← Chapters

တိုက်တွန်းစည်းရုံးခြင်း

Vol. 8 Ch. 136

တိုက်တွန်းစည်းရုံးခြင်း

Vol. 8 Ch. 136

အသားကင်စားနေစဉ်အတွင်း ဘယ်သူကမှ ထိုမိန်းကလေး၏ကိစ္စကို စိတ်ထဲမထည့်ကြပေ။

ရှောင်လင်းယဲ့က နောက်ဆုံးပိတ်တစ်ခွန်းသာပြောလိုက်လေသည်။ “အဲ့မိန်းမ သူ့လုပ်ရပ်နဲ့သူ ပြန်ခံသွားရတာပဲ။”

‘ငါ့အစ်မကို ချောက်ချချင်ပေမယ့် နောက်ဆုံး သူ့ကိုပဲ မိသွားတာလေ။ သူ့ကိုယ်သူပဲ အပြစ်တင်သင့်တယ်။’

ပါတီပြီးသွားသည့်နောက် အသီးအရွက်တချို့ကျန်နေသေးကာ အလျင်အမြန်ပဲ ကျန်းဟိုင်ယန်တို့အဖွဲ့၏လက်ထဲတွင် ခွဲဝေခံလိုက်ရလေသည်။

နဉ်ဝေ့ယီက သူ၏လုံးဝန်းနေသောဗိုက်ကိုပွတ်လိုက်ကာ၊ “အစ်မတို့မိသားစုက ဟင်းတွေက အရမ်းမိုက်တယ်။ အခုထိ နောက်ဆုံးတစ်ခေါက် ဒေါ်လေးချက်ကျွေးခဲ့တဲ့ဟင်းတွေကို မမေ့နိုင်သေးဘူး။”

ယန်ပေါင်လင်က စပ်စပ်စုစုဖြင့် မေးလာလေသည်။ “အစ်မ၊ ကျွန်တော်ကြားတာတော့ ဒီအသီးအရွက်တွေက စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီက အစ်မရဲ့သူငယ်ချင်းက စိုက်ထားတာဆို။”

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။

“ဒါဆို၊ အစ်မသူငယ်ချင်းက… ထင်လား…” ကျွန်တော့်ကို ရောင်းပေးလောက်လား။ ဟု ယန်ပေါင်လင် မေးချင်ခြင်းဖြစ်သည်။

“ယန်ပေါင်လင်၊ အစ်မက ငါတို့ကိုပါ မျှဝေကျွေးမွေးနေတာနဲ့တင် မင်းကျေနပ်သင့်နေပြီ။ ဘာလို့ ထပ်လိုချင်နေပြန်တာလဲ။” နဉ်ဝေ့ယီက မာန်မဲလိုက်သည်။

ရှောင်လင်းယွီက ပြုံးလိုက်ကာ၊ “မင်းတို့ဒီအသီးအရွက်တွေ စားချင်တာ ဒါမှမဟုတ် ဟင်းချက်ပြီးသားစားချင်တဲ့အချိန်ကျရင် အစ်မအိမ်ကိုလာခဲ့ကြလေ။ မင်းတို့ကို အစ်မချက်ကျွေးမယ်။” ထိုအိမ်မှာ သူမခရိုင်မြို့ပေါ်တွင် ငှားထားသည့်အိမ်ကို ဆိုလိုခြင်းဖြစ်သည်။

“တကယ်လား။” ကျန်ကောင်လေးများမှာ မျက်လုံးများလက်သွားကြသည်။ “ဒါဆိုလည်း အစ်မရဲ့စေတနာကို မငြင်းတော့ပါဘူး၊ ဟီးဟီး။”

ရှောင်လင်းယွီ ရယ်လိုက်မိတော့သည်။ “ဒါပေမယ့်၊ မင်းတို့မကြာခင် တက္ကသိုလ်ဝင်ခွင့်ဖြေရတော့မှာကိုတော့ မမေ့ကြနဲ့နော်။ ကျောင်းဖွင့်ရက်တွေမှာတော့ ကျောင်းပြင်မထွက်ရဘူး။” ကျောင်းပိတ်ရက်များမှာမှ အဆောင်မှ ထွက်နိုင်ပေမည်။ အဆောင်တွင်နေခြင်းက သူတို့အတွက် စာနှင့်ပတ်သတ်သည့်အချက်အလက်များရရှိဖို့ ပိုပြီး လက်လှမ်းမီမည်ဖြစ်သည်။ ထို့အပြင် ပိုပြီးလည်း လုံခြုံမှုရှိသည်။

