ပဲပိစပ်စိုက်ခြင်း
Vol. 8 Ch. 138
မနက်စာစားပြီးနောက် သူတို့တစ်ဖွဲ့လုံး မြေပဲနှင့်ပဲပိစပ်များစိုက်ပျိုးရန်အတွက် လယ်ကွင်းဆီသို့ ပြန်လည်ချီတက်ခဲ့ကြလေသည်။ ကောင်လေးသုံးယောက်က မြေပဲများ ဆက်လက်စိုက်ပျိုးကြသည်။ လေ့ကျင့်ပါများခြင်းက အကောင်းဆုံးရလဒ်ကို ပိုင်ဆိုင်နိုင်လေသည်။ သူတို့က ကျန်သည့် မြေတစ်မူကို ၁နာရီအတွင်း အပြီးစိုက်နိုင်ရန် ကြိုးစားခဲ့ကြသည်။
သို့သော်လည်း သူတို့ပြီးခါနီးမှာပဲ မေမေရှောင်က အမျိုးသား၄ယောက်ကိုခေါ်လာခဲ့သည်။ နဉ်ဝေ့ယီလှမ်းကြည့်လိုက်ရာ ကုကျီယဲ့တို့အဖွဲ့ရောက်လာခြင်းဖြစ်ကြောင်း မြင်လိုက်ရလေသည်။
“ယွီအာ၊ သူတို့က သမီးသူငယ်ချင်းတွေလို့ပြောတယ်။ မြေပဲနဲ့ပဲပိစပ်စိုက်တာ ကူညီဖို့ လာကြတာတဲ့။” မေမေရှောင်သည် ထိုအမျိုးသား၄ယောက်ကို သံသယဖြင့် ကြည့်လိုက်လေသည်။
ဘာလို့ဖြစ်မလဲ?
အဓိကအကြောင်းအရင်တော့ ထိုလူငယ်၄ယောက်သည် ရှောင်လင်းယွီနှင့် အသက်အတူတူလောက်ပင်ဖြစ်ကာ ချောမောခန့်ညားကြလေသည်။ နှစ်ယောက်က ဝတ်စုံပြည့်ဝတ်ထားကာ ကျန်နှစ်ယောက်ကတော့ ပုံမှန်အဝတ်အစားသာဝတ်ထားသည်။ ဘာပဲဖြစ်ဖြစ် ရွာသားများထက်တော့ ပိုကောင်းသည့်အဝတ်အစားများ ဝတ်ထားခြင်းဖြစ်ကြောင်းကို မေမေရှောင် ပြောနိုင်လေသည်။ ဒါ့အပြင် သူတို့က ကားမောင်းလာကြခြင်းဖြစ်သည်။ သူတို့ရှောင်မိသားစုအိမ်သို့ရောက်ချိန်တွင် မေမေရှောင်က သူတို့ကားများကို မြင်ခဲ့ခြင်းဖြစ်သည်။ ဒီတော့ သူတို့က ချမ်းသာကြပေသည်။
ယွီအာ Zမြို့မှာ အကြာကြီးအလုပ်လုပ်ခဲ့ပြီး ပြန်ရောက်တာ မကြာသေးပေ။ ဒါနဲ့တောင် ဘယ်လိုလုပ် ဒီလိုအချိန်တိုလေးအတွင်းမှာ ဒီလောက်သူငယ်ချင်းအသစ်တွေအများကြီး ဖွဲ့နိုင်သွားတာလဲ။ ထိုအမျိုးသားများသည် ယွီအာကြောင့် ရောက်လာခြင်းဖြစ်ပြီး မကောင်းသည့်စိတ်များရှိနေမည်ကို မေမေရှောင် စိုးရိမ်နေလေသည်။
မေမေရှောင်နှင့် ထိုအမျိုးသားလေးယောက် အတူလာသည့်လမ်းတွင် တခြားရွာသားများနှင့် တွေ့ခဲ့ကြသည်။ ရွာသားများ၏ ထူးဆန်းသည့်အကြည့်များက မေမေရှောင်ကို မသက်မသာခံစားစေရသည်။ ကျေးလက်တောရွာဘက်မှ ဘဝများသည် အလွန်ကိုမှ ရှေးရိုးဆန်ကြလေသည်။ ရှောင်လင်းယွီ ရွာကထွက်သွားခဲ့တာတောင်မှ ထိုလူများ၏မျက်လုံးများထဲတွင် ကျေးတောသူတစ်ယောက်အဖြစ် ရှိနေတုန်းပင်။
