ဘာဘီကျူးပါတီ (၃)
Vol. 8 Ch. 135
လျိုလင်းလင်သည် လျိုကျဲလန်အား အသီးအရွက်များတံစို့ထိုးနေသည့် ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့နားသို့ ဆွဲသွားချိန် လျိုလင်းလင်သည် လျိုကျဲလန်ကို အသာလေး ရှေ့သို့ တွန်းလိုက်သည်။ မြေဆွဲအားကိုကျေးဇူးတင်ရမည်၊ လျိုကျဲလန်သည် ရှေ့သို့ယိုင်သွားကာ တခါတည်း ရှောင်လင်းယွီပေါ်သို့ တန်းတန်းမတ်မတ်ပင် ပြုတ်ကျသွားလေသည်။
ရှောင်လင်းယွီသည် တံစို့ထိုးတံများနှင့် ကြက်သွန်မြိတ်များထိုးနေခြင်းဖြစ်သည်။ တံစို့ထိုးတံများမှာ အလွန်ချွန်ထက်လှသည်။ နောက်က ရုတ်တရက်ဝင်လာသည့် ဖိအားကြောင့် တံစို့တံကိုကိုင်ထားသည့်လက်က ဘေးသို့ခေါက်သွားလေသည်။ သူမအမြန်နောက်ပြန်ဆုတ်လိုက်ကာ မတော်တဆ လျိုကျဲလန်ကို မြေပေါ်သို့ လဲကျစေသွားလေသည်။ ရှောင်လင်းယွီသာ ထိုသို့မလုပ်လိုက်ပါက သူမကိုယ်တိုင် ဒါမှမဟုတ် သူမမောင်လေးသာ ဒဏ်ရာရသွားပေလိမ့်မည်။
“အား။” လျိုကျဲလန်က အော်ဟစ်လိုက်သည်။
“နင်ဘယ်လိုလုပ်လိုက်တာလဲ။” လျိုလင်းလင်က ချက်ချင်းပင် ရှောင်လင်းယွီကို အော်ငေါက်လိုက်လေသည်။ “လူတစ်ယောက်ကို ဘယ်လိုလုပ် တွန်းထုတ်ပစ်ရတာလဲ” သူမသည် ရှောင်လင်းယွီကို အပြစ်တင်ရင်း အလုပ်ရှုပ်နေတာကြောင့် လျိုကျဲလန်ကို ကူညီဖို့မေ့နေလေသည်။ လျိုကျဲလန်ကတော့ မြေပြင်နှင့် သူမတင်ပါးဆောင့်မိတာကြောင့် နာကျင်စွာရှုံ့မဲ့နေလေသည်။
ရှောင်လင်းယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမက သူမလက်ထဲမှပစ္စည်းများကိုချကာ လျိုကျဲလန်အား ကူညီပေးလိုက်ရင်း မေးလိုက်သည်။ “မစ္စ၊ ကျွန်မတောင်းပန်ပါတယ်။ ရှင်အဆင်ပြေရဲ့လား။”
နောက်ဆုံးတော့ လျိုလင်းလင်သည် သူမ၏ကူဖော်လောင်ဖက်ကို ဂရုစိုက်ဖိုလိုသေးမှန်း သတိရသွားလေသည်။ “အစ်မလန်လန်၊ အဆင်ပြေရဲ့လား။”
လျိုကျဲလန်၏လက်ဖဝါးမှာ ခြစ်ရာများကြောင့် သွေးထွက်နေလေသည်။ လျိုလင်းလင်က အော်ဟစ်လိုက်ပြန်သည်။ “အစ်မလန်၊ ဒဏ်ရာရသွားတာပဲ။” ထို့နောက် သူမက ရှောင်လင်းယွီဘက်လှည့်ကာ ထပ်ပြီးအော်ငေါက်ပြန်သည်။ “နင်ဘယ်လိုလုပ်လိုက်တာလဲ။ နင်ကများ အစ်မလန်လန်ကို တွန်းပြီး ဒဏ်ရာရစေတယ်ပေါ့။ အစ်မလန် စိတ်မပူနဲ့။ အစ်မအတွက် ငါတရားမျှတမှုရှာပေးမယ်။”