သူတို့အဖွဲ့သည် အမှတ်၁အထက်တန်းကျောင်း၏ အထူးတန်းမှကျောင်းသားများဖြစ်ကြကာ အနာဂါတ်တွင် ကျောင်း၏ဂုဏ်ကို ယူဆောင်လာပေးမည့်သူများပင်။ သူတို့သာ ကျောင်းပြင်ပမှာ တစ်စုံတစ်ခုဖြစ်သွားပါက နောက်ဆက်တွဲအကျိုးဆက်များမှာ စိတ်ကူးကြည့်လို့တောင်မရပေ။ အထူးသဖြင့် ကျောင်းသားအတော်များများသည် နောက်ခံကောင်းသည့်မိသားစုများရှိကြလေသည်။ ကျောင်းကလည်း သူတို့၏လုံခြုံရေးကို အလွန်ကိုမှ တန်ဖိုးထားသည်။

နဉ်ဝေ့ယီနှင့်ကျန်ကောင်လေးများသည် ချက်ချင်းပင် မကျေမနပ်ဖြင့် အထွန့်တက်ကြတော့သည်။ “ကျွန်တော်တို့ကျောင်းရဲ့အုပ်ချုပ်ရေးမှူးက အရမ်းရက်စက်တာ။ ကျွန်တော်တို့ကို ပိတ်ရက်တွေပဲ အိမ်ပြန်ခိုင်းတယ်။ အိမ်ချက်ဟင်းလက်ရာလေး နည်းနည်းပါးပါးစားချင်ရင်တောင် စိတ်ကူးနဲ့စားပြီး ဖြေသိမ့်ရင်ဖြေသိမ့် မဟုတ်ရင် အိမ်ကတစ်ယောက်ယောက်ကို လာပို့ခိုင်းမှပဲရတယ်။”

ထိုအချိန် ခမ်းလဲ့က အကြံပေးလာလေသည်။ “အစ်မ၊ ကျွန်တော်တို့ အဆောင်ကထွက်လို့မရဘူးဆိုမှတော့ အစ်မပဲ ကျွန်တော်တို့ကို ခရမ်းချဉ်သီးနဲ့သခွားသီးတွေ နေ့တိုင်းလာပို့ပေးရင်ရော။ ဟင်းအဖြစ်မစားနိုင်ပေမယ့် အနည်းဆုံးတော့ အဆာပြေအသီးအနှံအနေနဲ့ရတာပေါ့။”

“ဟုတ်တယ်၊ ဟုတ်တယ်။” နဉ်ဝေ့ယီကလည်း ထောက်ခံလာလေသည်။ “အစ်မ ပို့ပေးလို့ရမလားဟင်။”

ယွမ်ရွှမ်ဟောက်မှာ မျက်နှာပူနေတော့သည်။ “မင်းတို့ကောင်တွေ အရှက်ကိုမရှိကြတော့ဘူးလား။ မင်းတို့ အစ်မလင်းယွီကို ဒီလောက်တောင်းဆိုနေတာ အရမ်းများလွန်းတယ်လို့မထင်ကြဘူးလား။ သူ အားရောအားရဲ့လားဆိုတာကော ထည့်တွေးကြသေးရဲ့လား။”

နဉ်ဝေ့ယီက လက်မလျှော့သေးပေ။ “ဒါပေမယ့် အစ်မရဲ့အသီးအရွက်တွေက ကျွန်တော်တို့ စာလုပ်ရင် ပိုပြီးအာရုံစူးစိုက်နိုင်စွမ်းရှိစေတယ်လေ။”

