← Chapters

ဘာဘီကျူးပါတီ (၂)

Vol. 8 Ch. 134

ဘာဘီကျူးပါတီ (၂)

Vol. 8 Ch. 134

ရှောင်လင်းယွီတို့အဖွဲ့သည် မိန်းမလှလေးတစ်ယောက်နှင့် ချောမောသော ကောင်လေးများပါသည့် အဖွဲ့ဖြစ်တာကြောင့် သဘောကျကျပင် တခြားလူများ၏အာရုံစိုက်မှုကို ခံရလေသည်။ အားလုံးကတော့ အကောင်းမြင်သည့်စိတ်ဖြင့် ကြည့်ကြခြင်းမဟုတ်ပေ။

“ယောက်ျားလေး ၈ယောက်နဲ့ မိန်းကလေး ၁ယောက်၊ ဒီမှာ ညှီနံ့တွေရတယ်ဟေ့။” ဖက်ရှင်ကျကျဝတ်ဆင်ထားသည့် မိတ်ကပ်ထူထူဖြင့် မိန်းကလေးနှစ်ယောက်က ခပ်ထေ့ထေ့အသံဖြင့် ပြောလိုက်လေသည်။

တစ်ယောက်က ရှောင်လင်းယွီ၏အဖွဲ့ကို လေ့လာနေပြီး သူမမျက်လုံးများကို အနည်းငယ်မှေးကျဉ်းထားလေသည်။ “အဲ့ဒါ ကျန်းအိမ်ခြံမြေလုပ်ငန်းရဲ့မင်းသားလေး ကျန်းဟိုင်ယန်၊ ကုမိသားစုဟိုတယ်ရဲ့အထွေထွေမန်နေဂျာ ကုကျီယဲ့၊ ဖေးထန်းကားအရောင်းအဝယ်လုပ်ငန်းပိုင်ရှင် ယွမ်ရွှမ်ဟောက်နဲ့ ကောင်တီအောက်ရုံးတရားသူကြီးချန်ရဲ့သား ချန်ယီဖန်းပဲဖြစ်မယ်။”

“အစ်မလန်၊ သူတို့ကိုသိတာလား။” လျိုလင်းလင်က အနည်းငယ်အံ့အားသင့်သွားကာ မေးလိုက်သည်။ “အစ်မပြောသလိုဆို နောက်ခံတောင့်တဲ့ပုံပဲ။” ထို့နောက် သူမက ခေါင်းညိတ်လိုက်လေသည်။ “ဒါပေါ့၊ အစ်မလန်လန်က စည်ပင်ဌာနခေါင်းဆောင်ရဲ့သမီးလေ။ ဒီတော့ ဒီလိုလူတွေနဲ့သိတာ ပုံမှန်ပါပဲ။” သူမက ဘေးကိုတစ်ချက်ကြည့်ပြီးနောက် ပြုံးစိစိဖြင့် ပြောလိုက်လေသည်။ “အစ်မလန်လန် သူတို့ကို သိတယ်ဆိုမှတော့ ငါတို့ သူတို့ဆီသွားပြီး နှုတ်မဆက်သင့်ဘူးလား။”

ဘယ်တစ်ယောက်မဆို ချမ်းသာကာ အာဏာရှိသည့်လူတွေချည်းပဲလေ။ သူမသာ ထိုထဲကတစ်ယောက်လောက်ကို အပိုင်ဖမ်းနိုင်ရင် သူမဘဝသည်လည်း ပြာပုံထဲက ရုန်းထွက်နိုင်သွားမည်ဖြစ်သည်။ အရေးအကြီးဆုံးကတော့ လျိုကျဲလန်ကို ဆက်ပြီး အသုံးတော်မခံချင်တော့ပေ။ လျိုလင်းလင်သည် သူမ၏ဆွဲဆောင်နိုင်စွမ်းအပေါ် ယုံကြည်ချက်ရှိလေသည်။ ဘယ်ယောက်ျားတွေ သူမအပေါ် ကြွေဆင်းသွားနိုင်အောင် လုပ်နိုင်လေသည်။ သူမအတွက် အခွင့်ကောင်းတစ်ခုရှိလာဖို့သာ လိုနေခြင်းပင်။