ရုတ်တရက် များပြားလှသည့်အမျိုးသားများက ရှောင်လင်းယွီကို လာရှာကြရာ တချို့ရွာသားများက ရှောင်လင်းယွီသည် မတော်တရောင်အပြုအမူများဖြင့် ထိုလူအားလုံးကို တွဲခဲ့သည်ဟု တွေးနေကြပြီဖြစ်သည်။ အခုအစုလိုက်ရောက်လာကြတာလည်း သူမနှင့် စာရင်းရှင်းဖို့ဖြစ်မည်ဟုပင်။ ရွာသားများသည် သူမကို ပြစ်တင်ရှုံ့ချကာ ကဲ့ရဲ့နေကြလေပြီ။ ဒါကြောင့်ပဲ မေမေရှောင်သည် လက်ရှိအချိန်တွင် အလွန်ကိုမှ စိတ်အခြေအနေ မကောင်းနေခြင်းဖြစ်သည်။
အစကတော့ မေမေရှောင်သည် ထိုအမျိုးသားများကို မောင်းထုတ်ပစ်ဖို့ စိတ်ကူးပစ်သော်လည်း သေချာပြန်တွေးကြည့်လိုက်ရာ သူမသမီးသူငယ်ချင်းဖွဲ့တာကို ကြားဝင်နှောက်ယှက်ဖို့ မကောင်းကြောင်း ခံစားလိုက်ရသည်။
ရှောင်လင်းယွီသည် ကျေးလက်တောရွာတွင် ကြီးပြင်းလာခဲ့တာကြောင့် သူမအမေမျက်နှာအမူအရာကို မြင်သည်နှင့် ရွာသားများက တစ်ခုခုပြောနေလောက်ခြင်းဖြစ်ကြောင်း သူမသိလိုက်ပေသည်။ သူမအမေ၏စိုးရိမ်ပူပန်မှုကို ဖြေသိမ့်ရန်အတွက် ရှောင်လင်းယွီက၊ “အမေ၊ သူတို့ကသမီးသူငယ်ချင်းတွေလေ။ သူက ကုကျီယဲ့၊ သူ့ဟိုတယ်က သမီးတို့ရဲ့အသီးအရွက်တွေကို ဝယ်နေတာလေ။ ဒါကတော့ ယွမ်ရွှမ်ဟောက် သမီးကားဝယ်တော့ လျှော့ဈေးတွေအများကြီးပေးလိုက်တဲ့ သူငယ်ချင်းလေ။ ပြီးတော့ သူတို့က ကျန်းဟိုင်ယန်နဲ့ ချန်ယီဖန်းလို့ခေါ်တယ်။”
ထိုအချိန်မှာပဲ နဉ်ဝေ့ယီနှင့်ကောင်လေးများက ရောက်လာကြကာ နဉ်ဝေ့ယီက နှုတ်ဆက်လိုက်သည်။ “အစ်ကို၊ ကျန်းကော၊ ကုကော၊ ချန်ကော ဘာလို့ ဒီလောက်ကြာနေတာလဲ။ ကျွန်တော်တို့တောင် မြေပဲစိုက်တာ ပြီးတော့မယ်။”
ကျန်တဲ့ကောင်လေးနှစ်ယောက်ကလည်း နှုတ်ဆက်လိုက်ကြသည်။
နဉ်ဝေ့ယီက ထိုအမျိုးသားများနှင့် အလွန်ရင်းနှီးနေကြောင်း မေမေရှောင် တွေ့လိုက်ရကာမှ အနည်းငယ် စိတ်အေးသွားရလေသည်။ သူမက ပြုံးလိုက်ကာ၊ “ဝေ့ယီ၊ သားတို့က သိနေကြတာလား။”