လျိုကျဲလန်သည် သူမ၏ဒဏ်ရာရထားသည့်လက်ကို တစ်ချက်ကြည့်ပြီးနောက် သူမအမြဲတမ်း သူမ၏သူငယ်ချင်းကောင်းအဖြစ် မှတ်ယူထားသော လျိုလင်းလင်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်လေသည်။ ထို့နောက် လျိုကျဲလန်က မတ်တပ်ထရပ်လိုက်ကာ သက်ပြင်းချလိုက်လေသည်။ “ငါအဆင်ပြေတယ်၊ ထားလိုက်တော့။ သွားကြရအောင်။”
လျိုလင်းလင်သည် လျိုကျဲလန်က ကိစ္စတွေကို ဒီအတိုင်းထားဖို့ကြံနေကြောင်း ကြားလိုက်ရတာကြောင့် လန့်သွားလေသည်။ ထို့နောက် သူမက ဒေါသတကြီးအော်ဟစ်တော့သည်။ “အစ်မလန်လန်၊ ဒါကို ဒီအတိုင်းထားလိုက်လို့ဖြစ်မလား။ အစ်မက မတော်တဆလဲကျပြီး သူနဲ့တိုက်မိတာလေ။ ဒါပေမယ့် သူက အစ်မကိုတွန်းထုတ်ပြီး ဒဏ်ရာရစေခဲ့တာလေ။”
ရှောင်လင်းယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ “ဒီတော့ ကျွန်မကို ဘာလုပ်စေချင်တာလဲ။” ထိုအမျိုးသမီးသည် အလွန်ယုတ္တိမတန်ဘူးဟု သူမတွေးလိုက်မိသည်။ အပေါ်ယံတွင်တော့ သူမ၏အစ်မလန်လန်ဆိုသည်ကို ဂရုစိုက်နေပုံပေါ်သော်လည်း ရှောင်လင်းယွီကတော့ သူမမျက်လုံးထဲမှာ မနာလိုမှုနှင့် အမုန်းတရားကို သတိထားမိလေသည်။ ‘ငါ ဒီမိန်းကလေးကို သိတောင်မသိပါဘူး။ ဘယ်လိုလုပ်ပြီး သူ့မှာ ငါနဲ့ပတ်သတ်ပြီး ဒီလိုခံစားချက်တွေရှိနေရတာလဲ။’
လျိုလင်းလင်၏ပန်းတိုင်မှာ ကုကျီယဲ့နှင့်တခြားလူများထံမှ အာရုံစိုက်ခံရရေးဖြစ်လေသည်။ သူမ၏ရည်မှန်းချက်က အောင်မြင်သွားလေသည်။ ထိုအမျိုးသားများက သူတို့လုပ်လက်စအလုပ်များကို ချကာ ဒီဘက်သို့ လာနေကြလေသည်။
“လင်းယွီ၊ ဘာဖြစ်တာလဲ။” သူတို့သည် ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့နှင့် သိပ်မဝေးသည့်နေရာတွင် ရှိနေကြခြင်းဖြစ်သည်။ ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့သည် အကင်မီးဖိုမှ မီးခိုးများကိုရှောင်ရင်း တံစို့ထိုးနေကြခြင်းဖြစ်သည်။ အားလုံးကလည်း ခေါင်းတွေငုံ့ကာ သူတို့အလုပ်ကို သူတို့လုပ်နေကြခြင်း ဖြစ်သည်။ လျိုလင်းလင်၏ကျယ်လောင်သည် မကျေမနပ်သံများကိုကြားကာမှ တစ်ခုခုဖြစ်နေကြောင်း သတိထားမိသွားခြင်းဖြစ်သည်။
ရှောင်လင်းယွီက ခေါင်းယမ်းလိုက်သည်။ “ဘာမှမဖြစ်ပါဘူး။ ကျွန်မ ဒီမိန်းကလေးကို မတော်တဆတွန်းလိုက်မိလို့။”
ကျန်းဟိုင်ယန်၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် စိတ်ရှုပ်ထွေးစွာဖြင့် မေးလာခဲ့သည်။ “လင်းယွီ၊ မင်းတို့ ဒီမှာပဲ တံစို့ထိုးနေကြတာမဟုတ်ဘူးလား။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီမိန်းကလေးကို တွန်းမိသွားတာလဲ။” ဒါတော်တော်လေး အဓိပ္ပါယ်မရှိတာပဲ။