လူတိုင်း၊ “….” ဒါတော့ အရမ်းများသွားပြီထင်တယ်။ ဒါပေမယ့် ဆန်းကြယ်သည့်အစားအသောက်များကို သူတို့လည်း စားဖူးထားပြီးဖြစ်တာကြောင့် အသေအချာကြီးတော့ မပြောနိုင်ကြပေ။

ရှောင်လင်းယွီက ပြုံးလိုက်ကာ၊ “ဒါဆိုလည်း ကောင်းပြီလေ။ ကုမိသားစုဟိုတယ်ကို နေ့တိုင်း ပို့ပေးရမယ့်အတူတူ မင်းတို့ကိုပါ တစ်လမ်းကြောင်းတည်း ဝင်ပို့ပေးသွားမယ်။”

နဉ်ဝေ့ယီတို့အဖွဲ့ အလွန်ကိုမှ ဝမ်းသာသွားကြသော်လည်း ယဉ်ကျေးမှုအရမေးလိုက်ကြတုန်းပင်။ “အစ်မ၊ ဒီလိုက အစ်မကို အလုပ်မရှုပ်စေပါဘူးနော်။”

“ရပါတယ်။ အခု အစ်မမှာ ကားလည်းရှိနေပြီဆိုတော့ ဒုက္ခမများတော့ပါဘူး။”

ထိုသို့ဖြင့် ကိစ္စတစ်ခု ပြီးပြတ်သွားပြန်သည်။

ကျန်းဟိုင်ယန်နှင့် တခြားလူများသည် ရှောင်လင်းယွီက သူမအိမ်တွင် မြေပဲနှင့်ပဲပိစပ်များ စိုက်ပျိုးမည်ကို သိလိုက်ရသည်နှင့် သူတို့လည်း အပျော်ပါဝင်ချင်သွားကြသည်။ သူတို့လည်း ထောင်ယွမ်ရွာကို လိုက်လည်ဖို့ စီစဉ်လိုက်လေသည်။

သို့သော်လည်း အခုကတော့ နေ့လည်ကျော်နေပြီဖြစ်သည်။ သူတို့သာ အခုချိန်စထွက်ပါက ညမှရောက်သွားမည်ဖြစ်ပြီး တည်းခိုဖို့စီစဉ်ရန် ခက်ခဲသွားပေမည်။ အဆုံးမှာတော့ ရှောင်လင်းယွီက ရှောင်လင်းယဲ့တို့သူငယ်ချင်းတစ်စုကို အရင်ပြန်ပို့ပေးရန် ဆုံးဖြတ်လိုက်သည်။ သူတို့တွေကတော့ အရင်တစ်ခေါက်ကလိုပဲ တစ်ခန်းထဲအတူအိပ်နိုင်ပေသည်။ ကျန်းဟိုင်ယန်တို့ကတော့ နောက်တစ်နေ့မှ လိုက်လာကြမည်ဖြစ်သည်။

ရှောင်လင်းယွီသည် မြေပဲ၊ ပဲပိစပ်နှင့် အခြားမျိုးစေ့များကို ဝယ်ယူကာ ရှောင်လင်းယဲ့တို့နှင့်အတူ ထောင်ယွမ်ရွာသို့ ပြန်ခဲ့လေသည်။

ဒီအချိန်မှာပဲ ကားရှိခြင်း၏အဆင်ပြေမှုက ပေါ်လွင်လာခဲ့သည်။ ပုံမှန်ဆိုလျှင် သူမဒီလမ်းကြောင်းသွားလျှင် ဘက်စ်ကားစောင့်ရပြီး တစ်ဆင့်လည်း ပြောင်းစီးရပေဦးမည်။ ရွာကိုပြန်ရောက်ဖို့ဆိုလျှင် သုံးနာရီကျော်လောက် အချိန်ပေးရပေသည်။ သို့သော်လည်း သူမကိုယ်ပိုင်ကားကိုမောင်းချိန်မှာတော့ နှစ်နာရီတောင် မကြာလိုက်ပေ။ ထိုသို့ဖြင့် သူမတို့ ထောင်ယွမ်ရွာသို့ရောက်သွားချိန်တွင် ညနေစောင်းကာ ညစာစားချိန်ကွက်တိဖြစ်သွားပေသည်။