နဉ်ဝေ့ယီက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် ဒေါ်လေး၊ ဒါက ကျွန်တော့်ဝမ်းကွဲလေ။ ကျန်တဲ့အစ်ကိုကြီးသုံးယောက်ကလည်း ကျွန်တော်တို့မိသားစုနဲ့ မိတ်ဆွေတွေ။” နဉ်ဝေ့ယီက တိုတိုတုတ်တုတ် ထပ်မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် သူကခနရပ်လိုက်ကာ၊ “တကယ်တော့၊ မနေ့ကမှ အစ်မလည်း သူ့နားကလူတွေက တစ်ယောက်နဲ့တစ်ယောက် သိနေကြတယ်ဆိုတာ သိသွားတာ။” နဉ်ဝေ့ယီက ကိစ္စတစ်ခုကို သတိရသွားပြန်ကာ၊ “ဒါနဲ့ ဒေါ်လေး၊ ခရိုင်မြို့ပေါ်မှာ အစ်မငှားထားတဲ့အိမ်ကို သိလား။”
“အဘွားစုန့်ရဲ့အိမ်ကိုပြောတာလား။” မေမေရှောင်က ပြောလိုက်ပြီးနောက် လူငယ်လေးယောက်ကို ကြည့်ကာ မေးလိုက်လေသည်။ “မင်းတို့ထဲမှာ အဘွားစုန့်နဲ့ ဆက်နွယ်တဲ့သူပါတာလား။”
“ဟုတ်တယ်၊” နဉ်ဝေ့ယီက ဝင်ပြီးဖြေလိုက်လေသည်။ “ဒေါ်လေး၊ အဘွားစုန့်က ကျန်းကောရဲ့အဘွား၊ ကျွန်တော်တို့ရဲ့အိမ်နီးချင်းလေ။”
“ဟမ်။” မေမေရှောင်အံ့ဩသွားကာ ရယ်လာခဲ့သည်။ “ဟဟ၊ တကယ်ကို တိုက်ဆိုင်တာပဲ။”
“ဟုတ်ပါတယ်ဆို။” ကျန်လူများကလည်း ရယ်မောလာကြသည်။
အသစ်ရောက်ရှိလာသည့် လူငယ်များကြားမှ ဆက်နွယ်မှုကို အတည်ပြုပြီးနောက်မှာတော့ မေမေရှောင်သည် ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့အား၊ “ဧည့်သည်တွေကို ဧည့်ခံထားကြဦး။ အမေ အိမ်အရင်ပြန်နှင့်မယ်။” အိမ်မှာ ဟင်းချက်ဖို့ တစ်ယောက်တော့ ရှိဖို့လိုကာ မေမေရှောင်က ဟင်းချက်အကောင်းဆုံးဖြစ်သည်။ ရှောင်လင်းယွီကတော့ သူမအမေ၏ဟင်းချက်လက်ရာကို တစ်ဝက်လောက်သာ မှီလေသည်။ ဧည့်သည်တွေ ပိုများလာတာကြောင့် ဟင်းပွဲများများပြင်ဆင်ရမည်ဖြစ်၍ မေမေရှောင်တစ်ယောက် အိမ်သို့ အမြန်ပြန်သွားတော့သည်။
မေမေရှောင်ထွက်သွားပြီးနောက်မှာတော့ နဉ်ဝေ့ယီတို့အဖွဲ့က ကုကျီယဲ့တို့အဖွဲ့ကို ဝိုင်းလိုက်ကြလေသည်။ ကုကျီယဲ့တို့မှာ ကြက်သီးထသွားကြကာ၊ “ကောင်စုတ်လေးတွေ၊ ဘာလို့ ငါတို့ကို ဒီလိုအကြည့်မျိုးနဲ့ ကြည့်နေကြတာလဲ။” ယွမ်ရွှမ်ဟောက်က မပျော်မရွှင်အမူအရာဖြင့် မေးလိုက်လေသည်။
