန်ကုန်မြန်တာပဲ။”
“ငါတို့မှာ မင်းရဲ့အတိတ်ကိုလွမ်းဆွတ်တဲ့ခံစားချက်တွေကို နားထောင်ဖို့ အချိန်မရှိဘူး။” ယန်ပေါင်လင်းက အော်လိုက်လေသည်။ “ဒီကိုလာပြီး ပစ္စည်းတွေရွှေ့ကူဦး။ အသီးအရွက်တွေလည်း ရေဆေးဦး။” သူက အသီးအရွက်များပါသည့် ပုံးတစ်ပုံးကို ယူလာရင်းပြောလိုက်သည်။
နဉ်ဝေ့ယီသည် အသီးအရွက်များကိုကြည့်လိုက်ကာ တံတွေးမြိုချလိုက်လေသည်။ “ဒီလောက် သန့်ရှင်းလတ်ဆတ်နေတာကို၊ မင်းတို့ ရေမဆေးဘဲနဲ့တောင် စားနိုင်မယ်ထင်တယ်။”
ခမ်းလဲ့က မျက်လုံးသာလှန်လိုက်လေသည်။ “ဒါဆိုလည်း မင်းက ရေမဆေးထားတာစား။ ငါတို့ကတော့ ငါတို့စားဖို့အတွက်သီးသန့်ရေဆေးသွားမယ်။”
“….” နဉ်ဝေ့ယီ သက်ပြင်းချလိုက်သည်။ “ဟုတ်ပါပြီ၊ ငါသွားဆေးလိုက်ပါ့မယ်။”
ရှောင်လင်းယဲ့သည် သူ့အစ်မနှင့်အတူ ဂိုဒေါင်ထဲမှာ အသီးအရွက်များ ရွေးနေလေသည်။ “အစ်မ၊ ငါတို့ ဒီလောက်အများကြီးလိုလို့လား။” သူတို့ ပုံးသုံးပုံးအပြည့်ယူထားပြီးပြီလေ။
ရှောင်လင်းယွီ တုံ့ဆိုင်းနေလေသည်။ “ငါတို့က ကိုးယောက်ရှိတာလေ။ သုံးပုံးက မလောက်သေးဘူးလို့ထင်တာပဲ။” သူမက ကျန်းဟိုင်ယန်တို့ ကောင်လေးတွေ ဘယ်လောက်အစားကြီးမယ်မှန်း မပြောနိုင်ပေ။ “ပိုယူသွားလိုက်တာ ကောင်းပါတယ်။ ကျန်နေရင်လည်း ငါတို့ ပြန်ယူလာရင်ယူလာ မဟုတ်ရင်လည်း သူတို့ကို လက်ဆောင်ပေးလိုက်လို့ရတာပဲ။”
“ဟုတ်ပြီလေ။” ရှောင်လင်းယဲ့ ခေါင်းညိတ်လိုက်သည်။
အသီးအရွက်များကိုဆေးကြောပြီးနောက် ရှောင်လင်းယွီက အားလုံးကိုတင်ခေါ်ကာ မြို့စွန်သို့ မောင်းလာခဲ့လေသည်။
ကုကျီယဲ့နှင့် ကျန်းဟိုင်ယန်တို့က ရောက်တောင်နေပြီဖြစ်ကာ အသားများကို မီးသွေးမီးနှင့် ကင်နေကြလေသည်။
ရှောင်လင်းယွီတို့အဖွဲ့ရောက်လာသည်ကို မြင်သည်နှင့် သူတို့က ပြုံးလိုက်ကြကာ၊ “လင်းယွီ၊ မင်းတို့နှေးနေတာနဲ့ ငါတို့လည်း အသားပဲ အရင်စကင်လိုက်တော့တယ်။”
နဉ်ဝေ့ယီက အသီးအရွက်တစ်ပုံးသယ်ကာ ရောက်လာလေသည်။ “ကျွန်တော်တို့က အသီးအရွက်တွေ ဆေးနေရသေးလို့လေ။” ထို့နောက် သူက အကင်မီးဖိုပေါ်က ဝက်သားကိုကြည့်ကာ မေးလိုက်လေသည်။ “ခင်ဗျားတို့ အသားတွေကို ရေရောဆေးကြရဲ့လား။”
“မဆေးဘူးလေ။” ယွမ်ရွှမ်ဟောက် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလေသည်။ “မင်းကြောက်ရင်လည်း မစားဘဲနေလို့ရတယ်။”
ရှောင်လင်းယွီနှင့်ကျန်လူများ၊ “….”
***