လျိုကျဲလန်က တွန့်ဆုတ်နေခဲ့သည်။ “ဒီအကြံသိပ်မကောင်းဘူးထင်တယ်။”

လျိုလင်းလင်က၊ “အစ်မလန်လန်ကလည်း ဘာမကောင်းစရာရှိလို့လဲ။ ငါတို့က သူတို့ဆီသွားပြီး နှုတ်ဆက်ရုံပဲလေ။ သူတို့က အစ်မမိတ်ဆွေတွေပဲကို၊ မဟုတ်ဘူးလား။”

လျိုကျဲလန်သည် ခဏမျှတွေးပြီးနောက် သဘောတူလိုက်သည်။ “ကောင်းပြီလေ။” ထို့နောက် မိန်းကလေးနှစ်ယောက်သည် ရှောင်လင်းယွီတို့အဖွဲ့ဘက်သို့ လျှောက်သွားခဲ့ကြသည်။

လျိုကျဲလန်သည် ကုကျီယဲ့၏အကင်မီးဖိုရှေ့တွင် ရပ်လိုက်ကာ အသားနှင့်အသီးအရွက်များကို တံစို့ထိုးရင်း အလုပ်ရှုပ်နေကြသော အမျိုးသားများကို ကြည့်လိုက်လေသည်။ ထို့နောက် သူမက ပြုံးလိုက်ကာ သူတို့ကို နှုတ်ဆက်လိုက်သည်။ “သခင်လေးချန်၊ သခင်လေးကျန်း၊ ဥက္ကဌယွမ်၊ ဥက္ကဌကု၊ ရှင်တို့လည်း ဒီလာကြတာလား၊ တိုက်ဆိုင်လိုက်တာ။”

နာမည်တပ်ခေါ်ခံရသည့်လူများက ခေါင်းထောင်ကြည့်လာကြသည်။ အမျိုးသားလေးယောက်၏မျက်လုံးများမှာ စိတ်ရှုပ်ထွေးမှုများဖြင့် မှေးကျဉ်းထားကြလေသည်။ ထို့နောက်မှာတော့ ကျန်းဟိုင်ယန်ကအရင်ဆုံး ထိုအမျိုးသမီး၏အထောက်အထားကို မှတ်မိသွားခဲ့လေသည်။ “အိုး၊ ဒါ မစ္စလျိုမဟုတ်လား။ ခေါင်းဆောင်လျိုရောနေကောင်းလား။” ထိုစကားက တခြားလူများကိုပါ ထိုအမျိုးသမီး၏အထောက်အထားကို သတိပေးလိုက်ခြင်းဖြစ်သည်။

ခရိုင်မြို့တွင် ခေါင်းဆောင်လျိုတွေ အများကြီးရှိသော်လည်း အရွယ်ရောက်နေသည့် သမီးတစ်ယောက်ရှိတာကတော့ တစ်ယောက်တည်းရှိလေသည်။ ထိုလူကတော့ စည်ပင်ဌာန၏ခေါင်းဆောင် လျိုကျင်းဟုန်ဖြစ်လေသည်။

ကျန်လူများက ထူးမခြားနားဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။ “အိုး၊ မင်္ဂလာပါ။” ထို့နောက်မှာတော့ သူတို့အလုပ်ကိုသူတို့ ဆက်လုပ်ကြလေသည်။

လျိုလင်းလင်သည် ထိုအမျိုးသားများဘက်က ဘာ ထူးထူးခြားခြား တုံ့ပြန်မှုမှမရတာကြောင့် မကျေမနပ်ဖြစ်သွားလေသည်။ သို့သော်လည်း သူမက အသံကိုအချိုသာ အနူးညံ့ဆုံးထားကာ ပြောလာခဲ့သည်။ “ကျွန်မတို့ ဟိုဘက်မှာ စွန်လွှတ်နေကြတာလေ။ ရှင်တို့ကိုမြင်တာနဲ့ လာလိုက်တာ။” သူမက သူမ၏ချိုသာသည့်အသံဖြင့်ဆိုလျှင် ယောက်ျားလေးတွေကို ဖမ်းစားနိုင်မည်ဟု ထင်နေလေသည်။ သို့သော်လည်း ထိုလေးယောက်ထဲက ဘယ်တစ်ယောက်ကမှ တုံ့ပြန်မလာခဲ့ပေ။ ထိုအချင်းအရာက သူမကို ဒေါသထွက်ကာ အရှက်ရစေခဲ့သည်။