နဉ်ဝေ့ယီက၊ “အစ်ကိုတို့ ဒီကို ကစားဖို့လာတာလား၊ အလုပ်လုပ်ဖို့လာတာလား။” သူ့အသံက အထင်သေးသည့်အရိပ်အယောင် အနည်းငယ်ပါဝင်လို့နေသည်။
“အဓိပ္ပါယ်မရှိတာတော့၊ သေချာပေါက် ကူညီဖို့လာတာပေါ့။” ယွမ်ရွှမ်ဟောက်က ပြန်အော်လိုက်လေသည်။
“ဒီလိုဆို ဘာကိစ္စ ဝတ်စုံပြည့်ကြီး ဝတ်လာရတာလဲ။ ပြီးတော့ ဘရန်းဝတ်စုံကြီး။ အစ်ကိုတို့ ကြွားလုံးထုတ်ဖို့လာကြတာလား။”
ဒီတော့မှာပဲ ကျန်းဟိုင်ယန်နှင့်ကျန်သုံးယောက်မှာ သူတို့ဘာမှားနေမှန်း သိသွားကြတော့သည်။ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်မိကာ သူတို့အားလုံး အကောင်းဆုံးဆိုသည့်အဝတ်အစားများကိုသာ ဝတ်ထားကြကြောင်း သတိထားမိသွားတော့သည်။ အလွန်ဈေးကြီးလှသည့် ရုံးတက်ဝတ်စုံပြည့်မျိုးကိုတောင်မှ ဝတ်ထားသေးလေသည်။ သူတို့လည်း သူတို့သူငယ်ချင်းကို လာတွေ့ရမည်ဆိုတော့ အကောင်းဆုံးပြင်ဆင်ခဲ့ခြင်းပင်။ သူတို့လာရသည့်နေရာက ကျေးလက်တောရွာတစ်ခုဆိုသည့်အချက်ကိုတော့ လုံးဝမေ့သွားကြလေသည်။
ကုကျီယဲ့နှင့် ယွမ်ရွှမ်ဟောက်သည် ဝတ်စုံပြည့်များဝတ်ဆင်ထားကာ ကျန်းဟိုင်ယန်နှင့် ချန်ယီဖန်းသည်တော့ ဖက်ရှင်ကျသည့် ပုံမှန်ဝတ်စုံမျိုးကို ဝတ်ထားခဲ့ကြသည်။
“ဒါဆို အခုဘယ်လိုလုပ်ကြမလဲ။” ယန်ပေါင်လင်းက ရောက်လာကာ ခပ်ညစ်ညစ်ပြုံးရင်းမေးလိုက်သည်။ “ပြန်သွားပြီး လဲကြမှာလား။ အစ်ကိုတို့ဝတ်စုံတွေက အနည်းဆုံး ယွမ်ထောင်ကျော်တွေချည်းပဲ။ ဒါတွေဝတ်ပြီး လယ်စိုက်ကြမှာလား။”
လျိုချွမ်းဟွာနှင့် ကျန်သည့်အမျိုးသမီးကြီးများမှာ ဝတ်စုံများ၏ တန်ဖိုးမှာ ယွမ်ထောင်ကျော်သည်ကို ကြားလိုက်ရသည်နှင့် တန့်သွားကြတော့သည်။ အမလေးလေး…
သူတို့တစ်ဘဝလုံးကုန်းရုန်းရှာရင်တောင်မှ ဒီလူတွေရဲ့ဝတ်စုံတွေကို ဝယ်ဖို့ မတတ်နိုင်လောက်ဘူး။
သို့သော်လည်း သူတို့စိတ်ထဲမှာတော့ အံ့အားသင့်စိတ်များရှိနေကြသည်။ ‘ဒီလူတွေက ဘယ်သူတွေများလဲ။ ဘယ်လိုလုပ်ပြီး ယွီအာရဲ့သူငယ်ချင်းတွေ ဖြစ်လာကြတာလဲ။’