မှောင်ရိပ်ဝင်လာသည်နှင့် လမ်းပေါ်တွင် ရွာသားများများစားစားမရှိတော့တာကြောင့် ရှောင်လင်းယွီတစ်ယောက် ကိုယ်တိုင်ကားမောင်းကာ ပြန်လာသည်ကို သတိထားမိသူ မရှိလိုက်ပေ။

သို့သော်လည်း မေမေရှောင်၊ ဖေဖေရှောင်၊ ရှောင်မင်ယန်းနှင့် လျိုချွမ်းဟွာတို့ကတော့ ရှောင်လင်းယွီ တကယ်ကြီး ကိုယ်တိုင်ကားမောင်းလာသည်ကိုမြင်ကြကာ အံ့ဩစိတ်လှုပ်ရှားနေကြသည်။

“ယွီအာက တကယ်ပဲ ကားမောင်းနည်းသိတာပဲ။” မေမေရှောင်က ကားတံခါးကိုထိရင်း ဝမ်းသာမှုအပြည့်ဖြင့် ပြောလိုက်သည်။ “ဒီကားက အရမ်းလှတာပဲ။” ကျန်တဲ့သုံးယောက်သည်လည်း ကားကို ချီးမွမ်းနေကြသည်။ သူတို့သည် အလွန်ကိုမှ သိချင်နေကြလေသည်။ သူတို့အရင်က ကားကိုမမြင်ဖူး၍မဟုတ်သော်လည်း ကိုယ့်မိသားစုပိုင်သည့်ကားကို ကိုယ်တိုင်ထိကြည့်ရခြင်းကတော့ ပထမဆုံးအကြိမ်ဖြစ်လေသည်။

ဒီကားသည် ယွမ်၁သိန်းတန်သော်လည်း ယွီအာ၏သူငယ်ချင်းက သူမကိုအများကြီး လျှော့ပေးလိုက်တာကြောင့် ယွမ်၇သောင်းဖြင့် ဝယ်လိုက်နိုင်သည်ဟု သူတို့သိထားပြီးဖြစ်သည်။ ထောင်ယွမ်ရွာတွင် ရှောင်လင်းယွီကလွဲပြီး ဘယ်မိသားစုကမှ ကားတစ်စီးအတွက် ယွမ်၁သိန်းအကုန်ကျမခံကြသေးပေ။

လျိုချွမ်းဟွာသည် မနာလိုစိတ်မဝင်မိဘဲ မနေနိုင်တော့ပေ။ သူမ၏ယောင်းမတွင် ထူးချွန်သည့် ကလေးနှစ်ယောက်ရှိလေသည်။ သူမ၏ပေပေတေတေသားအကြောင်း ပြန်တွေးမိလိုက်ပြီးနောက်မှာတော့ သူမတွင် ခေါင်းကိုက်ရုံသာရှိတော့သည်။ သူတို့အားလုံး ရှောင်မျိုးနွယ်၏တူညီသည့် ကိုင်းခွဲတစ်ခုတည်းမှဖြစ်သော်လည်း ဘာကြောင့်များ သူမသား၏ ပညာရေးကတော့ ကြေကွဲစရာရလဒ်မျိုးဖြစ်နေရတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် လျိုချွမ်းဟွာသည် သူမယောင်းမအတွက် ဝမ်းသာမိပါသည်။ သူတို့မိသားစုနှစ်စုသည် အစကတည်းက ဆက်ဆံရေးကောင်းကြကာ တိုးတက်စရာရှိရင်လည်း အတူတူတိုးတက်သွားကြမည်ဖြစ်သည်။

လျိုချွမ်းဟွာက ပြုံးလိုက်ကာ၊ “နောက်ဆို၊ ယွီအာ ခရိုင်မြို့ပေါ်သွားဖို့ ပိုလွယ်သွားပြီပေါ့။”

မေမေရှောင်က ရယ်လိုက်လေသည်။ “ဟုတ်တယ်၊ အရင်ကဆို ခရိုင်မြို့ကိုသွားရတာတင် တစ်နေ့ကုန်ရော။ အခု ငါတို့မှာ ကားတစ်စီးရှိပြီဆိုတော့ ပိုပြီးအဆင်ပြေသွားပြီ။ အချိန်ကုန်သက်သာတာပေါ့။”

