← Chapters

သောက်သောက်စားစား

Vol. 8 Ch. 139

သောက်သောက်စားစား

Vol. 8 Ch. 139

ကုန်းထျန်းဟောက်၏စားပွဲရှေ့တွင် ရပ်နေသည့် လီယွမ်ဟန်က သူ့ဗိုက်ကိုပွတ်ကာ ပြောလာလေသည်။ “နေ့လည်စာစားချိန်ရောက်လာပြန်ပြီ။ ထျန်းဟောက်၊ မင်းဆိုင်မှာသွားစားမလား၊ မှာပြီးပဲစားမလား။” ကုန်းထျန်းဟောက်၏အဖြေကိုပင် မစောင့်ဘဲ လီယွမ်ဟန်က တမ်းတနေသည့်လေသံဖြင့် ဆက်ပြောလာလေသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လေးရှောင်ချက်သလိုတော့ ကောင်းမှာမဟုတ်ပါဘူး။”

ကုန်းထျန်းဟောက်သည် မျက်ခုံးအသာပင့်လိုက်ပြီးနောက်၊ “ထောင်ယွမ်ရွာမှာ အိမ်ဆောက်ဖို့နဲ့ လမ်းခင်းဖို့အတွက် အားလုံးစီစဉ်ပြီးပြီလား။”

“အင်း၊ အားလုံးစီစဉ်ပြီးသွားပြီ။” လီယွမ်ဟန်က ဖြေလိုက်သည်။ “အန်လင်းအခွဲဘက်က ဆောက်လုံးရေးတစ်ဖွဲ့စီစဉ်ထားပြီးပြီ။” ထောင်ယွမ်ရွာသည် လမ်းများကလွဲ၍ ကျန်တာအားလုံးကောင်းလေသည်။ ဒါကြောင့် ဆင်းရဲသည့်ရွာကလေးမှ နာမည်ကြီးတက္ကသိုလ်ကျောင်းသူတစ်ယောက် ထွက်ပေါ်လာခြင်းမှာ စိတ်ဝင်စားစရာကောင်းလှသည်။

လီယွမ်ဟန်သည် ရှောင်လင်းယွီနှင့် ‘မတွေ့ဖူး’သေးတာတောင်မှ ကျန်းထောင်၏ဖော်ပြချက်နှင့် မေမေရှောင်၏အမူအကျင့်များအရ မိန်းမကောင်းလေးတစ်ယောက်ဖြစ်မည်ဟု တွေးမိသည်။ လီယွမ်ဟန်သည် သူအရင်ကတည်းက ရှောင်လင်းယွီကို တွေ့ထားပြီးသားမှန်း သိသွားပါက သူ၏လက်ရှိအမြင်မှာ ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။

ထိုမိန်းကလေးမှာ သူတို့နောက်က ဝင်တိုက်မိခဲ့သည့် ရွာသူမလေးဖြစ်ကာ သူမက သူတို့ကိုတောင် အတင်းတောင်းပန်ခိုင်းခဲ့သေးသည်။

“သူတို့ကို မြန်မြန်လုပ်ခိုင်းလိုက်။” ကုန်းထျန်းဟောက်က ခပ်တင်းတင်းပြောလိုက်သည်။ “ငါဒီလောက်ပြောထားပြီးသားကို သူတို့ကလက်မလျှော့ကြသေးဘူး။ အခုထိ အဘိုးနားကပ်ဖို့ ကြိုးစားနေကြတုန်းပဲ။”

“ကောင်းပြီ။” ထို့နောက် လီယွမ်ဟန်က အနည်းငယ်တွန့်ဆုတ်နေဟန်ဖြင့် မေးလာလေသည်။ “ထျန်းဟောက်၊ အကြီးအကဲပြောင်းသွားပြီးရင်၊ မင်းဒီလူတွေကို တခါတည်းဖြေရှင်းလိုက်ချင်လား။”

ကုန်းထျန်းဟောက်သည့် သူ့အဖိုးအိမ်မှာရှိနေတုန်း ဘာကိုမှ မလုပ်ချင်ခဲ့ပေ။ သခင်ကြီးကုန်းသည် သူ့ညီကို မျက်နှာသာပေးရန်အတွက် သူ၏လောဘကြီးသော သားသမီးများနှင့် အဆက်အနွယ်များကို လွန်စွာကြင်နာပေးလေသည်။ ဒီလူတွေက ဒါကိုအခွင့်ကောင်းယူကာ ကုန်းမိသားစုတစ်ခုလုံးကို အပိုင်ချုပ်သိမ်းချင်နေကြလေသည်။ ဟာသပဲ။