သို့သော်လည်း လျိုလင်းလင်သည် သူမမျက်နှာပေါ်တွင်တော့ အမူအရာမပြရဲခဲ့ပေ။ သို့သော်လည်း ဒီလိုအဖိုးတန်သည့်အခွင့်အရေးမျိုးကိုလည်း လက်လွှတ်လိုက်လို့မဖြစ်မှန်း သူမသိပေသည်။ သူမက အသံကိုထပ်မြှင့်လိုက်သော်လည်း သူမအသံက ထူးထူးဆန်းဆန်း နူးညံ့နေခဲ့သည်။ “အစ်မလန်လန်၊ အစောကပဲ အစ်မဗိုက်ဆာနေတယ်လို့ မပြောခဲ့ဘူးလား။ ငါတို့ စားစရာဝယ်ဖို့ တစ်နေရာလောက်သွားရှာရအောင်လေ။”

သူမက ထိုအမျိုးသားများက သူမတို့ကို ဘာဘီကျူးပါတီသို့ ဖိတ်ရန် အခွင့်အရေးတစ်ခုပေးလိုက်ခြင်းဖြစ်သည်။ ဒါက သူတို့က လူကြီးလူကောင်းတွေဆိုတာ ပြသဖို့ အခွင့်အရေးပင်။

သို့သော်လည်း…

လျိုလင်းလင်သည် ကျန်းဟိုင်ယန်၏အာရုံကို အမှန်တကယ်ဆွဲဆောင်လိုက်နိုင်ပေသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပဲ သူ့နှုတ်ခမ်းထက်မှ လှောင်ပြောင်သည့်အပြုံးရေးရေးကိုပါ သတိထားမိလိုက်သည်။ သူက လျိုလင်းလင်ကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ကျန်းဟိုင်ယန်က စိုးရိမ်နေသည့်လေသံဖြင့် ထေ့ငေါ့ကာ ပြောလာခဲ့သည်။ “မစ္စလျိုက ဗိုက်ဆာနေတာလား။ ဒါဆိုလည်း စားဖို့ တစ်နေရာရာရှာသင့်တယ်။ ကံကောင်းပါစေနော်။”

လျိုလင်းလင်၊ “….”

လျိုကျဲလန်၊ “….”

‘ဘာတွေဖြစ်ကုန်တာလဲ။ သူတို့နဲ့အတူစားဖို့ ဖိတ်သင့်တာမဟုတ်ဘူးလား။ ဘာလို့ ငါတို့ကို နှင်ထုတ်နေတာလဲ။’

ကိုယ့်ကိုယ်ကို လေးစားတတ်သည့်လူသာဆိုလျှင် ကျန်းဟိုင်ယန်၏စကားများကို ကြားသည်နှင့် ချက်ချင်းထွက်သွားကြမည်ဖြစ်သည်။ အနည်းဆုံး သူတို့မျက်နှာမပျက်တော့ဘူးပေါ့။

လျိုကျဲလန်၏မျက်နှာမှာ နီရဲလာလေသည်။ သူမက ထွက်သွားချင်သော်လည်း လျိုလင်းလင်းက သူမကိုပြန်ဆွဲထားကာ အကြည့်တစ်ချက်ပစ်လွှတ်လိုက်သည်။ “အစ်မလန်လန်၊ နင် အောက်ရုံးတရားသူကြီးရဲ့သားကို သဘောကျနေတာမဟုတ်ဘူးလား။ အခုကျ လွယ်လွယ်လက်လျှော့တော့မလို့လား။”

