မြေပဲစိုက်ခြင်း
Vol. 8 Ch. 137
နောက်တစ်နေ့တွင်တော့ နဉ်ဝေ့ယီတို့အဖွဲ့သည် မြေပဲစိုက်ရန်အတွက် တပျော်တပါးကြီး လယ်ကွင်းများဆီသို့ ချီတက်ခဲ့ကြသည်။
လယ်ကွင်းသည် ကြီးမားတာကြောင့် အားလုံးစိုက်ပျိုးဖို့အတွက်ဆိုလျှင် အချိန်အနည်းငယ်ယူရမည်ဖြစ်သည်။ ရှောင်လင်းယွီသည် စတော်ဘယ်ရီ ၆မူ၊ မြေပဲ ၃မူ၊ ပဲပိစပ် ၃မူ၊ နဂါးမောက် ၄မူနှင့် ဟင်းသီးဟင်းရွက် ၅မူ-၆မူလောက် စိုက်ပျိုးရန် စီစဉ်ထားလေသည်။ စတော်ဘယ်ရီနှင့် နဂါးမောက်ကလွဲပြီး ကျန်တာအားလုံးကို နှစ်ရက်အတွင်း အပြီးစိုက်မည်ဖြစ်သည်။ တစ်နည်းပြောရရင်တော့ လက်ရှိတွင် မြေ၁၂-၁၃မူကို စိုက်ပျိုးရန် လိုအပ်နေလေသည်။ သူမတို့မိသားစုအပြင် ရှောင်လင်းယွီသည် စတုတ္ထဦးလေး၊ ဒေါ်လေးနှင့် ရွာထဲမှ အမျိုးသမီး ၆ဦးကိုလည်း ငှားထားခဲ့သည်။
ရှောင်လင်းယွီသည် မျိုးစေ့တချို့ကို စိုက်ပျိုးရေးနေရာလွတ်ထဲတွင် စိုက်ထားကာ ကျန်တာကိုတော့ မေမေရှောင်ကို ပေးလိုက်လေသည်။ မေမေရှောင်သည် ၎င်းတို့ကို အပင်ဖောက်ထားပြီး အခုတော့ သူတို့ ပြောင်းရွှေ့စိုက်ပျိုးတော့မည်ဖြစ်သည်။
ထောင်ယွမ်ရွာသားများသည် ရှောင်လင်းယွီ၏ဆုံးဖြတ်ချက်အပေါ် စိတ်ရှုပ်ထွေးနေကြသည်။ မေမေရှောင်သည် အရင်ကလည်း ဟင်းသီးဟင်းရွက်ရောင်းခဲ့ဖူးသော်လည်း စီးပွားရေးမကောင်းဘဲ အများစုမှာ အိမ်တွင်သာ ပုပ်သွားကြလေသည်။ အခုတော့ ရှောင်လင်းယွီကပါ သူမ၏အမေ၏လမ်းဟောင်းအတိုင်း လိုက်နေပြန်သည်။ ဒါ့အပြင် သူမက လယ်မြေဧရိယာအကြီးကြီးဖြင့်ပါ တခါတည်းစတင်လိုက်သေးသည်။
ရွာသားတော်တော်များများသည် သိပ်ပြီးမျှော်လင့်မထားကြပေ။ သို့သော်လည်း ဘာပဲဖြစ်ဖြစ် ရှောင်မိသားစု၏ငွေသာဖြစ်တာကြောင့် ဘာလို့ သူတို့က ဂရုစိုက်နေရမှာလဲ။
ထိုသို့အတွေးဝင်ပြီးနောက် တချို့ကတော့ သက်ပြင်းချကြလေသည်။ အရင်ကဆို ရှောင်ကျန်းယန်၏မိသားစုသည် ရှောင်မိသားစုမှ ခွဲထွက်ပြီးနောက် ထောင်ယွမ်ရွာတွင် အဆင်းရဲဆုံးမိသားစုဖြစ်ခဲ့သည်။ သူနှင့်သူ့မိသားစုသည် မိုးရွာချိန်တွင် မိုးရေယိုပြီး ဆောင်းရာသီတွင် အေးစိမ့်နေသည့် အိမ်ဟောင်းတစ်လုံးတွင် နေခဲ့ရသည်။ သူတို့၏ဘဝများက အတော်လေးကို ခက်ခဲခဲ့ကြလေသည်။ သို့သော်လည်း အခုချိန်မှာတော့ ရှောင်ကျန်းယန်တွင် အိမ်အသစ်တစ်လုံးနှင့် စုဆောင်းငွေများရှိနေပြီဖြစ်ကာ သူ့သမီးကလည်း ချမ်းသာလေသည်။ တကယ်ကို မနာလိုစရာကောင်းလှသည်။