သူတို့မျိုးရိုးနာမည်က ကုန်းဆိုရင်တောင်မှ ကုန်းမိသားစုကို ကူညီဖို့ ဘာများလုပ်ပေးခဲ့ဖူးကြလို့လဲ။

ကုန်းထျန်းဟောက်က၊ “ဒီလူတွေက ငါ့နောက်ဆုံးစည်းကို ကျော်လိုက်ကြပြီ။” ကုန်းထျန်းဟောက်၏ နောက်ဆုံးစည်းမှာ သူ့အဖိုး၏ကျန်းမာရေးဖြစ်လေသည်။ ထိုလူများသည် သူ့အဖိုးနေမကောင်းတာကို ဂရုပင်မစိုက်ဘဲ သူ့ကိုဒေါသထွက်ပြီး သေလုနီးပါးဖြစ်အောင်ပါ လုပ်လိုက်ကြသေးသည်။ ကုန်းထျန်းဟောက် ဒါကိုတော့ ဘယ်လိုမှ သည်းမခံနိုင်ပေ။ ဒါကြောင့် တခါတည်း အပြတ်ရှင်းဖို့ တွေးထားလေသည်။

လီယွမ်ဟန်က ခေါင်းညိတ်လိုက်လေသည်။ “နားလည်ပြီ။” ကုန်းထျန်းဟောက်၏စကားအရ ဘာဆက်လုပ်ရမလဲကို သူသိလိုက်ပေပြီ။ “ဒီတော့၊ ထျန်းဟောက်၊ ငါတို့ ဆိုင်မှာစားမှာလား၊ မှာစားမှာလား။”

“မှာပဲစားမယ်။” ကုန်းထျန်းဟောက်က ဖြေလိုက်သည်။ လီယွမ်ဟန်ထွက်သွားပြီးနောက် ကုန်းထျန်းဟောက်သည်လည်း သူ့ဗိုက်ကိုထိကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူလည်း ဒေါ်လေးရှောင်၏လက်ရာကို သတိရမိသည်။ သာမာန်အိမ်ချက်ဟင်းလျာများသာဖြစ်သော်ငြား စေတနာအပြည့်ပါလေသည်။ ဖြစ်နိုင်လျှင် ဒေါ်လေးရှောင်ကို သူ့အတွက် ချက်ပြုတ်ပေးရန်ပင် ငှားလိုက်ချင်မိသည်။

သို့သော်လည်း သူ့အဖိုးက ထောင်ယွမ်ရွာကို ပြောင်းတော့မှာဆိုတော့ ကုန်းထျန်းဟောက်အနေနှင့် နောက်ကျရင် ဒေါ်လေးရှောင်ထံမှ အကူအညီ ယူဖို့လိုအပ်နေသေးသည်။

….

“ဒီနေ့ လင်းယွီရဲ့မိသားစုကိုလာတဲ့လူတွေကို တွေ့လိုက်ကြလား။ အကုန်လုံး ယောက်ျားတွေချည်းပဲ။”

“သူတို့က လင်းယွီကို ပိုးပန်းဖို့လာကြတာလား။”

“ဟုတ်လောက်မယ်။ သူတို့တွေ လယ်ထဲမှာ ကြိုးစားပမ်းစားလုပ်နေကြတာ။ လင်းယွီကို အထင်ကြီးစေချင်နေတာမှန်း ငါတောင် ပြောနိုင်တယ်။”

“လင်းယွီက ချန်မိသားစုကကလေးနဲ့ လမ်းခွဲလိုက်တာ မကြာသေးဘူးမဟုတ်လား။ တစ်လလေးအတွင်းမှာ သူ့ကိုလိုက်တဲ့လူတွေ ဒီလောက်အများကြီးရှိသွားပြီပေါ့။ နည်းနည်းလေး ညှီနံ့များမရကြဘူးလား။”