ရှောင်လင်းယွီက ရုတ်တရက် ဝင်မေးလာခဲ့ကာ၊ “စတုတ္ထဦးလေးရော ကားမောင်းတာ သင်ချင်လား။”

ရှောင်မင်ယန်းမှာ ကြောင်အသွားခဲ့သည်။ “ဟမ်? ဒါပေမယ့် ဦးလေးက အသက်ကြီးနေပြီလေ။”

“စတုတ္ထဦးလေးက အခုမှ အသက် ၃၀ကျော်ပဲရှိသေးတာလေ။ ဘယ်လိုလုပ် အသက်ကြီးဦးမှာလဲ။ ပြီးတော့ အခုခေတ်က အသက် ၆၀ကျော်တွေတောင်မှ ကားမောင်းသင်နေကြတုန်း။”

ရှောင်မင်ယန်းမှာ စိတ်ရှုပ်ထွေးနေခဲ့သည်။ “ဒါပေမယ့် ဘာလို့လဲ။” ဘာလို့သူက ကားမောင်းသင်ရမှာလဲ။

ရှောင်လင်းယွီက ရှင်းပြလာခဲ့သည်။ “စတုတ္ထဦးလေး၊ သမီး လယ်စိုက်ဖို့အတွက် မြေတွေငှားထားတယ်ဆိုတာ ဦးလေးသိတယ်မဟုတ်လား။ ဒီလယ်ကထွက်တဲ့ သီးနှံတွေကို ရိတ်သိမ်းပြီးတာနဲ့ သမီးရှိမယ့် ခရိုင်မြို့ပေါ်ကို တစ်ယောက်ယောက် လာပို့ပေးဖို့ လိုတယ်လေ။”

“ဒါပေမယ့် ယွီအာ၊ မင်းရဲ့လယ်က…” ဒီစိုက်ခင်းက အော်မြင်မလား မအောင်မြင်ဘူးလားမှ အသေအချာ မသိရသေးတာ။

ထိုအချိန်မှာပဲ ဖေဖေရှောင်က ဝင်ပြောလာခဲ့သည်။ “ဟုတ်တယ်၊ စတုတ္ထညီလေး၊ နောက်ဆို ယွီအာက မင်းရဲ့အကူအညီလိုလာမှာ။ မင်းအခုကတည်းက ကားမောင်းသင်ထားသင့်တယ်လို့ ငါလည်း ထင်တယ်။”

လျိုချွမ်းဟွာကလည်း ထိုအကြောင်းတွေးကြည့်ပြီးနောက် ပြောလာခဲ့သည်။ “မင်ယန်း၊ ရှင် ဒုတိယအစ်ကိုပြောတာကို နားထောင်သင့်တယ်။” ယွီအာ၏လယ်က အောင်မြင်မလား မအောင်မြင်ဘူးလား သူမ,မသိရင်တောင်မှ ကားမောင်းတတ်သည့် စွမ်းရည်တစ်ခုပါလာလျှင် ရှောင်မင်ယန်၏အလုပ်လျှောက်လွှာမှာ ပိုကောင်းသွားမည်ဖြစ်ကာ ပိုမိုကောင်းမွန်သည့် အလုပ်တစ်ခု ရလာနိုင်ပေသည်။

စတုတ္ထဦးလေး၏မျက်နှာထက်မှ တွန့်ဆုတ်နေသည့်အမူအရာကို မြင်ပြီး ရှောင်လင်းယွီက ထပ်ပြောလိုက်ပြန်သည်။ “သမီး အခု စတော်ဘယ်ရီတွေစိုက်နေတာ စတုတ္ထဦးလေးလည်း သိတာပဲ။ တကယ်လို့ စိုက်တာ အောင်မြင်သွားရင် သမီးအတွက် ပစ္စည်းတွေ ပို့ပေးဖို့ တခြားသူကို ယုံနိုင်မယ်ထင်လို့လား။ သမီးမှာ ဦးလေးပဲ ရှိတာလေ။”