ရှောင်လင်းယွီလည်း စိတ်ရှုပ်ထွေးနေလေသည်။ “တကယ်တော့ မတော်တဆဖြစ်သွားတာပါ။ ကျွန်မ အသီးအရွက်တွေ သီနေတုန်း တစ်ယောက်ယောက်က ကျွန်မနောက်ကနေ လဲကျလာလို့ ကျွန်မလည်း အလိုလို ပြန်တွန်းလိုက်မိတာ။ ဘာဖြစ်နေလဲတောင် သေချာမသိခင် ဒီမိန်းကလေးဘေးက ကောင်မလေးက သူ့သူငယ်ချင်းကို ကျွန်မတွန်းချပါတယ်ဆိုပြီး စွပ်စွဲတယ်လေ။ ကျွန်မက ရက်ရက်စက်စက်လုပ်တယ်ဆိုပြီးတောင် ပြောနေသေးတယ်။”
ချန်ယီဖန်းက မေးလာလေသည်။ “မစ္စလျို၊ လမ်းက ပြန့်ပြူးပြီး အကျယ်ကြီးပါ။ မင်းဘယ်လိုလုပ် လဲကျသွားတာလဲ။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် လင်းယွီပေါ်ကိုမှ လဲကျတယ်ပေါ့။”
လျိုလင်းလင်သည် ထိုအမျိုးသားများက ရှောင်လင်းယွီနှင့် ဘယ်လောက်တောင် ရင်းနှီးကြကြောင်း လေသံကိုနားထောင်ကြည့်ပြီးနောက် သူမရင်ထဲမှ မနာလိုမှုမီးတောက်က ပို၍တောင်မှ တောက်လောင်လာလေသည်။ သို့သော်လည်း ချန်ယီဖန်း၏အမေးစကားကိုကြားပြီးနောက် သူမနှလုံးက တစ်ချက်ဆောင့်ခုန်သွားလေသည်။ ‘မကောင်းတော့ဘူး။’
လျိုကျဲလန် စကားမပြောနိုင်ခင်မှာပဲ လျိုလင်းလင်က ဖြတ်ပြောလိုက်လေသည်။ “သခင်လေးချန်၊ အစ်မလန်လန်က… သူ့ဖိနပ်ပြတ်သွားလို့ ခလုတ်တိုက်ပြီး လဲကျသွားတာဖြစ်မယ်။” လျိုကျဲလန်နှင့် အချိန်များစွာအတူကုန်ဆုံးခဲ့ပြီးနောက်တွင် လျိုကျဲလန်သည် သူမမျက်နှာမပျက်ရေးကို အလွန်တန်ဖိုးထားကြောင်း လျိုလင်းလင်သိလေသည်။ ထို့ကြောင့် လျိုလင်းလင် သူမအတွက် ရှာပေးထားသည့် အကြောင်းပြချက်အတိုင်း စီးမျောသွားပေလိမ့်မည်။
ကျန်းဟိုင်ယန်သည် လျိုလင်းလင်းကိုကြည့်ကာ သရော်သည့်အကြည့်မျိုးပြလိုက်လေသည်။ သူက အဓိပ္ပါယ့်အပြည့်ပါသည့် စကားမျိုးပြောလိုက်သည်။ “မစ္စလျို၊ မင်းရဲ့ဖိနပ်ကတော့ တကယ်ကို ကံမကောင်းအကြောင်းမလှပဲ အချိန်ကိုက်ကို ပြတ်သွားတာပဲ။” ထို့နောက် သူကဆက်ပြီး၊ “ကြည့်ရတာ မင်းလဲကျသွားတာလဲ မတော်တဆပဲလေ၊ ဒါဆို ဘာလို့ လင်းယွီကို အပြစ်တင်နေတာလဲ။ ပြီးတော့ မင်းလဲကျသွားသွားချင်းမှာပဲ မင်းသူငယ်ချင်းက လင်းယွီကို စွပ်စွဲနေတယ်ဆိုတာက… ထူးဆန်းမနေဘူးလား။”
ယွမ်ရွှမ်ဟောက်ကလည်း၊ “မစ္စလျို၊ သူက ဒီမိန်းကလေးက မင်းရဲ့သူငယ်ချင်းကောင်းမဟုတ်လား။ မင်းလဲကျသွားတဲ့အချိန် မင်းကို ကူညီရမယ့်အစား မင်းကိုမြေပေါ်မှာ ဒီအတိုင်းထားပြီး လင်းယွီကို စစ်ဆေးနေတယ်။ အဆုံးကျတော့ လင်းယွီကပဲ မင်းကိုကူညီလိုက်ရတယ်။ မင်းသူငယ်ချင်းကောင်းက မင်းကို အတော်ဂရုစိုက်တာပဲ။”