တစ်ဖက်လူက သူမတို့ကို မျက်နှာသာမပေးမှတော့ လျိုလင်းလင်လည်း ပိုပြီးတော့ အရေထူလာတော့သည်။ သူမက အလွန်ရင်းနှီးသည့်လေသံဖြင့်၊ “သခင်လေးကျန်း၊ အစ်မလန်လန်နဲ့ကျွန်မက အတော်လေးဗိုက်ဆာနေလို့ပါ။ ဥက္ကဌကု၊ ဥက္ကဌယွမ်၊ ကျွန်မတို့ကို ရှင်တို့ရဲ့ အကင်လေးနည်းနည်းလောက် မျှပေးလို့ရမလား။”

ကျန်းဟိုင်ယန်က သူမလှည့်ကွက်ထဲ ကျမလာကြောင်း လျိုလင်းလင် သတိထားမိလိုက်တာကြောင့် သူမပစ်မှတ်ကို ကုကျီယဲ့နှင့် ယွမ်ရွှမ်ဟောက်တို့ထံသို့ ပြောင်းလိုက်လေသည်။ တကယ်တော့ သူမ၏ နဂိုပစ်မှတ်မှာ ချန်ယီဖန်းဖြစ်သော်လည်း လျိုကျဲလန်က သူ့ကိုလိုချင်နေတာကြောင့် သူမအနေနှင့် လောလောဆယ် သူ့အပေါ် ဘာအကွက်မှမရွှေ့နိုင်သေးပေ။ လျိုကျဲလန်နောက်ကွယ်ရောက်မှသာ လှုပ်ရှားမည်ဖြစ်သည်။ လောလောဆယ်တော့ ကုကျီယဲ့နှင့် ယွမ်ရွှမ်ဟောက်တို့က ကောင်းမွန်သည့်ရွေးချယ်မှုပင်။

ကုကျီယဲ့နှင့် ယွမ်ရွှမ်ဟောက်တို့နှစ်ယောက် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ ‘ဒီမိန်းကလေး ငါတို့ကိုအရူးတွေများမှတ်နေတာလား။ သူ့ရည်ရွယ်ချက်က ဒီလောက်သိသာနေတာကို ငါတို့မမြင်ဘူးများထင်နေလား။ လာနောက်နေတယ်။’

သူတို့အားလုံး သူမကို လျစ်လျူရှုထားချင်ကြသော်လည်း ထိုအမျိုးသမီးက သူနားတွင် ဝဲလည်ကာ စကားတွေပြောနေတာကြောင့် အလွန်ကိုမှ စိတ်အနှောက်အယှက်ဖြစ်လာလေသည်။

ကုကျီယဲ့က လျိုလင်းလင်ကိုတစ်ချက်စောင်းကြည့်လိုက်ပြီးနောက် လျိုကျဲလန်ကို ကြည့်လိုက်ကာ၊ “မစ္စလျို၊ ဒီမိန်းကလေးက ဘယ်သူများလဲ။ ဘာလို့ သူက မင်းအတွက် အားလုံးကို ဆုံးဖြတ်ပေးနေတာလဲ။ ပြီးတော့ သူက အရမ်းစကားများတာပဲနော်။ ကျွန်တော့်ကို ယင်ကောင်တွေကိုတောင် အမှတ်ရသွားစေတယ်။”

လျိုလင်းလင်သည် နောက်ဆုံးတော့ ကုကျီယဲ့၏အာရုံကို ဆွဲဆောင်လိုက်နိုင်ပြီဟု ထင်သွားခဲ့သော်လည်း နောက်တစ်စက္ကန့်မှာပဲ သူမမျက်နှာကို ဖြူဖျော့သွားစေတော့သည်။ နောက်နှစ်ယောကကိုတော့ လွယ်လွယ်ကူကူ ဆွဲဆောင်နိုင်လောက်သည်ဟု ထင်ထားခဲ့သော်လည်း သူတို့၏လျှာတွေက ကျန်းဟိုင်ယန်ထက်တောင်မှ ပိုပြီးပြတ်သားနေသေးလေသည်။ ဒီလူတွေ ဘာလူကြီးလူကောင်းတွေမှမဟုတ်ဘူး။