“ကျန်းချိုးရှန်၊ နင်ဘာတွေလျှောက်ပြောနေတာလဲ။” တစ်စုံတစ်ယောက်က ဖြတ်ပြောလိုက်လေသည်။ “လင်းယွီက ပြန်လာကတည်းက အိမ်မှာပဲနေတာ။ အိမ်ကနေပြီး ဒီလူတွေကို မြူစွယ်နေတယ်ဆိုပြီးတော့ပါ နင်ကပြောချင်နေတာလား။” လျိုချွမ်းရှို့က ဒေါသတကြီးပြောလိုက်လေသည်။ “ကျန်းချိုးရှန်၊ နင် ရှောင်မိသားစုဆီကနေ ဒီလောက်အကျိုးအမြတ်တွေ အများကြီးရထားတာတောင် သူတို့မကောင်းကြောင်း လျှောက်ပြောသေးတယ်ပေါ့။ နင် ဒီလိုသာ ကြပ်ကြပ်ဆက်ပြောနေလိုက်၊ ငါလင်းယွီကို နင့်အကြောင်းတွေ သွားပြောပစ်မယ်။ အဲ့ကျ သူတို့ နင့်ကို နွားဘုရင်လေးနား ကပ်ခွင့်ပေးဦးမလား ကြည့်ရသေးတာပေါ့။”

ကျန်းချိုးရှန် တုန်တုန်လှုပ်လှုပ်ဖြစ်သွားကာ ချက်ချင်းပင် ကာကွယ်ပြောဆိုတော့သည်။ “ငါက နည်းနည်းညှီနံ့လေးရတယ်လို့ပဲပြောတာ၊ ဘယ်သူ့ဘယ်သူကိုမှ မြူစွယ်နေတယ်လို့မပြောဘူး။ လျိုချွမ်းရှို့၊ နင်ကမှ ငါ့ကို ချောက်ချနေတာ။”

လျိုချွမ်းရှို့က နှာခေါင်းရှုံ့လိုက်ကာ၊ “ငါတို့ကို ငတုံးငအတွေများထင်နေတာလား။ နင်ဘာကိုရည်ရွယ်နေလဲ ဘယ်သူကများ မသိလို့လဲ။ ငါက နင့်စိတ်ထဲကစကားကို တည့်ထုတ်ပြောလိုက်ရုံပဲ။”

ကျန်းချိုးရှန် နှုတ်ခမ်းများ တွန့်လိမ်သွားတော့သည်။ “ဘာ? နင်ကမှ ရှောင်လင်းယွီက ယောက်ျားတွေကို မြူစွယ်နေပါတယ်ဆိုပြီး ပြောတဲ့လူလေ။ ငါက တစ်ခွန်းတောင် မပြောဖူးဘူး။”

“နင်…” လျိုချွမ်းရှို့ ဒေါသထွက်သွားတော့သည်။

“ဟုတ်ပါပြီ၊ တော်ကြပါတော့။” ထို့နောက် တစ်စုံတစ်ယောက်က ငြိမ်းချမ်းရေးဆွေးနွေးသူနေရာ ဝင်လိုက်ရလေသည်။ “ငါ ချိုးယင်းကိုမေးကြည့်ပြီးပြီ။ ဒီလူတွေက ခရိုင်မြို့ပေါ်က လင်းယွီရဲ့သူငယ်ချင်းတွေ၊ ပြီးတော့ လင်းယဲ့ရဲ့အတန်းဖော်တွေရဲ့ ဝမ်းကွဲနဲ့ သူငယ်ချင်းတွေလည်း ဟုတ်တယ်။”

….

လူတိုင်း၏ စုပေါင်းအားထုတ်မှုဖြင့် မြေပဲနှင့်ပဲပိစပ်များမှာ တစ်မနက်တည်း စိုက်လို့ပြီးသွားလေသည်။

နဉ်ဝေ့ယီနှင့်ကျန်မြို့သားများအတွက်တော့ မျိုးစေ့များချရုံသာဖြစ်ပြီး ကျန်တာဘာမှမလုပ်ခဲ့ကြရတာတောင် အတော်လေးပင်ပန်းသွားခဲ့ပြီဖြစ်သည်။ သူတို့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသော်လည်း အိမ်သို့ရောက်ရောက်ချင်း ဟင်းနံ့မွှေးမွှေးကိုရလိုက်သည်နှင့် ချက်ချင်းပင် အားအင်များ ပြန်ပြည့်လာကြတော့သည်။

မေမေရှောင်သည် ဟင်းပွဲများသယ်လာရင်း လူငယ်လေးများကိုမြင်သွားကာ ကြင်ကြင်နာနာ ပြုံးပြလိုက်သည်။ “ကလေးတွေအားလုံး ကြိုးစားခဲ့ကြတာပဲ။ ဒေါ်လေးအများကြီး ချက်ထားတယ်။ လက်သွားဆေးပြီးရင် လာစားကြနော်။”