လျိုလင်းလင်၏မျက်နှာမှာ ဖြူဖျော့နေလေသည်။ သူမအလွန်ထိတ်လန့်နေခဲ့သည်။ အခြေအနေတွေက အနည်းငယ်မလွယ်ကူတော့တာကြောင့် သူမလက်သီးကိုသာ တင်းတင်းဆုပ်ထားမိတော့သည်။ ရှောင်လင်းယွီကို တိုက်ခိုက်ဖို့ စိတ်စောလွန်းနေတာကြောင့် အစောက လျိုကျဲလန်ကို လုံးဝမေ့သွားခဲ့ခြင်းဖြစ်သည်။
အခုတော့ သူမ၏အရေခြုံသူငယ်ချင်းကောင်းပုံရိပ်က ခွာချခံလိုက်ရကာ သူမနှင့်လျိုကျဲလန်ကြားတွင် အက်ကွဲကြောင်းတစ်ခုပေါ်လာလေပြီ။ လျိုလင်းလင်သည် လျိုကျဲလန်နှင့် ထိပ်တိုက်တွေ့ဖို့အထိ မတတ်နိုင်ပေ။ သူမအတွက် အာဏာရှိပြီး ချမ်းသာသည့် ခင်ပွန်းတစ်ယောက် ပိုင်ဆိုင်နိုင်ရန် လျိုကျဲလန်ကို အသုံးချဖို့ လိုနေတုန်းပင်။ ပြီးသွားရင်တော့ လျိုကျဲလန်ကို စွန့်ပစ်နိုင်ပေသည်။
ယွမ်ရွှမ်ဟောက်က သူမကိုဖော်ထုတ်လိုက်တာကြောင့် လျိုလင်းလင် အလွန်စိုးရိမ်နေခဲ့သည်။ ဒါကြောင့် သူမကိုယ်သူမ ကာကွယ်ရန် အကောင်းဆုံးကြိုးစားတော့သည်။ “အစ်မလန်လန်၊ အဲ့လိုမဟုတ်ဘူးနော်။ ငါ..ငါ.. အရမ်းဒေါသထွက်သွားလို့ပါ… ဟုတ်တယ်၊ ဒီမိန်းကလေးက အစ်မကိုတွန်းလိုက်တော့ ငါအရမ်းဒေါသထွက်သွားတာ။ အစ်မလန်လန်၊ ငါပြောတာယုံရမယ်နော်။ ငါက နင့်အတွက်တရားမျှတမှုရအောင် ကူညီပေးချင်ရုံပါ။” လျိုလင်းလင်သည် လျိုကျဲလန်၏အင်္ကျီစကိုဆွဲချင်ကာ အပြစ်ကင်းစင်သည့် သရုပ်ကို ဆက်ဖော်နေလေသည်။ သူမ၏ရှင်းပြချက်က အရမ်းယုံကြည်စရာကောင်းသည်ဟု ကိုယ့်ဘာသာ ယုံကြည်နေလေသည်။
မမျှော်လင့်ထားစွာဘဲ လျိုကျဲလန်သည် သူမလက်ကိုရှောင်လိုက်ကာ ပုံမှန်နှင့်မတူ အေးစက်လှသည့်အကြည့်မျိုးဖြင့် ကြည့်လာခဲ့သည်။
သူမက မေးလိုက်သည်။ “လင်းလင်၊ ငါဘာလို့လဲကျသွားတာလဲ။”
“….” လျိုကျဲလန်က ထိုမေးခွန်းမေးလာလိမ့်မည်ဟု လျိုလင်းလင် မထင်ထားခဲ့ပေ။ သူမစိတ်ထဲတွင်တော့ လျိုကျဲလန်ကို အရမ်းမိုက်မဲတာပဲဟု အော်ဟစ်နေလေသည်။ “အစ်မလန်လန်.. အစ်မရဲ့ဖိနပ်ပြတ်သွားလို့ မတော်တဆလဲကျတာမဟုတ်ဘူးလား။”
လျိုကျဲလန်က နှာခေါင်းရှုံ့လိုက်ကာ၊ “တကယ်လား။ ငါ့ဖိနပ်ပြတ်သွားလို့မဟုတ်ဘဲ နင် ငါ့ကို ရုတ်တရက် တွန်းလိုက်တာကြောင့် မဟုတ်ဘူးပေါ့။” သူမ၏အမူအရာက ပြောင်းလဲသွားလေသည်။ “လျိုလင်းလင်၊ ငါနင့်ကို ငါ့သူငယ်ချင်းကောင်းအဖြစ် အမြဲသဘောထားခဲ့တာ၊ ဒါပေယ့် နင်ကရော။ ငါ့ကို နင့်သူငယ်ချင်းလို့တောင် သဘောထားရဲ့လား။”