သို့သော်လည်း လျိုလင်းလင်သည် မာနကြီးကာ အာဏာရှိသည့်အမျိုးသားများနှင့် ဆက်ဆံရာတွင် အတွေ့အကြုံများစွာ ရှိထားလေသည်။ ဘယ်လိုပဲ အရှက်ခွဲခံရပါစေ သူမက သည်းခံလေသည်။ ထိုသို့ဖြင့် ထိုအမျိုးသားများသည် သူမ၏ဇွဲရှိသည့်စိတ်နေစိတ်ထားအပေါ် သဘောကျကာ သူမကို ချစ်မိသွားကြလေသည်။ ထို့နောက်မှာတော့ သူမသည် ထိုလူများအပေါ် ခြေနင်းကာ လက်စားချေပြီး သူမအတွက် သူတို့ငွေများကို ပုံပေးစေသည်။ သူမ၏ရည်းစားဟောင်းငါးယောက်လုံးကို ထိုနည်းအတိုင်းလုပ်ခဲ့သည်ပင်။

ပထမတော့ ထိုငါးယောက်သည် သူမကို ထူးမခြားနားသလိုသာ ဆက်ဆံကြသည်။ သို့သော်လည်း အဆုံးမှာတော့ သူတို့အားလုံး သူမအလှနှင့် ချိုသာသည့်အသံကြောင့် ဆွဲဆောင်ခံလိုက်ရလေသည်။ အခုတောင် သူမနှင့်ပြန်တွဲနိုင်ဖို့ ငိုယိုတောင်းပန်နေကြတုန်းပင်။ လျိုလင်းလင်သည် အမှတ်ကြီးကာ စိတ်လည်းရှည်လေသည်။ ဒါကြောင့် ထိုအပိုင်းမှာတော့ လျိုကျဲလန်က အားနည်းလေသည်။

လျိုကျဲလန်သည်လည်း ကုကျီယဲ့၏စကားက စော်ကားနေခြင်းဖြစ်ကြောင်း သိလေသည်။ သူမမျက်နှာက နီရာမှဖြူလာခဲ့သည်။ သို့သော်လည်း သူမသည် စည်ပင်ဌာနခေါင်းဆောင်၏သမီးဖြစ်နေတုန်းပင်။ သူမနှင့်သူမသူငယ်ချင်းက ဒီလိုစော်ကားခံနေရသည်ကို တွေးမိသော်… ကုကျီယဲ့က တော်တော်ယဉ်ကျေးမှုမရှိတာပဲ။

သူမက ဒေါသတကြီး ပြောလာခဲ့သည်။ “ကုကျီယဲ့၊ ရှင်ဘယ်လိုလုပ်ပြီး ကျွန်မသူငယ်ချင်းကို ဒီလိုပြောရတာလဲ။ ရှင်က နည်းနည်းလေးမှ လူကြီးလူကောင်းမဆန်ဘူးပဲ။ ရှင် ကျွန်မသူငယ်ချင်းကို ငိုအောင်လုပ်မိပြီဆိုတာ မမြင်ဘူးလား။ ဟိုတယ်ကြီးတစ်ခုက အထွေထွေမန်နေဂျာဖြစ်တာနဲ့ပဲ အားနည်းတဲ့မိန်းကလေးတစ်ယောက်ကို ဒီလိုအနိုင်ကျင့်လို့ရရောလား။”

လျိုလင်းလင်သည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ဆံနွယ်များက လှိုင်းတွန့်ခွေလေးများဖြစ်ကာ အသားဖြူဖြူနှင့် လှပသည့်မျက်နှာအချိုးအစားရှိလေသည်။ မိတ်ကပ်လိမ်းချယ်ထားပုံက သူမကိုပိုပြီးဆွဲဆောင်မှုရှိကာ ဖြူစင်သည့်ပုံစံပေါ်လွင်သွားစေသည်။ သူမ၏ချိုသာသည့်အသံပါပေါင်းလိုက်ချိန်မှာတော့ ယောက်ျားများကို အလွန်ဆွဲဆောင်နိုင်သွားတော့သည်။