မေမေရှောင်သည် ရှောင်လင်းယဲ့နှင့် သူ့အခန်းဖော်များအပါအဝင် လူတိုင်းအတွက် လုပ်ရမည့်အလုပ်များကို စီမံပေးခဲ့သည်။ ဒါပေါ့၊ ရှောင်လင်းယဲ့၏သူငယ်ချင်းသုံးယောက်ကိုတော့ အလွယ်ဆုံးအလုပ်တွေပဲ ပေးထားတာပါ။ ရှောင်လင်းယွီ၊ ရှောင်လင်းယဲ့နှင့် လျိုချွမ်းဟွာတို့က ထိုကလေးများကို ဦးဆောင်ကာ မြေပဲများစိုက်ကြလေသည်။
မေမေရှောင်နှင့်အခြားလူများကတော့ မြေလှန်ကာ မြေဩဇာထည့်ထားကြပြီဖြစ်သည်။ မြေဩဇာကတော့ ရှောင်ကွမ်းဆီမှရသည့် သဘာဝမြေဩဇာပင်။ ရှောင်လင်းယွီသည် သူမ၏အပင်များကို အော်ဂဲနစ်စစ်ဖြစ်အောင် စိုက်ပျိုးမည်ဟု ပြောထားလေသည်။ ဓာတုဓာတ်မြေဩဇာရော ပိုးသတ်ဆေးတွေကိုပါ အသုံးပြုမည်မဟုတ်ပေ။ ရှောင်ကွမ်းနှင့် တာ့ကွမ်းတို့သည် စမ်းရေများသောက်ထားတာကြောင့် သူတို့ဆီကရသည့် သဘာဝမြေဩဇာမှာလည်း စမ်းရေ၏အာနိသင်ပါဝင်လေသည်။
မနက်စောစောမှာပဲ ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့ နိုးလာကြလေသည်။ သူတို့က နဉ်ဝေ့ယီနှင့် ကျန်ကောင်လေးများ မနိုးသွားအောင် အသာလေးလှုပ်ရှားကြသော်လည်း သူတို့၏လှုပ်ရှားမှုများက ကောင်လေးများကို နိုးသွားစေတုန်းပင်။ ခမ်းလဲ့က အိမ်ချင်မူးတူးမျက်လုံးများဖြင့် ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်လေသည်။ အလင်းရောင်က မှိန်ဖျဖျသာထွက်သေးသည်။ “ယဲ့၊ မနက်အစောကြီး ဘာထလုပ်ကြတာလဲ။”
ရှောင်လင်းယဲ့က ရှင်းပြလာလေသည်။ “ငါတို့ အလုပ်သွားကြတော့မလို့။ မင်းတို့ ဆက်အိပ်လို့ရတယ်။ မနက်စာစားပြီးမှ လာခဲ့ကြ။”
ရှောင်လင်းယဲ့၏စကားများက သူတို့ကို ချက်ချင်း နိုးကြားသွားစေလေသည်။ “ဘာ?” သုံးယောက်သား အံ့ဩတကြီးထထိုင်လိုက်ကြတော့သည်။ “ယဲ့၊ ဒီလောက်အစောကြီး အလုပ်စဖို့လိုလို့လား။ အခုထိ နေတောင် မထွက်သေးဘူးလေ။”
“ဒါ လယ်သမားတွေရဲ့ဘဝပဲလေ။ မနက်စောစောထပ်ပြီးလုပ်မှ ရာသီဥတုလည်းမပူ၊ မြေဆီလွှာကလည်း သဘာဝအတိုင်း စိုစွတ်နေမှာ၊ ဒီတော့မှ ပျိုးပင်တွေလည်း အမြစ်တွယ်ဖို့ ပိုလွယ်မှာလေ။”