လျိုချွမ်းဟွာသည်လည်း မေမေရှောင်လိုပဲ စိုးရိမ်လာခဲ့သည်။ ‘ဒီလူတွေက လူချမ်းသာတွေပဲ။ ဘာလို့ ယွီအာအတွက် အထူးတလည် လယ်စိုက်ဖို့ လာကြတာလဲ။ သူတို့မှာ ရည်ရွယ်ချက်တစ်ခုခုများရှိနေတာလား။ ယွီအာဆီက အမြင်ကောင်းရအောင်လို့ ကူညီပေးချင်နေကြတာလား။ ဒါပေမယ့် သူတို့ရောက်လာတာက လူပြောစရာဖြစ်လာမှာပဲ။ ယွီအာရဲ့ဂုဏ်သတင်းအတွက် မကောင်းဘူး’ လျိုချွမ်းဟွာသည် အသေးစိတ်အခြေအနေများကို ထပ်သိချင်သေးသော်လည်း ဧည့်သည်တွေရှိနေသေးတာကြောင့် မမေးနိုင်ခဲ့ပေ။
နဉ်ဝေ့ယီတို့အဖွဲ့သည် ကုကျီယဲ့နှင့် ယွမ်ရွှမ်ဟောက်တို့ သူတို့ကုတ်တွေကို မချွတ်မချင်း ဝိုင်းစနေကြလေသည်။ သူတို့က ကုတ်များကိုချွတ်ကာ သန့်ရှင်းသည့်တစ်နေရာတွင် တင်ထားလိုက်ကြသည်။
နဉ်ဝေ့ယီက ရွဲ့ပြုံးပြုံးလိုက်ကာ၊ “အစ်ကို၊ ကုတ်ကိုချွတ်လို့ရပေမယ့် ကျန်တဲ့အင်္ကျီနဲ့ဘောင်းဘီရှည်ကျတော့ရော။”
ယွမ်ရွှမ်ဟောက်က မျက်လုံးကိုလှန်ကာ ဆူငေါက်လိုက်တော့သည်။ “ပါးစပ်ပိတ်ထားလိုက်တော့။” သူတို့၏ဝတ်စုံများဖြင့်ပင် အလုပ်လုပ်တော့မည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် နောက်တစ်စုံလောက်ထပ်ဝယ်ဖို့ သူတို့အနေနဲ့ မတတ်နိုင်ကြတာမှမဟုတ်တာ။ ဘာတွေ ရေးကြီးခွင်ကျယ်လုပ်နေတာလဲ။
ကျန်းဟိုင်ယန်က ရှောင်လင်းယွီနားသို့သွားကာ မေးလိုက်သည်။ “လင်းယွီ၊ ငါတို့ ဘာလုပ်ပေးရမလဲ။”
“ဟမ်။” ရှောင်လင်းယွီသည် သန့်သန့်ပြန့်ပြန့်ဝတ်ဆင်ထားသည့် ထိုအမျိုးသားများကို ကြည့်လိုက်ကာ၊ “ကျွန်မတို့ ပဲပိစပ်စိုက်ဖို့တော့ ရှိသေးတယ်။” နဉ်ဝေ့ယီတို့အဖွဲ့သည် မြေပဲ ၃မူစိုက်တာ ပြီးတော့မည်ဖြစ်သည်။
ရှောင်လင်းယွီလည်း ပေါက်ပြားကိုချကာ ကုကျီယဲ့တို့အဖွဲ့ကို နောက်ထပ်တဲအကာဆောက်ထားသည့် လယ်ကွက်သို့ ခေါ်သွားလိုက်သည်။
ဖေဖေရှောင်နှင့် ရှောင်မင်ယန်းတို့သည် ပေါက်တူးများဖြင့် တူးဆွနေကြလေသည်။ ရှောင်လင်းယွီက လူငယ်လေးယောက်ကို ခေါ်ဆောင်လာသည်ကို မြင်လိုက်ရတာကြောင့် သူတို့ စိတ်ရှုပ်ထွေးသွားကြလေသည်။ ဖေဖေရှောင်က၊ “ယွီအာ၊ ဒီလူငယ်တွေက ဘယ်သူတွေလဲ။”