လျိုလင်းလင်သည် ရှက်ရွံ့မှုကြောင့် မျက်နှာက နီမြန်းသွားကာ သူမပုံစံက ငိုတော့မလိုပင်။ သူမသည် အပြစ်ကင်းသည့် ယုန်ဖြူလေးတစ်ကောင်လိုမျိုး ယောက်ျားတိုင်း ပွေ့ဖက်ကာ အကာအကွယ်ပေးချင်သည့် ပုံစံမျိုးပင်။

သို့သော်လည်း ဒီမှာရှိနေသည့် ယောက်ျား၈ယောက်ကတော့ သူမကိုလျစ်လျူရှုထားကာ စာနာသနားမှုမှာ အနှုတ်လက္ခဏာပြနေလေသည်။ ထိုအစား လျိုလင်းလင်၏သရုပ်ဆောင်မှုက စခန်းချနေရာအတွင်းရှိ တခြားသောအမျိုးသားများ၏အာရုံကိုတော့ ဆွဲဆောင်နိုင်သွားခဲ့သည်။

တစ်မျက်နှာလုံးဝက်ခြံအပြည့်ဖြင့် အရပ်ပုပုအမျိုးသားတစ်ယောက်က ကုကျီယဲ့ကို ဒေါသတကြီး လက်ညှိုးထိုးကာ ပြောလာခဲ့သည်။ “မင်း ယောက်ျားရောဟုတ်သေးရဲ့လား။ မိန်းကလေးတစ်ယောက်ကို ဘယ်လိုများအနိုင်ကျင့်နိုင်ရတာလဲ။” ထို့နောက် သူက လျိုလင်းလင်ကို နှစ်သိမ့်ပေးလာလေသည်။ “မိန်းကလေး အဆင်ပြေသွားပါပြီ။ ဒီလူက မင်းကိုဘယ်လိုပြုမူရမှန်းမသိပေယ့် ဒီအစ်ကိုကြီးကတော့ သိတယ်။ လာ အစ်ကိုကြီးနဲ့လိုက်ခဲ့။” ထို့နောက် သူက လျိုလင်းလင်၏ သွယ်လျသည့်လက်ချောင်းလေးများကို ထိလိုက်လေသည်။ ‘အိုး..အသားလေးက နူးညံ့နေတာပဲ။ ငါ သူ့အတွက် သေတောင်သေပေးနိုင်တယ်။’

လျိုလင်းလင်သည် သူမမျက်နှာထက်မှ ရွံ့ရှာမှုကို ဖုံးကွယ်ရန်အတွက် ခေါင်းကိုငုံ့ထားခဲ့သည်။ သူမ၏အော်ဂလီဆန်နေသည့်စိတ်ကို ဖိနှိပ်ကာ သူမလက်ကို ပြန်ဆွဲလိုက်ပြီး ဝမ်းနည်းနေသည့်ဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။ “အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်မအဆင်ပြေပါတယ်။”

ထို့နောက် သူမကို လျိုကျဲလန်ကို ကြည့်လိုက်လေသည်။ သူမ၏ပုံစံက အပြစ်ကင်းစင်ကာ အန္တရာယ်မပြုနိုင်သည့် ယုန်ပေါက်လေးလိုပင်။ သူမ၏အမူအရာကတော့ မတရားခံရ၍နစ်နာနေသည့်အမူအရာအပြည့်ပင်။

ကုကျီယဲ့မှာ စိတ်ရှုပ်ရှုဖြင့် မျက်လုံးသာလှန်လိုက်ပြီး ပြောလိုက်လေသည်။ “ဟုတ်ပြီ၊ ကျေးဇူးပြုပြီး မင်းရဲ့သနားစရာသူငယ်ချင်းကို တစ်နေရာရာသာခေါ်သွားလိုက်ပါတော့။ ငါတို့ပါတီကို မနှောက်ယှက်ပါနဲ့။” သူက ထိုကြာပန်းဖြူအပေါ် နည်းနည်းလေးမှ မသနားပေ။