“ဒေါ်လေး၊ အနံ့တွေက မွှေးနေရောပဲ။ ဘာတွေချက်ထားတာလဲ။” နဉ်ဝေ့ယီက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ “ဒေါ်လေးရဲ့ဟင်းချက်လက်ရာကတော့ အမြဲပြိုင်ဘက်ကင်းပဲ။”

မေမေရှောင်က ရယ်မောလိုက်လေသည်။ “ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး၊ ဒီအတိုင်းအိမ်ချက်ဟင်းလေးတွေပါပဲ။” ဧည့်သည်များတာကြောင့် မေမေရှောင်က ဟင်းပွဲများပိုထည့်ထားလေသည်။

“ငါးပေါင်း၊ တို့ဟူးချဉ်၊ မုန်လာဥနဲ့အမဲသားရင်ဒူးနှပ်၊ ဝက်သားနဲ့အသီးအရွက်နှပ်၊ ဘဲသားနဲ့ရေညှိနှပ်၊ ဝက်သားအစပ်ကြော်၊ ဝက်အူနဲ့ဂေါ်ဖီဆားစိမ်၊ ခရမ်းသီးနှပ်၊ ပန်းထုပ်ကြော်၊ မြေပဲကြော် ပြီးတော့ ခရမ်းသီးအစိမ်းသုပ်။ ဒေါ်လေး ဒါ တော်ဝင်စားတော်ပွဲကြီးပဲ။ အရသာကလည်း ရှယ်ပဲဖြစ်မှာ။” နဉ်ဝေ့ယီသည် ဟင်းနံ့များကို တဝကြီးရှူရှိုက်လိုက်လေသည်။

ကုကျီယဲ့တို့အဖွဲ့သည်လည်း ဟင်းပွဲများကိုကြည့်လိုက်ကြသည်။ သာမာန်ဟင်းပွဲများဖြစ်သော်လည်း အရောင်အသွေးနှင့် အနံ့ကတော့ စားဖိုမှူးအစစ်တွေထက် မနိမ့်ကျပေ။ ကျန်းဟိုင်ယန်က အနံ့ခံကြည့်လိုက်ကာ၊ “အနံ့က မွှေးနေတာပဲ။ ကျီယဲ့၊ ဒေါ်လေးရဲ့ဟင်းချက်စကေးနဲ့သာဆို မင်းရဲ့ဟိုတယ်မှာတောင် ခေါင်းဆောင်စားဖိုမှူးလုပ်လို့ရတယ်။”

ကုကျီယဲ့က ရယ်မောလိုက်လေသည်။ “ဒေါ်လေးသာ ဆန္ဒရှိရင် ငါက အမြဲကြိုဆိုတာပေါ့။”

‘ဒေါ်လေးရှောင်က နည်းစနစ်ကျကျချက်ပြုတ်တတ်တာမဟုတ်ရင်တောင်မှ ဒေါ်လေးရဲ့အရည်အချင်းနှင့် တတိယဦးလေးရဲ့သင်ကြားမှုနဲ့သာဆို တတိယဦးလေးလည်း စောစောစီးစီးအနားယူလို့ရပြီ။ ဒါပေမယ့် ဒေါ်လေးကလည်း အငြိမ်းစားယူရမယ့်အသက်အရွယ်ဖြစ်နေပြန်တယ်။’

မေမေရှောင်က ရယ်လိုက်မိလေသည်။ “ဒီကလေးတွေကတော့ ထမင်းစားချိန်ရောက်တိုင်း ငါ့ကိုမြှောက်ပင့်နေကြတော့တာပဲ။ ငါတောင် ရှက်လာပြီ။ မင်းတို့ ဟင်းအနံ့တွေနဲ့တင် အရသာရှိတယ်လို့ထင်နေမှတော့ အားလုံးကုန်အောင်စားရမယ်လို့ ဒေါ်လေးကို ကတိပေးရမယ်နော်။ မဟုတ်လို့ကတော့ မင်းတို့ ငါ့ကိုညာနေတာပဲ။”

“ဒေါ်လေးကလည်း ဒါတော့ စိတ်မပူနဲ့။ ကျွန်တော်တို့ ဘယ်တုန်းကများ စားပွဲအပြောင်းမရှင်းဖူးလို့လဲ။” ခမ်းလဲ့က ပြောလိုက်သည်။