လျိုကျဲလန်သည် မတုံးအပေ။ အခုချိန်ပြန်တွေးကြည့်လိုက်မှ လျိုလင်းလင်က သူမကိုအသုံးချရုံသာ အသုံးချနေခြင်းဖြစ်မှန်း သိမြင်သွားလေသည်။ သူမကို ခြေနင်းတုံးအဖြစ်အသုံးချကာ ပိုကောင်းသည့် ဘဝကို တက်လှမ်းချင်နေခြင်းပင်။ ဒီနေ့တော့ အဆင့်အတန်းမြင့်သည့် အမျိုးသားအနည်းငယ်က စခန်းချနေရာတွင် စုဝေးနေကြသည်။ လျိုလင်းလင်သည် ဒီလိုအဖိုးတန်အခွင့်အရေးမျိုးကို ဘယ်တော့မှ လက်လွှတ်ခံမည်မဟုတ်ပေ။ အခုတော့ လျိုလင်းလင်က ဘာလို့ ဒီအမျိုးသားတွေကို နှုတ်ဆက်ဖို့ အတင်းတိုက်တွန်းနေလဲ လျိုကျဲလန် နားလည်သွားပေပြီ။ သူမကို ကြားခံလုပ်ကာ ထိုလူများနှင့် သိကျွမ်းလိုနေခြင်းပင်။
သို့သော်လည်း သူမ၏ပထမဆုံးချဉ်းကပ်မှုက ကျရှုံးသွားတာကြောင့် နောက်ထပ်နည်းလမ်းတစ်ခု ပြောင်းသွားခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လျိုလင်းလင်၏စိတ်လောမှုကပဲ သူမ၏မျက်နှာအစစ်အမှန်ကို ဖော်ထုတ်လိုက်နိုင်တာကြောင့် လျိုကျဲလန် ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက လျိုကျဲလန် ဘာကိုမှ သတိထားမိခဲ့မည်မဟုတ်ပေ။
လျိုလင်းလင်သည် ရုတ်တရက် စစ်မေးခံလိုက်ရကာ တခြားလူများ၏ မေးခွန်းအကြည့်များဖြင့် ပစ်ခတ်ခံနေရလေသည်။ ချက်ချင်းဆိုသလိုပင် သူမအလွန် စိတ်လှုပ်ရှားလာကာ စိတ်မသက်မသာဖြစ်လာတော့သည်။
လျိုကျဲလန်သည် အမြဲလိုလို သူမလက်ထဲက အရုပ်တစ်ရုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုအရုပ်၏ဦးနှောက်က ဘယ်အချိန်ကတည်းက ကြီးထားလာမှန်း သူမ,မသိလိုက်ပေ။
လျိုလင်းလင်သည် အတတ်နိုင်ဆုံးပြုံးထားကာ ဘာတွေပြောနေမှန်း မသိသလို ဟန်ဆောင်လိုက်သည်။ “အစ်မလန်လန်၊ ငါ နင့်ကို တွန်းတယ်ဆိုတာ သေချာလို့လား။” ထို့နောက် သူမက ထပ်ပြီး အပြစ်ကင်းစင်ဟန်ဖြင့်၊ “နင်လမ်းလျှောက်တာအရမ်းမြန်လို့ ငါက နင့်ကိုထိန်းပေးဖို့ ကြိုးစားတာလေ။ အစ်မလန်လန်၊ ငါတောင်းပန်ပါတယ်။ နောက်ဆို သတိထားပါ့မယ်။”
လျိုကျဲလန်၏မျက်လုံးများထဲတွင် စိတ်ပျက်သည့်အရိပ်အယောင်များ ပြည့်လာခဲ့သည်။ လျိုကျဲလန်သည် သူမကိုဖော်ထုတ်လိုက်ပြီး ဖြစ်သော်လည်း လျိုလင်းလင်သည် အခုထိ သူမ၏လှည့်ကွက်များကို ဖုံးကွယ်ဖို့ ကြိုးစားနေတုန်းပင်။
လျိုကျဲလန်၏နှလုံးသားမှာ ထိုမိန်းမ၏အစစ်အမှန်စရိုက်ကို သိလိုက်ရ၍ အေးခဲသွားတော့သည်။ သူမသာ ထိုမရိုးသားသည့် မိန်းမကို သူမဘေးတွင် ဆက်ထားနေလျှင် လျိုလင်းလင်က သူမကို ဆွဲချသွားပေတော့မည်။