နဉ်ဝေ့ယီက ခေါင်းကိုခပ်ပြင်းပြင်းကုတ်လိုက်ကာ၊ “ငါထင်တာ ငါတို့လယ်ထဲက ၉နာရီလောက်မှ သွားမယ်ထင်တယ်။ ပုံမှန် ၉-၅ အလုပ်တွေလိုလေ။”
“ငါလည်း အဲ့လိုပဲ ထင်လိုက်တာ။” ယန်ပေါင်လင်ကလည်း ပြောလိုက်သည်။ “ကျေးလက်ဒေသတွေမှာ ဒီလောက်အစောကြီး ထဖို့လိုလိမ့်မယ်လို့ မထင်ထားဘူး။”
ရှောင်လင်းယဲ့တစ်ယောက် ထိုသခင်လေးများကိုကြည့်ကာ မျက်လုံးသာ လှန်ပြလိုက်တော့သည်။ “မင်းရဲ့တစ်နှစ်တာအတွက် နွေရာသီမှာ အစီအစဉ်ဆွဲပါ၊ မင်းရဲ့တစ်နေ့တာအတွက်တော့ မနက်ခင်းမှာ အစီအစဉ်ဆွဲပါတဲ့။ လယ်သမားတွေက သူတို့အစားအသောက်အတွက် မိုးနတ်မင်းကိုပဲ အားကိုးကြရတာ။ ငါတို့ရဲ့နေ့စဉ်အစီအစဉ်နှင့် နှစ်စဉ်အစီအစဉ်တွေက ရာသီဥတုပေါ်မူတည်ပြီး သက်ရောက်မှုကြီးတယ်။ အခုပဲ ကောင်းကင်ကိုကြည့်လိုက်။ နေ့လည်လောက်ဆို နေကအရမ်းပြင်းပြီ၊ ဒီတော့ နေအရမ်းမပူခင် ငါတို့အလုပ်တွေ ပြီးအောင် လုပ်ထားတာ ပိုကောင်းတယ်။”
ခမ်းလဲက ကြောင်စီစီဖြစ်နေတုန်းပင်၊ “လယ်စိုက်ပါတယ်ဆို ဒီလောက်နက်နဲတဲ့ အတွေးအခေါ်တွေ လိုဦးမယ်လို့ ဘယ်သူက ထင်မှာလဲ။ ယီ၊ ပေါင်၊ ထကြ၊ ငါတို့လည်း အလုပ်သွားကြရအောင်။”
“အင်း.. အင်း…” သုံးယောက်သား စောင်ထဲမှ လူးလှိမ့်ထကြတော့သည်။
ထိုအခါ ရှောင်လင်းယဲ့က၊ “မင်းတို့နည်းနည်းလောက် ဆက်အိပ်ကြပါဦးလား။ ပုံမှန်ဆို မင်းတို့ စာအရမ်းလုပ်ထားကြရတာလေ။ ဒီလိုအခွင့်အရေးမျိုးမှာ ကောင်းကောင်းအနားယူသင့်တယ်။”
ယန်ပေါင်လင်က မျက်လုံးလှန်လိုက်ကာ၊ “မင်းကမှ ငါတို့ထက်တောင် ပိုကြိုးစားသေးတာလေ။ ဒါပေမယ့် မင်းတောင် အလုပ်သွားသေးတာပဲ။ ငါတို့လည်း မင်းရဲ့စံနမူနာအတိုင်း လိုက်လိုက်ရမှာပေါ့။”
“ဟုတ်တယ်၊ ဟုတ်တယ်။” နဉ်ဝေ့ယီက အိပ်ရာထဲမှ ကုန်းရုန်းထကာ ဖိနပ်စီးလိုက်သည်။ “မင်းပြောသလိုပဲလေ၊ မင်းရဲ့တစ်နှစ်တာအတွက် နွေရာသီမှာ အစီအစဉ်ဆွဲပါ၊ မင်းရဲ့တစ်နေ့တာအတွက်တော့ မနက်ခင်းမှာ အစီအစဉ်ဆွဲပါ။ ငါတို့သာဆက်အိပ်နေရင် ဝက်တွေဖြစ်ကုန်မှာပေါ့။”
“ဒါပေမယ့်…” ရှောင်လင်းယဲ့က သူတို့ကို ဆက်ပြီး တိုက်တွန်းချင်နေသေးသည်။