ထိုအချက်ကတော့ ရှောင်မင်ယန်းလည်း တွေးမိသည့်အချက်ပင်။ စတော်ဘယ်ရီသီးများသည် သာမာန်ကျေးလက်နေပြည်သူများအတွက်တော့ အလွန်ဈေးကြီးပေသည်။ တစ်ယောက်ယောက်ကိုသာ ပစ္စည်းပို့ဖို့ လက်လွှဲခဲ့မည်ဆိုလျှင် ပစ္စည်းများကိုယူကာ ထွက်ပြေးသွားနိုင်တာမျိုး ရှိလာနိုင်သည်။ ဒါက တကယ်ကို တွေးထားသင့်သည့် ပြဿနာတစ်ရပ်ပင်။

မေမေရှောင်ကလည်း တိုက်တွန်းသည့်အဖွဲ့ထဲသို့ ပါဝင်လာခဲ့သည်။ “မင်ယန်း၊ ယွီအာပြောသလိုပဲ၊ မင်းက အခုမှ ၃၀ကျော်ပဲရှိသေးတာ။ ကားမောင်းတာမျိုး သင်ထားသင့်တယ်။ လင်းယွီက မိန်းကလေးလေ၊ တစ်နေ့လုံး ပတ်ပြီး ကားမောင်းနေတာမျိုးကို မြင်ရရင် အဆင်မပြေဘူး။ မင်းပဲ သူ့ကိုကူညီပေးနိုင်တာလေ။”

ရှောင်မင်ယန်းသည် ရှောင်လင်းယွီကိုတော့ တကယ်ဂရုစိုက်သူဖြစ်သည်။ သူတတ်နိုင်သမျှ သူမကို ကူညီပေးချင်ပေသည်။ သူမကို တခြားသူများ၏အားကိုးခိုင်းမည့်အစား သူကိုယ်တိုင်သာ ဖြည့်ဆည်းပေးလိုက်ချင်သည်။

ရှောင်လင်းယွီက၊ “စတုတ္ထဦးလေးမှာ ငြင်းဖို့လမ်းမရှိတော့ဘူးနော်။”

“ဟဟဟ၊ ဟုတ်တယ်၊ စတုတ္ထဦးလေး၊ အမြန်ဆုံးလက်နက်ချလိုက်တော့။” ရှောင်လင်းယဲ့၏အခန်းဖော်များကလည်း ဝိုင်းနောက်လာကြသည်။

ရှောင်မင်ယန်းကရယ်မောလိုက်ကာ၊ “ဟုတ်ပါပြီ၊ ငါ ကားမောင်းနည်းသင်လိုက်ပါ့မယ်။” ထို့နောက် သူက အခက်အခဲတစ်ခုကို တွေးမိသွားပြန်သည်။ “ယွီအာ၊ ဦးလေး ဘယ်မှာသင်ရမှာလဲ။”

ထိုအချိန်မှာပဲ ယန်ပေါင်လင်က ဝင်ပြောလာခဲ့သည်။ “စတုတ္ထဦးလေး၊ ကျွန်တော့်မှာ ယာဉ်မောင်းသင်တန်းကျောင်းဖွင့်ထားတဲ့ ဆွေမျိုးတစ်ယောက်ရှိတယ်။ အဲ့ဒီက နည်းပြတွေက တော်ကြတယ်၊ ပတ်ဝန်းကျင်အနေအထားကလည်း အရမ်းကောင်းတယ်။ ဦးလေး ကျောင်းအပ်ရအောင် ကျွန်တော် ခေါ်သွားပေးမယ်လေ။”

“ကျေးဇူးတင်ပါတယ်၊ ကျောင်းသားယန်။” ရှောင်မင်ယန်း လက်ခံလိုက်သည်။ “ငါ လယ်အလုပ်တွေပြီးသွားတာနဲ့ မင်းနဲ့အတူ ကျောင်းအပ်ဖို့လိုက်ခဲ့မယ်။”