ရှောင်လင်းယွီက မိတ်ဆက်ပေးလာခဲ့သည်။ “အဖေ၊ သူတို့က ခရိုင်မြို့ပေါ်က သမီးသူငယ်ချင်းတွေ၊ ကုကျီယဲ့၊ ကျန်းဟိုင်ယန်၊ ယွမ်ရွှမ်ဟောက်၊ ချန်းယီဖန်းတဲ့။ သူတို့က ကျေးလက်ကဘဝမျိုးကို လက်တွေ့ခံစားကြည့်ချင်ကြတယ်ဆိုပြီးပြောလို့ သမီးတို့ကို မြေပဲနဲ့ပဲပိစပ်စိုက်တာ ကူညီပေးဖို့ ခေါ်ထားတာ။”
“မင်္ဂလာပါ၊ ဦးလေး။” လေးယောက်သား ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်ကြသည်။
ဖေဖေရှောင်က ခေါင်းညိတ်ကာ ပြုံးလိုက်လေသည်။ “တွေ့ရတာဝမ်းသာပါတယ်ကွာ။ ယွီအာ၊ ဒါဆို သမီးဘယ်လိုစီစဉ်ထားလဲ။”
“မောင်လေးနဲ့ သူ့သူငယ်ချင်းတွေက မြေပဲစိုက်နေကြတာ၊ ဒါကြောင့် သူတို့ကိုတော့ ပဲပိစပ်စိုက်တာ ကူညီပေးဖို့ ပြောထားတယ်။” ရှောင်လင်းယွီသည် ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြီး၊ “အဖေ၊ အဖေနဲ့ဦးလေးက တွင်းတွေ အများကြီးတူးထားပြီးသားဆိုတော့ သူတို့ မျိုးစေ့တွေ ထည့်ဖို့ပဲ လိုတော့တာပေါ့။”
ပဲပိစပ်စိုက်တာက မြေပဲစိုက်နည်းနှင့်မတူပေ။ မြေပဲသည် အတန်းလိုက်စိုက်ပျိုးရပြီး ပဲပိစပ်ကိုတော့ ကျယ်ပြန်သည့်မြေပေါ်တွင် ကျပန်းစိုက်သွားခြင်းဖြစ်သည်။ အတန်းလိုမြောင်းများတူးကာ စိုက်ခြင်းမဟုတ်ပေ။ ရိတ်သိမ်းချိန်တွင်လည်း မြေပဲကိုတော့ တစ်တန်းလိုက် နှုတ်ပြီးသိမ်းကာ ပဲပိစပ်ကိုတော့ဖြင့် စက်များဖြင့် ဒါမှမဟုတ် တံစဉ်ဖြင့် ရိတ်သိမ်းကြခြင်းဖြစ်သည်။
ရှောင်လင်းယွီသည် ကုကျီယဲ့တို့အား ပြန်ကြည့်ကာ၊ “ရှင်တို့ ဒီက တွင်းလေးတွေကို မြင်တယ်မဟုတ်လား။ ပဲပိစပ်မျိုးစေ့တွေကို အဲ့ဒီတွင်းလေးတွေထဲ လိုက်ထည့်သွားရုံပဲ။ တစ်တွင်းကို သုံးလေးငါးစေ့လောက်ပေါ့။ ထည့်ပြီးသွားရင် ကျွန်မအဖေနဲ့ စတုတ္ထဦးလေးက မြေဩဇာနဲ့တွင်းတွေကို ပြန်ဖုံးသွားလိမ့်မယ်။”
ထို့နောက် သူမက သူတို့ကို ဘူးတစ်ဘူးစီပေးလိုက်ကာ အထဲတွင်တော့ ပဲပိစပ်မျိုးစေ့များ ပါလေသည်။
နဉ်ဝေ့ယီတို့အဖွဲ့လိုပဲ သူတို့လေးယောက်လည်း အစတွင်တော့ ဗရမ်းဗတာဖြစ်နေကြလေသည်။ တွင်းထဲသို့ မျိုးစေ့များမချခင် သေချာတစ်စေ့ချင်း ဂရုတစိုက်ရေတွက်နေခဲ့ကြသည်။