ယန်ပေါင်လင်က ချက်ချင်းပင် ရှောင်လင်းယဲ့၏လည်ပင်းကို လက်မောင်းနှင့် ချိတ်လိုက်ကာ၊ “ယဲ့၊ ဒီလိုကျေးလက်က မနက်ခင်းလေက အရမ်းကိုလတ်ဆတ်တယ်လို့ ငါကြားဖူးတယ်။ ငါတို့လည်း မနက်စောစောထပြီး လတ်လတ်ဆတ်ဆတ်လေကို ရှူသင့်တာပေါ့။”
“ဟုတ်ပါပြီ။” ရှောင်လင်းယဲ့လည်း ဆက်ပြီး အိပ်ဖို့ မတိုက်တွန်းတော့ပေ။ “ဒါဆိုလည်း မြန်မြန် သွားတိုက် မျက်နှာသစ်ကြ။ ငါ မင်းတို့ကို လယ်ထဲခေါ်သွားပေးမယ်။ ငါ့အစ်မနဲ့ စတုတ္ထဒေါ်လေးက သွားတောင် သွားကြပြီ။ ၈နာရီလောက်ဆို မနက်စာပြန်လာစားမှာ။ မနက်စာစားပြီးရင် အလုပ်ဆက်လုပ်ကြမယ်။”
သူသည်က ကျေးတောသားတစ်ယောက်ဖြစ်တာကြောင့် ငယ်ငယ်ကတည်းက မနက်စောစောထကာ အလုပ်သွားရသည်အား အကျင့်ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း ဒီသခင်လေး သုံးယောက်ကတော့ မတူပေ။ သူတို့အတွက်တော့ လေ့လာရေးခရီးစဉ်တစ်ခုလိုပင်။
“ငါတို့ပြီးပြီ။ သွားကြရအောင်။”
သူတို့ထွက်ခွာချိန်မှာတော့ ကောင်းကင်က အတော်လေး လင်းနေပြီဖြစ်သည်။ လေနုအေးက လတ်ဆတ်လှကာ ငှက်များက တကျီကျီတကျာကျာဖြင့် တေးသီနေကြလေသည်။ လမ်းတစ်လျှောက်တွင်တော့ ကြိုးကြိုးစားစား အလုပ်လုပ်နေကြပြီဖြစ်သည့် ရွာသားများစွာကို တွေ့မြင်ခဲ့ရသည်။ တချို့က ပေါင်းရှင်းနေကာ၊ တချို့ကတော့ အပင်စိုက်နေကြသည်။ လယ်ထဲက ရေလယ်ဗယ်နှင့် ပျိုးပင်များ၏အခြေအနေကို စစ်ဆေးနေကြသည့် ရွာသားများလည်း ရှိသေးသည်။ ကလေးများကတော့ ဘဲနှင့်ငန်းများကို အစာကျွေးရန်အတွက် ခရုများကောက်နေကြလေသည်။ လူတိုင်းက တက်တက်ကြွကြွနှင့် လှုပ်ရှားလုပ်ကိုင်နေကြသည်။
သူတို့သုံးယောက်အတွက်တော့ မြို့ပေါ်တွင် တခါမှမမြင်တွေ့ဖူးသည့် မြင်ကွင်းမျိုးပင်။
ရှောင်လင်းယွီ၏လယ်ကွင်းဆီသို့ ရောက်လာပြီးချိန်မှာတော့ ရှောင်လင်းယဲ့နှင့် သူငယ်ချင်းတစ်စုမှာ အံ့ဩသွားခဲ့ကြသည်။
ရှောင်လင်းယွီက သူတို့ကိုမြင်သွားကာ၊ “မောင်လေး၊ ဘာလို့ သူတို့ကို ဒီလောက်အစောကြီး နှိုးလာတာလဲ။”
ရှောင်လင်းယဲ့က တိုးတိုးလေးပြန်ပြောနေသည်။ “အစ်မကလည်း ငါကအပြစ်ကင်းတဲ့သူပါနော်။ သူတို့ကို မနှိုးပါဘူး။ သူတို့ဘာသာထပြီး ငါနဲ့လိုက်ချင်နေကြတာလေ။”
ရှောင်လင်းယွီက ကောင်လေးများကို မေးလိုက်သည်။ “ဘာလို့ ဆက်အိပ်ပြီး မနက်စာစားပြီးမှ မလာကြတာလဲ။”