“ကျေးဇူးတင်နေဖို့မလိုပါဘူး၊ စတုတ္ထဦးလေးရယ်။ ဦးလေးသာ အချိန်တိုတိုနဲ့တက်ချင်တယ်ဆိုရင် ကျွန်တော့်အမျိုးကို ဦးလေးအတွက် အထူးကြပ်မတ်အတန်းအပ်ဖို့ ပြောလိုက်မယ်။ ဒီလိုဆို ၇ရက်အတွင်း လိုင်စင်ရလိမ့်မယ်။”

“၇ရက်တည်းနဲ့ လိုင်စင်ရနိုင်တာလား။” ရှောင်မင်ယန်းသည် ယာဉ်မောင်းလိုင်စင်ရဖို့အတွက် လပေါင်းများစွာ အချိန်ယူရမည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ “လိုင်စင်က အဲ့လောက်မြန်မြန်နဲ့ရတယ်ပေါ့။”

“ရတာပေါ့။” ယန်ပေါင်လင် ခေါင်းညိတ်လိုက်သည်။

ရှောင်လင်းယွီကလည်း၊ “သမီးကတော့ စတုတ္ထဦးလေးအတွက် သင်တန်းကြေးပေးပေးမယ်၊ ပြီးတော့ လိုင်စင်မရမချင်း ဦးလေးကို ကျောင်းအပို့အကြိုပါလုပ်ပေးမယ်။”

ရှောင်မင်ယန်းက ခေါင်းယမ်းလိုက်သည်။ “ယွီအာ၊ သင်တန်းကြေးကိုတော့ ဦးလေးဘာသာပဲ ပေးလိုက်ပါ့မယ်။” သူ ရှောင်လင်းယွီကို ဒုက္ခမပေးလိုပေ။ ဒါ့အပြင် လိုင်စင်ယူတာမျိုးက သူ့အတွက်သူလုပ်ခြင်းဖြစ်သည်။ အနာဂါတ်မှာ သူလည်း ကိုယ်ပိုင်ကားဝယ်ပြီး မောင်းနိုင်မယ့် အခွင့်အရေး ရှိလာနိုင်တာပဲမဟုတ်လား။ “ဦးလေးကို ကျောင်းအပို့အကြိုလုပ်ပေးဖို့ပဲ ဒုက္ခခံပေးပါဦး။”

ယာဉ်မောင်းသင်တန်းကျောင်းသည် ရှင်းယင်မြို့တွင်ရှိတာကြောင့် သွားဖို့လာဖို့ အကူအညီလိုအပ်ပေသည်။

အားလုံးက အချိန်အတော်ကြာသည်အထိ ကားအသစ်လေးကို စူးစမ်းနေခဲ့ကြကာ နောက်ဆုံး ညစာစားမည့်အချိန်အထိပင်။

ညစာစားပြီးနောက် နဉ်ဝေ့ယီတို့အဖွဲ့က မေမေရှောင်၏ အထူးကောင်းမွန်လှသည့် ဟင်းချက်လက်ရာကို ထပ်ပြီးတွေ့ကြုံခံစားလိုက်ရပြန်သည်။

နဉ်ဝေ့ယီ၏ပါးစပ်က အတော်လေးကို ချိုလှကာ ချီးကျူးစကားများ တသီတတန်းထွက်လာပြန်သည်။ “ဒေါ်လေးရဲ့ဟင်းချက်လက်ရာနဲ့သာဆို နိုင်ငံအဆင့် ဟင်းချက်ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်တောင် ပထမနေရာရနိုင်တယ်။”

မေမေရှောင်သည် ထောင်ယွမ်ရွာတွင် ဟင်းချက်အတော်ဆုံးလူဟူ၍ နာမည်ကြီးပြီးဖြစ်ကာ ကလေးများ၏ချီးကျူးစကားများကိုကြားရချိန်တွင်လည်း အလွန်ကိုမှ ဝမ်းသာပျော်ရွှင်မိတုန်းပင်။ “ဒီအတိုင်း အိမ်ချက်ဟင်းလေးတွေပါပဲ။ ဘယ်လိုလုပ် အဲ့ဒီတကယ့်စားဖိုမှူးတွေနဲ့ ယှဉ်နိုင်ပါ့မလဲ။ ဒီကလေးတွေကတော့၊ ကြိုက်ရင်များများသာ ထည့်စားကြ။”

***

All Chapters