တွင်းများတူးထားတာကြောင့် မြေပြင်က မညီမညာဖြစ်နေပြီး ကုကျီယဲ့ဆိုလျှင် တွင်းတစ်ခုကို ခလုတ်တိုက်ကာ လဲကျမလိုဖြစ်သွားသည်။ သူကတော့ လဲမကျသွားသော်လည်း ပဲပိစပ်မျိုးစေ့များကတော့ ပြုတ်ကျသွားလေသည်။
တဖြည်းဖြည်းနှင့် သူတို့ကျင့်သားရလာကြကာ လုပ်တာကိုင်တာ မြန်လာခဲ့ကြသည်။ သို့သော်လည်း မကြာလိုက်ပါဘဲ သူတို့ခန္ဓာကိုယ်အနှံ့အပြားမှ နာကျင်မှုဒဏ်များ ပေါ်လာကြလေသည်။
ဖေဖေရှောင်က သူတို့ကိုကြည့်ကာ ပြုံးလိုက်ပြီး၊ “ကလေးတို့၊ အနားယူလိုက်ကြဦး။” ဖေဖေရှောင်သည် ခုံတန်းလေးနှစ်ခုကို ညွှန်ပြလိုက်သည်။ “ဟိုမှာ ခဏလောက်သွားထိုင်ပြီး နားလိုက်ကြပါလား။” ထိုခုံတန်းများသည် လယ်လုပ်ရင်း အနားယူဖို့ရန် ထား,ထားခြင်းဖြစ်သည်။ သူတို့လေးယောက်လည်း စိတ်ကတော့ အလုပ်ဆက်လုပ်ချင်နေကြသေးပေမယ့် သူတို့ခန္ဓာကိုယ်ကတော့ စိတ်အလိုမလိုက်နိုင်တော့ပေ။ ထို့ကြောင့် အနားယူရန် ဆုံးဖြတ်လိုက်ကြလေသည်။
ခုံတန်းလေးပေါ်တွင်ထိုင်ကာ အနားယူကြရင်း သူတို့ခန္ဓာကိုယ်ကတော့ တစ်စီချိုးဖဲ့ခံထားရသလို နာကျင်နေလေသည်။
ကျန်းဟိုင်ယန်က နီရဲနေသည့်မျက်နှာဖြင့် ပြောလာခဲ့သည်။ “လယ်လုပ်ရတာ တော်တော်မလွယ်တာပဲ။”
“ပုံမှန်ပါပဲ၊ တောရွာတွေမှာ လူတွေက အလုပ်အရမ်းလုပ်ကြပေမယ့် ဝင်ငွေကတော့ အရမ်းနည်းကြတယ်။ ဒါကြောင့် မိဘတော်တော်များများက သူတို့သားသမီးတွေကို ပိုကောင်းတဲ့ဘဝမျိုးရနိုင်အောင် စာကြိုးစားစေချင်ကြတာ။”
သူတို့သည် မြို့ပေါ်တွင် ကြီးပြင်းလာခြင်းဖြစ်ကာ ချမ်းသာသည့်မိသားစုမှလည်း ဖြစ်ကြသည်။ သူတို့ဘဝတွင် ခက်ခက်ခဲခဲသိပ်မရှိခဲ့ကြပေ။ သူတို့မူလတန်းတက်တုန်းကတော့ ကျေးလက်နေပြည်သူများ၏ဘဝမျိုးကို အတွေ့အကြုံယူရသည့် အချိန်ရှိခဲ့သော်လည်း မြက်ကလေးနှုတ်လိုက် သစ်ကိုင်းလေးကောက်လိုက်သာဖြစ်သည်။ ဒါ့အပြင် ထိုခရီးစဉ်တစ်လျှောက် အချိန်အများစုမှာ ကစားချိန်များဖြင့်သာ ပြည့်နေလေသည်။
ခနလောက်အနားယူပြီးနောက်မှာတော့ လေးယောက်သား အလုပ်ပြန်လုပ်ခဲ့ကြသည်။ တခြားလူတွေက အလုပ်ကြိုးစားနေတုန်းက ထိုင်အနားယူနေရတာက သူတို့ကို အတော်လေး နေရခက်စေသည်လေ။
***