နဉ်ဝေ့ယီက ပြုံးလိုက်ကာ၊ “အစ်မကလည်း ကျွန်တော်တို့က ဒီကို အလုပ်လုပ်ဖို့ လာတာလေ။ အစ်မနဲ့ စတုတ္ထဒေါ်လေးတို့က အလုပ်လုပ်နေတဲ့အချိန် ကျွန်တော်တို့က ဆက်အိပ်နေလို့ဖြစ်မလား။” သူတို့သုံးယောက်က နောက်ထပ်အမျိုးသမီးတစ်ယောက်နှင့်အတူ အလုပ်လုပ်နေသော လျိုချွမ်းဟွာကို ကြည့်လိုက်ကြသည်။ လျိုချွမ်းဟွာသည် မြေပဲစေ့ကို ကျင်းလေးထဲသို့ထည့်ကာ နောက်တစ်ယောက်ကတော့ မျိုးစေ့၏ပတ်လည်တွင် မြေဩဇာထည့်နေလေသည်။
သုံးယောက်သား ခဏမျှလေ့လာကြည့်ပြီးနောက်၊ “အစ်မ၊ ကျွန်တော်တို့က ကူညီပေးဖို့လာတာလေ၊ အပျော်လာတာမဟုတ်ဘူး။ မြေပဲဘယ်လိုစိုက်ရလဲ ကျွန်တော်တို့ကိုလည်း သင်ပေးပါ။”
ရှောင်လင်းယွီသည် မြောင်းလေးများကို ညွှန်ပြလိုက်ကာ၊ “အဲ့ဒီမြောင်းလေးတွေ တွေ့လား။ မင်းတို့ အဲ့မြောင်းလေးတွေထဲမှာ မြေပဲစေ့တွေထည့်ရမှာ၊ တစ်ခါထည့် နှစ်စေ့နော်။ ပြီးရင် ၁၅စင်တီမီတာခြားပြီး အဲ့လိုပဲ ဆက်ထည့်သွား။ မင်းတို့သုံးယောက် မျိုးစေ့စထည့်လိုက်ရပြီ။ ယဲ့အာ၊ မင်းကတော့ ငါ့ကိုကူညီပြီး မြေဩဇာလိုက်ထည့်ပေး။” သဘာဝမြေဩဇာသည် အနံ့မကောင်းတာကြောင့် ဧည့်သည်များကို လုပ်ခိုင်းလို့မဖြစ်ပေ။
“ဟုတ်ကဲ့။” ရှောင်လင်းယဲ့အတွက်တော့ ပြဿနာမရှိပေ။ သူ့မိဘများကို ကူညီပေးနေကြဖြစ်လေသည်။
နဉ်ဝေ့ယီနှင့်ကျန်နှစ်ယောက်သည် သူတို့လစ်မစ်သူတို့သိကြလေသည်။ သူတို့သည် အခုမှစပြီး လယ်စိုက်မှာဖြစ်တာကြောင့် လွယ်ကူတဲ့အလုပ်မျိုးကနေ အရင်ဆုံးစလုပ်ရမည်။ သူတို့က ရှောင်လင်းယွီလုပ်နေသည်ကို လေ့လာပြီးနောက် သူမကိုအတုယူဖို့ ကိုးရိုးကားရားဖြင့် ကြိုးစားနေကြလေသည်။
သူတို့က မျိုးစေ့ထည့်ဖို့ ကျင်းလေးများတူးကာ တခါတည်း မျိုးစေ့များ ထည့်သွားကြသည်။ အတွေ့အကြုံရင့် လယ်သမားများလိုတော့ တခါတည်း စိတ်မှန်းဖြင့် အကွာအဝေးကို မတိုင်းတာနိုင်တာကြောင့် ၁၅စင်တီမီတာလောက်ရှိသည့် တုတ်ချောင်းတစ်ချောင်းကိုရှာကာ အတိုင်းအဖြစ် အသုံးပြုကြလေသည်။
ရှောင်လင်းယွီနှင့် လျိုချွမ်းဟွာတို့ကတော့ သူတို့ပါးစပ်ကို အုပ်ပြီး ရယ်လိုက်ကြသည်။ ဒီကလေးတွေ အရမ်းချစ်ဖို့ကောင်းတာပဲ။ ရှောင်လင်းယဲ့ကတော့ မျက်လုံးသာ လှန်နေခဲ့သည်။