လျိုကျဲလန်က၊ “လျိုလင်းလင်၊ နင် ငါ့ကိုစိတ်ပျက်စေတာပဲ။ ငါတို့အခုကစပြီး သူငယ်ချင်းတွေ မဟုတ်တော့ဘူး။”
ထို့နောက် လျိုလင်းလင်၏မှင်သက်နေသည့်မျက်နှာနှင့် အခြားလူများကိုလျစ်လျူရှုကာ ရှောင်လင်းယွီဘက်ကို လှည့်ကာ တောင်းပန်လိုက်လေသည်။ “မစ္စ၊ ရှင့်ကို ဒီကိစ္စထဲ ဆွဲသွင်းမိတဲ့အတွက် တောင်းပန်ပါတယ်။”
ရှောင်လင်းယွီက ခေါင်းယမ်းလိုက်လေသည်။ “ရပါတယ်။” သူမက လျိုကျဲလန်၏လက်ကိုကြည့်ကာ မေးလိုက်လေသည်။ “ရှင် ဒဏ်ရာရထားတယ်။ အကူအညီလိုသေးလား။”
လျိုကျဲလန်က ခေါင်းယမ်းလိုက်ကာ၊ “ကိစ္စမရှိဘူး။ ဟိုဘက်မှာ ကျွန်မသူငယ်ချင်းတွေရှိသေးတယ်။ သူတို့ ကူညီပေးလိမ့်မယ်။” လျိုကျဲလန်သည် သူငယ်ချင်းတစ်ဖွဲ့နှင့် စွန်လွှတ်ဖို့ ရောက်လာခြင်းဖြစ်သည်။ လျိုလင်းလင်မရှိလျှင်တောင် သူတို့ဘာသာ ပျော်နိုင်သေးလေသည်။
လျိုကျဲလန်အမှန်အတိုင်း ပြောနေတာ ဟုတ်မဟုတ် ရှောင်လင်းယွီမသိသော်လည်း သူမက၊ “ဒါဆိုလည်း မစ္စ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။”
ရှောင်လင်းယွီသည် သူမ၏ဘာဘီကျူးပါတီ၌ ဤကဲ့သို့ ဘေးဆိုးကြီးကျလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ တကယ်ကိုပဲ ကပ်ဘေးများသည် အချိန်မရေးနေရာမရွေး ကျရောက်လာနိုင်ပေသည်။
လျိုလင်းလင်သည် လျိုကျဲလန် အဝေးသို့ထွက်သွားသည်ကိုမြင်လိုက်ရသည်။ သူမ၏ထိတ်လန့်မှုကို ပြန်လည်ထိန်းချုပ်ပြီးနောက်မှာတော့ အမြန်ပြေးလိုက်သွားတော့သည်။ “အစ်မလန်လန်၊ ငါ တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးပါနော်။”
‘လျိုကျဲလန်သာမရှိရင် နောက်ဆို ချမ်းသာပြီးအာဏာရှိတဲ့ယောက်ျားတွေကို ငါဘယ်လိုလုပ် ချဉ်းကပ်ရတော့မလဲ။’ ထို့ကြောင့် လျိုလင်းလင်သည် သူမ၏အစောက မစ်ရှင်ကိုစွန့်လွှတ်ကာ လျိုကျဲလန်ကို အရင် တောင်းပန်တော့သည်။
ကုကျီယဲ့က ပြုံးလိုက်လေသည်။ “ဟမ်း.. ခေါင်းဆောင်လျိုရဲ့သမီးက လုံးဝတုံးအနေတာတော့ မဟုတ်ဘူးပဲ။ မဟုတ်ရင် သိပ်မကြာဘူး သူ့သူငယ်ချင်းလက်ထဲမှာ ဒုက္ခရောက်တော့မှာ။”
“ဟဟဟ၊ ဘာပဲဖြစ်ဖြစ်ပါ၊ ဒါ ငါတို့ကိစ္စမှမဟုတ်တာ။ လာ ဘာဘီကျူးဆက်ကင်ကြရအောင်။” ကျန်းဟိုင်ယန်က ပြောလိုက်လေသည်။ “လင်းယွီ၊ အဲ့မိန်းကလေးကို လျစ်လျူရှုလိုက် စိတ်ထဲထည့်မနေနဲ့။”
ရှောင်လင်းယွီ ပြုံးလိုက်မိလေသည်။ “ကောင်းပြီ။”
***