ဧည့်သည်များရှိတာကြောင့် ဖေဖေရှောင်က ဝိုင်တစ်ပုလင်းထုတ်ယူလာကာ ကုကျီယဲ့နှင့် ကျန်လူငယ်များကို ငှဲ့ပေးလိုက်သည်။ “ဒီဝိုင်က မင်းတို့ဒေါ်လေး ကိုယ်တိုင်ဖောက်ထားတာ။ အရသာက ဆိုင်မှာရောင်းတာတွေထက် မနိမ့်ဘူး။ သောက်ကြည့်ကြ။”

ချန်ယီဖန်းကလွဲပြီး ကျန်တဲ့သုံးယောက်လုံးသည် စီးပွားရေးသမားများဖြစ်ကြတာကြောင့် ဘယ်လိုသောက်ရမလဲ သိကြလေသည်။ သူတို့က ဖေဖေရှောင်၏ကမ်းလှမ်းမှုကို မငြင်းပယ်ကြပေ။

ဝိုင်ကိုငှဲ့လိုက်သည်နှင့် အချဉ်ဖောက်ထားသည့်အနံ့မွှေးမွှေးက ပျံ့နှံ့လာလေသည်။ ချန်ယီဖန်းလို ဘယ်လိုသောက်ရမှန်းမသိသည့် လူလိမ္မာလေးကိုတောင်မှ အရသာမြည်းကြည့်ချင်လာအောင် ဆွဲဆောင်နေခဲ့သည်။

“ဝိုင်နံ့က တော်တော်လေးကောင်းတယ်နော် ဦးလေး။” ချန်ယီဖန်းက ပြောလိုက်လေသည်။

ဖေဖေရှောင်က ရယ်မောလိုက်ကာ၊ “လာ၊ မင်းလည်း မြည်းကြည့်။” ချန်ယီဖန်းက အစောကတည်းက ပြောထားတာကြောင့် သူမသောက်တတ်ကြောင်း ဖေဖေရှောင် သိလေသည်။ ဒါပေမယ့် အခုတော့ သူ့ဘက်က စိတ်ဝင်စားလာတာကြောင့် ဖေဖေရှောင်ကလည်း အိမ်ရှင်ကောင်းပီသစွာ ပြုမူလိုက်တော့သည်။

ချန်ယီဖန်းလည်း တွေးကြည့်လိုက်ပြီးနောက် လက်ခံလိုက်လေသည်။ “ဒါဆိုလည်း နည်းနည်းလောက်ပဲသောက်ပါမယ်။”

ကျန်းဟိုင်ယန်က ပြုံးလိုက်ကာ၊ “ချန်ယီဖန်း၊ မင်းက တစ်ခွက်သောက်တာနဲ့ မူးမှန်း ငါတို့အားလုံးသိပြီးသား။ တော်သေးလို့ မင်းက မူးရင် အိပ်ပျော်ရုံပဲမလို့။ မဟုတ်ရင် ငါတို့ မင်းကိုသောက်ခိုင်းမှာမဟုတ်ဘူး။”

ဖေဖေရှောင်သည် ချန်ယီဖန်းအတွက် နည်းနည်းလောက်သာ ထည့်ပေးလိုက်သည်။

ရှောင်လင်းယဲ့တို့သူငယ်ချင်းအဖွဲ့ကတော့ အထက်တန်းကျောင်းသားများသာဖြစ်တာကြောင့် အရက်သောက်လို့မရသေးပေ။

လူငယ်များက ဝိုင်ကိုမြည်းကြည့်လိုက်ကြပြီးနောက် တကယ်ကိုပဲ ဆိုင်တွေမှာရောင်းသည့် ဝိုင်ဖြူတွေထက် ပိုကောင်းကြောင်း လက်ခံသွားကြလေသည်။

ကုကျီယဲ့က အရသာခံကြည့်ပြီးနောက် မေးလာခဲ့သည်။ “ဒေါ်လေး၊ ဒီဝိုင်းမျိုး နောက်ထပ်များများလေး ထပ်စိမ်ပြီး ကျွန်တော့်ကို ရောင်းပေးပါလား။”

“ဟမ်။” မေမေရှောင် စိတ်ရှုပ်ထွေးသွားလေသည်။

ထိုအခါ ကုကျီယဲ့က ရှင်းပြလာခဲ့သည်။ “ဒေါ်လေး၊ ကျွန်တော့်မှာ ဟိုတယ်တစ်လုံးရှိတယ်။ ဒေါ်လေးရဲ့ဝိုင်ကိုမြည်းကြည့်ပြီးတော့ ဒီအရသာက အဲ့ဒီနာမည်ကြီးတံဆိပ်တွေနဲ့ ဝိုင်တွေထက်တောင် ပိုကောင်းနေလို့လေ။ ဒါကြောင့် ဒေါ်လေးဆီက ဝယ်ချင်လို့ပါ။ ဒါက ကျွန်တော်တို့ဟိုတယ်ရဲ့ နောက်ထပ်သင်္ကေတတစ်ခုဖြစ်လာနိုင်တယ်။”