မကြာလိုက်ပါပဲ သုံးယောက်သား လယ်အလုပ်တွင် အသားကျလာကြသည်။ တုတ်ချောင်းကိုသုံးကာ တိုင်းနေဖို့ မလိုတော့ပေ။ သူတို့ရောက်လာချိန်က ၆နာရီလောက်တွင်ဖြစ်ကာ ၈နာရီထိုးချိန်မှာတော့ မနက်စာစားရန် နားလိုက်ကြသည်။ သူတို့သုံးယောက်လည်း မြေ၁မူစာ မျိုးစေ့ချပြီးသွားကြလေပြီ။
သို့သော်လည်း သူတို့ အလွန်ကိုမှ ပင်ပန်းသွားကြသည်။ သူတို့ခါးများက သူတို့အပိုင်မဟုတ်တော့သလိုပင် ခံစားရကြလေသည်။ အလွန်ကိုမှ နာကျင်ကိုက်ခဲနေကြသည်။ သူတို့လည်း နောက်ဆုံးမှာတော့ လယ်သမားတစ်ယောက်၏အခက်အခဲကို နားလည်သွားကြတော့သည်။
မေမေရှောင်ကတော့ စိုးရိမ်ပူပန်စွာ ပြောလာခဲ့သည်။ “ကလေးတွေ ဒီနေ့မင်းတို့လုပ်တာ တော်လောက်ပြီနော်။ အိမ်ပြန်ပြီး စာလုပ်ရင်လုပ် မဟုတ်ရင်လည်း နားလိုက်ကြဦး။ ကြည့်ပါဦး၊ အရမ်းပင်ပန်းနေကြပြီ။ ခါးတောင်ကောင်းကောင်း မဆန့်နိုင်ကြတော့ဘူး။”
သုံးယောက်သား ချက်ချင်းပင် ငြင်းဆန်လိုက်လေသည်။ “မဟုတ်တာ ဒေါ်လေး။ ကျွန်တော်တို့ ဒီလောက်နဲ့ တော်လိုက်လို့မဖြစ်ဘူးလေ။”
နဉ်ဝေ့ယီက၊ “ဒေါ်လေး၊ ဒါက ပင်ပန်းတယ်ဆိုပေမယ့် ကျွန်တော်တို့ ပျော်ပါတယ်။ မနက်စာစားပြီးရင်လည်း ဆက်ပြီး ကူလုပ်ပေးဦးမယ်။”
မေမေရှောင်သည် သူတို့ကို အကြိမ်အနည်းငယ်ခန့် ထပ်ပြီး တိုက်တွန်းကြည့်သော်လည်း သူတို့က အလွန်တင်းခံနေကြတာကြောင့် သူမလည်း မပြောတော့ပေ။
“ဒေါ်လေး၊ ဒီယာဂုက အရမ်းအရသာရှိတာပဲ။” ဒီလောက်အရသာရှိသည့်ယာဂုမျိုး ယန်ပေါင်လင် ပထမဆုံးအကြိမ် စားဖူးခြင်းပင်။ “ဒီယာဂုသောက်ပြီးတော့ နေရတာ ပိုကောင်းလာသလိုပဲ။ ကျွန်တော့်ခါးကလည်း သိပ်မနာတော့ဘူး။”
“ဟုတ်တယ်၊ ကျွန်တော်လည်း အတူတူပဲ။” နဉ်ဝေ့ယီနှင့် ခမ်းလဲ့တို့ကလည်း ထောက်ခံလာကြသည်။ “ဒေါ်လေးရဲ့လက်ရာကိုစားရတာ တကယ်ကို ကောင်းချီးပေးခံရတာပဲ။”
မေမေရှောင်က ရယ်မောလိုက်လေသည်။ “ကြိုက်ရင်လည်း များများထည့်စားကြ။”
လျိုချွမ်းဟွာက မေးလာခဲ့သည်။ “အစ်မ ဒီယာဂု ဘယ်လိုချက်တာလဲ။ အရမ်းအရသာရှိတာပဲ။”
ရှောင်လင်းယွီလည်း ယာဂုကိုသောက်ပြီးနောက် သူမအမူအရာကို ဖုံးကွယ်ရန်အတွက် ပေါက်စီတစ်လုံးကို စားနေလိုက်သည်… ဒီယာဂုကို စမ်းရေသုံးပြီး ချက်ထားတာမှန်းကိုတော့ သူတို့မသိခဲ့ကြပေ။
***