“ရှူး ရှူး..” ထိုအချိန်မှာပဲ ယွမ်ရွှမ်ဟောက်က လက်တစ်ပွေ့ ကြက်သွန်မြိတ်များ ဂေါ်ဖီထုပ်များသယ်ကာ ရောက်လာလေသည်။ “မင်းတို့နှစ်ယောက်က ဘာလို့ အခုထိ ဒီမှာရှိနေကြသေးတာလဲ။ တကယ်ကို အနှောက်အယှက်ပဲ။”

ဝက်ခြံမျက်နှာနှင့်လူ၊ “….”

လျိုကျဲလန်၊ “….”

လျိုလင်းလင်၊ “….”

ဒီလူတွေ တကယ်ပဲ… အရမ်းစိတ်တိုဖို့ကောင်းတယ်။

လျိုကျဲလန်သည် အလွန်အရှက်ရနေလေသည်။ သူမသူငယ်ချင်းဘက်က သူမဝင်ရပ်တည်ပေးနေသော်လည်း ထိုအမျိုးသားများက သူမကို လုံးဝမျက်နှာသာမပေးကြပေ။ ဒါကြောင့် သူမဆက်ပြီး မနေနိုင်တော့ပေ။ သူမက လျိုလင်းလင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “လင်းလင်၊ သွားကြစို့။” လျိုကျဲလန်၏အဆင့်အတန်းသည် ထိုအမျိုးသားများထက် နိမ့်တာကြောင့် တစ်ခုခုပြန်လုပ်ဖို့ သူမတတ်နိုင်တာမရှိပေ။

သို့သော်လည်း လျိုလင်းလင်ကတော့ အရှုံးကို လက်မခံချင်သေးပေ။ သူမ မဆွဲဆောင်နိုင်သည့် အမျိုးသားဟူ၍ မရှိပေ။ ဒါ့အပြင် ထိုအမျိုးသားများနှင့် သူတို့၏နောက်ခံက သူမကို အလွန်ကိုမှ သွေးဆောင်နေလေသည်။ သူမကို ထွက်သွားလို့ပြောလျှင်တောင်မှ သွားမည်မဟုတ်ပေ။ သူမ၏ပြည့်လျှံလွန်းနေသည့် ယုံကြည်ချက်များကြောင့် လျိုလင်းလင်သည် ထိုအမျိုးသားများ သူမကို ဤသို့ဆက်ဆံခြင်းမှာ လျိုကျဲလန်ကိုမြင်ထား၍ သူမအပေါ် တကယ်အာရုံမစိုက်မိခြင်းကြောင့်သာ ဖြစ်သည်ဟု ယုံကြည်နေလေသည်။ လျိုကျဲလန်က သူမကိုဆွဲချနေတာပဲ။

ထို့ကြောင့် ထိုလူများ၏အာရုံကို သူမဆီဆွဲခေါ်နိုင်ဖို့ နည်းလမ်းတစ်ခုကို စဉ်းစားရတော့သည်။ ထိုအမျိုးသားများကို ဆွဲဆောင်ဖို့ နောက်ထပ်နည်းလမ်းတစ်ခုကို သုံးရပေမည်။ သူမပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ လူငယ်လေးများဝန်းရံနေသည့် ရှောင်လင်းယွီကို တွေ့လိုက်ရလေသည်။

သို့သော်လည်း အခုချိန် သူမပြေးသွားလျှင် သူမ၏လှုပ်ရှားမှုက အရမ်းသိသာသွားမည်ဖြစ်တာကြောင့် သူမအတွက် အကူအညီတစ်ယောက်ရှိဖို့လိုသည်။ ဒီနေရာအတွက် သူမ၏အစ်မလန်လန်ကလွဲပြီး ဘယ်သူကများ ပိုသင့်တော်မှာတဲ့လဲ။

လျိုလင်းလင်သည် လျိုကျဲလန်၏လက်ကိုဆွဲကာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ၊ သွားကြရအောင်။”

***

All Chapters