ရှောင်လင်းယွီက ဝင်ပြောလာလေသည်။ “အမေ၊ ကုကျီယဲ့က ခရိုင်မြို့မှာရှိတဲ့ အကြီးဆုံးဟိုတယ်ကြီးတွေထဲက တစ်ခုကိုပိုင်တာ။ အခုလည်း သမီးတို့ဟင်းသီးဟင်းရွက်တွေကို သူတို့ဆီ ပို့ပေးနေတယ်လေ။”

မေမေရှောင်က ပြုံးလိုက်ကာ၊ “ဥက္ကဌကုက ဒေါ်လေးရဲ့ဝိုင်ကို ကြိုက်တယ်ဆိုတော့ ဒေါ်လေးလည်း ဝမ်းသာပါတယ်။ ဒါပေမယ့် ကျီယဲ့၊ မင်းက ဘယ်လောက်များများလိုချင်တာလဲ။ အများကြီးလိုတာလား။ ဒေါ်လေးမှာ သိမ်းထားတဲ့ ပုလင်းနည်းနည်းရှိသေးတယ်။ မင်းအရင်ယူသွားပြီး ဧည့်သည်တွေရဲ့တုံ့ပြန်ချက်ကို အရမ်စမ်းသပ်ကြည့်ပါဦးလား။ ဘယ်လိုလဲ။”

ကုကျီယဲ့ တွေးကြည့်လိုက်လေသည်။ “ဒီလိုဆိုလည်း ကောင်းတာပဲ။ ကျေးဇူးပါ၊ ဒေါ်လေး။”

ကုကျီယဲ့သည် ဒေါ်လေးရှောင်၏ အိမ်ချက်ဝိုက်ကို တကယ်ကို ကြိုက်နေခြင်းဖြစ်သည်။ သို့သော်လည်း နာမည်ကြီးအမှတ်တံဆိပ်တစ်ခုမဟုတ်တာကြောင့် သူ့ဧည့်သည်တွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ သူမသိသေးပေ။ ဒါကြောင့် နမူနာနည်းနည်းယူသွားပြီး တုံ့ပြန်မှုကိုစောင့်ကြည့်သည်က အကောင်းဆုံးဖြစ်ပေသည်။

ဧည့်သည်များနှင့် အိမ်ရှင်များမှာ ပျော်ပျော်ပါးပါးဖြင့် တဝကြီးစားသောက်ကြတော့သည်။

နေ့လည်ခင်းတွင် ရာသီဥတုမှာ ပူပြင်းလှပေသည်။ စားသောက်ပြီးနောက် ရွာသားအများစုမှာ အနားယူကြကာ နေ့လည် ၂နာရီ ၃နာရီလောက်မှ အလုပ်ခွင်ပြန်ဆင်းကြလေသည်။

သို့သော်လည်း ကျန်းဟိုင်ယန်တို့အဖွဲ့သည်တော့ ဝိုင်သောက်တာများသွားပြီဖြစ်သည်။ ထို့ကြောင့် မေမေရှောင်က သူတို့အနားယူရန် ရှောင်လင်းယဲ့၏အခန်းနှင့် ဧည့်သည်ခန်းတစ်ခန်း စီစဉ်ပေးခဲ့သည်။

ရှောင်လင်းယွီနှင့်ကျန်လူများကတော့ နေ့လည်၃နာရီတွင် အလုပ်ပြန်သွားကြကာ မေမေရှောင်ကတော့ အမူးသမားများကို စောင့်ရှောက်ရန် နေခဲ့လေသည်။

နဉ်ဝေ့ယီကတော့ တခစ်ခစ်ရယ်မောနေကာ၊ “ငါ့အစ်ကိုတွေနဲ့တော့ ဘာလုပ်ရမှန်းကိုမသိတော့ပါဘူး။ ပြောတော့ ကူညီဖို့လာတာဆိုပြီး အားလုံး မူးနေကြတယ်တဲ့။ ငါတော့ ပြောစရာရသွားပြီ၊ ဟားဟား။”

***

All Chapters